ဝိညာဉ်နီပြည့်အရှင်(က)
Vol. 46 Ch. 698
ထိုမြင်ကွင်းသည် ရွှီချင်းကို အသက်ရှူရန် မေ့လျော့သွားစေသည်။ အချိန်ခဏလေးမှာတင် နှစ်ဘက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေကြေပျက်စီးသူများသည် သူ၏ မျက်စိအောက်မှာ ထိတ်လန့်ဖွယ်ကောင်းသော အရေအတွက်ထိ ရောက်ရှိသွားသည်။
လူသားကျင့်ကြံသူအများအပြားသည် ထူးဆန်းစွာ သေဆုံးသွားကြသည်။ ရန်သူသည် သူတို့နှင့် အလွန်ဝေးကွာသောနေရာတွင် ရှိနေသေးသည်မှာ ထင်ရှားပေသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာ ထိုဧရိယာသည် သဏ္ဍာန်မဲ့ဓားမော့တစ်ချောင်း၏ ပိုင်းချခံလိုက်ရသည့်အလား သူတို့အားလုံးသည် ရုတ်ချည်း သေဆုံးသွားကြသည်။
သေဆုံးသွားပြီးနောက် သူတို့သည် အသိဉာဏ်ကင်းမဲ့သော သန္ဓေပြောင်းသားရဲများသို့ ပြောင်းလဲသွားကြသည်။
….
အော်သံများ၊ ညည်းတွားသံများ၊ ကိုယ့်ကိုယ်ကို ဖောက်ခွဲသံများ၊ ဒေါသတကြီး ဟိန်းသံများနှင့် ဓမ္မရတနာများမှ မိုးခြိမ်းသံများသည် ရွှီချင်း၏ နားထဲတွင် ပြည့်နှက်နေသည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်သည် တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိပေ။ သူတို့သည် တစ်ဖက်မှ တိုက်ခိုက်မှုများကို ခုခံတားဆီးရုံမျှသာ တတ်စွမ်းကြသည်။
“ ဖုန်းဟိုင်ဒေသငယ်မှာ မူလက ပြည်နယ်ဆယ့်သုံးခုရှိတယ်… စစ်ပွဲရဲ့ အစောပိုင်းအခြေအနေမှာ ရွှီကျောက်ပြည်နယ်နဲ့ ယင်ဟွမ်ပြည်နယ်က စစ်ပွဲမှာမပါနိုင်ခဲ့တာကြောင့် ပြည်နယ်သုံးခုကို ဆုံးရှုံးခဲ့တယ်… သူတို့မှာ ပြည်နယ်ရှစ်ခုရဲ့ အင်အားပဲကျန်တော့တယ်… အတိတ်တုန်းက စစ်ပွဲအတွက် ပြင်ဆင်နေချိန်မှာ သူတို့ကို စစ်တပ်ရှစ်တပ်အဖြစ် ခွဲခြားစေခဲ့တာ ငါမှတ်မိတယ် ”
ရွှီချင်းသည် စစ်မြေပြင်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဖြစ်ပေါ်လာသော သူ၏ နှလုံးထဲမှ ခံစားချက်လှိုင်းများကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူသည် အခြေအနေကို အလျှင်အမြန် စစ်ဆေးလိုက်ပြီး သုံးသပ်လိုက်သည်။
“ သူတို့မှာ အတူပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ်မရှိဘူး… ဘာလို့လဲဆိုတော့ ဒါက သေမျိုးစစ်ပွဲမဟုတ်ဘူး… ပြီးတော့ ပြည်နယ်တစ်ခုစီမှာ ကိုယ်ပိုင်ဝိသေသလက္ခဏာတွေ ရှိကြတယ်… ဒါကြောင့် သူတို့ရဲ့ ဓလေ့အကျင့်ကို ချိုးဖောက်ပြီး အတင်းအကျပ် လိုက်လျောညီထွေဖြစ်စေဖို့က မလွယ်ကူဘူး ”
“ ဒါကြောင့် အဲ့ဒီစစ်တပ်ရှစ်တပ်မှာ ရိက္ခာအပိုင်း၊ ဓမ္မရတနာအပိုင်း၊ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်း အစရှိတဲ့ ကိုယ်စီအခန်းကဏ္ဍတွေ ရှိကြတယ် ”
