ကြေးချွတ်သန့်စင်ဘုံ(ဂ)
Vol. 46 Ch. 691
သူတို့အားလုံးသည် အထူးလေ့ကျင့်ပေးခြင်းခံထားရပြီး အများစုသည် ဝတ်ရုံနက်အစောင့်အရှောက်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် နေရာအနှံ့တွင် ပြန့်ကျဲတည်ရှိနေကြသောကြောင့် သူတို့ကို အမြစ်ဖြတ်သုတ်သင်ရန် အလွန်ခက်ခဲပေသည်။
သူတို့၏ အဓိကတာဝန်သည် ဤစစ်မြေပြင်တွင် ရန်သူ၏ ရိက္ခာပို့ဆောင်မှုကို ဖျက်ဆီးပြီး ရပ်တန့်ပစ်ရန် ဖြစ်သည်။
မည်သို့ဖြစ်စေ အရင်းအမြစ်အားလုံးကို သိုလှောင်အိတ်ထဲတွင် မထည့်နိုင်ပေ။ ထို့အပြင် တချို့ရတနာပစ္စည်းများကို တည်နေရာပြောင်းရွှေ့အစီအရင်မှတဆင့် မပို့ဆောင်နိုင်ပေ။ လူအင်အားဖြင့် ပို့ဆောင်မှရမည့် ရိက္ခာနှင့် ရတနာပစ္စည်းများသည် အများကြီး ရှိပေသည်။
….
ဤအခိုက်အတန့်မှာ ယုထျန်းပြည်နယ်အတွင်းရှိ အလွန်ကြီးမားသော တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု၏ အပြင်ဘက်တွင် ဝတ်ရုံနက်အစောင့်အရှောက် ထောင်ပေါင်းများစွာသည် တိုက်ခိုက်နေကြသည်။
သူတို့အားလုံးတွင် ထူးခြားသော ကျင့်ကြံခြင်းအခြေခံရှိကြပြီး အံ့ဩဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
မည်သို့ဖြစ်စေ ဝတ်ရုံနက်အစောင့်အရှောက်များသည် ဓားကိုင်များနည်းတူ သူတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင် အထူးကျွမ်းကျင်ကြသော ပညာရှင်များဖြစ်ကြသည်။
သူတို့အားလုံးထံတွင် မိမိထက် အဆင့်ပိုမြင့်သော ကျင့်ကြံသူကို တိုက်ခိုက်နိုင်စွမ်းမရှိကြသော်လည်း သူတို့သည် တူညီသောအဆင့်တွင် တခြားသူများထက် စွမ်းအားပိုကြီးမားကြသည်။
ယခု သူတို့၏ တာဝန်သည် ဤနေရာရှိ အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။
ဤအစီအရင်သည် (၅၀)ကီလိုမီတာကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းထားသည်။ ယင်းကို တစ်ခါအသက်သွင်းလိုက်သည့်အခါတိုင်း ပုံသေအားဖြင့် လူသားကျင့်ကြံသူ တစ်သိန်းကျော်ကို တစ်ပြိုင်နက်တည်း တည်နေရာပြောင်းရွှေ့ပေးနိုင်သည်။
တိုက်ခိုက်နေကြသော အသံများသည် အစီအရင်၏ အစွန်းဖျားမှ ဆက်လက်ထွက်ပေါ်လာနေသည်။
ဤတည်နေရာပြောင်းရွှေ့အစီအရင်ကို ကျင့်ကြံသူများစွာက စောင့်ကြပ်နေကြသော်လည်း အများစုသည် တရားရေးရုံးတော်မှ တပည့်များ ဖြစ်ကြသည်။ တိုက်ပွဲစွမ်းအားအရ သူတို့သည် ဓားကိုင်များထက် နိမ့်ကျပေသည်။ သို့ဖြစ်၍ သူတို့သည် ဝတ်ရုံနက်အစောင့်အရှောက်များကို မယှဉ်နိုင်ပေ။
ကံကောင်းသည်မှာ မဟာမိတ်စစ်တပ်မှ စစ်သည်တော်တချို့နှင့် အစီအရင်ကို စောင့်ကြပ်ရန် ကျန်ရစ်နေခဲ့ကြသော ဓားကိုင်များကြောင့် သူတို့သည် အရေအတွက်ကို အသားစီးရရှိထားသည်။ တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်သွားသည်နှင့် စစ်ကူများသည် အလျှင်အမြန် ပြေးထွက်လာကြသည်။
