ရက်စက်တဲ့လောကကြီး(ခ)
Vol. 46 Ch. 695
“ သံတော်ဆင့်ရွှီ မင်းလည်း လိုက်လာသင့်တယ် ”
ရွှီချင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်သည်။
အဖွဲ့သည် အချိန်မဖြုန်းတော့ဘဲ လက်ထောက်ရုံးတော်သခင်ဖြင့် ချက်ချင်း ထွက်ခွာသွားသည်။
….
သူထွက်မသွားခင် ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ယခု ခေါင်းဆောင်သည် ခုနစ်နှစ်ရှစ်နှစ် ကလေးအရွယ်သို့ ဖွံ့ဖြိုးလာနေပြီ ဖြစ်သည်။ သူက ဓားကိုင်ရုံးတော်ခွဲမှ ဝိညာဉ်သိုက်အဆင့် စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ဘေးတွင် ကလေးတစ်ယောက်သဖွယ် ရပ်နေသည်။
ရွှီချင်း၏ အကြည့်ကို သတိပြုမိသောအခါ သူက ရွှီချင်းကို လက်ဝှေ့ယမ်းပြပြီး မကြာခင် ရွှီချင်းကို သူလာရှာမည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး တခြားလူများနောက်သို့ အမြန်လိုက်သွားသည်။ မကြာမီ သူတို့သည် ဖုန်းဟိုင်ဒေသငယ်၏ ခံစစ်ဧရိယာဆီသို့ ရောက်ရှိသွားကြသည်။
ရွှီချင်းသည် အထဲသို့ လျှောက်ဝင်သွားသည့်အခါ ဒဏ်ရာရထားကြသော လူသားကျင့်ကြံသူအမြောက်အများကို မြင်သွားသည်။
ရှေ့တန်းမှ စစ်သည်တော်များသည် ပြည်နယ်နှစ်ခုမှ စစ်ကူများရောက်ရှိလာကြောင်း သိထားကြသည်မှာ ရှင်းလင်းပေသည်။ ထို့ကြောင့် ရွှီချင်းနှင့် တခြားလူများ ခံစစ်ဧရိယာထဲသို့ ခြေချလိုက်သောအခါ မရေမတွက်နိုင်သော လူသားကျင့်ကြံသူများသည် သူတို့၏ စစ်ရွက်ဖျင်တဲများထဲမှ ထွက်လာကြသည်။ ရွှီချင်းနှင့် တခြားလူများကို ကြည့်နေစဉ် သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
သူတို့ထဲတွင် ဂိုဏ်းအသီးသီးမှ တပည့်များ၊ လေလွင့်ကျင့်ကြံသူများနှင့် ဓားကိုင်များ ရှိကြသည်။ သူတို့သည် ဒဏ်ရာအပြင်းအထန် ရထားကြသည့်တိုင် ရွှီချင်းတို့အုပ်စုကို လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်ကြသည်။
ကာလရှည်ကြာ တိုက်ပွဲဝင်ပြီးနောက် သူတို့၏ စိတ်ဒုက္ခ၊ ခါးသီးမှုနှင့် ပင်ပန်းနွမ်းလျမှုသည် ပိုပြီးပြင်းထန်လာသည်။ သို့သော်လည်း သူတို့သည် မျှော်လင့်ချက်ကို မဆုံးရှုံးသွားခဲ့ကြပေ။ မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့ရန် စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။
ဤအခိုက်အတန့်မှာ မျှော်လင့်ချက်သည် ပေါ်ပေါက်လာချေ၏။
ရွှီချင်းသည် သူတို့၏ ခံစားချက်များကို အာရုံခံနိုင်သည်။ အရှေ့သို့ သူဆက်လျှောက်သွားစဉ် ရှေ့တန်းမှ စစ်သည်တော်များကို ပိုမိုများပြားစွာ တွေ့မြင်လာသည်။
