ဂျူနီယာညီလေး ငါဒီမှာ(က)
Vol. 45 Ch. 685
စစ်တပ်၏ အရှိန်အဟုန်သည် အလွန်ကြီးမားလေရာ ၎င်း၏ လမ်းကြောင်းအရှေ့တွင်ရှိသော အရာမှန်သမျှကို ဖျက်ဆီးပစ်တော့မည့်ဟန် ထင်ရသည်။ ထို့ကြောင့် ၎င်း၏ လမ်းကြောင်းတွင်ရှိကြသော မိစ္ဆာအင်အားစုအားလုံးသည် အဝေးသို့ ထွက်ပြေးသွားကြကုန်သည်။
ကောင်းကင်သည် လှုပ်ယမ်းသွားပြီး မြေကြီးသည် တုန်ခါလာသည်။ ပြင်းထန်သော လေထုဖိအားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အဆုံးမဲ့စွာ ဆက်လက်ပေါ်ထွက်လာနေသည်။
ရွှီချင်းသည် ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်မှ ခုန်ဆင်းလာပြီး အရှေ့ဆုံးမှ ဓားကိုင်ရုံးတော်၏ ဧရာမမှော်ယာဉ်ပျံပေါ်သို့ တတ်သွားသည်။
ရွှယ်လျန့်ကျစ်သည် ထိုနေရာတွင် ရှိသည်။
ရွှီချင်းသည် အလောင်းကောင်တားမြစ်နယ်မြေအကြောင်း မေးမြန်းရန် အထူးတလည် ရောက်လာခြင်းဖြစ်သည်။ အတိတ်မှာ သူသည် ဤကိစ္စကို ရှာတွေ့ခဲ့သည့်သူ ဖြစ်သည်။ ကြေးနီတံခါးထဲမှ ဧရာမလက်သည် သူ့အား လေးနက်သောအမြင် ချန်ထားစေခဲ့သည်။
“ အလောင်းကောင်တားမြစ်နယ်မြေက တခြားတားမြစ်နယ်မြေတွေနဲ့ အတူတူပဲ… အဲ့ဒါက နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးနှစ်ကြိမ်ဖွင့်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခဲ့တာ ”
“ ရှေးဟောင်းစာအုပ်တွေထဲက အလောင်းကောင်တားမြစ်နယ်မြေရဲ့ မှတ်တမ်းတွေအရ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက နတ်ဘုရား ပထမဆုံး မြင်လိုက်တဲ့အရာက တားမြစ်ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးမှာရှိတဲ့ ရှေးဟောင်းကြေးနီတံခါးဖြစ်ပြီး အဲ့ဒါကို ပြောင်းလဲသွားစေတယ်… ပြီးတော့ ဒုတိယအကြိမ် တံခါးကိုကြည့်လိုက်တယ် ”
“ တကယ်တော့ တခြားတားမြစ်နယ်မြေတွေလည်း အဲ့ဒီအတိုင်းပဲ… သူတို့အားလုံးက ထူးခြားဆန်းကြယ်တဲ့ ရတနာပစ္စည်းတွေကို အရင်းခံပြီး ဖြစ်ပေါ်လာကြတာ… နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လိုက်တဲ့အခါ သူက ရတနာပစ္စည်းတချို့ကို လိုက်ရှာနေတာလို့ လူတချို့က သုံးသပ်ကြတယ်… ဒါပေါ့ နတ်ဘုရားမျက်နှာပျက်ကြီးက တစ်စုံတစ်ခုအတွက် လိုက်စစ်ဆေးနေတယ်လို့လည်း လူတချို့က တွေးထင်ကြတယ် ”
အကယ်၍ တခြားလူကသာ သူ့အား ဤအကြောင်းကို လာမေးလျှင် ရွှယ်လျန့်ကျစ်သည် ထိုမျှအသေးစိတ် ပြောပြလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ရွှီချင်းကတော့ ခြားနားပေသည်။
