← Chapters

ရက်စက်တဲ့လောကကြီး(ဂ)

Vol. 46 Ch. 696

ရက်စက်တဲ့လောကကြီး(ဂ)

Vol. 46 Ch. 696

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ဓားကိုင်ရုံးတော်တွင် ညဝိညာဉ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော မြင်ကွင်းသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

လတ်ဆတ်သော ဖရဲသီးစေ့များကို စားနေခဲ့သော မိန်းမငယ်လေး၊ သူ့အား မိစ္ဆာအသွင်ပြောင်းအတတ်ကို သင်ကြားရန် မဟာအာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်းဆီသို့ သွားရောက်နိုင်သည်ဟု ညွှန်ပြပေးခဲ့သော မိန်းမငယ်လေး၊ ခုန်းရှန်းလုံတစ်ယောက်တည်းသာ သူ၏ မျက်စိထဲ နှလုံးသားထဲတွင်ရှိသော မိန်းမငယ်လေး ဖြစ်သည်။

….

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

“ ရက်စက်တဲ့လောကကြီးပဲ ”

ရွှီချင်းသည် ခံစားချက်များရောထွေးလျက် တီးတိုးရေရွတ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများသည် စစ်ရွက်ဖျင်တဲထဲမှ ပြန်ထွက်လာကြသည်။ သူတို့အထဲတွင် ရွှယ်လျန့်ကျစ်နှင့် ဓားကိုင်ရုံးတော်ခွဲများမှ မဟာအကြီးအကဲနှစ်ယောက်လည်း ပါဝင်ကြသည်။ ထို့နောက် ရုံးတော်သခင်၏ အသံသည် စစ်ရွက်ဖျင်တဲထဲမှ ထွက်ပေါ်လာသည်။

“ ရွှီချင်း အထဲဝင်လာခဲ့ ”

ရွှီချင်းသည် ကြီးမားသော စစ်ရွက်ဖျင်တဲထဲသို့ ဝင်ရောက်သွားသည်။

အထဲသို့ သူဝင်ရောက်သွားသည့်အခိုက် အလယ်ဗဟိုတွင် ထိုင်နေသော ရုံးတော်သခင်ကို မြင်သွားသည်။ စစ်ရွက်ဖျင်တဲထဲတွင် မန္တန်များဖြင့် ဖွဲ့စည်းထားသော အလွန်ကြီးမားသည့် သဲစားပွဲခုံတစ်လုံးကိုလည်း သူမြင်သွားသည်။

ထိုသဲစားပွဲခုံမြေပုံသည် အနောက်ဘက်စစ်မြေပြင်တစ်ခုလုံး၏ တိကျမှန်ကန်သော အကြမ်းဖျဉ်းပုံစံ ဖြစ်သည်။ မြေပုံမှတဆင့် ခံစစ်ဧရိယာ၏ တစ်စိတ်တစ်ဒေသဖြစ်သော ကောင်းကင်တောင်ရိုးကို သူမြင်နိုင်သည်။

မြေပုံသည် အနောက်ဘက်ဒေသတစ်ခုလုံးထိ ကြီးမားကျယ်ပြန့်ပြီး မြောက်ဘက်ခံတပ်နှင့် ဆက်သွယ်ထားသည်။ ယင်း၏ အကျယ်အဝန်းသည် အတော်လေး ကြီးမားသည်။

ဤသည်မှာ လက်ခံနိုင်သောအရာဖြစ်သည်။ မည်သို့ဖြစ်စေ ဤသည်မှာ စစ်ပွဲကြီးဖြစ်ပေသည်။

အလုံးစုံခြုံငုံကြည့်လျှင် ဤနေရာသည် ခံစစ်ဧရိယာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ သို့သော်လည်း ရုံးတော်သခင်၏ အမိန့်ပေးဗဟိုဌာနက ဤနေရာတွင် တည်ရှိနေသောကြောင့် ဤနေရာသည် ခံစစ်ဧရိယာ၏ အဓိကအချက်အချာ ဖြစ်လာသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အကြည့်ကို သဲစားပွဲခုံထံမှ ရုံးတော်သခင်ဆီသို့ ရွှေ့ပြောင်းလိုက်သည်။

