ရက်စက်တဲ့လောကကြီး(က)
Vol. 46 Ch. 694
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် လူသားမျိုးနွယ်၏ ခံစစ်ဧရိယာဆီသို့ ကြည့်လိုက်သည်။
ကမ္ဘာနှင့် ဆက်သွယ်ထားသော ကြီးမားကျယ်ပြန့်သည့် ရွှေရောင်ပိုက်ကွန်တစ်ခုသည် ဧရာမခန်းဆီးသဖွယ်သည် စစ်မြေပြင်ကို ကန့်လန်ဖြတ်ထားသည်။
ကောင်းကင်နှင့် မြေပြင်တွင်ဖြစ်စေ သန့်စင်ရေလှိုင်းမျိုးနွယ်၏ နည်းလမ်းဟူသမျှသည် လူသားမျိုးနွယ်၏ စတုတ္ထခံစစ်ဧရိယာအပြင်ဘက်တွင်ရှိသော ရွှေရောင်ပိုက်ကွန်ဖြင့် တားဆီးခံထားရကြသည်။
….
ထိုဧရာမရွှေရောင်ပိုက်ကွန်သည် အလွန်ကြီးမားကျယ်ပြန့်သည်။ ယင်းသည် ကမ္ဘာကို အပေါ်နှင့်အောက် ဆက်သွယ်ပေးထားရုံသာမက ဘယ်ဘက်နှင့် ညာဘက်သို့လည်း အဆုံးမရှိစွာ ကျယ်ပြန့်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ဖုန်းဟိုင်ဒေသငယ်၏ နယ်နိမိတ်တစ်ခုလုံးကို မြင်နိုင်မည်ဆိုလျှင် ရွှေရောင်ပိုက်ကွန်၏ အကျယ်အဝန်းသည် မည်မျှကြီးမားကြောင်း မြင်နိုင်ပေလိမ့်မည်။ ၎င်းသည် မြောက်ဘက်စစ်မြေပြင်နှင့် ဆက်သွယ်ထားပြီး ဖုန်းဟိုင်ဒေသငယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်ကြားမှ နယ်နိမိတ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ရွှေရောင်ပိုက်ကွန်အတွင်းဝယ် လူသားမျိုးနွယ်သည် လျှိုမြောင်ထဲတွင် စတုတ္ထခံစစ်ကြောင်းကို တည်ဆောက်ထားကြသည်။ အရေအတွက်များပြားသော စစ်ရွက်ဖျင်တဲများသည် ထိုနေရာတွင် ရှိသည်။
ထိုနေရာရှိ မရေမတွက်နိုင်သော လူသားမျိုးနွယ်ကျင့်ကြံသူများသည် အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေကြသည်။ သို့သော်လည်း သူတို့သည် အမြဲမပြတ် စစ်ရွက်ဖျင်တဲများကို ဆောက်လုပ်နေကြပြီး ဤနေရာကို ထိန်းသိမ်းနေကြသည်။
အားကောင်းသော စစ်ပွဲအသုံးအဆောင်ဓမ္မရတနာများသည် လျှိုမြောင်၏ အစွန်းဖျားတွင် အဆုံးမဲ့စွာ အတန်းလိုက် လွင့်မြောနေကြပြီး သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဦးတည်ရာသို့ ညွှန်ပြနေကြသည်။
သူတို့သည် အရေအတွက်အားဖြင့် သိန်းပေါင်းများစွာရှိပြီး ယခု သူတို့အားလုံးသည် လင်းထိန်နေကြလေရာ သူတို့အရှေ့မှ လေဟာနယ်ကို ပုံပျက်တွန့်လိမ်သွားစေသည်။ လေဟာနယ်အက်ကွဲကြောင်းများပင် ထွက်ပေါ်လာကြပြီး နားကွဲစေမည့် ကျယ်လောင်သော မိုးခြိမ်းသံများသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားကြသည်။
ဤသည်မှာ ပေါက်ကွဲသံမဟုတ်ပေ။ စုစည်းသွားသော အသံဖြစ်သည်။
သူတို့၏ ပေါက်ကွဲမှုသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော မန္တန်အမျိုးအစားမဟုတ်ပေ။ သူတို့ကို အနက်ရောင်နှင်း၏ စွမ်းအားအား တန်ပြန်တိုက်ခိုက်ရန် အထူးရည်ရွယ်ထားခြင်း ဖြစ်သည်။
