← Chapters

ဝိညာဉ်နီပြည့်အရှင်(ဂ)

Vol. 46 Ch. 700

ဝိညာဉ်နီပြည့်အရှင်(ဂ)

Vol. 46 Ch. 700

သို့သော်လည်း ထိုအနက်ရောင်နှင်းသည် မန္တန်များသို့ ပြောင်းလဲသွားသည့်အခါ သူတို့၏ စွမ်းအားသည် အလွန်သန်မာလာကြသည်။ အထူးသဖြင့် အရေအတွက်များပြားသော နှင်းပွင့်ချပ်များ ပေါင်းစုသွားသည့်အခါမျိုးတွင် ဖြစ်သည်။

“ အဲ့ဒီထဲမှာ အန္တရာယ်နဲ့ ပြည့်နှက်နေတဲ့ ဖရိုဖရဲစွမ်းအားတစ်မျိုးပါရှိပြီး အရမ်းမတည်မငြိမ် ဖြစ်နေတယ်… အဲ့ဒါက နှင်းပွင့်ချပ်တွေကို တစ်ခုနဲ့တစ်ခု ပေါင်းစုသွားဖို့ ညွှန်ကြားနေတယ်… ”

ရွှီချင်းသည် တွေးတောနေရင်း နှင်းပွင့်ချပ်တချို့ကို စုဆောင်းရန် ကြိုးစားကြည့်သည်။ ထို့နောက် သူသည် တခြားဧရိယာများဆီသို့ ဦးတည်သွားသည်။

….

ကောင်းကင်ပေါ်မှ ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများသည် အနက်ရောင်နှင်းပွင့်ချပ်နှင့် တူညီသလားဟု သူအာရုံခံကြည့်ချင်သည်။

သို့သော်လည်း ထိုဓမ္မရတနာများသည် ကောင်းကင်ပေါ်တွင်ရှိနေကြပြီး ပစ်မှတ်ထားရန် အလွန်အမင်း ကြီးမားလွန်းသည်။ ထို့အပြင် အန္တရာယ်သည် အလွန်အမင်း မြင့်မားသည်။

ထို့ကြောင့် ရွှီချင်းသည် သူ၏ ပစ်မှတ်ကို ရိတ်သိမ်းသူများထံသို့ ရွှေ့ပြောင်းလိုက်သည်။

သူသည် အဝေးတွင် စစ်ရုပ်သေးရုပ်တစ်ရုပ်နှင့် တိုက်ခိုက်နေသော ရိတ်သိမ်းသူတစ်ကောင်ဆီသို့ ပြေးသွားသည်။

စစ်မြေပြင်ပေါ်မှ ဒြပ်နှောများကိုလည်း ရွှီချင်းသည် လေ့လာခဲ့သည်။

“ အဲ့ဒါတွေက သက်ရှိဒြပ်နှောတွေပဲ… သူတို့က တားမြစ်နယ်မြေတွေကနေ ထုတ်လွှတ်တဲ့ ဒြပ်နှောတွေနဲ့ မတူဘူး… သူတို့ကို တစ်စုံတစ်ယောက်က တီထွင်ထားတာဖြစ်မယ် ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ အရိပ်လေးကို ဖြန့်ထုတ်လိုက်သည်။ ထို့နောက် အရိပ်လေးကို သူ၏ ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများအား ရူးသွပ်စွာ စုပ်ယူစေသည်။

သက်ရှိဒြပ်နှောများသည် အရိပ်လေးအတွက် ရှင်သန်ကြီးထွားရန် အများကြီး ပိုသင့်တော်သည်မှာ ရှင်းလင်းသည်။

တစ်ချိန်တည်းမှာ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပျံသန်းထွက်လာပြီး ရွှီချင်းကို လှည့်ပတ်လိုက်ကာ သူ့ကို ကာကွယ်ပေးလိုက်သည်။

အရှေ့သို့ သူတို့လျှောက်သွားသည့်အခါ သတ်ဖြတ်မှုသည် ဆက်လက်ဖြစ်ပွားလာသည်။

စစ်မြေပြင်ပေါ်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများသည် အလွန်များပြားစွာ ရှိသည်။ ရွှီချင်းသည် မြန်မြန်ဆန်ဆန် ပြေးလွှားနေရင်း သတ်ဖြတ်နေလေရာ သူ၏ တာအိုဝတ်ရုံပေါ်တွင် သွေးကွက်သည် တဖြည်းဖြည်း များပြားလာသည်။ သွေးသည် သူ၏ မျက်နှာနှင့် လက်များမှတဆင့် မြေပြင်ပေါ်သို့ တစ်စက်တစ်စက် ကျဆင်းသွားသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ရွှီချင်းဖြတ်ကျော်သွားသည့်နေရာတိုင်း အလောင်းများသည် မြေပြင်ပေါ်တွင် စုပုံသွားသည်။