သူသိထားသမျှအားလုံးကို သူ၏ ချစ်မြေးတပည့်လေးအား ဖြည်းဖြည်းချင်း ပြောပြသည်။
ရွှီချင်းသည် အတွေးနက်သွားသည်။ အတိတ်တွင် သူသည် နန်းဟွမ်ကုန်းမြေ၏ ရတနာမုဆိုးစခန်းဘေးမှ တားမြစ်နယ်မြေထဲရှိ ဇီသာအပျက်အား မြင်တွေ့ရန် ချီယွဲ့ထုံတားမြစ်အတတ်ကို ငှားယူအသုံးပြုခဲ့ဖူးကြောင်း ပြန်အမှတ်ရသွားသည်။
“ အလောင်းကောင်တားမြစ်နယ်မြေရဲ့ အင်ပါယာက တကယ်တော့ ရှေးဟောင်းကြေးနီတံခါးကနေ ထုတ်လွှတ်တဲ့ အရှိန်အဝါရယ် ပင်လယ်ထဲမှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ ဒြပ်နှောတွေရယ် အတူပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ သက်ရှိတစ်ကောင်ပဲ ”
“ ကြေးနီတံခါးက သူ့ကို ဝါးမျိုတဲ့အခါမှာ အလောင်းကောင်အင်ပါယာက ဘာမှမခုခံခဲ့တာ ဒီအကြောင်းကြောင့်ပဲ… တားမြစ်နယ်မြေတွေကို စားကျက်မြေလို့ အတိုင်းအတာတစ်ခုထိ မင်းယူဆနိုင်တယ် ”
ရွှယ်လျန့်ကျစ်သည် ရွှီချင်းကိုကြည့်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ အဲ့ဒါက အပေါ်ယံမှာပဲ ဟုတ်တယ်… သူက စားကျက်မြေက အစားထိုးခံပိုင်ရှင်တစ်ယောက်သာသာပဲ… သူက သိုးငယ်တစ်ကောင်ဆိုလည်း ဟုတ်တယ်… တကယ့်စားကျက်မြေပိုင်ရှင်က နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေတာ ”
“ သူတို့အားလုံးက စောင့်ဆိုင်းနေကြတာ… သူတို့က နတ်ဘုရားမျက်နှာပျက်ကြီး တတိယအကြိမ် ကြည့်လာမှာကို စောင့်နေကြတာ… ဒါမှ သူတို့က တတိယအကြည့်ရဲ့ ကောင်းချီးမင်္ဂလာ ပက်ဖြန်းမှုအောက်မှာ အစစ်အမှန်နိုးထလာပြီး သူတို့ရဲ့ ပိုက်နက်ကို နတ်ဘုံအဖြစ် ပြောင်းလဲနိုင်မှာ ”
ဤသို့အကြောင်းအရာကို ရွှီချင်းသည် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရွှီချင်းသည် ရုတ်တရက် ပြောသည်။
“ ဖီးနစ်တားမြစ်နယ်မြေကရော ”
“ ဖီးနစ်တားမြစ်နယ်မြေကတော့… ခြားနားတယ် ”
ရွှယ်လျန့်ကျစ်သည် ခေါင်းခါလိုက်သည်။
“ ဖီးနစ်တားမြစ်နယ်မြေရဲ့ အရင်းအမြစ်က ရတနာပစ္စည်းမဟုတ်ဘူး မီးတောက်ဖီးနစ်ကိုယ်တိုင်ပဲ… ပြီးတော့ မီးတောက်ဖီးနစ်က အိပ်စက်နေဖို့ မလိုအပ်ဘူး… သူက အမြဲတမ်း နိုးနေတာ ”
“ မီးတောက်ဖီးနစ်က နတ်ဘုရား တတိယအကြိမ် မျက်လုံးဖွင့်မှာကို စောင့်နိုင်သလို မစောင့်ဘဲ သူ့ဘာသာ အဆင့်တတ်ဖို့ကို ရွေးချယ်နိုင်တယ် ”
“ ဒီတော့ မီးတောက်ဖီးနစ်က ခြားနားတယ် ”
“ ဂူး ”
