ဂျူနီယာညီလေး ငါဒီမှာ(ခ)
Vol. 45 Ch. 686
ထိုအချိန်တုန်းက ဟွမ်ယန်သည် မရိုးရှင်းကြောင်း သူခံစားခဲ့ရသည်။
‘ ဒေသငယ်မြို့တော်မှာ ငါ့ကို ကာကွယ်ပေးမယ့် သူ့ညီတစ်ယောက်ရှိတယ်လို့ ဟွမ်ယန်က ပြောဖူးတယ် ’
ထိုသို့တွေးမိသောအခါ မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခုသည် ရွှီချင်း၏ စိတ်ထဲတွင် ဘွားခနဲ ပေါ်ထွက်လာသည်။ သူ၏ နှလုံးခုန်သံသည် မြန်လာပြီး ငှက်ကြီးချင်းချင်းကို အလိုအလျောက် ကြည့်လိုက်သည်။
ငှက်ကြီးချင်းချင်းသည် ယခင်က သူ၏ တောင်းဆိုမှုကို အလွယ်တကူ လိုက်လျောခဲ့သည်။ အဘယ့်ကြောင့်လဲတော့ ရွှီချင်း မသိပေ။
ခဏမျှတွေးတောပြီးနောက် ရွှီချင်းသည် ဤအတွေးကို ချုပ်တည်းလိုက်သည်။ နောင်အခွင့်အရေးရတော့မှ ငှက်ကြီးချင်းချင်းကို မေးကြည့်ရန် သူဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။
ဓားကိုင်ရုံးတော်ခွဲ၏ စီမံဆောင်ရွက်မှုအောက်တွင် ယင်ဟွမ်ပြည်နယ်၏ စစ်တပ်သည် အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေ့အစီအရင်ကို အသက်သွင်းခဲ့ပြီး ရွှီကျောက်ပြည်နယ်သို့ ခရီးစဉ်ကို တိုးတောင်းစေခဲ့သည်။ ထို့ကြောင့် သုံးရက်ကြာပြီးနောက်တွင် စစ်တပ်သည် ရွှီကျောက်ပြည်နယ်သို့ရောက်ရန် ခြောက်နာရီသာ လိုအပ်တော့သည်။
ထိုသုံးရက်အတွင်း ရွှီချင်းသည် ရွှယ်လျန့်ကျစ်၏ ဘေးတွင် ရှိနေခဲ့ပြီး သူမရှိသည့်အတောအတွင်း ဂိုဏ်းထဲမှ အခြေအနေကို အပြည့်အဝ နားလည်သွားခဲ့သည်။
သူသည် မဟာအကြီးအကဲဆီသို့ မကြာခဏသွားရောက်ပြီး သူ့အား ရှေ့တန်းစစ်မြေပြင်မှ အခြေအနေနှင့် အတွင်းရေးမှူးဌာနမှ သူရရှိထားသော ဝတ်ရုံတားမြစ်နယ်မြေ၏ အချက်အလက်များကို တင်ပြသည်။ ထို့နောက် သူတို့သည် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဗျူဟာတစ်ခုကို စီစဉ်ကြသည်။
“ ရွှီကျောက်ပြည်နယ်က ဝတ်ရုံတားမြစ်နယ်မြေက ဝတ်ရုံမျိုးနွယ်စုပိုက်နက်ရဲ့ အစွန်းဖျားမှာရှိတယ်… အဲ့ဒီနေရာက တောတွင်းမဟုတ်ဘဲ အရမ်းကြီးမားတဲ့ အနက်ရောင် ဈာပနဝတ်ရုံတစ်ခုပဲ ”
“ အဲ့ဒီဈာပနဝတ်ရုံမှာ အတိတ်နိမိတ်ဆိုးတွေနဲ့ ပြည့်နှက်နေပြီး ဒြပ်နှောတွေက စိမ့်ထွက်နေတယ်… အဲ့ဒီထဲဝင်သွားတဲ့ သက်ရှိအားလုံးက အပြင်လောကနဲ့ လုံးဝသီးခြားတည်ရှိနေတဲ့ ထူးဆန်းတဲ့ကမ္ဘာတစ်ခုထဲ ခြေချသွားသလိုပဲ ”
“ အနှစ်ချုပ်ပြောရရင် ဒီတစ်ကြိမ် ကဒ်ဘေးက အဲ့ဒီအနက်ရောင် ဈာပနဝတ်ရုံ ပြန်အသက်ဝင်လာတာပဲ ”