အစတွင် ထိုလူများသည် တိတ်ဆိတ်နေကြသည်။ အေးစက်ကြသည်။ ခါးသီးကြသည်။ တချို့လူများဆိုလျှင် သူတို့၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်ထွက်နေကြသည်။ သို့သော်လည်း ရွှီချင်း၏ အုပ်စုကို သတိထားမိသောအခါ သူတို့၏ ခံစားချက်များသည် စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားသည်။
ဓားကိုင်ရုံးတော်မှ ဓားကိုင်တချို့လည်း ရှိကြသည်။ သူတို့ထဲတွင် ချန်းထင်ဟောင်နှင့် သူ၏ တာအိုလက်တွဲဖော်လည်း ရှိကြသည်။
သူတို့၏ ဒဏ်ရာများသည် မသေးငယ်ပေ။ ရွှီချင်းကိုမြင်သောအခါ ချန်းထင်ဟောင်သည် ပြုံးလိုက်သည်။ သူ၏ တာအိုလက်တွဲဖော်က သူ၏ ဒဏ်ရာများကို ညင်သာစွာ ပတ်တီးစည်းပေးနေသည်။ ချန်းထင်ဟောင်၏ တာအိုလက်တွဲဖော်က ရွှီချင်းကို သတိပြုမိသောအခါ သူက ခပ်ရေးရေး ပြုံးပြလိုက်သည်။
သို့သော်လည်း သူတို့သည် မည်သည့်စကားမှ မပြောခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ခံစစ်ဧရိယာနှင့် သူတို့ပိုနီးကပ်လာသည့်အခါ ဤနေရာမှ ဆူညံသံများသည် ပိုမိုကျယ်လောင်လာသောကြောင့် ဖြစ်သည်။ မရေမတွက်နိုင်သော ဓမ္မရတနာများမှ ဖြစ်ပေါ်လာသော အသံလှိုင်းစွမ်းအားသည် ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ချန်းထင်ဟောင်၏ ဒဏ်ရာများသည် ပြင်းထန်သော်လည်း သူက ပြန်လည်သက်သာလာနေကြောင်း မြင်လိုက်ရသဖြင့် ရွှီချင်းသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
ရွှီချင်းသည် ထိုနှစ်ယောက်ပေါ်တွင် အမြင်ကောင်းရှိသည်။ အတိတ်တွင် ဒေသငယ်မြို့တော်သို့ ပထမဆုံးအကြိမ် သူရောက်ခဲ့စဉ်က သူတို့သည် သူ့အပေါ် နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး သတင်းအချက်အလက်များကို ပြောပြခဲ့ကြသည်။ ထို့အပြင် သူတို့သည် တရားရေးရုံးတော်တွင် သူ့ဘက်မှ ရပ်တည်ပေးခဲ့ကြသည်။
ရွှီချင်းသည် အကြည့်ပြန်မရုပ်ခင် အကြိမ်ရေအနည်းငယ် ပိုကြည့်သွားသည်။
မကြာမီ သူတို့အုပ်စုသည် လက်ထောက်ရုံးတော်သခင်၏ ဦးဆောင်မှုအောက်မှာ လျှိုမြောင်၏ အစွန်းဖျားတွင်ရှိသော တပ်မှူး၏ စစ်ရွက်ဖျင်တဲဆီသို့ ရောက်ရှိသွားကြသည်။
ဤသည်မှာ ရှေ့တန်း၏ အမိန့်ပေးဗဟိုဌာန ဖြစ်သည်။
အစောင့်အကြပ်ရာပေါင်းများစွာသည် ထိုနေရာ၏ ဘေးပတ်ပတ်လည်တွင် မတ်တတ်ရပ်နေကြသည်။ ထိုနေရာတွင် တည်ကြည်လေးနက်စွာ စောင့်ဆိုင်းနေကြသော အုပ်ချုပ်ရေးဓားကိုင်များလည်း အမြောက်အများ ရှိကြသည်။ တပ်မှူးစစ်ရွက်ဖျင်တဲမှ အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်တိုင်း သူတို့သည် ယင်းကို ချက်ချင်း မှတ်တမ်းတင်ပြီး လိုက်နာဆောင်ရွက်ကြလိမ့်မည်။