ဧရာမမှော်ယာဉ်ပျံ၏ အပြင်ဘက်မှ ငှက်ကြီးချင်းချင်းသည် ဂုဏ်ယူဝင့်ကြွားစွာ အော်မြည်လိုက်သည်။
ရွှီချင်းသည် အံ့ဩသွားသည်။ သူက မှော်ယာဉ်ပျံ၏ အပြင်ဘက်မှ ငှက်ကြီးချင်းချင်းကို ကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်ကိုသတိထားမိသောအခါ ၎င်းသည် ညာဘက်ဦးခေါင်းကို မြှောက်လိုက်ပြီး မကျေမနပ်သော စိတ်ခံစားချက်ကို ထုတ်ဖော်ပြလိုက်သည်။
ရွှီချင်းသည် ထိုအမူအရာကို နားလည်သည်။
ငှက်ကြီးချင်းချင်းက မျိုးနွယ်စုတစ်စုကို အမြစ်ဖြတ်သုတ်သင်ပစ်လိုခြင်း ဖြစ်သည်။
“ စီနီယာ ငါတို့အလျင်လိုလို့မဖြစ်ဘူး… နောက်တော့ အခွင့်အရေးရလာမှာပါ ”
ရွှီချင်းသည် အလျှင်အမြန် ချော့မြူလိုက်သည်။
သို့မှာသာ ငှက်ကြီးချင်းချင်းသည် ၎င်း၏ ညာဘက်ဦးခေါင်းကို အောက်ချသွားသည်။ ၎င်းသည် တိမ်တိုက်များကို ဆက်၍ ရှူသွင်းလိုက် မှုတ်ထုတ်လိုက် ဆောင်ရွက်လိုက်ပြီး ပျင်းရိနေကြောင်း ဖော်ပြသည်။
ရွှီချင်းသည် ထိုမြင်ကွင်းကို သတိထားမိသောအခါ အတွေးနက်သွားသည်။
“ မင်းရဲ့ဆရာက တကယ်အရည်အချင်းရှိတယ်… မင်းနဲ့ မင်းရဲ့စီနီယာအမကို တပည့်အဖြစ် လက်ခံခွင့်ရတာ သူ့အတွက် ကံကောင်းတာပဲ… ပြီးတော့ အဲ့ဒါက မင်းအတွက် ကံကြမ္မာကောင်းလည်း ဟုတ်တယ်… ဒီတော့ မင်းက ကောင်းကောင်းမွန်မွန် အသက်ရှင်ပြီး အစွမ်းထက်လာအောင် ကြိုးစားရမယ်… တခြားဘာကိုမှ စိတ်မဝင်စားနဲ့… ဒီအဖိုးကြီးက လှုပ်ရှားနိုင်သရွေ့တော့ မင်းကို ကာကွယ်ပေးမယ် ”
ရွှယ်လျန့်ကျစ်သည် ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။
“ အာ… စီနီယာအမနဲ့ ကျုပ်ပဲလား… စီနီယာအကိုကြီးနဲ့ တတိယစီနီယာအကိုကြီးကရော ဘာဖြစ်လို့တုန်း ”
ရွှီချင်းသည် အံ့ဩသွားသည်။
“ သူတို့လား… ဟီး ဟီး ငါမေ့သွားပြီ ”
ရွှယ်လျန့်ကျစ်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ ငါတို့ကျင့်ကြံသူတွေက ရာဂရဲ့ဆွဲဆောင်မှုနောက်ကို မလိုက်သင့်ဘူး… မင်းရဲ့ တတိယစီနီယာအကိုကြီးက အစကတော့ ဟုတ်မလိုလိုပဲ… ဒါပေမဲ့ သူက ထိုက်စီရှန်းမုန်ဂိုဏ်းက သူတော်စင်မကို ဆွဲဆောင်ခဲ့တယ်… နောက်ဆုံးမှာ သူက လက်ထပ်ပွဲကနေ လွတ်မြောက်ဖို့ ကျရှုံးသွားခဲ့ပြီး မနှစ်က ထိုက်စီရှန်းမုန်ဂိုဏ်းရဲ့ ဖမ်းဆီးတာခံခဲ့ရတယ် ”
“ အခု ထိုက်စီရှန်းမုန်ဂိုဏ်းမှာ သူဘယ်လောက် စိတ်သောကရောက်နေမလဲ တွေးကြည့်စမ်း… အဲ့ဒါ သူ့ရဲ့ ကျင့်ကြံခြင်းမလုံလောက်လို့ ဖြစ်လာတဲ့ရလဒ်ပဲ ”
ရွှယ်လျန့်ကျစ်သည် ဒေါသထွက်နေပုံပေါ်သည်။
