ကြေးချွတ်သန့်စင်ဘုံ(င)
Vol. 46 Ch. 693
“ အဲ့ဒါ ဓားကိုင်ရုံးတော်သခင်ရဲ့ သံတော်ဆင့်… ”
“ ရွှီချင်းပဲ ”
“ ရွှီချင်းနဲ့ ညွှန်ကြားရေးမှူးကြားမှာ ပဋိပက္ခတချို့ရှိတယ်လို့ ငါကြားတယ် ”
….
တရားရေးရုံးတော်မှ ကျင့်ကြံသူများသည် ရွှီချင်းကို ဓားကိုင်ရုံးတော်လောက် အရေးမထားကြသော်လည်း သူ့အကြောင်းကို တချို့တလေ ကြားဖူးမိကြသည်။
အထူးသဖြင့် စစ်ပွဲ၏ အစောပိုင်းအခြေအနေမှ အဖြစ်အပျက်များကြောင့် ဖြစ်သည်။ ဓားကိုင်ရုံးတော်သခင်က ဒေသအကြီးအကဲ၏ တာဝန်ကို ယာယီထမ်းဆောင်နေစဉ် ရုံးတော်သခင်၏ ဘေးတွင် ရပ်နေသော ရွှီချင်းသည် ဒေသငယ်တစ်ခုလုံး၏ အာရုံစိုက်ခြင်းခံရသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်သည်။
သို့သော်လည်း ယင်းသည် စောစောက သူတို့မြင်တွေ့ခဲ့သော ထိတ်လန့်ဖွယ်ရာမြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ နိမ့်ကျနေသေးပေသည်။
ထိုအခိုက်အတန့်မှာ လူတချို့သည် ရွှီချင်းနှင့် ယောင်ယွင်ဟွေ့ကြားမှ ကောလဟာလတချို့ကို ပြန်သတိရသွားကြသည်။ ထို့ကြောင့် သူတို့သည် ယောင်ယွင်ဟွေ့ဆီသို့ တိတ်တခိုး လှမ်းကြည့်လိုက်ကြသည်။
ယောင်ယွင်ဟွေ့သည် နှုတ်ဆိတ်သွားသည်။
ခံစားချက်လှိုင်းများသည် သူ၏ နှလုံးသားထဲတွင် မြင့်တတ်လာသည်။ အတိတ်က အရာအားလုံးသည် သူ၏ မျက်စိအရှေ့တွင် ပြန်ပေါ်လာသည်။ ထိုအဖြစ်အပျက်များက သူ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာသောအခါ သူ၏ ခံစားချက်များသည် ရှုပ်ထွေးသွားသည်။
အချိန်ခဏအကြာမှာ သူသည် နှလုံးသားထဲမှ လှိုင်းဂယက်များကို ဖိနှိပ်လိုက်ပြီး ဘေးပတ်ပတ်လည်ရှိ တရားရေးရုံးတော်မှ ကျင့်ကြံသူများကို အမိန့်ပေးလိုက်သည်။
“ တည်နေရာပြောင်းရွှေ့အစီအရင်ကို ပိုပြီးတင်းတင်းကျပ်ကျပ် စောင့်ကြပ်ကြပါ ”
သူ၏ ရာထူး၊ ကျင့်ကြံခြင်းနှင့် ဤအတောအတွင်း တိုက်ပွဲအတွေ့အကြုံများကြောင့် ယောင်ယွင်ဟွေ့သည် ယခင်ထက် ပိုပြီးတင့်တယ်လာပြီး ကျက်သရေရှိလာသည်။
အမိန့်ပေးခံရသောအခါ ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများသည် ခေါင်းညိတ်လိုက်ကြပြီး သဘောတူကြသည်။ စစ်ကူရောက်ရှိလာသောကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များကို သူတို့သည် ဘေးဖယ်ထားလိုက်ကြသည်။
သို့သော်လည်း စစ်ကူရောက်ရှိလာမှုကြောင့် ဤစစ်ပွဲတွင် သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်ရှိလာပြီ ဖြစ်သည်။