“ ဥပမာ အမှတ်(၃)စစ်တပ်က ဓမ္မဆူးချွန်တွေရဲ့ စွမ်းအားကို ထိန်းသိမ်းကိုင်တွယ်ရတယ် ”
“ ဒေသငယ်တစ်ခုလုံးရဲ့ အင်အား ပါဝင်ပတ်သက်ရတဲ့ တစ်ခုတည်းသောနေရာက ဒေသငယ်ရဲ့ တားမြစ်ပိုက်ကွန်ပဲ… လက်ရှိမှာ စစ်တပ်အမျိုးမျိုးက ဗလာနတ္ထိအဆင့် ကျင့်ကြံသူအမြောက်အများက အဲ့ဒီမှာ ရှိနေကြတယ်… အဲ့ဒါက ဖုန်းဟိုင်ဒေသငယ်ရဲ့ ဗလာနတ္ထိအဆင့် ကျင့်ကြံသူတွေရဲ့ သေးငယ်တဲ့အပိုင်းပဲ ရှိသေးတယ် ”
“ သူတို့ထဲမှာ စစ်ရုပ်သေးရုပ်တွေ၊ ကောင်းကင်ပေါ်က တာအိုခေါင်းလောင်းနဲ့ ဓားကိုင်တွေရဲ့ အင်ပါယာဓားက ဓားကိုင်ရုံးတော်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ ရှိကြတယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ရွှီကျောက်ပြည်နယ်နှင့် ယင်ဟွမ်ပြည်နယ်မှ ကျင့်ကြံသူများသည် ဤနေရာတွင် ရှိမနေကြကြောင်းနှင့် ဤနေရာမှ စစ်သည်တော်များ၏ အရေအတွက်သည် နည်းပါးနေဟန်ရကြောင်း သူသတိပြုမိသည်။
ထိုအခါ ရွှီချင်းသည် ရုံးတော်သခင်၏ စစ်ရွက်ဖျင်တဲထဲတွင် သူမြင်တွေ့ခဲ့သော သဲစားပွဲခုံကို ပြန်အမှတ်ရသွားသည်။
“ ခံစစ်ဧရိယာက အရမ်းရှည်လျားတယ်… ပြီးတော့ ရှေ့တန်းကို စစ်ပွဲဇုန်တွေ အများကြီးခွဲထားတယ်… ဒါကြောင့် ရွှီကျောက်ပြည်နယ်နဲ့ ယင်ဟွမ်ပြည်နယ်က အင်အားကို တခြားခံစစ်ဧရိယာတွေမှာ စီစဉ်ထားတာ ဖြစ်လိမ့်မယ် ”
“ ဒီနေရာမှာ အမိန့်ပေးဗဟိုဌာနတည်ရှိနေလို့ ဒီနေရာက အဓိကစစ်ပွဲဇုန်ပဲ ”
“ ရုံးတော်သခင်က ဒီနေရာမှာ အမိန့်ပေးဗဟိုဌာနကို တည်ဆောက်ထားတယ်… သူက သူ့ကိုယ်သူ ငါးစာအဖြစ် သုံးချင်တာလား… သူက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ အဓိကအင်အားစုကို ဟန့်တားထားချင်တာ… ”
“ တခြားအစီအစဉ်တွေလည်း ရှိနိုင်လောက်တယ် ”
သူ့ထံတွင် သတင်းအချက်အလက် မလုံလောက်သောကြောင့် ရွှီချင်းသည် အစီအစဉ်ကို ကောင်းမွန်စွာ နားမလည်ပေ။
သို့သော်လည်း ယင်းက စစ်မြေပြင်နှင့် သူ၏ ရင်းနှီးကျွမ်းဝင်မှုအပေါ် အနှောင့်အယှက်မဖြစ်စေနိုင်ပေ။
စစ်မြေပြင်ကို စစ်ပွဲဇုန်များအဖြစ် ခွဲခြားပြီးနောက် ရွှီချင်းသည် သူရှိနေသော အလွန်ကျယ်ပြောသည့် ဧရိယာကို အပိုင်းတစ်ရာကျော်အဖြစ် ခွဲထုတ်လိုက်သည်။
ထိုသို့အပိုင်းများဖြင့် ခွဲထုတ်သည့်နည်းလမ်းသည် သူ့အား စစ်မြေပြင်ကို ပိုမိုမြန်ဆန်စွာ နားလည်စေသည်။
“ ဖုန်းဟိုင်ဒေသငယ်က အနောက်ဘက်ဧရိယာမှာရှိပြီး သန့်စင်ရေလှိုင်းမျိုးနွယ်က အရှေ့ဘက်ဧရိယာမှာရှိတယ် ”
“ အခုချိန်မှာ အနောက်(၁)၊ အနောက်(၃)၊ အနောက်(၄)နဲ့ အနောက်(၈)ဧရိယာတွေက ရွှေရောင်ပိုက်ကွန်ရဲ့ အစွန်းဖျားနဲ့ နီးကပ်နေကြပြီး အသင့်ရှိနေကြတယ်… သူတို့က အရှေ့(၅)၊ အရှေ့(၇)နဲ့ အရှေ့(၁၁)ဧရိယာတွေမှာ အချိန်မရွေး အစားထိုးဝင်ရောက်နိုင်အောင် ပြင်ဆင်နေကြတယ် ”