သူသည် အလွန်သတိကြီးသူဖြစ်သည်။ သူ၏ မျက်လုံးသည် နီရဲနေသော်လည်း သူ၏ စိတ်သည် တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် နေရာတစ်ခုတည်းတွင် အချိန်အကြာကြီး မနေပေ။ ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများကို အာရုံခံမိသည်နှင့် သူသည် ထိုနေရာမှ ချက်ချင်း ထွက်ပြေးသွားလိမ့်မည်။

ထိုသို့ဖြင့် သိပ်မကြာမီ ရွှီချင်းသည် စစ်ရုပ်သေးရုပ်နှင့် ရိတ်သိမ်းသူတို့ တိုက်ခိုက်နေကြသော နေရာဆီသို့ နောက်ဆုံးမှာတော့ ချဉ်းကပ်ရောက်ရှိသွားသည်။

ရွှီချင်းသည် စစ်မြေပြင်ပေါ်တွင် အချိန်အတော်ကြာရှိနေပြီးနောက် လူသားကျင့်ကြံသူများ၏ အခက်အခဲကို အာရုံခံမိသွားသည်။

အဘယ့်ကြောင့်ဆိုသော် ဤနေရာရှိ နားကွဲစေနိုင်သော ပေါက်ကွဲသံများသည် ရွှေရောင်ပိုက်ကွန်၏ အတွင်းပိုင်းထဲမှာထက် အများကြီး ပိုကျယ်လောင်သောကြောင့် ဖြစ်သည်။ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည့်အခါ အော်ဟစ်ညည်းတွားသံများသည် ဖုံးလွှမ်းခံရလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် နှစ်ဘက်စလုံးသည် ကျယ်လောင်သော အသံများကြားတွင် အလိုအလျောက် နားထိုင်းသွားကြလိမ့်မည်။

သူတို့သည် တခြားလူများ၏ အော်ဟစ်သံများကို မကြားနိုင်ကြသလို သူတို့၏ ကိုယ်ပိုင်အော်သံကိုလည်း မကြားနိုင်ကြပေ။

လူတစ်ယောက်သည် သူတို့၏ အကြားအာရုံကို ဆုံးရှုံးသွားပြီးနောက် ဆန့်ကျင်ဘက် စိတ်အာရုံနှစ်ခုသည် သူတို့၏ စိတ်ထဲတွင် အပြန်အလှန် လွှမ်းခြုံသွားလိမ့်မည်။ တစ်ဖက်တွင် စစ်မြေပြင်သည် သူတို့၏ မျက်လုံးထဲတွင် အဆုံးအစမဲ့ကျယ်ပြောပြီး ရက်စက်ကြမ်းကြုတ်သောနယ်မြေ ဖြစ်လာလိမ့်မည်။

အခြားတစ်ဖက်မှာတော့ သူတို့၏ စိတ်ထဲတွင် သူတို့သည် မည်သည့်အသံကိုမှ မကြားရနိုင်တော့သည်အထိ အလွန်အမင်း သေးငယ်သော တည်ရှိမှုများဖြစ်ကြသည်ဟု ထင်မြင်လာလိမ့်မည်။

ထိုအခြေအနေသို့ ဝင်ရောက်သွားသည့်အခါ တစ်စုံတစ်ယောက်သည် သတ်ဖြတ်ခြင်းကို ပိုအာရုံစိုက်လာလိမ့်မည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်သည် ပြိုလဲပျက်စီးလုနီးပါး အခြေအနေသို့ ကျရောက်သွားလိမ့်မည်။

ရွှီချင်းသည် လမ်းတစ်လျှောက်တွင် ထိုသို့သောလူများကို အများအပြား မြင်တွေ့ခဲ့သည်။ အထူးသဖြင့် အလောင်းပုံများပေါ်တွင် ရှိကြသည်။ သူတို့ထဲမှ တချို့သည် မသေဆုံးမီ အဆုံးမဲ့သော ပေါက်ကွဲသံများကို ဆက်လက်မကြားချင်သောကြောင့် အလိုအလျောက် နားပိတ်လိုက်ကြသည်။

ထိုအခြေအနေသည် လူသားမျိုးနွယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ် နှစ်ဘက်စလုံးတွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခြေဖဝါးအောက်တွင် ထိုသို့အခြေအနေဖြင့် အလောင်းတစ်လောင်း ရှိသည်။