ရုံးတော်သခင်သည် ယခင်ထက် အများကြီး ပိုမျက်တွင်းကျသွားကြောင်း သိသာပေသည်။ သူ၏ မျက်လုံးသည် နီရဲနေပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများရှိသည်။ အတိတ်တွင် ရွှီချင်းဝတ်ပေးခဲ့သော စစ်ချပ်ဝတ်သည် တစ်ခါမှ မချွတ်ရသေးသည့်အလား သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ထားဆဲဖြစ်သည်။

အန္တရာယ်အရှိန်အဝါသည်တော့ ယခင်ကထက် အများကြီး ပိုသိပ်သည်းလာသည်။

ဤအခိုက်အတန့်မှာ သူက ထိုင်နေလျက်ပင် စစ်တပ်တစ်ခုလုံး၏ အရှိန်အဟုန်ကို စုစည်းထားသော ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြတ်သည့် သားရဲကြီးတစ်ကောင်သဖွယ် ရွှီချင်းအား ခံစားမိစေသည်။ သူက ဝါးမျိုရန် အချိန်တိုင်း အသင့်ဖြစ်နေသည့်အလား သူ့အား မြင်လိုက်သည့်လူတိုင်းကို နှလုံးတုန်သွားစေနိုင်သည်။

“ နှုတ်ဆက်ပါတယ် ရုံးတော်သခင် ”

ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး ဦးညွတ်လိုက်သည်။

“ မင်းပို့ပေးလိုက်တဲ့ ရိက္ခာပစ္စည်းတွေကို မကြာသေးခင်ကမှ ငါရခဲ့တယ် ”

ရုံးတော်သခင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါကို ပြန်ရုပ်သိမ်းချင်ဟန် ရသည်။ သို့သော်လည်း စစ်တပ်၏ ကံတရားစုစည်းခြင်းက သူ့အား ထိုအန္တရာယ်အရှိန်အဝါကို အလွယ်တကူ ပြန်ရုပ်သိမ်းနိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့် သူသည် အကောင်းဆုံးကြိုးစားပြီး သူ၏ အမူအရာကို ညင်သာပျော့ပျောင်းစေသည်။ သူ၏ မျက်လုံးထဲတွင် ချီးကျူးသော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ ပြည်နယ်နှစ်ခုက စစ်သည်တော်တွေ ဘာလို့စုစည်းမိသွားလဲ ငါသိပြီးပြီ… ဒီတစ်ကြိမ် မင်း ကြီးကြီးမားမား အကျိုးဆောင်ခဲ့တာပဲ ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒါက ကျွန်တော်လုပ်သင့်တဲ့ အရာပါ… ပြီးတော့ ကျောက်ရှာအလင်းနဲ့ပတ်သက်ပြီး… ”

ရွှီချင်း၏ စကားမဆုံးမီ အပြင်ဘက်မှ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။ ဤသည်မှာ ကြယ်များက နေရာရွှေ့ပြောင်းသွားကြပြီး မြေပြင်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည့်အလားပင်။ နဂါးများနှင့် ဧရာမမြွေများက အပေါ်သို့ တိုးထွက်လာနေကြသည့်နှယ် မြေပြင်သည် အပြင်းအထန် တုန်ခါလာသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများထံမှ တဝီဝီအသံလှိုင်းများသည် လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။

ခဏတာအနားယူပြီးနောက် စစ်ပွဲသည် နောက်တစ်ဖန် စတင်လာချေ၏။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အားကောင်းသန်မာသော လေပွေကြမ်းပမာ ကောင်းကင်တောင်ရိုးတစ်လျှောက် တိုက်ခတ်သွားပြီး ဖုန်းဟိုင်ဒေသငယ်၏ တားမြစ်ပိုက်ကွန်ကို မရပ်မနား ဝင်ဆောင့်သွားသည်။

ရွှေရောင်ပိုက်ကွန်သည် တုန်ခါသွားပြီး စူးရှသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ထိုလေပွေကြမ်းထဲတွင် ပါဝင်သော အင်အားသည် လျှိုမြောင်၏ ခံစစ်ဧရိယာကိုပင် ဖြတ်ကျော်သွားပြီး ဖုန်းဟိုင်ဒေသငယ်ထဲမှ လူသားမျိုးနွယ်၏ စစ်ရွက်ဖျင်တဲများပေါ်သို့ သက်ဆင်းသွားလေရာ မရေမတွက်နိုင်သော စစ်ရွက်ဖျင်တဲများသည် အပြင်းအထန် လှုပ်ယမ်းသွားကြသည်။