“ အနောက်(၂)နဲ့ အနောက်(၅)က စစ်ရုပ်သေးရုပ်တွေကို အသက်သွင်းနေကြတယ်… စစ်ကူကိုစောင့်ဆိုင်းနေကြတဲ့ ဧရိယာသုံးခုလည်း ရှိနေကြတယ် ”
“ သန့်စင်ရေလှိုင်းမျိုးနွယ်တည်ရှိတဲ့ အရှေ့ဘက်ဧရိယာကိုတော့ စစ်ပွဲဇုန်ဆယ်ခုကျော် ခွဲထုတ်လိုက်တယ်… အဲ့ဒါတွေကို သုံး၊ ခြောက်၊ ဆယ့်လေး၊ ဆယ့်ခုနစ် အစရှိတဲ့ နာမည်တွေပေးထားတယ်… သူတို့လည်းပဲ နေရာနဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲနေကြတယ်… ဒါကြောင့် အရှေ့(၂)က ပိုပြီးထင်သာလာနေတာ ”
“ အဲ့ဒါမမှန်ဘူး… သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ဖွဲ့စည်းပုံက မျှားတစ်ချောင်းပုံစံ ပြောင်းသွားတယ်… အရှေ့(၂)က မြှားခေါင်းပဲ ”
ရွှီချင်းသည် အခြေအနေတစ်ခုလုံးကို လေ့လာသုံးသပ်လိုက်သည်။ မြန်ဆန်သော အကဲဖြတ်မှုကိုပြုလုပ်ပြီးနောက် သူသည် ရွှေရောင်ပိုက်ကွန်အပြင်ဘက်မှ အရှေ့(၂)ဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဖွဲ့စည်းပုံက ပြောင်းလဲသွားသောအခါ မြေပြင်ပေါ်တွင် လက်ပြတ်များသည် အရေအတွက်ထောင်သောင်းများစွာ ထွက်ပေါ်လာကြသည်။
လက်ပြတ်တစ်ခုစီသည် ဧရာမသံမဏိကြိုးတစ်ခုကို ဆုပ်ကိုင်ထားကြပြီး ပြေးလာကြသည်။ သံမဏိကြိုးကို ဆွဲလိုက်သည့်အခါ ကြီးမားသော ပေါက်ကွဲမှုသည် ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားပြီး ဝဲကတော့ကို ပိုမိုကျယ်ပြောသွားစေသည်။
အနက်ရောင်နှင်းသည် မြူနှင်းထုသဖွယ် ကောင်းကင်ပေါ်မှ ပိုမိုများပြားစွာ သက်ဆင်းလာပြီး စစ်မြေပြင်ဆီသို့ ဦးတည်သွားသည်။
ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်နှင့် ဖုန်းဟိုင်ဒေသငယ်မှ ခံစစ်ဧရိယာ၏ ကောင်းကင်ထက်တွင် မျောလွင့်နေသော ဧရာမအင်ပါယာဓားသည် ရုတ်တရက် အရောင်တောက်ပလာသည်။ ၎င်းက ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေသည့်အလားပင်။
အရေအတွက်များပြားသော ဓားအလင်းများသည် တဝီဝီမြည်လာသည်။ ယင်းတို့က ဓားပင်လယ်တစ်ခုသို့ ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ ဝဲကတော့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ဓားပင်လယ်သည် အနားကပ်သွားသည်နှင့် ပေါက်ကွဲထွက်သွားပြီး ဝဲကတော့ကို နာကျင်စွာ အော်မြည်သွားစေသည်။
ကောင်းကင်ပေါ်မှ ရွာသွန်းလာသော ပမာဏများပြားသည့် အနက်ရောင်နှင်းသည်လည်း ဓားပင်လယ်၏ ဖယ်ရှားခြင်းခံလိုက်ရသည်။