ထိုမျှော်လင့်ချက်သည် မီးလျှံတစ်ခုပမာ ယုထျန်းပြည်နယ်မှာသာမက လင်းလန်ပြည်နယ်အထိ မြင့်တတ်သွားသည်။ ယင်းသည် အနောက်ဘက်စစ်မြေပြင်၏ ရှေ့တန်းတွင်ပါ စတင်တောက်ပလာသည်။
လက်ရှိအခိုက်အတန့်တွင် အနောက်ဘက်စစ်မြေပြင်၌ လူသားမျိုးနွယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ် နှစ်ခုစလုံးသည် ဆယ့်သုံးရက်ဆက်တိုက် အပြန်အလှန်တိုက်ခိုက်ထားကြပြီးဖြစ်၍ ခဏတာ အနားယူနေကြသည်။
စစ်မြေပြင်ကို အရွယ်အစားကြီးမားသော လျှိုမြောင်တစ်ခုက ပိုင်းခြားထားသောကြောင့် ထင်ရှားသောအပိုင်းနှစ်ခု ကွဲနေသည်။
လျှိုမြောင်၏ အဆုံးတွင် ကောင်းကင်တောင်ရိုးရှိသည်။ ထိုကောင်းကင်တောင်ရိုးသည် မူလက လင်းလန်ပြည်နယ်ဆီသို့သွားသော တတိယဂိတ်ပေါက် ဖြစ်သည်။
ထိုတောင်တန်းများကို ဖြတ်ကျော်သွားလျှင် ကောင်းကင်မျက်လုံးချောက်နက်နှင့် ပြည်နယ်ကိုးခုလွင်ပြင်၏ ပိုင်းခြားခံထားရသော ဒေသကြီးတစ်ခုကို မြင်တွေ့ရလိမ့်မည်။ ယင်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပိုင်နက်ဖြစ်သည်။
အပေါ်မှငုံ့ကြည့်လျှင် ကောင်းကင်တောင်ရိုးသည် မလှုပ်ရှားနိုင်သော ဧရာမနဂါးတစ်ကောင်နှင့် တူသည်။ ၎င်းသည် ထိုနေရာတွင် လဲလျောင်းနေပြီး ဦးကျိုးနေဟန် ရသည်။
အလုံးစုံခြုံငုံကြည့်လျှင် နေရာအတော်များများသည် ပျက်စီးရှုပ်ပွနေသည်။ တောင်တန်းများသည် ပြိုလဲသွားကြပြီး ထိုနေရာမှ ထူထဲသော အနက်ရောင်အခိုးအငွေ့ကို ထုတ်လွှတ်နေသည်။
အရေအတွက်များပြားသော ဓမ္မရတနာ အပိုင်းအစများသည်လည်း ဘေးပတ်ဝန်းကျင်တွင် တောင်ပုံယာပုံသဖွယ် ရှိသည်။
ဤသည်မှာ စစ်ပွဲ၏ ခြေရာလက်ရာများ ဖြစ်သည်။
ထိုနေရာသည် မူလက သန့်စင်ရေလှိုင်းမျိုးနွယ်ကို ဆန့်ကျင်တားဆီးသော လူသားမျိုးနွယ်၏ တတိယခံစစ်ကြောင်းနေရာ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော လဝက်ခန့်က ဖုန်းဟိုင်ဒေသငယ်၏ တားမြစ်ဓမ္မရတနာများ၏ တစ်စိတ်တစ်ပိုင်းသည် ပျက်စီးသွားသောကြောင့် ခံစစ်ကြောင်းသည် ကျိုးပေါက်သွားခဲ့သည်။
လူသားစစ်တပ်သည် ရွေးချယ်စရာမရှိဘဲ အနောက်ဘက် (၅၀၀၀)ကီလိုမီတာအကွာအဝေးသို့ ပြန်ဆုတ်ခွာသွားကြပြီး အသစ်ပြန်လည်ဖွဲ့စည်းထားသော တားမြစ်ပိုက်ကွန်၏ အကူအညီဖြင့် စတုတ္ထခံစစ်ကြောင်းကို တားဆီးကာကွယ်ကြသည်။