ရွှီချင်းသည် ထိုလူကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် စစ်ရုပ်သေးရုပ်နှင့် ရိတ်သိမ်းသူကြားမှ တိုက်ပွဲဆီသို့ ရောက်ရှီသွားသည်။ သူတို့၏ တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ခါနီးနေပြီဖြစ်ပြီး စစ်ရုပ်သေးရုပ်သည် အသာစီးရရှိထားသည်။

နှစ်ဘက်စလုံးသည် အရွယ်အစားအားဖြင့် ပေတစ်ရာကျော် ရှည်လျားကြသည်။ ဖုန်းဟိုင်ဒေသငယ်၏ ရုပ်သေးရုပ်များသည် လူသားပုံသဏ္ဍာန်ရှိကြပြီး ရိတ်သိမ်းသူများသည် ရှိခိုးကောင်ပုံသဏ္ဍာန် ရှိကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တိုက်ခိုက်လိုက်သည့်အခါတိုင်း အသွေးအသားသည် နေရာအနှံ့သို့ ပြန့်ကျဲထွက်သွားပြီး အရေအတွက်များပြားသော ရုပ်သေးရုပ်များသည် ပြိုလဲပျက်စီးသွားလေ့ ရှိသည်။

သက်ရောက်မှုဧရိယာသည် မသေးငယ်ပေ။ သူတို့ထုတ်ဖော်လိုက်သော တိုက်ပွဲစွမ်းအားသည် ဝိညာဉ်နတ်သူငယ်အဆင့်ထက် ကျော်လွန်သွားကြပြီး ဝိညာဉ်သိုက်အဆင့်သို့ ရောက်ရှိနေကြသည်။

ယခု စစ်မြေပြင်ပေါ်တွင် အရေအတွက်ငါးထောင်ကျော်သော စစ်ရုပ်သေးရုပ်များနှင့် ရိတ်သိမ်းသူများသည် သေကြေပျက်စီးသွားကြပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။

မကြာမီ အချိန်ကာလရှည်စွာ ဖြစ်ပွားနေသော တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာချေ၏။ ဖုန်းဟိုင်ဒေသငယ်မှ စစ်ရုပ်သေးရုပ်သည် နောက်ဆုံးမှာတော့ ရိတ်သိမ်းသူကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။ ရိတ်သိမ်းသူ အပိုင်းပိုင်းအက်ကွဲသွားပြီးနောက် စစ်ရုပ်သေးရုပ်သည် ရပ်တန့်ခြင်းမရှိဘဲ ထိုနေရာမှ အမြန်ထွက်ခွာသွားသည်။

ရွှီချင်းသည် ချက်ချင်း အရှေ့သို့ ပြေးသွားလေရာ ရိတ်သိမ်းသူ၏ အသွေးအသားပုံရှေ့သို့ ရောက်ရှိသွားသည်။ ထိုအထဲတွင် ကြွင်းကျန်ရှိနေသော အရှိန်အဝါကို သူအာရုံခံလိုက်သည်။ မကြာမီ ထိုအထဲတွင် အနီရောင်လ၏ စွမ်းအား အမှန်တကယ် ပါဝင်နေကြောင်း ရွှီချင်း အာရုံခံမိသွားသည်။ ထို့အပြင် ယင်းသည် အနက်ရောင်နှင်းထဲမှာထက် ပိုပြီးသိပ်သည်းကြောင်း ရှင်းလင်းထင်ရှားသည်။

ရွှီချင်းသည် မျက်လုံးကျဉ်းမြောင်းသွားသည်။ သူက ယင်းကို နောက်ထပ်တစ်ကြိမ် အသေအချာ စစ်ဆေးလေ့လာတော့မည့်အချိန် စစ်မြေပြင်ပေါ်တွင် ကြီးမားသော အပြောင်းလဲတစ်ခု ရုတ်တရက် ဖြစ်ပွားလာသည်။

ရုံးတော်သခင်၏ တည်ကြည်လေးနက်သော အသံသည် စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ စစ်တပ်အားလုံး ချက်ချင်း ပြန်ဆုတ်လာပါ ”

ရုံးတော်သခင်၏ အသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုက်နက် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။ စစ်အသုံးအဆောင်ဓမ္မရတနာများ၏ လုပ်ဆောင်မှုထက် ကျော်လွန်သော ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲမှုသည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ မြည်ဟိန်းထွက်လာသည်။