သူတို့ကို အပြည်အဝအသက်သွင်းလိုက်သည့်အခါ သန့်စင်ရေလှိုင်းမျိုးနွယ်၏ အနက်ရောင်နှင်းသည် ပေါင်းစည်းနိုင်သော စွမ်းရည်ကို ဆုံးရှုံးသွားပြီး အရည်ပျော်သွားလိမ့်မည် ဖြစ်သည်။
ရှေ့တန်းစစ်မြေပြင်မှ နေရာတိုင်းတွင် ထစ်ချုန်းသံများ ထွက်ပေါ်နေသည်မှာ ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်လာချေ၏။
ရွှေရောင်ပိုက်ကွန်အထဲတွင် ဗလာနတ္ထိအဆင့်ကျင့်ကြံသူ သိန်းပေါင်းများစွာသည် တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။ သူတို့သည် တားမြစ်ဓမ္မရတနာများ၏ ပဲ့ကိုင်ရှင်များဖြစ်ကြပြီး တားမြစ်ဓမ္မရတနာများထံမှ စွမ်းအားကို ငှားယူ၍ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများ၏ စွမ်းအားကို နှောင့်ယှက်နေကြသည်။
တစ်ချိန်တည်းမှာ သူတို့ထံတွင် ရိတ်သိမ်းသူများကို အမှတ်အသားပြုလုပ်ပေးရမည့် တာဝန်တစ်ခုလည်း ရှိသေးပေသည်။ ရိတ်သိမ်းသူများကို အမှတ်အသားပြုလုပ်ပြီးနောက် ကျင့်ကြံသူများကို စေလွှတ်ပြီး သူတို့အား သတ်ဖြတ်စေသည်။
မြေပြင်ပေါ်တွင် တိုက်ပွဲဝင်ရုပ်သေးရှည်များလည်း ရှိသည်။
ထိုရုပ်သေးရုပ်များသည် လူသားမျိုးနွယ်၏ အသွင်လက္ခဏာများ ရှိကြသည်။ သူတို့တစ်ဦးချင်းစီသည် တောင်ကုန်းတစ်ခုပမာ ကြီးမားသည်။ သူတို့သည် စည်းချအစီအရင်များပေါ်တွင် ရပ်နေကြပြီး သူတို့ကို အသက်သွင်းရန် လူသားကျင့်ကြံသူ အမြောက်အများကို လိုအပ်သည်။
ဝိညာဉ်လှုပ်ခတ်စေနိုင်ဆုံးအရာသည် အလွန်ကြီးမားသော အင်ပါယာဓားကိုးလက် ဖြစ်သည်။
ဧရာမဓားကိုးလက်သည် ကောင်းကင်ကဲ့သို့ ရှည်လျားကြပြီး လေထဲတွင် မျောလွင့်နေကြသည်။
၎င်းတို့သည် အထွတ်အထိပ် ဂုဏ်ကျက်သရေကို ထုတ်လွှတ်နေပြီး ဝိညာဉ်လှုပ်ခတ်စေမည့် ခြောက်ခြိမ်းစွမ်းအားတစ်မျိုးကို ပေါက်ကွဲထွက်ပေါ်စေသည်။ ထို့အပြင် အနီးကပ် စစ်ဆေးကြည့်ရှုသည့်အခါ ထိုအင်ပါယာဓားကိုးလက်ကို မရေမတွက်နိုင်သော အင်ပါယာဓားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်တွေ့ရလိမ့်မည်။
၎င်းတို့ကို ရန်သူများအား ခြောက်လှန့်ရန် အသုံးပြုနိုင်သည်။ ၎င်းတို့သည် ဤစစ်ပွဲတွင် လူသားမျိုးနွယ်၏ အစွမ်းထက် ဝှက်ဖဲကတ်များ ဖြစ်ကြသည်။
ကောင်းကင်ပေါ်တွင် ဧရာမတာအိုခေါင်းလောင်းတစ်ခုလည်း ရှိသည်။
ထိုခေါင်းလောင်းအား ဖုန်းဟိုင်ဒေသငယ်တွင် ဓားကိုင်ရုံးတော်ကို တည်ဆောက်ပြီးချိန်တွင် နန်းမြို့တော်၏ ဓားကိုင်ရုံးချုပ်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကို မူလက ဒေသငယ်မြို့တော်၏ ဓားကိုင်ရုံးတော်ထဲတွင် ချိတ်ဆွဲထားသည်။ သို့သော် ယခုတော့ ထိုခေါင်းလောင်းသည် စစ်မြေပြင်ဆီသို့ ရောက်ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုခေါင်းလောင်းသည် ဖုန်းဟိုင်ဒေသငယ် ဓားကိုင်ရုံးတော်၏ အထွတ်အထိပ်ရတနာဖြစ်သောကြောင့် ဖြစ်သည်။ အတိတ်တွင် ယင်းသည် အကျဉ်းထောင်ဌာနကဲ့သို့ ဓားကိုင်ရုံးတော်၏ အခြေခံအုတ်မြစ် စွမ်းအားတစ်မျိုးလည်း ဟုတ်ပေသည်။