လေသည် ရုံးတော်သခင်၏ ကြီးမားသော စစ်ရွက်ဖျင်တဲပေါ်သို့လည်း တိုက်ခတ်သွားလေရာ ရွက်ဖျင်ပြားကို ပွင့်သွားစေသည်။ ရွက်ဖျင်ပြားသည် အတွင်းဘက်သို့ ထပ်ခါတလဲလဲ မတင်သွားသောအခါ အပြင်လောကတွင် တိမ်မည်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်သည် ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော မိုးကြိုးသွားများသည် ကောင်းကင်ပေါ်တွင် စဉ်ဆက်မပြတ် ရွေ့လျားနေကြသည်။

ဗုန်း…

ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်နှင့် မြေပြင်ပေါ်တွင် တစ်ချိန်တည်း မြည်ဟိန်းထွက်လာသည်။

လေကြမ်းတိုက်ခတ်မှုကြောင့် ရွှီချင်း၏ ဆံပင်ရှည်သည် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ၏ စိတ်သည် တဖျပ်ဖျပ်လှုပ်ခတ်နေသော ဆံပင်နှင့် စည်းချက်ညီစွာ လှုပ်ခတ်နေဟန် ရသည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်သည် ပြင်းထန်သော လှိုင်းများကြောင့် တုန်ခါနေသည်။

သတ္တဝါကြီးများ၏ ဟိန်းသံနှင့်တူညီသော အသံသည် စစ်မြေပြင်ဆီမှ ပေါက်ကွဲသံများကို ဖိနှိပ်ထားလျက် အရပ်မျက်နှာပေါင်းစုံသို့ ခေါင်းလောင်းမြည်သံပမာ ပဲ့တင်ထပ်သွားသည်။

ရုံးတော်သခင်သည် အမူအရာကင်းမဲ့စွာ ရှိနေသော်လည်း ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါသည် ပိုပြီးသိပ်သည်းလာပြီး ရာသီဥတုကို နောက်တဖန် ပြောင်းလဲသွားစေသည်။ သူက မတ်တတ်ရပ်လိုက်ပြီး စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်သို့ ထွက်မသွားမီ ရွှီချင်းဆီသို့ ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်သည်။

“ အဲ့ဒီကျောက်စိမ်းပြားထဲမှာ စစ်မြေပြင်က အချက်အလက်တချို့ကို မှတ်တမ်းတင်ထားတယ်… မင်းထွက်သွားပြီး အဲ့ဒါကို အရင်လေ့လာလိုက်ပါ… စစ်မြေပြင်နဲ့ မင်းရင်းနှီးလာအောင် ငါမင်းကို အချိန်တစ်ရက်ပေးမယ် ”

“ ဒါက လက်ရည်စမ်းတဲ့ တိုက်ပွဲပဲရှိသေးတယ်… အဓိကစစ်ပွဲအခြေအနေကိုရောက်ဖို့ အဝေးကြီး လိုသေးတယ်… စစ်မြေပြင်နဲ့ ဘယ်လောက်ထိ ရင်းနှီးလာမလဲ ဘယ်လောက်ထိ မင်းသွားနိုင်မလဲဆိုတာ မင်းရဲ့အစွမ်းအစပေါ် မူတည်တယ် ”

“ ပြီးတော့ မနက်ဖြန်ကစပြီး မင်းရဲ့သံတော်ဆင့်တာဝန်ကို ပြန်ထမ်းဆောင်ရမယ် ”

ရွှီချင်းသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ရုံးတော်သခင်သည် စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်သို့ လျှောက်သွားသည်။ ထိုအခိုက်အတန့်မှာ အတွင်းရေးမှူးဌာနမှ အဖွဲ့ဝင်အားလုံးသည် ပြန်ရောက်ရှိလာကြသည်။ သူတို့သည် တည်ကြည်လေးနက်စွာ ရပ်နေကြပြီး အမိန့်တော်များကို စောင့်ဆိုင်းနေကြသည်။

