← Chapters

ဂျူနီယာညီလေး ငါဒီမှာ(ဂ)

Vol. 45 Ch. 688

ဂျူနီယာညီလေး ငါဒီမှာ(ဂ)

Vol. 45 Ch. 688

ခေါင်းဆောင်၏ မှုန်ဝါးဝါးပုံရိပ်သည် ပိုပြီးရှင်းလင်းလာသည်။ သူက စွမ်းအားအကုန်အသုံးပြု၍ ဝတ်ရုံတားမြစ်နယ်မြေထဲမှ ပြေးထွက်လာနေသည်။ သို့သော်လည်း မရေမတွက်နိုင်သော လက်မည်းကြီးများသည် သူ့နောက်ကို လိုက်မီတော့မည်ဖြစ်သည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ခေါင်းဆောင်သည် တတ်စွမ်းသမျှအားလုံးကို ထုတ်သုံးလိုက်သည်။ ရူးသွပ်မှုသည် သူ၏ မျက်လုံးထဲတွင် ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးသည် လှုပ်ယမ်းလာသည်။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော မျက်လုံးများသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာကြပြီး ခန္ဓာကိုယ်ပေါ်မှ ထွက်ခွာသွားကြသည်။ ယင်းတို့သည် လက်မည်းကြီးများဆီသို့ ပျံသန်းသွားကြသည်။ လက်မည်းကြီးများနှင့် တွေ့ဆုံသွားသောအခါ ယင်းတို့သည် ပေါက်ကွဲသွားကြသည်။

ပေါက်ကွဲမှုတွင် လက်မည်းကြီးများသည် တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။ ခေါင်းဆောင်သည် ဤသည်ကို အခွင့်ကောင်းယူပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

“ ဂျူနီယာညီလေး ”

ခေါင်းဆောင်သည် ငှက်ကြီးချင်းချင်းကို ဖမ်းဆုပ်ရန် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးသည် ပေတစ်ထောင်သာ ကွာဝေးတော့သည်။

ငှက်ကြီးချင်းချင်းအတွက်မူ ပေတစ်ထောင်အကွာအဝေးသည် ၎င်းရောက်ရှိနိုင်သော အကွာအဝေးအတွင်းမှာ ရှိသည်။ သို့သော်လည်း ငှက်ကြီးချင်းချင်းက ၎င်း၏ ညာဘက်ဦးခေါင်းကို ဆန့်တန်းတော့မည့်အချိန် ၎င်း၏ ဦးခေါင်းသုံးလုံးမှ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်း၏ ကိုယ်ပေါ်မှ ငှက်မွှေးအားလုံးသည် တစ်ပြိုင်နက် ထောင်မတ်သွားသည်။

သေခြင်းရှင်ခြင်းကဒ်ဘေးသည် ၎င်း၏ အသိစိတ်ထဲတွင် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ဝတ်ရုံတားမြစ်နယ်မြေ၏ အနက်ပိုင်းထဲမှ ပေါ်ထွက်လာပြီး ကမ္ဘာကို တုန်လှုပ်စေသည်။ ရွှီချင်းနှင့် ငှက်ကြီးချင်းချင်းသည် ယင်းကို ပထမဆုံး တွေ့ကြုံခံစားရသည့်သူ ဖြစ်သည်။

နက်ရှိုင်းသော အော်မြည်သံသည်ပင် ခေါင်းဆောင်၏ အနောက်မှ မိုးထစ်ချုန်းသံကဲ့သို့ ပေါ်ထွက်လာချေ၏။

“ မကောင်းဆိုးဝါးသူခိုး ”

ကျယ်လောင်သော အော်သံနက်ကြီးနှင့်အတူ လက်မည်းကြီးများသည် ပိုမိုများပြားစွာ ထွက်ပေါ်လာကြသည်။ ထို့အပြင် လက်မည်းကြီးများပေါ်မှ သွေးကြောများသည် ဖောင်းပွနေကြလေရာ ယင်းတို့ကို ပို၍ကြောက်စရာကောင်းစေသည်။ ယင်းတို့၏ အလျင်သည် ယခင်ကထက် အများကြီး ပိုမြန်ဆန်လာကြသည်။