“ အဲ့ဒီအန္တရာယ်ကို ပထမဆုံး တွေ့ကြုံရတာက ရွှီကျောက်ပြည်နယ်က ဓားကိုင်ရုံးတော်ခွဲနဲ့ လူသားမျိုးနွယ်မဟုတ်ဘူး… ဝတ်ရုံမျိုးနွယ်စုပဲ ”
“ တကယ်တော့ ဝတ်ရုံတားမြစ်နယ်မြေက ရွှီကျောက်ပြည်နယ်က ဒေသခံမျိုးနွယ်မဟုတ်ဘူး… သူတို့က နတ်ဘုရားမျက်နှာပျက်ကြီးရောက်ရှိလာပြီးမှ မွေးဖွားလာတဲ့ မျိုးနွယ်စုအသစ်ဖြစ်တယ်… ပြီးတော့မှ ဝတ်ရုံတားမြစ်နယ်မြေက ပေါ်ပေါက်လာခဲ့တယ် ”
“ သူတို့က သေခြင်းတရားကို ငြင်းဆန်ကြပြီး အလှအပကို မက်မောကြတယ်… ဝတ်ရုံတားမြစ်နယ်မြေက သူတို့အတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်မဟုတ်ဘူး… ဒါကြောင့် သူတို့က ဝတ်ရုံတားမြစ်နယ်မြေကနေ ထွက်ခွာသွားကြပြီး အပြင်ဘက်မှာ သူတို့ရဲ့ကိုယ်ပိုင်မျိုးနွယ်စုကို ဖွဲ့စည်းခဲ့ကြတယ်… ဒီအချက်ကြောင့်ပဲ သူတို့က ဝတ်ရုံတားမြစ်နယ်မြေနဲ့ ပဋိပက္ခဖြစ်လာပြီး သူတို့နှစ်ခုက ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ မတည်ရှိနိုင်ကြဘူး ”
“ ဒါကြောင့် ဝတ်ရုံတားမြစ်နယ်မြေကို စောင့်ကြပ်တာက ဝတ်ရုံမျိုးနွယ်အတွက် အလိုအလျောက်တာဝန်တစ်ခုလို ဖြစ်လာခဲ့တယ် ”
“ ဒီတစ်ကြိမ် ရွှီကျောက်ပြည်နယ်က ပြည်နယ်တစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းပြီး ဝတ်ရုံတားမြစ်နယ်မြေကို ချိပ်ပိတ်ပစ်နိုင်တော့မယ့် အခြေအနေမှာ ရှိတယ်… ရွှီကျောက်ပြည်နယ်က ဓားကိုင်ရုံးတော်ခွဲကနေ ပေးပို့လာတဲ့ အချက်အလက်အရ အခြေအနေကို ကောင်းကောင်း ထိန်းချုပ်နိုင်နေပြီ ”
ဤသည်မှာ ချင်းချိုးဆီမှ ရွှီချင်းရရှိလာသော သတင်းဖြစ်သည်။ မဟာအကြီးအကဲသည် ဝတ်ရုံတားမြစ်နယ်မြေနှင့်ပတ်သက်ပြီး အနည်းအကျင်း သိထားသော်လည်း အတွင်းရေမှူးဌာန၏ အကျဉ်းချုပ်မှုလောက် သေချာမသိထားပေ။
“ ဒီတစ်ကြိမ် ငါတို့ရဲ့အကူအညီနဲ့ဆိုရင် ချိပ်ပိတ်တာကို အရှိန်မြှင့်နိုင်လိမ့်မယ် ”
မဟာအကြီးအကဲသည် လေးလေးနက်နက် ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်သည်။ သူ၏ အကြည့်သည် မဟာအကြီးအကဲ၏ အနောက်တွင် သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ချုံ့ထားသော ဝိညာဉ်သခင်မယုံကျင်းထံသို့ ကျရောက်သွားသည်။
အကျဉ်းသားတစ်ယောက်အနေဖြင့် သူ့မှာ လွတ်လပ်ခွင့်မရှိပေ။ ထို့ကြောင့် သူသည်လည်း ဤတိုက်ပွဲတွင် မဖြစ်မနေ ပါဝင်ရလိမ့်မည်။