သို့သော်လည်း ဝတ်ရုံနက်အစောင့်အရှောက်များ အသက်သွင်းထားကြသော ကောင်းကင်ပေါ်တွင် မျောလွင့်နေကြသည့် ဓမ္မရတနာတစ်ရာကျော်သည် တည်နေရာပြောင်းရွှေ့အစီအရင်၏ လည်ပတ်မှုကို ဆက်လက်နှောင့်ယှက်နေသည်။
ခံစစ်ကို အတင်းချိုးဖောက်သွားပြီး တည်နေရာပြောင်းရွှေ့အစီအရင်နားသို့ ချဉ်းကပ်သွားကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ကြသည့် ဝတ်ရုံနက်အသေခံစစ်သည်တော်များပင် ရှိကြသည်။ ပေါက်ကွဲမှုမှဖြစ်ပေါ်လာသော အားလှိုင်းများသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို လှုပ်ခါသွားစေသည်။
သို့သော်လည်း အလုံးစုံခြုံငုံကြည့်လျှင် အစီအရင်သည် အကောင်းတိုင်းရှိနေသေးပြီး ဆက်လက် အလုပ်လုပ်နေဆဲ ဖြစ်သည်။
ဝတ်ရုံနက်အသေခံစစ်သည်တော်များသည် အစီအရင်၏ အရေးကြီးသော ဧရိယာများဆီသို့ လုံးဝမချဉ်းကပ်နိုင်ရန် အထပ်ထပ်ပိတ်ဆို့ခံထားရသည်။
အဘယ်ကြောင့်ဆိုသော် ဤတည်နေရာပြောင်းရွှေ့အစီအရင်ကို ယောင်ယွင်ဟွေ့က တာဝန်ယူစောင့်ကြပ်နေသောကြောင့် ဖြစ်သည်။
တရားရေးရုံးတော်၏ စည်းကမ်းထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူးအနေဖြင့် ယောင်ယွင်ဟွေ့သည် ဝတ်ရုံနက်အစောင့်အရှောက်များ၏ ကျူးကျော်ဝင်ရောက်မှုကို သူ၏ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ဖူးသည်။
ဤအခိုက်အတန့်မှာ သူသည် ဒေသငယ်မြို့တော်မှာကဲ့သို့ ဆွဲဆောင်မှုရှိသော ညှို့ဓာတ်ပိုင်ရှင်မဟုတ်တော့ပေ။ သူက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျသော အရိပ်အယောင်က အတိုင်းသားပေါ်ထွက်နေသော်လည်း အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပျံ့လွင့်ထွက်ပေါ်နေသည်။
သူ၏ ညွှန်ကြားမှုအတိုင်း လူတိုင်းသည် အစီအစဉ်တကျ ဆက်လက်ဝိုင်းရံသွားပြီး ဖိနှိပ်ထားမည်ဆိုလျှင် ဝတ်ရုံနက်အစောင့်အရှောက်များ၏ ဤတစ်ကြိမ် ကျူးကျော်ဝင်ရောက်မှုသည် ကြာကြာတောင့်ခံနိုင်မည့်ပုံမပေါ်ချေ။
အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်တိုင် သူတို့၏ တာဝန်က မအောင်မြင်သေးကြောင်း မြင်သွားသောအခါ ဝတ်ရုံနက်အစောင့်အရှောက်များသည် ပြန်ဆုတ်ခွာရန် ဆန္ဒရှိလာကြသည်။ အဖွဲ့ခေါင်းဆောင်၏ မျက်လုံးထဲတွင် နောင်တတရား ထွက်ပေါ်လာပြီးနောက် သူက အဝေးတွင် မတ်တတ်ရပ်နေသော ယောင်ယွင်ဟွေ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူသည် အချိန်အကြာကြီး မနေနိုင်ကြောင်း သိသည်။ ထို့ကြောင့် နောက်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