ယင်း၏ အကျိုးသက်ရောက်မှုသည် အပြင်ပိုင်းသာမက အတွင်းပိုင်းမှာလည်း အသုံးဝင်သည်။
အပြင်ပိုင်းတွင် ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်အခါ အရပ်ရှစ်မျက်နှာမှ အရာအားလုံးကို သတ်ဖြတ်ပစ်နိုင်သည်။ သို့သော်လည်း အတွင်းပိုင်းတွင် ယင်းသည် နိုးထစေနိုင်သော အစွမ်းရှိသည်။
သိန်းပေါင်းများစွာသော ကြေးနီခေါင်းတလားများသည် ဧရာမတာအိုခေါင်းလောင်း၏ ဘေးပတ်ပတ်လည်တွင် ရှိကြသည်။ ခေါင်းတလားတစ်ခုစီကို အပေါ်မှ ချိပ်ပိတ်စည်းအထပ်ထပ်ဖြင့် ချိပ်ပိတ်ထားသည်။
ခေါင်းတလားများအထဲတွင် လဲလျောင်းနေသော လူများသည် သေဆုံးသွားကြသူများ မဟုတ်ပေ။ အသက်ရှင်နေသောလူများ ဖြစ်ကြသည်။
သူတို့သည် အမျိုးသားများနှင့် အမျိုးသမီးများ၊ အသက်ငယ်ရွယ်သူနှင့် အသက်ကြီးသူများ ဖြစ်ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာကြာအောင် ဓားကိုင်ရုံးတော်က ဤစစ်ပွဲအတွက် အထူးပြင်ဆင်ထားသောလူများ ဖြစ်ကြသည်။
သူတို့အများစုသည် အချိန်အကြာကြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့သည် ဘဝသက်တမ်းကုန်ဆုံးခါနီးထိ သူတို့၏ အင်ပါယာဓားကို အသုံးမပြုခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ခေါင်းတလားထဲတွင် အိပ်စက်ပြီး သူတို့၏ အသက်ကို အင်ပါယာဓားဖြင့် ပေါင်းစပ်ရန် တောင်းဆိုခဲ့ကြသည်။
သူတို့အားလုံးသည် ပြန်နိုးထလာပြီး သူတို့၏ အသက်ဖြင့် ကျင့်ကြံထားသော အင်ပါယာဓားအား အသုံးပြုနိုင်မည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်းက အကန့်အသတ်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း လူတချို့သည် သိထားကြသည်။ ထို့ကြောင့် သူတို့သည် ဖုန်းဟိုင်ဒေသငယ်အတွက် အင်ပါယာဓားကို အားဖြည့်ပေးပြီး ချိပ်ပိတ်ခံရန် ဆန္ဒရှိကြသည်။
သူတို့နိုးထလာသည့်အခိုက်အတန့်သည် ဖုန်းဟိုင်ဒေသငယ်က အန္တရာယ်အများဆုံးအခြေအနေသို့ ကျရောက်နေချိန်ဖြစ်ကြောင်း သူတို့အားလုံးသိထားကြသည်။
ယခု သိန်းပေါင်းများစွာသော ခေါင်းတလားများ၏ (၃၀)ရာခိုင်နှုန်းသည် ဟာလာဟင်းလင်းဖြစ်နေကြသည်။
သူတို့ထဲမှ ဓားကိုင်များသည် ယခင်တိုက်ပွဲများတွင် နိုးထလာခဲ့ကြသည်။ သူတို့သည် တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ သူတို့၏ အသက်ဖြင့် ဖွဲ့စည်းထားသော နောက်ဆုံးဓားချက်ကို ခုတ်ပိုင်းလိုက်ကြသည်။
