← Chapters

ကြေးချွတ်သန့်စင်ဘုံ(ခ)

Vol. 46 Ch. 690

ကြေးချွတ်သန့်စင်ဘုံ(ခ)

Vol. 46 Ch. 690

“ အဲ့အကောင်က နိုးလာရုံပဲဆို တော်သေးတယ်… ဒါပေမဲ့ အဲ့အကောင်က ငါ့ရဲ့ ညီမလက်ငါးချောင်းကို ဝါးမျိုလိုက်တယ် ”

“ အဲ့အကောင်က ငါ့မျက်စိရှေ့မှာ ညီမလက်ငါးချောင်းကို ဝါးမျိုပစ်လိုက်တယ်… ငါက ဘယ်ရမလဲ… သူ့နောက်ကို လိုက်သွားပြီး ဝတ်ရုံတားမြစ်နယ်မြေရဲ့ အနက်ပိုင်းထဲထိ ဝင်သွားတယ်… အထဲမှာ ငါက သေခြင်းကနေ လက်တစ်လုံးခြား လွတ်မြောက်သွားခဲ့ပြီး နောက်ဆုံးမှာ ညီမလက်ငါးချောင်းကို ကယ်နိုင်ခဲ့တယ် ”

“ ဒါပေမဲ့ ငါ့အကျင့်ကို မင်းသိတယ်မလား… ငါဆိုတဲ့ကောင်က သူများလုပ်တာကို ငြိမ်ခံနေမယ့်လူစားမျိုးလား ”

….

“ ဒါကြောင့် ငါက စိတ်ဆိုးမာန်ဆိုးနဲ့ အနက်ပိုင်းထဲထိ ဆက်လျှောက်သွားခဲ့တယ်… အဲ့ဒီမှာ လေထဲမှာ ပေါလောပေါ်နေတဲ့ ဧရာမနှလုံးကြီးနဲ့ အကောင်ကို ငါမြင်ခဲ့တယ်… သူက ပြန်ရှင်သန်နေတဲ့ပုံပဲ… ပြီးတော့ သူ့တစ်ကိုယ်လုံးက အနံ့တစ်မျိုးကို ထုတ်လွှတ်နေတယ်… ဒါကြောင့် ငါက လက်စားချေတဲ့အနေနဲ့ ပြန်ရှင်သန်ဖို့လုပ်နေတဲ့ အဲ့အကောင်ရဲ့ ဧရာမနှလုံးကို တစ်လုပ်တစ်လေ ကိုက်စားပစ်လိုက်တယ် ”

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို အနောက်သို့ပို့ကာ ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ စောစောက ဒေါသအကြီးအကျယ်ထွက်၍ ကျိန်ဆဲနေသော ဧရာမမျက်နှာကြီးကို သူပြန်မှတ်မိသွားသည်။ ဤကိစ္စသည် နှလုံးကို အကြိမ်ရေအနည်းငယ် ကိုက်ခဲ့ရုံမျှ မဖြစ်နိုင်ပေ။

သတင်းအချက်အလက် မပြည့်စုံမှုကြောင့် ရွှီချင်းသည် ခေါင်းဆောင်၏ စကားကို တစ်ဝက်မျှသာ ယုံကြည်နိုင်သည်။ သို့သော် ခေါင်းဆောင်သည် ဝတ်ရုံတားမြစ်နယ်မြေကို ဖရိုဖရဲဖြစ်စေခဲ့သောသူ မဟုတ်ကြောင်း သူအတည်ပြုနိုင်ခဲ့သည်။

သို့သော်လည်း သူသည် ခေါင်းဆောင်၏ စကားကို အပြည့်အဝ မယုံကြည်ပေ။

ခေါင်းဆောင်၏ အကျင့်အရ သူသည် အထဲတွင် ကမ္ဘာတုန်စေမည့် ကိစ္စကြီးကို သေချာပေါက် လုပ်ဆောင်ခဲ့ရပေမည်။ သန့်စင်ရေလှိုင်းမျိုးနွယ်သည်ပင် သူတို့၏ တိကျသေသပ်သော အစီအစဉ်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း မည်သို့ဖြစ်ပါစေ ခေါင်းဆောင်၏ လုပ်ဆောင်မှုသည် ချိပ်ပိတ်ခြင်းကို ပို၍မြန်ဆန်သွားစေခဲ့သည်မှာ အမှန်ဖြစ်သည်။