“ အမှတ်(၇)စစ်တပ်ကို ရှေ့တန်းဆီသွားဖို့ ချက်ချင်း ညွှန်ကြားပါ… ပြီးတော့ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေပါ ”
“ အမှတ်(၉)စစ်တပ်ကို အဖွဲ့ငယ်လေးတွေခွဲပြီး အနက်ရောင်နှင်းရဲ့ အချက်အလက်တွေ စုဆောင်းခိုင်းဖို့ စစ်မြေပြင်ဆီ စေလွှတ်ပါ ”
“ ပြီးတော့ အနောက်ဘက်ဆီ ခိုးဝင်သွားကြတဲ့ ဝတ်ရုံနက်အစောင့်အရှောက်တွေကို သုတ်သင်ဖို့ အကျဉ်းထောင်ဌာနကနေ အဖွဲ့ငယ်တစ်ဖွဲ့ စေလွှတ်ခိုင်းပါ… ပဉ္စမခံစစ်ဧရိယာက အဆောက်အဦးတွေ ဖျက်ဆီးခံရလို့ မဖြစ်ဘူး ”
ရုံးတော်သခင်၏ တည်ကြည်လေးနက်သော အသံသည် ဟိန်းခနဲ ပျံ့လွင့်ထွက်လာသည်။ စစ်ရွက်ဖျင်တဲအပြင်ဘက်မှ လူတိုင်းသည် အမိန့်တော်ကိုရရှိသည်နှင့် ချက်ချင်း လိုက်နာဆောင်ရွက်လာကြသည်။
ရွှီချင်း၏ စစ်ဆေးလေ့လာသော အကြည့်သည် ထိုအုပ်ချုပ်ရေးဓားကိုင်များထံသို့ ကျရောက်သွားသည်။
ဤနေရာရှိ အုပ်ချုပ်ရေးဓားကိုင်များသည်လည်း ရွှီချင်းကို သတိပြုမိသွားကြသည်။ သူတို့အားလုံးသည် တစ်ခဏကြာ မင်သက်သွားပြီးနောက် လေးစားမှုသည် သူတို့၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူတို့သည် အမိန့်တော်များကို ရရှိပြီးသည်နှင့် ရွှီချင်းကို မဖြတ်ကျော်သွားခင် သူ့ကို အရိုအသေပေးသွားကြသည်။
သူတို့၏ အဆင့်အတန်း၊ ထမ်းဆောင်ရသော တာဝန်များနှင့် ရာထူးအခြေအနေကြောင့် ရှေ့တန်းတွင် သူတို့ရိုသေကြောက်ရွံ့ရမည့်လူသည် အများအပြား မရှိပေ။
သို့သော်လည်း ရွှီချင်းနှင့်တွေ့ဆုံသည့်အခါ သူတို့သည် ရိုသေလေးစားမှုကို ဖော်ပြရပေမည်။
အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံးသည် အတွင်းရေးမှူးဌာန၏ အဖွဲ့ဝင်များဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် စစ်ပွဲ၏ အစောပိုင်းကာလတွင် အတွင်းရေးမှူးဌာနကို ရွှီချင်းတည်ထောင်စဉ် ခေါ်ယူစုဆောင်းခဲ့သော ပထမအသုတ်မှ လက်အောက်ငယ်သားများ ဖြစ်ကြသည်။
အတိတ်တွင် ရွှီချင်းသည် စစ်မြေပြင်ဆီသို့ မသွားရောက်ခဲ့သော်လည်း သူ၏ အတွင်းရေးမှူးဌာနမှ လူအများစုသည် စစ်မြေပြင်ဆီသို့ လိုက်ပါသွားခဲ့ကြသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူတို့ကို အမြန်တာဝန်ထမ်းဆောင်ရန် အချက်ပြသည်။ အတွင်းရေးမှူးဌာနမှ အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီးနောက် လက်ထောက်ရုံးတော်သခင်သည် အရှေ့သို့ အလျှင်အမြန် လျှောက်သွားပြီး စစ်ရွက်ဖျင်တဲအပြင်ဘက်မှ ရိုသေလေးစားစွာ ပြောသည်။
“ ရုံးတော်သခင် ယင်ဟွမ်ပြည်နယ်နဲ့ ရွှီကျောက်ပြည်နယ်က ဗလာနတ္ထိအဆင့်ကျင့်ကြံသူတွေအားလုံး ရောက်လာကြပါပြီ ”
“ အထဲဝင်လာခဲ့ကြ ”