ဝတ်ရုံတားမြစ်နယ်မြေ၏ အနက်ပိုင်းထဲတွင် မျက်လုံးနီတစ်စုံသည် ရုတ်တရက် ပွင့်သွားသည်။ ထိုမျက်လုံးထဲတွင် ရူးသွပ်မှု ခံပြင်းဒေါသဖြစ်မှုဖြင့် ပြည့်နှက်နေပြီး အလျှင်အမြန် ကြီးမားလာနေသည်။

မျက်လုံးပါသော မျက်နှာကြီးသည် ခေါင်းဆောင်နောက်သို့ အလျှင်အမြန် ပြေးလိုက်လာနေကြောင်း ထင်ရှားပေသည်။

ခေါင်းဆောင်သည် စိတ်ပူပန်လာသည်။ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် ပို၍ထင်ရှားလာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဓားရှည်တစ်လက်သို့ ပြောင်းလဲသွားစေသည်။ ထို့နောက် ဓားရှည်ဖြင့် သူ၏ ဇက်ပိုးကို ခုတ်ပိုင်းလိုက်ပြီး ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် ဦးခေါင်းမဲ့ခန္ဓာကိုယ်သည် လှည့်ပတ်လိုက်ပြီး သူ၏ အားအကုန်ကို အသုံးပြု၍ ဦးခေါင်းကို ရွှီချင်းဆီသို့ရောက်အောင် အကြင်အနာမဲ့စွာ ကန်လိုက်သည်။

ရွှီချင်း၏ လက်ထဲသို့ ကျရောက်သွားတော့မှသာလျှင် ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ငှက်ကြီးချင်းချင်းသည် ချက်ချင်း အမြန်ပြန်ဆုတ်သွားသည်။

ခေါင်းဆောင်၏ ဦးခေါင်းကို ရွှီချင်းဖမ်းမိသွားစဉ်မှာပဲ ပေတစ်ထောင်အကွာမှ ခေါင်းဆောင်၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်ကို ကြီးမားသော ပါးစပ်ပေါက်က ရုတ်တရက် ထွက်ပေါ်လာပြီး အကြင်အနာမဲ့စွာ ဝါးမျိုလိုက်သည်။ တစ်ချိန်တည်းမှာ ကြီးမားသော မျက်နှာသည် ထွက်ပေါ်လာသည်။

ဧရာမမျက်နှာသည် ရေထဲတွင် အချိန်အတော်ကြာ စိမ်ထားသည့်အလား ပုပ်သိုးဆွေးမြေ့နေပြီး ဖောင်းပွနေသည်။ ထို့အပြင် အော်ဂလီဆန်သော အနံ့အသက်ဆိုးကို ထုတ်လွှတ်နေသေးသည်။ မျက်နှာကြီးသည် အလွန်အမင်း ဒေါသထွက်နေသည့်ပမာ အံတင်းတင်းကြိတ်ထားသည်။

၎င်း၏ မျက်လုံးနီကြီးထဲတွင် ရူးသွပ်မှုအပြည့်ရှိသည်။ ထိုအခိုက်အတန့်မှာ ၎င်းသည် ရွှီချင်း၏ လက်ထဲမှ ဦးခေါင်းကိုမြင်သောအခါ ဒေါသတကြီး ထပ်မံဟိန်းဟောက်လိုက်သည်။ မျက်နှာကြီးသည် ရွှီချင်းဆီသို့ အရူးအမူး ပြေးသွားသည့်အခါ ပမာဏများပြားသော မြူခိုးနက်ကို ပေါ်ထွက်စေသည်။

ငှက်ကြီးချင်းချင်းသည် ကျယ်လောင်စွာ အော်မြည်လိုက်ပြီး ၎င်း၏ အစွမ်းကုန်ကို အသုံးပြု၍ ပျံသန်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ဝတ်ရုံတားမြစ်နယ်မြေထဲမှ ပြန်ထွက်သွားသည်။