ထို့ကြောင့် ဤအခိုက်အတန့်မှာ ကောင်းကင်တောင်ရိုးတစ်လျှောက်၌ လူသားမျိုးနွယ်များ မရှိကြပေ။ ယင်းအစား သံချပ်ကာဝတ် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်တစ်ခုသာလျှင် ရှိသည်။
သူတို့သည် အရေအတွက်အားဖြင့် သန်းဂဏန်းရှိသည်။ အမှန်မှာတော့ တောင်ရိုးနောက်မှ ကြီးမားသော ဧရိယာထဲတွင် အဆုံးမမြင်ရသော စစ်ရွက်ဖျင်တဲများ ရှိကြသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်တစ်ခုတည်း မဟုတ်ပေ။ ၎င်း၏ ကျွန်ပြုခံထားရသော မျိုးနွယ်စုများသည် မရေမတွက်နိုင်အောင် ရှိကြသည်။
ကောင်းကင်တောင်ရိုး၏ နယ်နိမိတ်သည် လွန်ခဲ့သော လဝက်အတွင်းမှာ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြုပြင်ပြောင်းလဲခြင်းခံခဲ့ရသည်။ သူတို့သည် မရေမတွက်နိုင်သော ခံတပ်များနှင့် သန်းပေါင်းများစွာသော ထိပ်ဖျားချွန်ဘုရားကျောင်းများကို တည်ဆောက်ခဲ့ကြသည်။
ထိုဘုရားကျောင်းများ၏ ထိပ်ဖျားပေါ်တွင် မိုးကြိုးသွားများသည် ဟိုပြေးသည်ပြေး ကူးခတ်ရွေ့လျားနေကြလေရာ ကြီးမားသော အလင်းပိုက်ကွန်တစ်ခုကို ဖြစ်ပေါ်စေပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
မကြာခဏဆိုသလို လျှပ်စီးသည် ကောင်းကင်ယံတွင် လင်းထိန်သွားပြီး ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာတတ်သည်။ ထိုသို့လျှပ်စီးလက်သွားသည့်အခါ တိမ်မည်းများသည် ဖယ်ရှင်းခံလိုက်ရပြီး အထဲမှ ဧရာမသတ္တဝါကြီးများ၏ တည်ရှိမှုသည် မသဲမကွဲ ထွက်ပေါ်လာကြသည်။
ထိုဧရာမသတ္တဝါကြီးများသည် အရွယ်အစားအားဖြင့် ပေတစ်သောင်းရှိကြပြီး တူညီသော ရွမ်းဗတ်ပုံသဏ္ဍာန် ရှိကြသည်။ သူတို့အားလုံးသည် အလယ်ဗဟိုတွင် အနီရောင်မျက်လုံးတစ်လုံးကို ပိုင်ဆိုင်ထားကြသည်။
ထိုဧရာမသတ္တဝါကြီးများသည် အရေအတွက်တစ်သိန်းထက်မနည်း ရှိသည်။
ထိုသတ္တဝါကြီးများသည် အကန့်အသတ်မဲ့ ကျယ်ပြောသော ကောင်းကင်ပေါ်မှ တိမ်တိုက်များပေါ်တွင် ဘွားခနဲ ပေါ်ထွက်လာကြပြီး ရှေ့တန်းစစ်မြေပြင်ဆီသို့ ပျံ့နှံ့သွားကြသည်။ သူတို့သည် ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်ထားကြပြီး သူတို့၏ ကျယ်လောင်သော ဟိန်းဟောက်သံများသည် ဘေးပတ်ဝန်းကျင်သို့ ဆက်လက်ပဲ့တင်ထပ်သွားသည်။
သူတို့၏ ဟိန်းသံက ပဲ့တင်ထပ်သွားသောအခါ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်သည် ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာဟန် ထင်ရသည်။ ဤသည်မှာ နတ်ဘုရားများက ရေရွတ်ခြင်းကို လုပ်ဆောင်နေသည့်အလားပင်။
