ဝိညာဉ်နီပြည့်အရှင်(ဃ)
Vol. 46 Ch. 701
“ ပြည့်အရှင် ”
“ ပြည့်အရှင် ”
သန့်စင်ရေလှိုင်းမျိုးနွယ်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြေပြင်ပေါ်တွင် ကြောက်ရွံ့ရိုသေသော အမူအရာဖြင့် ဒူးထောက်လိုက်ကြသည်။
….
တစ်ချိန်တည်းမှာ စတုတ္ထခံစစ်ဧရိယာပေါ်တွင် ရုံးတော်သခင်၏ ပေတစ်သိန်းရှည်လျားသော ဧရာမပုံရိပ်ယောင်ခန္ဓာကိုယ်သည် ထွက်ပေါ်လာသည်။ သူ၏ ခြေဖဝါးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ဦးခေါင်းသည် ကောင်းကင်နှင့် ထိစပ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ၏ တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေပြီး ဘေးပတ်ဝန်းကျင်မှ ကောင်းကင်ကို အရောင်ပြောင်းလဲသွားစေသည်။
တာအိုခေါင်းလောင်းသည် သူ၏ ဘယ်ဘက်တွင် မျောလွင့်နေပြီး ရှေးဟောင်းခေါင်းလောင်းသံများကို ထုတ်လွှတ်နေသည်။ ပေတစ်သိန်းရှည်လျားသော အင်ပါယာဓားသည် သူ၏ ညာဘက်တွင် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။
သူ၏ အနောက်မှ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားပြီး အမြန်လှည့်ပတ်သွားလေရာ ဧရာမမျက်လုံးတစ်လုံးဖြစ်ပေါ်လာသည်။ ထိုဧရာမမျက်လုံးသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာသော ပြည့်အရှင်ကို ကြည့်လိုက်သည်။
“ သရဲအိုကြီး ဝိညာဉ်နီ ”
ရောက်ရှိလာသောပုဂ္ဂိုလ်သည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ပြည်ထောင်လေးခုမှ တစ်ခုဖြစ်သော ဝိညာဉ်နီပြည်ထောင်၏ ပြည့်အရှင်မှလွဲ၍ တခြားလူမဟုတ်ပေ။
ဝိညာဉ်နီပြည့်အရှင်နှင့် ရုံးတော်သခင်တို့ ပေါ်ထွက်လာသည့်အခါ စစ်မြေပြင်သည် သိသာစွာ ပိုင်းခြားခံလိုက်ရပြီး ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်လာသည်။
ရွှေရောင်ပိုက်ကွန်သည် အဖြစ်အပျက်ကို သိသာစွာ ပိုင်းခြားလိုက်ဟန် ရသည်။
ရွှေရောင်ပိုက်ကွန်၏ အပြင်ဘက်တွင် ခမ်းနားမြင့်မြတ်သော တော်ဝင်အရှိန်အဝါတစ်ခုသည် ကမ္ဘာထဲသို့ ပျံ့နှံ့သွားသည်။
ရွှေရောင်ပိုက်ကွန်၏ အတွင်းဘက်တွင် အန္တရာယ်စိတ်ဆန္ဒသည် မြင့်တတ်သွားပြီး လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါသည် ကောင်းကင်ကို လှုပ်ခတ်သွားစေသည်။
ထိုဧရာမပုံရိပ်ကြီးနှစ်ခုမှ ထုတ်လွှတ်နေသော ဖိအားသည် စစ်မြေပြင်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။ ယင်းက ပြည်နယ်တစ်ခုလုံးကို သက်ရောက်မှုရှိလေရာ လင်းလန်ပြည်နယ်မှ မရေမတွက်နိုင်သော သက်ရှိများကို ထိုအခိုက်အတန့်မှာ တုန်လှုပ်ခြောက်ခြားသွားစေသည်။
ဝိညာဉ်နီပြည့်ရှင်နှင့် ဓားကိုင်ရုံးတော်မှ ရုံးတော်သခင်သည် လွန်စွာမှ စွမ်းအားကြီးမားကြသည်။ သူတို့နှစ်ယောက်၏ အကြည့်ချင်း တွေ့ဆုံသွားရုံဖြင့် ကမ္ဘာထဲတွင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အပြောင်းအလဲ ဖြစ်ပေါ်လာသည်။