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်စစ်တပ်၏ ကောင်းကင်ပေါ်မှ အမြင့်ဆုံးနေရာတွင်ရှိသော ဧရာမတာအိုခေါင်းလောင်းသည် ခမ်းနားမြင့်မြတ်သော ခေါင်းလောင်းမြည်သံကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် အရာအားလုံးကို အက်ကွဲစေနိုင်သည့် ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်သည်။
ခေါင်းလောင်းသည် ခုနစ်ကြိမ်မြည်သွားသည်။ ခေါင်းလောင်းသံ တစ်ကြိမ်မြည်သွားတိုင်း ယင်းသည် စစ်မြေပြင်ကို ပုံပျက်တွန့်လိမ်သွားစေသည်။ မရေမတွက်နိုင်သော သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် တိုက်ရိုက် ပြိုလဲပျက်စီးသွားကြပြီး အပိုင်းပိုင်းအက်ကွဲသွားကြသည်။ တစ်ချိန်တည်းမှာ အတုယောင်ပုံရိပ်များသည် စစ်မြေပြင်ပေါ်တွင် ထွက်ပေါ်လာကြသည်။
ထိုအတုယောင်ပုံရိပ်များသည် သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် မတူပေ။ သူတို့သည် ရှိခိုးကောင်းများနှင့်ဆင်တူပြီး ပေတစ်ရာကျော် ရှည်လျားကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထူးခြားသော ဒြပ်နှောများကို ထုတ်လွှတ်နေပြီး လူသားစစ်တပ်ကို တိုက်ခိုက်လိုက်ကြသည်။
သူတို့သည် ကောင်းကင်နက်မျိုးနွယ်၏ ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများမှ ဖြစ်ပေါ်လာကြသော ရိတ်သိမ်းသူများဖြစ်ကြောင်း ရွှီချင်း သိသည်။
သူတို့၏ အထူးအခြေအနေအောက်တွင် သူတို့ကို အာရုံခံနိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့် သူတို့ကို ရင်ဆိုင်ရန် အလွန်အမင်း ခက်ခဲပေသည်။ ရွှေရောင်ပိုက်ကွန်၏ တားမြစ်စွမ်းအားကို သူတို့အား အမှတ်အသားပြုလုပ်ရန် အသုံးပြုနိုင်သည်။
သို့သော်လည်း ဤအခိုက်အတန့်၌ ခေါင်းလောင်း၏ ဖိအားအောက်မှာ သူတို့၏ ပုံရိပ်များသည် ပေါ်ထွက်လာကြသည်။
နောက်အခိုက်အတန့်မှာ စောစောကတည်းက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသော လူသားစစ်ရုပ်သေးရုပ်များသည် ချက်ချင်း အရှေ့သို့ ပြေးသွားကြသည်။
ရုပ်သေးရုပ်ထောင်သောင်းများစွာသည် လူ့ဘီလူးများအသွင်သို့ ပြောင်းလဲသွားကြပြီး စစ်မြေပြင်ဆီသို့ ပြေးသွားကြသည်။ သူတို့သည် ရိတ်သိမ်းသူများဆီသို့ ဦးတည်ပြေးသွားကြသည်။
စစ်ပွဲသည် စစ်တုရင်ကစားနည်းတစ်ခု ဖြစ်သည်။
ခံစစ်သည် အချိန်မရွေး တိုက်စစ်ပြောင်းသွားနိုင်သည်။ ထို့အပြင် ထိုသို့လုပ်ဆောင်နိုင်သော နည်းလမ်းသည် တစ်ခုထက်မကပေ။
အခြေအနေကို အလုံးစုံခြုံငုံကြည့်လျှင် ရှုပ်ထွေးဟန်ထင်ရ၏။ သို့သော်လည်း အမှန်မှာတော့ ယင်းသည် လွန်စွာမှ ရိုးရှင်းသည်။ စစ်တုရင်တစ်ခါရွှေ့ရန် တန်ကြေးသည် အလွန်အမင်း ကြီးမားသွားရုံမျှသာ ဖြစ်၏။
အကွက်ရွှေ့မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အသွေးအသားကို စတေးရပေမည်။