သူတို့သည် ကောင်းကင်နက်မျိုးနွယ်က သန့်စင်ရေလှိုင်းမျိုးနွယ်ကို ထောက်ပံ့ထားသော စစ်အသုံးအဆောင်ဓမ္မရတနာများ ဖြစ်ကြသည်။
သူတို့၏ ဟိန်းသံသည် တစ်စုံတစ်ယောက်၏ စိတ်ကို ဖျက်ဆီးနိုင်ပြီး သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားသည် အသွေးအသားကို ခြေမွဖျက်ဆီးနိုင်သည်။ သူတို့ထုတ်ဖော်လိုက်သော မန္တန်များသည် အရာအားလုံးကို အက်ကွဲနိုင်စွမ်းရှိသည်။
အန္တရာယ်အများဆုံးအရာမှာ သူတို့ထုတ်လွှတ်သော ရိတ်သိမ်းသူများ ဖြစ်ကြသည်။
ရိတ်သိမ်းသူများသည် မမြင်နိုင်သလို အာရုံမခံနိုင်သော ထူးထူးဆန်းဆန်း တည်ရှိမှုများဖြစ်ကြသည်။ သူတို့သည် သေမင်းတမန်များအလား စစ်မြေပြင်တွင် ထွက်ပေါ်လာကြပြီး လူသားမျိုးနွယ်ကို အကြီးအကျယ် ပျက်စီးဆုံးရှုံးစေခဲ့သည်။
သူတို့သည် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရုံသာမက ကြီးမားသော အဖျက်အစီးစွမ်းအားကိုလည်း အသုံးပြုနိုင်ကြသည်။
သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဒြပ်နှောသည် တားမြစ်နယ်မြေများ၊ ဒေသများနှင့် ခြားနားပေသည်။
ဤသည်မှာ လူသားမျိုးနွယ်ကို အဓိကပစ်မှတ်ထားသော ဓာတ်ငွေ့တိုက်ခိုက်မှုအမျိုးအစားတစ်ခု ဖြစ်သည်။
သေမင်းတမန်များ၏ နယ်နိမိတ်အတွင်းရှိ လူသားများသည် သူတို့နှင့် အကြိမ်ရေအနည်းငယ် တိုက်ခိုက်ပြီးနောက် ခြောက်သွေ့သွားလိမ့်မည်။ နောက်ပိုင်းတွင် သူတို့၏ ခန္ဓာကိုယ်သည် သန္ဓေပြောင်းလဲမည့် လက္ခဏာများ ဖြစ်ပေါ်လာကြပြီး သူတို့ကို အသိစိတ်ကင်းမဲ့သော သန္ဓေပြောင်းသားရဲများသို့ ပြောင်းလဲသွားစေလိမ့်မည်။
ဤသည်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်ပွဲနည်းလမ်းများထဲမှ တစ်ခုသာလျှင် ရှိသေးသည်။
စစ်မြေပြင်၏ အထက်ကောင်းကင်သည် မည်းမှောင်ပြီး အုံ့မှိုင်းနေသည်။ အနက်ရောင် နှင်းပွင့်ချပ်များသည် မြေပေါ်သို့ ဆင်းသက်လာနေသည်။
ထိုနှင်းပွင့်ချပ်များသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ နောက်ထပ်စစ်ပွဲနည်းလမ်းတစ်ခု ဖြစ်သည်။
သူတို့၏ အသွင်သဏ္ဍာန်သည် နှင်းဖြင့် ပုံစံဆင်တူသည်။ သို့သော်လည်း အနီးကပ် သေချာကြည့်ရှုသည့်အခါ မရေမတွက်နိုင်အောင် ပေါများသော ထိုနှင်းပွင့်ချပ်များပေါ်တွင် သေးငယ်သော ခြေလက်များနှင့် ရက်စက်ကြမ်းကြုတ်သော မျက်နှာများရှိသည်ကို သတိပြုမိလိမ့်မည်။