ဧရာမမျက်နှာကြီးက ငှက်ကြီးချင်းချင်းနောက်သို့ လိုက်မီတော့မည့်အချိန် မဟာအကြီးအကဲနှစ်ယောက်နှင့် ရွှယ်လျန့်ကျစ်သည် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာ ယင်ဟွမ်ပြည်နယ်၏ ဖိနှိပ်စွမ်းအားသည် ကောင်းကင်ပေါ်မှ သက်ဆင်းလာပြီး ဧရာမမျက်နှာကြီးကို အကြမ်းပတမ်း ဖိနှိပ်လိုက်သည်။

ဧရာမမျက်နှာကြီးသည် ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း ခေါင်းဆောင်၏ ဦးခေါင်းက ဝေးသထက် ဝေးသွားနေသည်ကိုမြင်သောအခါ ဧရာမမျက်နှာကြီးသည် အပြင်းအထန် ရုန်းကန်လိုက်ပြီး သူ့နောက်သို့ လိုက်ဖမ်းရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီကျောက်ပြည်နယ်၏ အလောင်းအဝတ်စသည် ဧရာမမျက်နှာကြီးကို မြန်မြန်ဆန်ဆန် ဖုံးလွှမ်းသွားနေပြီ ဖြစ်သည်။ ဧရာမမျက်နှာကြီးက ၎င်း၏ အချုပ်အနှောင်များကို ချိုးဖြတ်သွားပြီး ငှက်ကြီးချင်းချင်းနောက်သို့ ဆက်လိုက်ဖမ်းတော့မည့်အချိန် အလောင်းအဝတ်စသည် ၎င်း၏ အပေါ်မှ ဧရိယာကို ဖုံးလွှမ်းသွားသည်။

“ မကောင်းဆိုးဝါးသူခိုး… ငါမင်းကို သတ်မယ် ”

၎င်းသည် ကမ္ဘာတုန်စေမည့် ဟိန်းသံကို အော်မြည်လိုက်ပြီး ကြီးမားသော အမုန်းတရားကို ဖော်ပြလိုက်သည်။

သို့သော်လည်း ပြည်နယ်နှစ်ခုမှ ဖိနှိပ်စွမ်းအားသည် အလွန်အမင်း အားကောင်းသည်။ ကျမ်းစာရွတ်ဖတ်သံများက ဆက်လက်ပဲ့တင်ထပ်သွားစဉ် ရွှီကျောက်ပြည်နယ်၏ မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများသည် ချိပ်ပိတ်စည်းထဲသို့ ဆက်လက်အားဖြည့်လိုက်ကြပြီး အလောင်းအဝတ်စကို ဧရာမမျက်နှာကြီးအား ဖုံးလွှမ်းသွားစေသည်။ နောက်ဆုံးမှာတော့ အတင်းတိုးထွက်နေသော ဧရာမမျက်နှာကြီးသည် ချိပ်ပိတ်စည်းကို မချိုးဖောက်နိုင်ဘဲ ဖိနှိပ်ခံလိုက်ရသည်။

သို့သော်လည်း ၎င်းသည် ဆက်လက် ဟိန်းဟောက်နေသေးသည်။

“ မကောင်းဆိုးဝါးသူခိုး… အရှက်မရှိတဲ့ကောင်… ငါမင်းကို အပိုင်းပိုင်း ကိုက်ပစ်ပြီး ဝါးစားပစ်မယ် ”

အဝေးမှ ဝိညာဉ်သခင်မယုံကျင်းသည် ထိုအသံကိုကြားသောအခါ ခန္ဓာကိုယ်သိမ့်သိမ့်တုန်သွားသည်။ သူသည် အတိတ်မှ ဝမ်းနည်းဖွယ်ကောင်းသော အဖြစ်အပျက်ကို ပြန်အမှတ်ရသွားပြီး ဧရာမမျက်နှာကြီးအပေါ် စာနာစိတ်ဖြစ်လာသည်။ သူသည် စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်ပေ။

‘ သူခိုးလေး… ငါနင့်ကို သေချာပေါက် အလွတ်မပေးဘူး… အနှေးနဲ့အမြန် ငါနင့်ကိုသတ်ပြီး စားပစ်မယ် ’

ငှက်ကြီးချင်းချင်း၏ ညာဘက်ဦးခေါင်းပေါ်တွင် ရပ်နေသော ရွှီချင်းသည် ထိုမြင်ကွင်းကို ကြည့်ရှုနေပြီး အားလုံးကို နားထောင်နေစဉ် သူ၏ မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ နှလုံးသည် အပြင်းအထန် ခုန်လာသည်။

