← Chapters

ရက်စက်တဲ့လောကကြီး(ဃ)

Vol. 46 Ch. 697

ရက်စက်တဲ့လောကကြီး(ဃ)

Vol. 46 Ch. 697

ရုံးတော်သခင်၏ ဘေးတွင် နေခြင်းသည် ပထမအခြေအနေကို ဖြည်းဆည်းပေးနိုင်သော်လည်း ရုံးတော်သခင်သည် အဓိကဧရိယာတွင် ရှိနေခြင်းဖြစ်သည်။ စစ်မြေပြင်ဆီသို့ ချက်ချင်း ဝင်ရောက်ရန် သူ့အတွက် မသင့်လျော်ပေ။ အကယ်၍ သူက သွားရောက်ချင်လျှင်ပင် ခွင့်ပြုချက်ကို အရင်ဦးဆုံး တောင်းခံရပေမည်။ ဤသည်မှာ တိုက်ရိုက်မကျပေ။

ထို့ကြောင့် နေရာတိုင်း၌ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်လာနေစဉ် ရွှီချင်းသည် သူ့အတွက် သင့်တော်မည့် ပတ်ဝန်းကျင်ကို ရှာဖွေလိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်သည် ရှေ့တန်းနားတွင် တောင်ကြီးတစ်တောင်နှယ် စွန့်ပစ်ခံထားရသော အကျိုးအပဲ့ရုပ်သေးရုပ်အပုံပေါ်သို့ ကျရောက်သွားသည်။

ဖုန်းဟိုင်ဒေသငယ်မှ စစ်ရုပ်သေးရုပ်တိုင်းသည် အရေအတွက်များပြားသော ကျင့်ကြံသူများ၏ ထိန်းချုပ်ခံထားရသည်။ သူတို့သည် မြေပြင်ပေါ်မှ စည်းချအစီအရင်များပေါ်တွင် အမြဲတည်ရှိနေကြပြီး ယင်းက အချိန်တိုင်း သူတို့၏ အထွတ်အထိပ်စွမ်းအားကို ထိန်းသိမ်းနိုင်ရန် ခွင့်ပြုထားသည်။

….

သို့သော်လည်း ရုပ်သေးရုပ်အများစုသည် စစ်ပွဲအတွင်း ပျက်စီးသွားခဲ့ကြပြီး ပြန်မပြင်နိုင်တော့ပေ။ ထို့ကြောင့် ပျက်စီးသွားသော ရုပ်သေးရုပ်များသည် တောင်ပုံယာပုံရှိနေကြပြီး သူတို့ကို တခြားရုပ်သေးရုပ်များအား ပြန်လည်ပြုပြင်ရန် အပိုအစိတ်အပိုင်းများအဖြစ် အသုံးပြုကြသည်။ တစ်ချိန်တည်းမှာ သူတို့ကို အကာအကွယ်အဖြစ်လည်း အသုံးပြုကြသေးသည်။

ထို့အပြင် အရေးကြီးအခိုက်အတန့်မျိုးမှာ သူတို့ကို ဓာတ်ငွေ့တိုက်ခိုက်မှုအဖြစ် ရန်သူ့ဘက်သို့ လွှတ်ပစ်ပြီး ပေါက်ကွဲစေရန် အသုံးပြုနိုင်သည်။

ရွှီချင်းသည် တောင်ကြီးတစ်တောင်နှယ် ဖြစ်ပေါ်နေသော စွန့်ပစ်ရုပ်သေးရုပ်အပုံဆီသို့ မြန်မြန်ဆန်ဆန် ချဉ်းကပ်သွားသည်။

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသောကြောင့် ဤနေရာကို စောင့်ကြပ်နေသော လူများသည် အများကြီးမရှိပေ။ ဒုက္ခိတအဖိုးအိုတစ်ယောက်သာ ထိုနေရာတွင် ထိုင်နေပြီး စစ်မြေပြင်ဆီသို့ အမူအရာကင်းမဲ့စွာ ကြည့်နေသည်။

ရွှီချင်း၏ ရောက်ရှိလာမှုသည် အဖိုးအို၏ အာရုံကို ဆွဲဆောင်သွားသော်လည်း သူက သာမန်ကာလျှံကာမျှသာ ကြည့်သည်။ သူက ရွှီချင်းကို အလေးမထားပေ။

ရွှီချင်းသည် စကားအများကြီးမပြောပေ။ သူသည် အနားသို့ ရောက်ရှိသွားပြီးနောက် ထိပ်ဖျားပေါ်သို့ တိုက်ရိုက်ခုန်တတ်လိုက်ပြီး ရုပ်သေးအပိုင်းအစများပေါ်တွင် ခြေချလိုက်သည်။