သူတို့သည် နေရာတိုင်းတွင် ပြန့်ကျဲတည်ရှိနေကြသည်။ သူတို့သည် မန္တန်တစ်ခုကို သူတို့ဘာသာ ထုတ်ဖော်နိုင်ကြသကဲ့သို့ အင်အားစုပေါင်းပြီး စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားမည့် အစွမ်းထက် နတ်ဘုရားအတတ်အပညာများကိုလည်း ထုတ်လွှတ်နိုင်ကြသေးသည်။ အကယ်၍ လူသားတစ်ယောက်က သူတို့ကို ခန္ဓာကိုယ်ထဲသို့ ရှူသွင်းလိုက်မည် သို့မဟုတ် ထိတွေ့လိုက်မည်ဆိုလျှင် သူတို့သည် သေစေနိုင်သောအဆိပ် ဖြစ်သွားလိမ့်မည်။
သူတို့သည် အဆုံးမဲ့စွာ အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ကြသည်။ သူတို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်၏ လက်ထဲမှ လက်နက်များအဖြစ်သို့ပင် အသွင်ပြောင်းလဲနိုင်ကြသည်။
သူတို့ကို ခုခံတားဆီးရန် မဖြစ်နိုင်သည့်အလား အလွန်ခက်ခဲပေသည်။
တိမ်တိုက်များထဲတွင် ရွမ်းဗတ်ပုံသဏ္ဍာန်ရှိသော ဓမ္မရတနာများရှိပြီး တိမ်တိုက်များအောက်တွင် အနက်ရောင်နှင်းက အဆုံးမဲ့စွာ မျောလွင့်နေသည်။
သို့သော်လည်း ယင်းသည် အကုန်မဟုတ်သေးပေ။
မြေပြင်သည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ အသက်သွင်းခြင်းခံထားရသည်။
မြေကြီးနှင့် မရေမတွက်နိုင်သော အလောင်းများသည် စုဝေးသွားကြပြီး မြေပြင်ပေါ်တွင် လျှောက်သွားနေသော ဧရာမလက်ပြတ်များအသွင် ဖြစ်ပေါ်လာကြသည်။
ဧရာမလက်ပြတ်တစ်ခု ဖြစ်ပေါ်လာသည့်အခါတိုင်း မြေပြင်၏ တစ်စိတ်တစ်ဒေသသည် အထဲသို့ ချိုင့်ဝင်သွားကြပြီး ထိုအထဲတွင် အနက်ရောင်နှင်းဖြင့် အလျှင်အမြန် ပြည့်နှက်သွားသည်။
ထိုလက်ပြတ်များသည် သံမဏိကြိုးအနက်များကို ကိုင်ထားကြသည်။
ထိုသံမဏိကြိုးများ၏ အရေအတွက်သည် အဆုံးမရှိဟန်ရသည်။ ယင်းတို့သည် ကောင်းကင်အထိ ရှည်ထွက်သွားကြပြီး တိမ်တိုက်များကို ထိုးဖောက်သွားကြကာ မြူနှင်းအပေါ်ကို ဖုံးလွှမ်းထားကြသည်။
တိမ်တိုက်များ၏ အထက်တွင်ရှိသော ကောင်းကင်၏ အဆုံးပိုင်းတွင် အလွန်ကြီးမားသော အနက်ရောင် ဝဲကတော့တစ်ခု ရှိသည်။
ထိုဝဲကတော့သည် နေလုံးနှင့် ဆင်တူသည်။ ၎င်းက လှုပ်ခါသွားသည်နှင့် မြေပြင်ပေါ်မှ ရှည်ထွက်လာကြသော သံမဏိကြိုးအားလုံးသည် ဝဲကတော့ထဲသို့ ဝင်ရောက်သွားကြသည်။
မြေပြင်ပေါ်မှ လက်ပြတ်များက ဆောင့်ဆွဲလိုက်သောအခါ သံမဏိကြိုးများသည် အပြင်းအထန် လှုပ်ယမ်းသွားကြသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို အပြင်သို့ ဖြည်းဖြည်းချင်း ဆွဲခေါ်ထုတ်နေသလိုပင်။