သူက အလောင်းအဝတ်စအောက်တွင် အပြင်းအထန် ရုန်းကန်နေသော ဧရာမမျက်နှာကြီးကို ကြည့်လိုက်သည်။ ၎င်းသည် ဖိနှိပ်ခံထားရသည့်တိုင် အရူးအမူး ရုန်းကန်နေဆဲ ဖြစ်သည်။ ထို့နောက် သူသည် သူ၏ လက်ထဲမှ ခေါင်းဆောင်၏ ဦးခေါင်းကို ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာ ငှက်ကြီးချင်းချင်း၏ အလယ်ဦးခေါင်းနှင့် ဘယ်ဘက်ဦးခေါင်းသည်လည်း ဦးခေါင်းကို စိုက်ကြည့်လိုက်ကြသည်။ ဓားကိုင်ရုံးတော်ခွဲနှစ်ခု၏ မဟာအကြီးအကဲနှစ်ယောက်နှင့် ပြည်နယ်နှစ်ခုမှ ကျင့်ကြံသူအားလုံးသည်လည်း ခေါင်းဆောင်၏ ဦးခေါင်းကို ဝိုင်းကြည့်လိုက်ကြသည်။

ထိုမြင်ကွင်းသည် ခေါင်းဆောင်ကို ဆွံ့အသွားစေသည်။ သူက အလျှင်အမြန် ကျယ်ကျယ်အော်ပြောလိုက်သည်။

“ ငါက အကျိုးဆောင်ခဲ့တာ ”

“ ငါက ဓားကိုင်ရုံးတော်နဲ့ ရွှီကျောက်ပြည်နယ်အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုကို လုပ်ပေးခဲ့တာ ”

“ ဝတ်ရုံတားမြစ်နယ်မြေထဲက ဒီငတုံးကောင်က ဘာလို့ အပြည့်အဝ ပြန်မရှင်သန်လာလဲ သိကြလား… ဘာလို့ဆို ငါ့ကြောင့်ပေါ့… ငါ့ကိုယ်ငါ ဓားကိုင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုပြီး လူသားမျိုးနွယ်ကို ချစ်ခင်လို့ ရွှီကျောက်ပြည်နယ်ကို ကယ်ဆယ်ဖို့ စိတ်ဆုံးဖြတ်ခဲ့တယ်… ဒါကြောင့် ငါက သေခြင်းရှင်ခြင်းကိုမမှုဘဲ အန္တရာယ်များတဲ့ ဝတ်ရုံတားမြစ်နယ်မြေထဲကို တစ်ယောက်တည်း သွားခဲ့တယ် ”

“ ဒီငတုံးကောင်က အသက်ပြန်ရှင်တော့မှာကို ငါမြင်တော့ သူ့ရဲ့ဝိညာဉ်နှလုံးကို ပါးစပ်အပြည့် ကိုက်ပစ်လိုက်ပြီး သူ့ကို မပြည့်မစုံဖြစ်အောင် လုပ်ပစ်ခဲ့တယ် ”

“ ငါ့ရဲ့လုပ်ဆောင်မှုက သူ့ရဲ့နိုးထမှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ် ”

ခေါင်းဆောင်သည် အနည်းငယ် စိုးရိမ်ကြောင့်ကြမိသည်။ ဤတစ်ကြိမ် သူ၏ ပေါ်ထွက်လာမှုနှင့် လုပ်ဆောင်မှုသည် အလွယ်တကူ နားလည်မှုလွဲစေနိုင်ကြောင်း သူသိသည်။ ထို့ကြောင့် သူက မြန်မြန်ဆန်ဆန် ရှင်းပြလိုက်ခြင်း ဖြစ်သည်။

အကယ်၍ ဝတ်ရုံတားမြစ်နယ်မြေ၏ ကဒ်ဘေးက သူ့ကြောင့်ဖြစ်ပေါ်လာသည်ဟု လူအများက တွေးထင်သွားကြမည်ဆိုလျှင် သူသည် အကြီးအကျယ် ဒုက္ခရောက်လိမ့်မည်။