သို့သော်လည်း အရေအတွက်တစ်ထောင်ရှိသော ဝတ်ရုံနက်အစောင့်အရှောက်များက ပြန်ဆုတ်ခွာတော့မည့်အချိန် ဤနေရာရှိ လူသားကျင့်ကြံသူများနှင့် မဟာမိတ်စစ်သည်တော်များက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့မည့်အချိန် မြေကြီးသည် ရုတ်တရက် တုန်ယင်လာသည်။
ရုတ်ချည်းဖြစ်ပေါ်လာသော ထိုမြေကြီးတုန်လှုပ်မှုသည် နှစ်ဖွဲ့စလုံးကို ထိတ်လန့်သွားစေသည်။ တစ်ချိန်တည်းမှာ မြေကြီးပေါ်မှ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများသည် သူ့တို့ဘာသာအလိုအလျောက် လေပေါ်သို့ မြှောက်တတ်သွားကြသည်။ ဤသည်မှာ ကြီးမားသော ဆွဲငင်အားတစ်ခုက ကောင်းကင်ပေါ်မှ သက်ဆင်းလာသည့်အလား ဖုန်မှုန့်နှင့် မရေမတွက်နိုင်သော ကျောက်စရစ်ခဲများကို လေထဲတွင် မျောလွင့်သွားစေသည်။
အောက်ခြေမခိုင်သော အဆောက်အအုံတချို့၊ အုတ်ကျိုးအုတ်ပဲများ၊ အလောင်းတချို့နှင့် သွေးသည် လေထဲသို့ ထိန်းချုပ်မှုကင်းမဲ့စွာ မြှောက်တတ်သွားကြသည်။ ထိုအခိုက်အတန့်မှာ အရာအားလုံးသည် ထိန်းချုပ်မှုကင်းမဲ့သွားဟန် ရသည်။ အထူးသဖြင့် သွေးသည် လေပေါ်သို့ ဆန်တတ်သွားပြီး သွေးစီးကြောင်းများကို ကျန်ရစ်စေခဲ့သည်။
ကောင်းကင်ပေါ်မှ ဝတ်ရုံနက်အစောင့်အကြပ်များ၏ ဓမ္မရတနာများသည် တည်နေရာပြောင်းရွှေ့အစီအရင်အား ဆက်လက် မနှောင့်ယှက်နိုင်ကြတော့ပေ။ ယင်းအစား သူတို့သည် အားလှိုင်းအတတ်အကျအောက်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။
ထိုမြင်ကွင်းသည် ဤနေရာတွင် ရှိနေကြသော ကျင့်ကြံသူအားလုံးကို ထိတ်လန့်ခြောက်ခြားသွားစေသည်။ သူတို့၏ နှလုံးသည် ပြင်းထန်စွာ တုန်ယင်လာပြီး သူတို့၏ ဆံပင်သည် တဖျပ်ဖျပ်လှုပ်ယမ်းလာသည်။ အချိုင့်အခွက်များသည်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော တချို့သူများဆိုလျှင် သွေးသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။
ကံကောင်းစွာဖြင့် မည်သူမှ မသေဆုံးသွားကြပေ။
သို့သော်လည်း ထိုမြင်ကွင်းသည် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေရန် လုံလောက်ပေသည်။ သူတို့သည် ထိုအဖြစ်အပျက်၏ ဇစ်မြစ်ကို သတိထားမိသွားကြသည်။
ထိုအပြောင်းအလဲ၏ ဇစ်မြစ်သည် ကောင်းကင်ပေါ်မှာ မဟုတ်ပေ။ မြေပြင်ပေါ်မှာ ဖြစ်သည်။
အလွန်ကြီးမားသော တည်နေရာပြောင်းရွှေ့အစီအရင်သည် အချင်း(၅၀)ကီလိုမီတာကို ဖုံးလွှမ်းထားသည်။
အစီအရင်သည် လည်ပတ်နေသည်။
ဤပေါက်ကွဲမှု၏ ပြင်းထန်မှုသည် လူတိုင်း၏ အသက်ရှူသံကို မြန်ဆန်သွားစေသည်။ စစ်ပွဲစတင်ချိန်မှလွဲ၍ ဤမျှပြင်းထန်သော ဝိညာဉ်လှုပ်ခတ်စေမည့် အားလှိုင်းအတတ်အကျသည် တစ်ခါမှ ထွက်ပေါ်မလာခဲ့ပေ။