ရွှီချင်း၏ အကြည့်သည် အရပ်ပုသော ခေါင်းဆောင်ထံသို့ ကျရောက်သွားပြီး ဖြည်းညင်းစွာ ပြောသည်။

“ ဒီလိုဆိုမှတော့ စီနီယာအကိုကြီးရဲ့ လုပ်ဆောင်မှုကို ငါမှတ်တမ်းတင်ထားလိုက်မယ်… အဲ့ဒါကို ကြီးမားတဲ့ အကျိုးဆောင်မှုလို့ သတ်မှတ်နိုင်တယ် ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူ၏ မျက်နှာသည် ဝမ်းသာပျော်ရွှင်မှုကြောင့် ဝင်းလက်သွားသည်။ သူက တဟားဟား အော်ရယ်လိုက်ပြီး ပြောသည်။

“ ဟား ဟား ဒါမှ ငါ့ဂျူနီယာညီလေးကွ… ရော့ ဒီမှာ မင်းအတွက် ”

ခေါင်းဆောင်သည် ဘေးဘီကို စစ်ဆေးကြည့်ပြီးနောက် ဥအရွယ်အစားရှိသော အစိမ်းရောင်သလင်းကျောက်တစ်ခုကို အမြန်ထုတ်လိုက်ပြီး ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုသလင်းကျောက်သည် ချိပ်ပိတ်ခံထားရကြောင်း ရှင်းလင်းသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုသလင်းကျောက်သည် သာမန်မဟုတ်ကြောင်း ပြောနိုင်သည်။ သူ၏ လက်ထဲတွင် ကိုင်ထားရုံမျှဖြင့် ထိုအထဲတွင် အံ့ဩဖွယ်ကောင်းသော လှိုင်းအတတ်အကျပါရှိကြောင်း အာရုံခံနိုင်သည်။ ရွှီချင်းသည် သလင်းကျောက်ကို မြင်သွားသောအခါ သူ၏ ဝိညာဉ်ထဲတွင် လိုချင်တောင့်တသောဆန္ဒ အလိုအလျောက် ထွက်ပေါ်လာသည်။

(ဃ၁၃၂)နတ်နန်းတော်ထဲမှ နတ်ဘုရားလက်ချောင်းသည်ပင် တုန်ခါသွားသည်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။

“ အဲ့ဒါဘာလဲ ”

“ အဟန့်… ဝတ်ရုံတားမြစ်နယ်မြေထဲက အဲ့ဒီအကောင်ကို ငတုံးလို့ ငါဘာလို့ပြောလဲ မင်းသိလား ”

ခေါင်းဆောင်သည် ဟန်ဆောင်ပြုံးလိုက်ပြီး ရွှီချင်းကို မျက်စိတစ်ဖက်မှိတ်ပြသည်။ ထို့နောက် သူက ဝဝကစ်ကစ် လက်ကလေးကို မြှောက်လိုက်ပြီး အစိမ်းရောင်သလင်းကျောက်ကို ညွှန်ပြသည်။

“ အဲ့ဒါကြောင့်ပဲ ”

ရွှီချင်းသည် ဆွံ့အသွားပြီး ခေါင်းဆောင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး… အဲ့ဒါက ဟိုအကောင်ကြီး သူ့ဘာသာသုံးဖို့အတွက် ပုံသွင်းထားတဲ့ နတ်တစ်ပိုင်းခန္ဓာကိုယ်ရဲ့ အပိုင်းသေးသေးလေးတစ်ခုပါ ”

ခေါင်းဆောင်သည် လေချဉ်တတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာသည် အလွန်မာနကြီးပုံပေါ်လွင်သည်။ သူက ရွှီချင်း၏ မနာလိုသော အမူအရာကို မြင်တွေ့ချင်သောကြောင့် ရွှီချင်းဆီသို့ အလျှင်အမြန် ကြည့်လိုက်သည်။

“ နတ်ဘုရားတစ်ပိုင်းလား ”

ရွှီချင်းက မေးသည်။

“ ဒါပေါ့… ဟူး အဲ့ဒါက ဒီလောက်ပါပဲကွာ… ဘာမှ ထူးထူးခြားခြားကောင်းတာ မရှိပါဘူး… ချင်းလေး မင်းလာတာ နောက်ကျသွားတယ်… တကယ်လို့ မင်းသာ စောစောရောက်လာမယ်ဆိုရင် ငါအဲ့လောက် အများကြီး စားမိမှာမဟုတ်ဘူး… မင်းအတွက် အများကြီး ချန်ထားမိမှာ ”