သူ၏ မိတ်ဆွေလေးနှင့် စွန့်စားမှုသည် ကမ္ဘာတုန်စေမည့် ထိုသို့ကိစ္စကြီးကို ဖြစ်ပေါ်စေလိမ့်မည်ဟု တစ်ခါမှ သူစိတ်မကူးဖူးပေ။ ယခု သူသည် သေခြင်းမှ လက်တစ်လုံးခြား လွတ်မြောက်လာပြီးနောက် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်လေရာ ပြည်နယ်နှစ်ခု၏ ကျင့်ကြံသူသန်းပေါင်းများစွာက ဤနေရာတွင် စုဝေးရောက်ရှိနေကြကြောင်း မြင်သွားသည်။

သူတို့အားလုံးသည် သူ့ကို ရန်လိုစွာ စိုက်ကြည့်နေကြသည်။ အပြင်လောကတွင် မည်သို့ဖြစ်ပျက်နေကြောင်း သူမသိပေ။ ထို့ကြောင့် ဤမြင်ကွင်းကို မြင်သွားသောအခါ သူသည် စိုးရိမ်ကြောင့်ကြလာသည်။

သူတို့အားလုံးသည် အခွင့်အရေးရသည်နှင့် သူ့ကို သတ်ပစ်လိမ့်မည်ဟု သူခံစားနေမိသည်။

ခေါင်းဆောင်သည် တဆတ်ဆတ်တုန်လာပြီး ပိုပြီးမကျေမနပ်ဖြစ်သွားသည်။ သူက ဤကိစ္စသည် သူ့ကြောင့်မဟုတ်ကြောင်း စိတ်ထဲမှ အော်ပြောလိုက်သည်။

ခေါင်းဆောင်၏ စကားကိုကြားသောအခါ သူတို့၏ အမူအရာသည် ခြားနားသွားကြသည်။ ရွှီကျောက်ပြည်နယ်မှ ကျင့်ကြံသူများသည် သူ့ကို မယုံကြည်ဟန် ရသည်။ မည်သို့ဖြစ်စေ အလောင်းအဝတ်စအောက်မှ ဧရာမမျက်နှာကြီးသည် ဒေါသတကြီး အော်ဟစ်နေဆဲ မဟုတ်ပါလော။

ထို့ကြောင့် ရွှီကျောက်ပြည်နယ်မှ ကျင့်ကြံသူများသည် ရွှီချင်းနှင့် ယင်ဟွမ်ပြည်နယ်မှ မဟာအကြီးအကဲထံသို့ ကြည့်လိုက်ကြသည်။

ယင်ဟွမ်ပြည်နယ်မှ မဟာအကြီးအကဲသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ချန်းအားညိုနှင့်ပတ်သက်ပြီး သူ့မှာ လေးနက်သော အမြင်ရှိသည်။ ဤအခိုက်အတန့်မှာ သူသည် တစ်ဖက်လူ၏ စကားထဲမှ အစစ်အမှန်ဖြစ်နိုင်ခြေကို ချင့်ချိန်လိုက်သည်။ ထို့နောက် သူက ရွှယ်လျန့်ကျစ်ကို ကြည့်လိုက်သည်။

မည်သို့ဖြစ်စေ ဤချန်းအားညိုသည် ချီယွဲ့ထုံဂိုဏ်း၏ တပည့်ဖြစ်သည်။

ရွှယ်လျန့်ကျစ်သည် တည်ကြည်လေးနက်စွာ ပြောသည်။

“ ချန်းအားညိုက ကျုပ်ချီယွဲ့ထုံဂိုဏ်းက အရည်အချင်းအရှိဆုံး တပည့်တွေထဲက တစ်ယောက်ဖြစ်တယ်… သူက ငယ်ငယ်လေးကတည်းက ချီယွဲ့ထုံဂိုဏ်းမှာ ကြီးပြင်းလာပြီး ရိုးသားတဲ့ကလေးပါ… သူက အမြဲတမ်း ရိုသေကျိုးနွံပြီး ဘာပြဿနာမှမရှာဖူးဘူး… သူ့စကားကို ကျုပ်ယုံတယ် ”

All Chapters