“ တကယ်လို့ သူ့ရဲ့ကျင့်ကြံခြင်းက လုံလောက်မယ်ဆိုရင် မင်းရဲ့ဆရာလို ဘယ်တာအိုလက်တွဲဖော်က သူ့ကို ငြင်းဆန်ရဲမှာလဲ ”
ရွှီချင်း၏ အမူအရာသည် ကိုးရိုးကားရားဖြစ်သွားသည်။ သူက ဘိုးဘေးကိုကြည့်လိုက်သည်။ ဘိုးဘေး၏ စကားထဲတွင် တခြားအဓိပ္ပာယ်ရှိနေသည်လော အသေအချာ သူမပြောနိုင်ပေ။
“ လက်ရှိအခြေအနေက သွားကြည့်ဖို့ အတော်ဝမ်းနည်းစရာကောင်းတယ်… မင်းရဲ့ဆရာက သူ့ကို သွားကယ်ဖို့ စိတ်မဝင်စားဘူး… ငါလည်းပဲ သူ့ကို ပြန်မခေါ်လာစေချင်ဘူး ”
“ မင်းရဲ့စီနီယာအကိုကြီးကလည်း ရာဂရဲ့ဆွဲဆောင်မှုကို အလျှော့ပေးလိုက်ရပြီ… သူက မင်းရဲ့ဆရာဆီ စာတစ်ဆောင် ရေးပို့လိုက်ပြီး ထောင်အမည်ရတဲ့ တစ်စုံတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခိုင်းတယ်… ရာဂစိတ်ကြောင့် သူက ဓားကိုင်တစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်ကို လျစ်လျူရှုထားတယ်… သူ့ရဲ့ကျင့်ကြံခြင်းကိုလည်း လျစ်လျူရှုထားတယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
“ စတုတ္ထမြေးတပည့်… မင်းရဲ့ အကျင့်စာရိတ္တက အတော်ကောင်းတယ်… ငါတို့ကျင့်ကြံသူတွေမှာ အရေးကြီးဆုံးက ကျင့်ကြံဖို့ဆိုတာ မင်းအမြဲသတိရနေရမယ်… တခြားဆန္ဒတွေနောက်ကို မလိုက်ရဘူး ”
“ ဗလာနတ္ထိအဆင့်ကို မင်းရောက်တဲ့အခါ ကြိုက်တဲ့တာအိုလက်တွဲဖော်ကို မင်းမရွေးချယ်နိုင်ဘူးလား… အရပ်ရှည်တဲ့သူလား အရပ်ပုတဲ့သူလား ဝတဲ့သူလား ပိန်တဲ့သူလား မင်းစိတ်ကြိုက် ရွေးချယ်နိုင်တယ်… အဲ့ဒီအခါ မင်းရွေးချယ်ဖို့ အရွယ်အစားစုံတဲ့ အမျိုးသမီးကျင့်ကြံသူတွေက အတန်းလိုက်ရှိနေလိမ့်မယ် ”
“ အဲ့လိုအခြေအနေကို ဖြတ်ကျော်ဖူးတဲ့ ငါ့လိုလူရဲ့ အကြံဉာဏ်ကို မင်း လုံးဝယုံကြည်နိုင်တယ်… မင်းက ကြိုးစားကျင့်ကြံပြီး တခြားစိတ်တွေကို မေ့ထားရမယ် ”
ရွှယ်လျန့်ကျစ်သည် အလေးအနက် ပြောသည်။
ရွှီချင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တိုးညင်းစွာ ပြောသည်။
“ အမ်… ဒါဆို ဒုတိယစီနီယာအမနဲ့ ဟွမ်ယန်ကရော… ”
“ အဲ့ဒါက မတူဘူးကွ ”
ရွှယ်လျန့်ကျစ်သည် ချောင်းဟန့်လိုက်ပြီး မည့်သည့်စကားမှမပြောဘဲ အပြင်ဘက်မှ ငှက်ကြီးချင်းချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ ရွှယ်လျန့်ကျစ်၏ အကြည့်ကို သူသတိပြုမိသွားပြီး ချီယွဲ့ထုံတားမြစ်အတတ်ကို သူအသုံးပြုစဉ် ဟွမ်ယန်က သူ့ကို အာရုံခံမိသွားခဲ့သော မြင်ကွင်းသည် သူ၏ စိတ်ထဲတွင် ပြန်ပေါ်လာသည်။