တည်နေရာပြောင်းရွှေ့အစီအရင်ကို ထိုသို့တုံ့ပြန်မှုမျိုး ဖြစ်ပေါ်စေနိုင်သည့် တစ်ခုတည်းသောအချက်မှာ အစီအရင်သည် ယင်း၏ အကန့်အသတ်ထက် ကျော်လွန်ပြီး အလုပ်လုပ်နေရသောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာသည့် လူအရေအတွက်သည် သိန်းပေါင်းများစွာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
“ အခု ငါ့မျိုးနွယ်နဲ့ လူသားမျိုးနွယ်က ရှေ့တန်းမှာ အပြင်းအထန် တိုက်ခိုက်နေကြတယ်… လူသားမျိုးနွယ်မှာ ဒီလောက်များတဲ့ စစ်သည်တော်တွေ ရှိနေသေးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ပြင်ပအင်အားစုများ ဖြစ်နေမလား ”
“ မျိုးနွယ်ခြားတွေ စစ်ကူပေးမယ့် ဖြစ်နိုင်ခြေက အရမ်းနည်းတယ်… ငါ့မျိုးနွယ်က ဖုန်းဟိုင်ဒေသငယ်ကို သိမ်းပိုက်ပြီးတာနဲ့ မျိုးနွယ်စုအသီးသီးကို အရင်အတိုင်း လုပ်ပိုင်ခွင့်ပေးမယ်လို့ ကတိပေးထားတယ်မဟုတ်လား ”
“ ဒါဆို ဘယ်မျိုးနွယ်ခြားက သူတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို ဒီကိုစေလွှတ်လိုက်တာလဲ ”
စောစောက ပြန်ဆုတ်ခွာရန် ကြံစည်နေကြသော ဝတ်ရုံနက်အစောင့်အရှောက် တစ်ထောင်ကျော်သည် အမူအရာပျက်ယွင်းသွားကြသည်။ သူတို့၏ နှလုံးတုန်သွားစဉ်မှာပဲ (၅၀)ကီလိုမီတာကျယ်ဝန်းသော တည်နေရာပြောင်းရွှေ့အစီအရင်သည် ထိတ်လန့်ဖွယ်ကောင်းသော အလင်းရောင်ကို ထုတ်လွှတ်လာကြောင်း မြင်သွားကြသည်။
ထိုအလင်းရောင်သည် အလွန်အမင်း တောက်ပပြီး မည်းမှောင်နေသော ကောင်းကင်ကို ချက်ချင်း လင်းထိန်သွားစေလေရာ နေ့အချိန်ပမာ ထင်မှတ်ရသည်။
ထိုအလင်းရောင်နှင့်အတူ နားကွဲစေမည့် ကျယ်လောင်သော ပေါက်ကွဲသံများသည် တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းရှိ အရပ်မျက်နှာပေါင်းစုံမှ ပျံ့လွင့်ထွက်လာသည်။
“ ဘာပဲဖြစ်ဖြစ်… သူတို့ တည်နေရာပြောင်းရွှေ့တာကို ပြီးမြောက်စေဖို့ ငါလုံးဝခွင့်မပြုနိုင်ဘူး ”
“ ဝတ်ရုံနက်အစောင့်အရှောက်အားလုံး နားထောင်ကြ… ရှေ့တတ်ပြီး တည်နေရာပြောင်းရွှေ့လို့မရအောင် တားဆီးကြ ”
ဝတ်ရုံနက်အစောင့်အရှောက်ခေါင်းဆောင်က အမိန့်ပေးသည်နှင့် အရေအတွက်တစ်ထောင်ကျော်သော ဝတ်ရုံနက်အစောင့်အရှောက်များသည် တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးလွှားသွားကြသည်။
“ ကိုယ့်လူတွေ သူတို့ကိုရပ်တန့်ဖို့ အကောင်းဆုံးကြိုးစားကြပါ… အစီအရင်နားကို ချဉ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ပါ ”
ယောင်ယွင်ဟွေ့၏ မျက်လုံးသည် မှေးကျဉ်းသွားပြီး လေးနက်စွာ အမိန့်ပေးသည်။ ဝတ်ရုံနက်အစောင့်အရှောက်ခေါင်းဆောင်ကို ရပ်တန့်ရန် သူကိုယ်တိုင်လည်း အရှေ့သို့ ပြေးသွားသည်။