ရွှီချင်းသည် ရုံးတော်သခင်၏ အနောက်တွင် ရပ်နေပြီး အဝေးမှ စစ်မြေပြင်ကို ကြည့်လိုက်သည်။ ကောင်းကင်ပေါ်မှ မရေမတွက်နိုင်သော ထူးခြားဆန်းကြယ်သည့် အပြောင်းအလဲများအပြင် ပင်လယ်ကြီးသဖွယ် ပြေးလာနေကြသော သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများကို သူမြင်သွားသည်။

တချို့ကျင့်ကြံသူများသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေကြပြီး တချို့သည် မြေပြင်ပေါ်တွင် အရှိန်အဟုန်ပြင်းပြင်း ပြေးလာနေကြသည်။ သူတို့အားလုံးသည် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အံ့မခန်းလိလိ ကြောက်စရာကောင်းသည်။

သူတို့သည် အသက်သွင်းထားပြီးသော ဧရာမလက်ပြတ်ကြီးများကို ဗဟိုပြု၍ ဘေးပတ်ပတ်လည်မှ ဝိုင်းရံထားကြသည်။ သူတို့သည် အစီအရင်များအဖြစ် ပိုင်းခြားခံလိုက်ရကြပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားကြသည်။

မကြာမီ ရုံးတော်သခင်ထံမှ အမိန့်တော်များ မြည်ဟိန်းထွက်လာသည်။ ဤအခိုက်အတန့်တွင် ဖုန်းဟိုင်ဒေသငယ်၏ လူသားစစ်တပ်သည် ရုတ်တရက် နိုးထလာသော သားရဲကြီးတစ်ကောင်နှယ် မျက်လုံးဖွင့်လိုက်ပြီး တန်ပြန်တိုက်ခိုက်ရန် စတင်လိုက်သည်။

ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး ထွက်ခွာသွားသည်။ သူသည် ယခုမှ စစ်မြေပြင်ကို ရောက်ရှိလာသူဖြစ်ကြောင်း သူ့ကိုယ်သူ ကောင်းစွာသိသည်။ သူသည် စစ်ပွဲ၏ စည်းချက်ဝါးချက်နှင့် စပ်တပ်အမျိုးမျိုး၏ အားသာချက် အားနည်းချက်များကို မသိထားပေ။

သံတော်ဆင့်ဟူသော ရာထူးသည် ဤစစ်ပွဲတွင် ရိုးရှင်းသော ရာထူးမဟုတ်ပေ။ သူတို့သည် ရုံးတော်သခင်၏ အမိန့်တော်များကို ထုတ်ပြန်ပေးရမည့်အပြင် အမိန့်တော်ပြီးမြောက်အောင် လိုက်လံစစ်ဆေးရန်နှင့် ယင်းကို ပိုင်းခြားစိတ်ဖြာပြီး အနှစ်ချုပ်ပေးရန်လည်း လိုအပ်သေးသည်။

ထိုသို့လုပ်ဆောင်နိုင်ရန် စစ်မြေပြင်မှ အချက်အလက်တိုင်းကို အသေးစိတ် ဖမ်းဆုပ်မိရန် လိုအပ်ပေသည်။

အမှန်မှာတော့ တစ်ရက်ဟူသော အချိန်သည် မလုံလောက်ပေ။

ရုံးတော်သခင်ပေးသော ကျောက်စိမ်းပြားထဲမှ စစ်မြေပြင်၏ အချက်အလက်များသည် မလုံလောက်ပေ။

ထို့ကြောင့် စစ်မြေပြင်နှင့် သူ့ကိုယ်သူ အမြန်ဆုံး ရင်းနှီးကျွမ်းဝင်စေရန် စစ်မြေပြင်ကို ကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်စေမည့် အပေါ်စီးနေရာတစ်ခုကို သူရှာရမည်။ ထိုနေရာသည် သူ့အား ကျယ်ပြောသော အမြင်အာရုံဖြင့် စစ်ပွဲကို လေ့လာနိုင်စေရန် အထောက်အကူပြုပေးလိမ့်မည်။ တစ်ချိန်တည်းမှာ စစ်မြေပြင်ဆီသို့ အလွယ်တကူ သူဝင်ရောက်နိုင်ရန်လည်း ခွင့်ပြုပေးလိမ့်မည်။

All Chapters