ရွှီချင်း၏ အကြည့်ကို အာရုံခံမိသောအခါ ဝိညာဉ်သခင်မယုံကျင်းသည် နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
ရွှီချင်းသည် ဂရုမစိုက်ပေ။ သူက မဟာကြီးအကဲနှင့် တစ်ခဏကြာ စကားပြောလိုက်သည်။ စစ်တပ်က ရွှီကျောက်ပြည်နယ်နှင့် တဖြည်းဖြည်း နီးကပ်လာသည့်အခါ သူက မှော်ယာဉ်ပျံထဲမှ ထွက်သွားပြီး ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်သို့ ပြန်ရောက်သွားသည်။
“ စီနီယာချင်းချင်း… ဟွမ်ယန်ကို မင်းသိလား ”
“ ဂူး ”
ငှက်ကြီးချင်းချင်း၏ ဦးခေါင်းသုံးလုံးသည် တခြားဇက်ပိုးများမှ ငှက်မွှေးများကို အပြန်အလှန် ထိုးဆိတ်နေကြရင်း တစ်ချိန်တည်း မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
ရွှီချင်းသည် ငှက်ကြီးချင်းချင်းကို ကြည့်လိုက်ပြီး အစ်အောက်ကြည့်သည်။
“ စီနီယာချင်းချင်း… ငါတို့ နတ်ဘုရားအာရုံနဲ့ ဆက်သွယ်ကြရင် မကောင်းဘူးလား ”
“ ဂူး ”
ငှက်ကြီးချင်းချင်း၏ မျက်လုံးထဲတွင် မကျေမနပ်မှု ဖြစ်ပေါ်လာသည်။ ၎င်းသည် ‘ ဂူး ’ဟူသော အသံဖြင့် ဆက်သွယ်ပြောဆိုရသည်ကို ပိုပြီးသဘောကျဟန် ရသည်။ ထို့ကြောင့် ၎င်း၏ ဦးခေါင်းသုံးလုံးကို ခါယမ်းပြီး အော်မြည်သံကို ထုတ်ဖော်တော့မည့်အချိန် ၎င်းတို့သည် အဝေးသို့ တစ်ညီတစ်ညာတည်း ရုတ်တရက် ကြည့်လိုက်ကြသည်။
ငှက်ကြီးချင်းချင်းတစ်ယောက်တည်း မဟုတ်ပေ။ ယင်ဟွမ်ပြည်နယ်စစ်တပ်သည်လည်း ချက်ချင်း မန္တန်များကို အသက်သွင်းလိုက်ကြပြီး အရှေ့သို့ ပိတ်ဆို့ချုပ်နှောင်လိုက်သည်။
သူတို့သည် ရွှီကျောက်ပြည်နယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အားလုံးတည်ကြည်သွားရသည့် အကြောင်းအရင်းမှာ အလွန်အမင်း သိပ်သည်းသော သေခြင်းအရှိန်အဝါက ရွှီကျောက်ပြည်နယ်၏ မြေကြီးထဲမှ ပေါ်လျှိုးထွက်လာနေပြီး ကောင်းကင်နှင့် အရာအားလုံးကို ပြောင်းလဲပစ်နေသောကြောင့် ဖြစ်သည်။
ရွှီချင်း၏ မှတ်ဉာဏ်များထဲတွင် ရွှီကျောက်ပြည်နယ်သည် လွင်ပြင်အများစုရှိသည့် ကုန်းမြေဖြစ်သည်။ ထို့အပြင် ယခု သူတို့ရောက်ရှိသွားသော နယ်မြေသည် ဝတ်ရုံမျိုးနွယ်၏ ပိုင်နက်ထဲတွင် ဖြစ်သည်။
ဝတ်ရုံမျိုးနွယ်၏ ပိုက်နက်သည် အရောင်အသွေးစုံပြီး အလွန်လှပသည်။
သို့သော် ယခုအခါမှာတော့ ဤနယ်မြေကို မီးခိုးဖြူရောင်က လွှမ်းခြုံထားသည်။
ယင်းသည် အလွန်ကြီးမားသော အဝတ်စဖြစ်သည်။