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။ သူ၏ လေသံသည် နှိမ့်ချမှုသဘောပါရှိသော်လည်း သူ၏ မျက်နှာပေါ်တွင် ဘဝင်ခိုက်သော အမူအရာသည် အထင်းသား ပေါ်လွင်နေသည်။

“ ကဲ လာစမ်းပါ… မင်းရဲ့မနာလိုတဲ့ အမူအရာကို ဒီကစီနီယာအကိုကြီးဆီ ပြစမ်းပါ ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်ကို စူးစိုက်ငေးမောစေသည်။ ထို့နောက် သူက ဆွံ့အသွားသည့်အလား ပါးစပ်ဟလိုက်သည်။ ရွှီချင်းသည် သရုပ်ဆောင်ပြီးနောက် အစိမ်းရောင်သလင်းကျောက်ကို သိမ်းဆည်းလိုက်ပြီး ယင်းကို လမ်းတစ်လျှောက်တွင် သူစုပ်ယူရန် စီစဉ်လိုက်သည်။

“ ဟူး ချင်းလေး မင်းရဲ့အမူအရာက သိပ်မဟုတ်သေးဘူး… ဒီမှာကြည့် လျှာလေးကို ဟောဒီလိုထုတ်ပြီး အသက်ကို ခပ်မြန်မြန်လေး ရှူသွင်းရတယ် ”

ခေါင်းဆောင်သည် ရွှီချင်း၏ အမူအရာကို စိတ်တိုင်းမကျသောကြောင့် သူ့ကို ချက်ချင်း အမှန်ပြင်ပေးသည်။

ခေါင်းဆောင်၏ စကားသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသောကြောင့် ရွှီချင်းသည် ကြိုးစားလုပ်ကြည့်သည်။ သို့သော်လည်း မည်မျှသူကြိုးစားပါစေ မအောင်မြင်ပေ။

ရွှီချင်း၏ အလွန်ကျိုးနွံပုံကို မြင်တွေ့သောအခါ ခေါင်းဆောင်သည် စိတ်ထဲမှ ဘဝင်မြင့်သွားသည်။ သို့သော်လည်း အပြင်ပန်းမှာတော့ သူက ခေါင်းခါလိုက်သည်။

“ မင်း နည်းနည်းထပ်လေ့ကျင့်ဖို့ လိုသေးတယ် ”

ခေါင်းဆောင်နှင့် ရွှီချင်းသည် ဧရာမမှော်ယာဉ်ပျံပေါ်မှ ခုန်ဆင်းလာကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ သူတို့လျှောက်သွားနေကြစဉ် ခေါင်းဆောင်သည် ခေါင်းကုတ်လိုက်ပြီး ရွှီချင်းဆီသို့ အသံပို့လွှတ်လိုက်သည်။

“ ဒါနဲ့ ချင်းလေး… ဒီအတောအတွင်း မင်းတစ်ခုခုများ မရဘူးလား ”

ထိုသို့ပြောရင်း ခေါင်းဆောင်သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ခြေချလိုက်သည်။

“ ဘာမှ ကြီးကြီးမားမားမရှိပါဘူး… နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်လောက်ပါပဲ ”

ရွှီချင်းသည် တည်တည်ငြိမ်ငြိမ် အသံပို့လွှတ်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ ခြေချလိုက်သည်။

အစီအရင်သည် တုန်ခါလာသောအခါ ခေါင်းဆောင်သည် ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး တစ်စုံတစ်ခု အော်ပြောလိုက်ဟန် ရသည်။ သို့သော်လည်း ရွှီချင်းသည် ရှင်းရှင်းလင်းလင်း မကြားရပေ။ ခေါင်းဆောင်၏ အသက်ရှူမြန်လာပြီး မျက်လုံးပြူးထွက်လာကာ မယုံကြည်နိုင်သော အကြည့်တို့ တစ်ပြိုင်နက်ဖြစ်ပေါ်လာသော မျက်နှာကိုသာ သူမြင်နိုင်သည်။ သူက အလွန်တရာ ထိတ်လန့်သွားသောကြောင့် လျှာကိုပင် မတော်တဆ ကိုက်မိသွားသည်။

“ အော် လျှာက အဲ့လိုလုပ်ရတာကို ”