အလွန်ဆိုးဝါးပြင်းထန်သော အပုပ်နံ့သည် ဝဲကတော့ထဲမှ ပျံ့လွင့်ထွက်လာနေသည်။ ထိုအခါ ကောင်းကင်ယံတွင် တိမ်မည်းများသည် ပိုမိုများပြားစွာ ဖြစ်ပေါ်လာကြပြီး ပို၍ထူထဲသော အနက်ရောင်နှင်းသို့ ပြောင်းလဲသွားကြကာ မြေပြင်ပေါ်သို့ အဆုံးမဲ့စွာ ကျဆင်းသွားသည်။
ယင်ဟွမ်ပြည်နယ်နှင့် ရွှီကျောက်ပြည်နယ်မှ စစ်တပ်က ရှေ့တန်းနှင့် နီးကပ်လာသည့်အခါ သူတို့သည် ရှေ့တန့်အမိန့်ပေးဗဟိုဌာနသို့ သတင်းပို့လိုက်ပြီး သူတို့အား စစ်မြေပြင်ဆီသို့ ချဉ်းကပ်ဝင်ရောက်ခွင့်အမိန့်တော်ကို တောင်းခံသည်။ သူတို့သည် အမိန့်တော်ကို စောင့်ဆိုင်းနေစဉ် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်မြေပြင်ကို ဤသို့ပုံစံဖြင့် မြင်တွေ့သွားကြသည်။
ရွှီချင်းသည် စစ်တပ်၏ အရှေ့ဆုံးတွင် မတ်တတ်ရပ်နေပြီး အားလုံးကို အဝေးမှ ကြည့်နေသည်။ သူ၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူသည် စစ်မြေပြင်ပေါ်မှ မရေမတွက်နိုင်သော အလောင်းများကို သတိပြုမိသည်။
အလောင်းများသည် တောင်ကြီးတစ်တောင်နှယ် စုပြုံတည်ရှိနေပြီး သွေးသည် ပင်လယ်ကြီးသဖွယ် အိုင်ထွန်းနေသည်။
ရွှီချင်းသည် ဤဘဝတွင် လူပေါင်းများစွာကို သတ်ဖြတ်ဖူးသည့်တိုင် ဤစစ်မြေပြင်ကြောင့် ထိတ်လန့်သွားခဲ့ရပေသည်။
အလောင်းများသည် မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။
သူတို့ထဲမှ အရေအတွက်တစ်ဝက်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ ပျောက်ဆုံးနေကြသည်။ သူမြင်တွေ့ရသည်မှာ အသွေးအသားနှင့် သူတို့၏ အလောင်းများမှ ဆိုးဝါးစွာ ထွက်ပေါ်နေသော အပုပ်နံ့သာ ဖြစ်သည်။
ဤလောကတွင် စစ်ပွဲသည် ကြိတ်ဆုံကျောက်တစ်ခုနှင့် တူညီသည်။ ၎င်း၏ ကြိတ်ခြေမှုအောက်တွင် သူတို့အပါအဝင် သက်ရှိအားလုံးသည် သေကြေပျက်စီးကြရလိမ့်မည်။ မည်သူမှ အဖျက်အဆီးခံရမည့် ကဒ်ဘေးမှ မလွတ်မြောက်နိုင်ကြပေ။
ရွှီချင်း၏ မှတ်ဉာဏ်များထဲတွင် ဝိညာဉ်တော်သုံးပါးတောင်ကုန်းသည် သက်ရှိငရဲပြည်ဖြစ်သည်။ သို့သော်လည်း ဤနေရာနှင့် နှိုင်းယှဉ်လိုက်လျှင် ဝိညာဉ်တော်သုံးပါးတောင်ကုန်းသည် အသေးအဖွဲဖြစ်သွားလိမ့်ပေမည်။
ဤသည်မှာ အစစ်အမှန် ကြေးချွတ်သန့်စင်ဘုံဖြစ်သည်။
ခေါင်းဆောင်နှင့် တခြားလူများသည်လည်း တိတ်ဆိတ်သွားကြသည်။