ရုံးတော်သခင်၏ ဂုဏ်သိက္ခာမြင့်မားသော အသံသည် ကြီးမားသော စစ်ရွက်ဖျင်တဲဆီမှ ပျံ့လွင့်ထွက်လာသည်။
စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်မှ ဗလာနတ္ထိအဆင့် ကျင့်ကြံသူအားလုံးသည် တည်ကြည်လေးနက်သော အမူအရာဖြင့် တစ်ယောက်ပြီးတစ်ယောက် အထဲသို့ လျှောက်ဝင်သွားကြသည်။
သိပ်မကြာမီ စစ်ရွက်ဖျင်တဲကို စောင့်ကြပ်နေကြသော ကိုယ်ရံတော်အစောင့်အကြပ်များမှလွဲ၍ ရွှီချင်း၊ ခုန်းရှန်းလုံနှင့် တခြားလူများသာ အပြင်ဘက်တွင် ကျန်နေခဲ့ကြသည်။
စောင့်ဆိုင်းနေရင်း ရွှီချင်းသည် စိတ်သောကများ၍ မိန်းမောနေသော ခုန်းရှန်းလုံကို ကြည့်လိုက်သည်။
“ အကိုခုန်း ဘာဖြစ်လို့လဲ ”
ရွှီချင်းသည် နူးညံ့စွာ မေးသည်။
“ ညဝိညာဉ်… သေသွားပြီ ”
ခုန်းရှန်းလုံသည် တိုးညင်းစွာ ပြောသည်။ သူ၏ အသံတွင် အဆုံးမဲ့ ဝမ်းနည်းမှုနှင့် ခါးသီးမှုပါရှိသည်။ သူ၏ မျက်တွင်းကျနေသော မျက်နှာပေါ်တွင် အလင်းရောင်ဟူ၍ စိုးစဉ်းမျှမရှိပေ။
ရွှီချင်း၏ စိတ်သည် လှုပ်ခတ်သွားသည်။ ညဝိညာဉ်သည် ခုန်းရှန်းလုံကို သဘောကျကြောင်း သူသိသည်။
“ သူမသေခင် သူငါ့ကို သဘောကျတဲ့အကြောင်း ပြောသွားခဲ့တယ် ”
သူက ရွှီချင်း၏ ပခုံးကို ဆုပ်ကိုင်လိုက်စဉ် ခုန်းရှန်းလုံ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ခါသွားသည်။ သူ၏ မျက်လုံးသည် နီရဲတွတ်နေပြီး လက်သည် တဆတ်ဆတ် တုန်ယင်နေသည်။
“ ရွှီချင်း ငါအရမ်း ဝမ်းနည်းတာပဲ ”
ခုန်းရှန်းလုံသည် စကားပြောလိုက်စဉ် သူ၏ မျက်လုံးသည် ပိုပြီးနီရဲလာသည်။ နောက်ဆုံးမှာတော့ သူက မျက်လုံးမှိတ်လိုက်သည်။
ရွှီချင်းသည် ခုန်းရှန်းလုံကို သူ၏ ပုခုံးအား အမှီပြုခွင့်ပေးထားသည်။
သူသည် သေခြင်းရှင်ခြင်းကွဲကွာခြင်းကို အများကြီး တွေ့ကြုံခံစားဖူးသည်။ ထို့ကြောင့် ခုန်းရှန်းလုံ၏ ခံစားချက်ကို သူနားလည်သည်။ ဤခံစားချက်သည် ဘဝတွင် မည်သူမှ ကျင့်သားရလိမ့်မည်မဟုတ်သည့် အတုယောင်ခံစားချက် ဖြစ်သည်။
သူလုပ်ပေးနိုင်သောအရာမှာ ခုန်းရှန်းလုံ၏ ဘေးတွင် ရပ်နေပြီး သူ့ကို ဝိုင်ပုလင်းတစ်လုံး ကမ်းပေးနိုင်ရုံသာ ဖြစ်သည်။
ခုန်းရှန်းလုံသည် ဝိုင်ပုလင်းကို လှမ်းယူလိုက်ပြီး တစ်ကျိုက်ပြီးတစ်ကျိုက် မော့ချလိုက်သည်။ ထို့နောက် ပြောသည်။
“ ဒီတော့ သေရည်မှာတောင် အရသာမရှိတဲ့အချိန် ရှိသေးတာပါလား ”
ခုန်းရှန်းလုံသည် ရွှီချင်း၏ ပခုံးကို လွှတ်ပေးလိုက်ပြီး မထွက်သွားမီ ရွှီချင်းကို ညင်သာစွာ ပုတ်လိုက်သည်။
ဤတစ်လောတွင် သူ၏ စိတ်အခြေအနေသည် ဟိုးအောက်ခြေထိ နစ်မြုပ်သွားနေခဲ့သည်။ ရွှီချင်းရောက်ရှိလာသည်ဟု သတင်းကြားတော့မှသာ လက်ထောက်ရုံးတော်သခင်နောက်သို့ သူလိုက်သွားခဲ့ခြင်း ဖြစ်သည်။