ထိုဖြစ်စဉ်အားလုံးက ရွှီချင်း၏ မျက်လုံးထဲတွင် ထင်ပေါ်လာသည့်အခါ ပုံရိပ်ဒါဇင်ကျော်သည် ဖုန်းဟိုင်ဒေသငယ်၏ စတုတ္ထခံစစ်ဧရိယာထဲမှ ပျံသန်းထွက်လာကြသည်။ သူတို့သည် ရွှီချင်းဦးဆောင်သော စစ်တပ်ရှိရာနေရာသို့ ဦးတည်ပျံသန်းလာနေကြသည်။
ထိုအဖွဲ့၏ အရှေ့ဆုံးမှ ပုဂ္ဂိုလ်သည် ဓားကိုင်ရုံးတော်၏ လက်ထောက်ရုံးတော်သခင်မှလွဲ၍ တခြားလူမဟုတ်ပေ။
အမှန်မှာတော့ လက်ထောက်ရုံးတော်သခင်ကိုယ်တိုင် သူတို့အား လာရောက်ကြိုဆိုခြင်းသည် သူ၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ပြပြီး ဖြစ်၏။
သူ၏ မောပန်းနေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ ထိုသို့ကျင့်ကြံခြင်းအဆင့်မြင့်မားသော ပုဂ္ဂိုလ်တစ်ဦးထံတွင် စိတ်ခံစားချက်လှိုင်းများကို မြင်တွေ့ရသည်မှာ ရှားပါးသောမြင်ကွင်း ဖြစ်သည်။
ခုန်းရှန်းလုံသည်လည်း ထိုအဖွဲ့ထဲတွင် ရှိသည်။ သူသည် ဒဏ်ရာရထားပြီး သူ၏ စိတ်ခွန်အားသည် အလွန်နိမ့်ကျနေသည်။ သူက ရွှီချင်းကိုမြင်တော့မှသာ အားတင်းပြီး ပြုံးပြလိုက်သည်။
ရွှီချင်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ သူ၏ နှလုံးသည် နစ်မွန်းသွားသည်။ ဆိုးဝါးသော အတိတ်နိမိတ်ကို သူခံစားရလာသည်။
သို့သော်လည်း ဤအချိန်သည် မေးမြန်းရန် သင့်တော်သောအချိန် မဟုတ်ပေ။ လက်ထောက်ရုံးတော်သခင်သည် အလျှင်အမြန် ချဉ်းကပ်ရောက်ရှိလာသည်နှင့် သူ၏ အသံသည် ပဲ့တင်ထပ်သွားသည်။
“ ညီအကိုမင်ရီ… ညီအကိုကုန်းကျစ် ”
ယင်ဟွမ်ပြည်နယ်နှင့် ရွှီကျောက်ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲများမှ မဟာအကြီးအကဲနှစ်ယောက်သည် အရှေ့သို့ အပြေးအလွှားသွားကြပြီး လက်ထောက်ရုံးတော်သခင်ကို အရိုအသေပေးလိုက်ကြသည်။
“ မင်းတို့ အချိန်မှန်ရောက်လာတာပဲ ”
လက်ထောက်ရုံးတော်သခင်သည် စကားမပြောခင် အသက်ဝဝ ရှူသွင်းလိုက်ပြီး သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။
“ ရုံးတော်သခင်က အမိန့်ပေးလိုက်တယ် ”
“ ရွှီကျောက်ပြည်နယ်နဲ့ ယင်ဟွမ်ပြည်နယ်ရဲ့ ဂိုဏ်းအမျိုးမျိုးက ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဗလာနတ္ထိကျင့်ကြံသူတွေအားလုံးက အဓိကစစ်ရွက်ဖျင်တဲဆီ ချက်ချင်း သွားကြပါ… ရုံးတော်သခင်က မင်းတို့ကို ဆင့်ခေါ်လိုက်တယ် ”
“ ကျန်တဲ့လူတွေအားလုံးက ဒီနေရာမှာ တပ်စခန်းချပြီး နောက်ထပ် အစီအစဉ်တွေကို စောင့်ဆိုင်းကြပါ ”
လက်ထောက်ရုံးတော်သခင်သည် လက်သီးဆုပ်လိုက်ပြီး ပြည်နယ်နှစ်ခုမှ လူသားကျင့်ကြံသူများကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် ရွှီချင်းထံသို့ ကျရောက်သွားပြီး သူ၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင် ထွက်ပေါ်လာသည်။