သူသည် ထိုနေရာတွင် မတ်တတ်ရပ်နေရင်း ရုံးတော်သခင်ပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ကျောက်စိမ်းပြားကို သူလေ့လာနေရင်း စစ်မြေပြင်ဆီသို့ ကြည့်လိုက်သည်။

ဤနေရာသည် အပေါ်စီးနေရာဟု သတ်မှတ်နိုင်ပေသည်။ ယင်းက ရွှီချင်းကို စစ်မြေပြင်တစ်ခုလုံးအား ရှင်းလင်းစွာ မြင်နိုင်ရန် ခွင့်ပြုပေးသည်။

ရွှေရောင်ပိုက်ကွန်၏ အပြင်ဘက်တွင် မိုးထစ်ချုန်းသံများသည် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။

ကောင်းကင်ပေါ်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ရွမ်းဗတ်ပုံသဏ္ဍာန် အလွန်ကြီးမားသော ဓမ္မရတနာများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားမည့် ကျယ်လောင်သော တဝီဝီမြည်သံကို အစဉ်မပြတ် ထုတ်ဖော်နေလေရာ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။ မိုးကြိုးသွားများသည် တိမ်တိုက်များထဲတွင် ရွေ့လျားနေကြပြီး ရံဖန်ရံခါ မြေပြင်ပေါ်သို့ သက်ဆင်းသွားလေရာ အရာအားလုံးကို ထစ်ချုန်းသွားစေသည်။

ထို့အပြင် ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများ၏ သွေးနီရောင်မျက်လုံးများထံမှ ဖိအားတစ်ခု ထုတ်လွှတ်နေပြီး မြေပြင်ပေါ်သို့ သက်ဆင်းသွားစေသည်။ ယင်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများကို စွမ်းအားတိုးမြှင့်ပေးပြီး လူသားစစ်တပ်ကို ဖိနှိပ်ထားသည်။

ကျောက်စိမ်းပြားမှတဆင့် ထိုရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများသည် မည်သည့်အရာဖြစ်ကြောင်း ရွှီချင်း သိသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်စိတစ်ဆုံးတွင်ရှိသော လူသားကျင့်ကြံသူအများအပြားသည် သွေးဖြင့် ရွှဲရွှဲစိုနေကြသည်။ သွေးတချို့သည် ရန်သူ့ထံမှဖြစ်ပြီး တခြားသွေးသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဒြပ်နှောအဆိပ်ကြောင့် ဖြစ်သည်။

ထိုရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများသည် ကောင်းကင်နက်မျိုးနွယ်ထံမှဖြစ်ပြီး လူတိုင်းကို ခြိမ်းခြောက်နိုင်သော ထူးခြားစွမ်းအင်ရှိသည်။

သို့သော်လည်း လူသားမျိုးနွယ်များထံမှာ ယင်းကို ရင်ဆိုင်နိုင်သည့် နည်းလမ်းရှိသည်။ ဒေသငယ်၏ တားမြစ်ရတနာဖြစ်သော ရွှေရောင်ပိုက်ကွန်က တောက်ပလာသည့်အခါ ယင်းအပေါ်တွင် တင်ပျဉ်ခွေလျက် ထိုင်နေကြသော ဗလာနတ္ထိအဆင့် ကျင့်ကြံသူများကို ရွှီချင်း မြင်သွားသည်။ သူတို့သည် စည်းချအစီအရင်ကို လည်ပတ်အောင် လုပ်ဆောင်နေကြဟန် ရသည်။ သူတို့က သူတို့၏ ကျင့်ကြံခြင်းအားလုံးကို ရွှေရောင်ပိုက်ကွန်ထဲသို့ ထည့်သွင်းနေကြသည်။

ချက်ချင်းဆိုသလို ဧရာမရွှေရောင်မျက်နှာကြီးများသည် ရွှေရောင်ပိုက်ကွန်ထဲမှ တိုးထွက်လာကြပြီး အသံမဲ့သော ဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် ရွှေရောင်ပိုက်ကွန်ထဲမှ ပြေးထွက်လာကြပြီး ကောင်းကင်ပေါ်မှ ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများကို တိုက်ခိုက်လိုက်ကြသည်။

ကျယ်လောင်သော မိုးခြိမ်းသံထွက်ပေါ်လာပြီးနောက် ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများသည် သက်ရောက်ခံလိုက်ရပြီး သူတို့၏ စွမ်းရည်ကို မထုတ်ဖော်နိုင်ကြတော့ပေ။

သို့သော်လည်း ကောင်းကင်ပေါ်မှ ဆက်လက် ကျဆင်းလာနေသော အနက်ရောင်နှင်းသည် စစ်မြေပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီး ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။ ထိုအခိုက်အတန့်မှာ ယင်းသည် အစဉ်မပြတ် ကျဆင်းလာနေဆဲ ဖြစ်သည်။