ထိုအသံသည် အလွန်အမင်း ကျယ်လောင်ပြီး အရာအားလုံးကို ဖိနှိပ်လိုက်လေရာ စစ်မြေပြင်ပေါ်ရှိ မျိုးနွယ်နှစ်ဘက်စလုံးမှ ကျင့်ကြံသူအားလုံးကို အကြားအာရုံ ပြန်ရသွားစေဟန် ရသည်။

ဒုံး… ဒုံး…

ဒုံး… ဒုံး…

ဒုံး… ဒုံး…

နှလုံးခုန်သံနှင့်တူသော ခမ်းနားမြင့်မြတ်သည့် အသံသည် ကောင်းကင်ပေါ်ရှိ ဧရာမဝဲကတော့ထဲမှ ပျံ့လွင့်ထွက်လာသည်။ ထိုအသံသည် လောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း အလွန်ကြီးမားသော မျက်လုံးတစ်လုံးသည် ဝဲကတော့ထဲမှ တိုက်ရိုက် ထွက်ပေါ်လာသည်။

ထိုမျက်လုံးသည် မီးခိုးဖြူရောင်ဖြစ်ပြီး အသက်မဲ့ခြင်း၊ သေဆုံးခြင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။ ထိုမျက်လုံး ပေါ်ထွက်လာသည်နှင့်ချက်ချင်း အလွန်သိပ်သည်းသော သေဆုံးခြင်းအရှိန်အဝါသည် မျက်လုံးထဲမှ ပျံ့လွင့်ထွက်လာပြီး စစ်မြေပြင်ကို လွှမ်းခြုံသွားသည်။

နောက်အခိုက်အတန့်မှာ ဧရာမမျက်လုံးသည် ရုတ်တရက် တိုးထွက်လာသည်။ ချက်ချင်းပင် ကောင်းကင်ပေါ်ရှိ အလွန်ကြီးမားသော ဝဲကတော့သည် တိုက်ရိုက်ပွင့်ဟသွားပြီး အနီရောင်ဦးခေါင်းတစ်ခု ပျံသန်းထွက်လာသည်။

ထိုအရာသည် လူ့ဦးခေါင်းမဟုတ်ဘဲ အနီရောင် ငှက်ဦးခေါင်း ဖြစ်သည်။

၎င်းသည် ဦးခေါင်းတစ်ခုသာဖြစ်ပြီး ခန္ဓာကိုယ်မရှိပေ။

ထိုငှက်ဦးခေါင်း၏ ဇက်ပိုးတွင် သေသပ်သော ဓားခုတ်ရာတစ်ခု ရှိသည်။ ၎င်းသည် အသက်ရှင်ခဲ့စဉ်က အလွန်ထက်ရှသော ဓားမော့တစ်ချောင်းဖြင့် တိကျသေသပ်စွာ ခုတ်ပိုင်းခံခဲ့ရဟန် တူသည်။

ထိုငှက်ဦးခေါင်းသည် အလွန်အမင်း ကြီးမားလှသည်။ ယင်းကို ငှက်ကြီးချင်းချင်း၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကြက်မနှင့် ကြက်ပေါက်ကလေးပမာ ခြားနားလှပေသည်။

၎င်းသည် ပေါ်ထွက်လာသည်နှင့်ချက်ချင်း ကောင်းကင်၏ ထက်ဝက်ကျော်ကို ဖုံးလွှမ်းသွားသည်။ သေခြင်းမျက်လုံးထဲတွင် ကြီးမားသော ဧကရာဇ်ပလ္လင်တစ်ခု ရှိ၏။

လူတစ်ယောက်သည် ထိုဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်နေသည်။

ထိုပုဂ္ဂိုလ်သည် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် ဧကရာဇ်သရဖူကို ဆောင်းထားသည်။ သူ၏ မျက်နှာကို ပုတီးစေ့ဇာမျက်နှာအကာဖြင့် ဖုံးကွယ်ထားသောကြောင့် သူ၏ ရုပ်အသွင်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ကမ္ဘာတုန်ဟီးစေမည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ ဖိအားသည် အရပ်မျက်နှာပေါင်းစုံသို့ မုန်တိုင်းတစ်ခုသဖွယ် ပျံ့လွင့်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ငှက်ဦးခေါင်းသည် ထိုပုဂ္ဂိုလ်၏ ရထားလုံးတစ်ခုမျှသာ ဖြစ်သည်။

စစ်မြေပြင်ပေါ်မှ သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများသည် အံ့ဖွယ်ကောင်းသော ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားကြသည်။

All Chapters