အနီးကပ်သေချာကြည့်လျှင် ထိုအဝတ်စကို မရေမတွက်နိုင်သော ဝတ်ရုံမျိုးနွယ်ဝင်များဖြင့် ဖွဲ့စည်းထားကြောင်း မြင်နိုင်လိမ့်မည်။ သူတို့သည် အတူတကွ ပေါင်းစည်းသွားကြပြီး ကြီးမားသော အဝတ်စတစ်ခု ဖြစ်လာသည်။
ထိုအဝတ်စထဲတွင် အင်္ကျီများ၊ ဘောင်းဘီများ၊ ဦးထုပ်များ၊ လက်အိတ်များနှင့် အမျိုးအစားစုံသောအဝတ်များ ပါရှိကြသည်။ သို့သော်လည်း အဝတ်စသည် အရောင်စုံရှိမနေဘဲ မီးခိုးဖြူရောင်တစ်ခုတည်း ရှိသည်။
ကြောက်မက်ဖွယ်ရာ အားလှိုင်းများသည် ထိုအဝတ်စထံမှ ပျံ့နှံ့ထွက်လာနေပြီး ကောင်းကင်ကို သက်ရောက်နေလေရာ ဤနေရာရှိ ကောင်းကင်သည် လုံးလုံးအနက်ရောင်သို့ ပြောင်းလဲသွားသည်။ ယင်းသည် ယိုယွင်းပျက်စီးသွားသော အလောင်းများ၏ အရောင်အသွေးဖြစ်ပြီး ဤနေရာရှိ လူတိုင်းကို ဖိနှိပ်သောခံစားမှုအား ပေးသည်။
မြေပြင်သည် မီးခိုးဖြူရောင်ဖြစ်ပြီး ပျက်စီးယိုယွင်းမှုနှင့် ထူထဲသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ အမှန်မှာတော့ ထိုအဝတ်စကို ဖွဲ့စည်းထားကြသော ဝတ်ရုံမျိုးနွယ်ဝင်အားလုံးသည် သေဆုံးသွားကြပြီဖြစ်ကြောင်း မည်သူမဆို အာရုံခံနိုင်သည်။
ထိုအဝတ်စကို သူတို့၏ အလောင်းများအား အသုံးပြု၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
ယင်ဟွမ်ပြည်နယ်၏ စစ်တပ် အထဲသို့ရောက်ရှိသွားသောအခါ သူတို့သည် နောက်ဆုံးမှာတော့ ရွှီကျောက်ပြည်နယ်မှ ဂိုဏ်းအမျိုးမျိုး မျိုးနွယ်စုအမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကို မြင်သွားသည်။
သူတို့သည် လူတစ်သန်းကျော်ရှိသည်။ ရွှီကျောက်ပြည်နယ်မှ ဓားကိုင်ရုံးတော်ခွဲ၏ အမိန့်အောက်တွင် သူတို့သည် အလောင်းအဝတ်စ၏ အစွန်းဖျားတွင် ပြန့်ကျဲနေကြသည်။ ထိုအထဲတွင် မျိုးနွယ်စုအသီးသီးမှ အဖွဲ့ဝင်များ ပါရှိကြသည်။ သူတို့သည် အံ့ဩဖွယ်ကောင်းသော အလောင်းအဝတ်စကို မမြှောက်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။
ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တားမြစ်ဓမ္မရတနာများသည် ကောင်းကင်ပေါ်တွင် လှည့်ပတ်နေကြသည်။ ယင်းတို့ထံမှ အလောင်းအဝတ်စနှင့် ချိတ်ဆက်ရန် ချည်မျှင်များကို ထုတ်လွှတ်နေကြပြီး ယင်းတို့၏ စွမ်းအားအကုန်ဖြင့် မမြှောက်နေကြသည်။
သူတို့အားလုံးကို အပေါ်မှ ဖုံးလွှမ်းထားသည်မှာ အလွန်ကြီးမားသော အနက်ရောင် ဈာပနဝတ်ရုံ ဖြစ်သည်။ ယင်းနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များသဖွယ် အရေးမပါလှပေ။