သူတို့သည် တစ်ခါတစ်ရံ မန္တန်များသို့ ပြောင်းလဲသွားကြပြီး လူသားမျိုးနွယ်ကျင့်ကြံသူများကို အဆက်မပြတ် ပစ်ခတ်လိုက်ကြသည်။ တခြားအချိန်များတွင် သူတို့သည် အရေအတွက်များပြားစွာ အုပ်စုဖွဲ့သွားကြပြီး လူသားသဏ္ဍာန် သားရဲများသို့ ပြောင်းလဲသွားကြကာ လူသားစစ်တပ်ဆီသို့ ပြေးသွားကြသည်။

တချို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများ၏ အရှေ့သို့ ကျဆင်းသွားကြပြီး လက်နက်များအသွင် ပြောင်းလဲသွားကြကာ ကျင့်ကြံသူ၏ တိုက်ပွဲစွမ်းအားကို သိသာစွာ တိုးမြှင့်သွားစေသည်။

လူသားကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာကြသော အနက်ရောင်နှင်းသည်လည်း ရှိသည်။ ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများသည် အကောင်းဆုံးကြိုးစားပြီး ယင်းကို ရှောင်ရှားကြသော်လည်း စစ်မြေပြင်တွင် အနက်ရောင်နှင်းက အလွန်များပြားစွာ ရှိနေသောကြောင့် မလွယ်ကူလှပေ။

အနက်ရောင်နှင်းဖြင့် ထိတွေ့ခံလိုက်ရသောအခါ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် ချက်ချင်း တုန်ယင်လာကြသည်။ အနက်ရောင်နှင်းသည် အဆိပ်သို့ ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများကို အရေးကြီးအမှတ်သို့ တိုက်ရိုက် ကျော်လွန်သွားစေသည်။ ချက်ချင်းပင် အော်ဟစ်ညည်းတွားသံများသည် နေရာတိုင်းမှ ပျံ့လွင့်ထွက်လာကြသည်။ သူတို့အများစုသည် တိုက်ရိုက်သန္ဓေပြောင်းလဲသွားကြပြီး ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့သည် ရန်သူမိတ်ဆွေ မခွဲခြားနိုင်ကြတော့ပေ။

ဤသည်မှာ အလွန်ဝမ်းနည်းဆွေးမြေ့ဖွယ်ကောင်း၏။

သို့သော်လည်း လူသားမျိုးနွယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်ကြားမှ တိုက်ပွဲသည် ယခုမှ စတင်လာခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် အနက်ရောင်နှင်းကို ဖြေရှင်းနိုင်သည့်နည်းလမ်း သူတို့မှာ ရှိပေသည်။

မကြာမီ ရွှီချင်း၏ အသိစိတ်ကလှုပ်ခတ်နေစဉ် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ဟိန်းသံသည် ခံစစ်ဧရိယာထဲမှ ပဲ့တင်ထွက်လာသည်။ မိုးထိမြင့်သော ဓမ္မဆူးချွန်လက်နက်များသည် ပေါ်ထွက်လာကြပြီး ၎င်းတို့၏ ထိပ်ဖျားသည် စစ်မြေပြင်၏ ဦးတည်ရာသို့ ညွှန်နေကြသည်။ နားကွဲစေမည့် ဆူညံသံများကြားတွင် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။

ထိုအသံလှိုင်းများ ဖြတ်ကျော်သွားသည့်နေရာတိုင်း အနက်ရောင်နှင်းသည် တုန်ယင်သွားပြီး မြန်မြန်ဆန်ဆန် အရည်ပျော်သွားသည်။ ထို့နောက် အနက်ရောင်အရည်သို့ ပြောင်းလဲသွားပြီး ချက်ချင်း အငွေ့ပျံသွားသည်။ နောက်ဆုံးမှာတော့ ယင်းသည် အနက်ရောင်အခိုးအငွေ့အဖြစ် ပြောင်းလဲသွားပြီး လွင့်ပြယ်သွားသည်။

ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်သည် နောက်ဆုံးမှာတော့ အနားယူရန် အချိန်ခဏတာရရှိသွားကြသည်။ တိုက်ခိုက်နေကြသော စစ်တပ်များသည် အလျှင်အမြန် အနောက်ဆုတ်သွားကြပြီး တိုက်ခိုက်ရန် အချိန်အတော်ကြာ ကြိုပြင်ဆင်ထားကြသော တခြားတပ်ဖွဲ့များသည် သူတို့၏ နေရာကို အလျှင်အမြန် ဝင်ယူလိုက်ကြသည်။

All Chapters