ရွှီချင်းသည် အတွေးနက်သွားသည်။

နောက်တစ်စက္ကန့်မှာ အစီအရင်၏ အလင်းသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူတို့နှစ်ယောက်နှင့် ပြည်နယ်နှစ်ခုမှ ကျင့်ကြံသူများပေါ်သို့ ဖုံးလွှမ်းသွားသည်။

ယုထျန်းပြည်နယ်…

ထိုပြည်နယ်၏ ပိုင်နက်သည် ရှည်လျားပြီး ကျဉ်းမြောင်းသည်။ ယင်း၏ ဘယ်ဘက်တွင် အနောက်ဘက်စစ်မြေပြင်၏ တည်နေရာဖြစ်သော လင်းလန်ပြည်နယ် ရှိသည်။ ညာဘက်တွင်တော့ မြောက်ဘက်စစ်မြေပြင်၏ တည်နေရာဖြစ်သော ထိုက်ဟယ်ပြည်နယ် ရှိသည်။

ပြည်နယ်၏ ရာသီဥတုသည် အများအားဖြင့် နွေးထွေးပြီး နှစ်စဉ် စိုထိုင်းသည်။

ထိုရာသီဥတုကြောင့် ယုထျန်းပြည်နယ်၏ မျိုးနွယ်အသီးသီးမှ ခန္ဓာကိုယ်များသည် တခြားပြည်နယ်များမှ ကျင့်ကြံသူများထက် အများကြီး ပိုကြီးထွားကြသည်။ သူတို့အများစုသည် ငှက်ကြီးချင်းချင်း စားသုံးခဲ့သော ဝိညာဉ်တော်ပြည့်မျိုးနွယ်ဝင်များကဲ့သို့ပင် ပေငါးဆယ်ခန့် ရှိကြသည်။

ပြည်နယ်တစ်ခုလုံးတွင် အပူပိုင်းသစ်တောများနှင့် တောင်တချို့ဖြင့် ပြည့်နှက်နေသည်။ မီးတောင်ပေါက်ကွဲမှုသည် မကြာခဏ ဖြစ်ပေါ်လာလေ့မရှိသော်လည်း တောင်ဆယ်တောင်တိုင်းတွင် မီးတောင်တစ်တောင်ကို အမြဲတွေ့ရှိရပေသည်။

စစ်ပွဲစတင်ပြီးကတည်းက ယုထျန်းပြည်နယ်သည် ဗျူဟာမြောက်သော ယင်း၏ တည်နေရာအနေအထားကြောင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် အဓိကအချက်အချာဖြစ်ခဲ့သည်။ အထူးညွှန်ကြားမှုမရှိလျှင် အရင်းအမြစ်များသည် ယုထျန်းပြည်နယ်တွင် စုဝေးသွားပြီး ခွဲဝေပေးသည်။

အတိအကျဆိုရလျှင် ဤနေရာသည် စစ်မြေပြင်၏ တစ်စိတ်တစ်ဒေသဟု သတ်မှတ်နိုင်ပေသည်။ တရားရေးရုံးတော်သည် ယင်းကို စီမံစောင့်ကြပ်ပေးနေသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်၏ အဓိကစစ်တပ်သည် နယ်စပ်ဒေသတွင် ရှိနေသော်လည်း မြောက်ဘက်ဒေသ၌ စစ်ပွဲမစတင်မီ ပြည်နယ်သုံးခုကို ဆုံးရှုံးသွားခဲ့သောကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်သည်တော်တချို့သည် အထဲသို့ စိမ့်ဝင်လာကြသည်။ ဒေသငယ်မြို့တော်၏ တားမြစ်ပိုက်ကွန်နှင့် မဟာမိတ်အင်အားစုများသည် သူတို့ကို အပြည့်အဝ မတားဆီးနိုင်ကြပေ။

သူတို့သည် ပုန်းကွယ်ခြင်းအတတ်ပညာကို ပိုင်နိုင်ကျွမ်းကျင်ကြသလို တားမြစ်ပိုက်ကွန်ကို ယာယီခုခံတားဆီးနိုင်သော ဓမ္မရတနာများကိုလည်း ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့ကို အင်တိုက်အားတိုက် ရှာဖွေပြီး မဖမ်းဆီးလျှင် အမြစ်ဖြတ်သုတ်သင်ရန် ခက်ခဲလိမ့်ပေမည်။

All Chapters