မရေမတွက်နိုင်သော ကမ္ဘာငယ်ပုံရိပ်များသည် သူတို့နှစ်ယောက်ကြားမှ ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာကြသည်။
ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကြားမှ သဘာဝလွန်ဖြစ်စဉ်တစ်ခုနှင့် ဆင်တူသည်။
ထိုကမ္ဘာငယ်များသည် သူတို့၏ သက်ဆိုင်ရာမူလအစများဆီမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး ကောင်းကင်ပေါ်တွင် အပြန်အလှန် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ မရေမတွက်နိုင်သော အတုယောင်ပုံရိပ်များသည် ထိုကမ္ဘာငယ်များထဲမှ ပျံသန်းထွက်လာကြပြီး ကြမ်းကြုတ်သော တိုက်ပွဲကို ဆင်နွှဲနေကြသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာ ထိုကမ္ဘာငယ်များသည် ဆက်တိုက် ပြိုလဲပျက်စီးသွားကြသည်။
သို့သော်လည်း ပိုမိုများပြားသော ကမ္ဘာငယ်များသည် ဆက်လက်ဖြစ်တည်လာကြပြန်သည်။ ထိုအခါ နှစ်ဖက်စလုံးမှ ကမ္ဘာငယ်များသည် တစ်ခုနှင့်တစ်ခု အလျှင်အမြန် ပေါင်းစည်းသွားကြသည်။
ထိုဖြစ်စဉ်အတွင်း သူတို့နှစ်ယောက်၏ အရှိန်အဝါသည် မြန်ဆန်စွာ မြင့်တတ်သွားနေသည်။ နောက်ဆုံးတွင် ကမ္ဘာငယ်များပေါင်းစည်းခြင်းသည် ပြီးမြောက်သွားပြီး အတုယောင်လောကကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအတုယောင်လောကကြီးသည် သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းနယ်ပယ်အတွင်းမှာ ရှိနေဆဲဖြစ်သည်။
ထိုအဆင့်သို့ရောက်ရှိပြီး အတုယောင်လောကကြီးတစ်ခုကို ဖွဲ့စည်းနိုင်ခြင်းသည် ဗလာနတ္ထိစတုတ္ထအဆင့်ကို ကိုယ်စားပြုသည်။
အကယ်၍ သူတို့သည် ထိုအတုယောင်လောကကြီးကို ပိုအားကောင်းလာအောင် ပျိုးထောင်ပေးပြီး ယင်းကို အစစ်အမှန်သို့ ပြောင်းလဲပစ်နိုင်မည်ဆိုလျှင် သူတို့၏ ပခုံးပေါ်မှာ သယ်ဆောင်ထားနိုင်လိမ့်မည်။ ထို့နောက် ယင်းကို သူတို့၏ ဝိညာဉ်ဖြင့် ပေါင်းစပ်စေပြီး လောကထဲတွင် အပြည့်အဝ အလင်းရောင်ထွန်းလင်းပေးနိုင်မည်ဆိုလျှင် ယင်းသည် လောကအသစ်သို့ ပြောင်းလဲသွားလိမ့်မည်။
ဤသည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ဖြစ်သည်။
သိသာစွာပင် ဝိညာဉ်ပြည့်အရှင်ဖြစ်စေ ရုံးတော်သခင်ဖြစ်စေ သူတို့သည် ထိုအဆင့်ထိ မရောက်ရှိကြသေးပေ။ မည်သို့ဖြစ်စေ ဗလာနတ္ထိစတုတ္ထအဆင့်နှင့် ဝိညာဉ်စုစည်းခြင်းအဆင့်ကြားတွင် ကျော်လွှားရန် မဖြစ်နိုင်ဟန်ရသော ချောက်နက်ကြီးတစ်ခုရှိပေသည်။
သို့တိုင် ဗလာနတ္ထိစတုတ္ထအဆင့် ပုဂ္ဂိုလ်ကို အရှင်သခင်တစ်ပါးဟု သတ်မှတ်နိုင်သေးပေသည်။
သူတို့နှစ်ယောက်၏ သက်ဆိုင်ရာကမ္ဘာငယ်များ အပြန်အလှန် တိုက်ခိုက်နေကြစဉ် ကောင်းကင်သည် အက်ကွဲသွားပြီး တိမ်မည်းများသည် ပြိုလဲသွားကြသည်။ မိုးကြိုးသည် ကြယ်အလင်းရောင်သို့ ပြောင်းလဲသွားပြီး နေရာအနှံ့ ပြန့်ကျဲသွားသည်။
စစ်မြေပြင်ပေါ်တွင် မျိုးနွယ်နှစ်ခုစလုံးမှ အနိမ့်ဆုံးအဆင့်အနေဖြင့် ဝိညာဉ်သိုက်အဆင့်သို့ရောက်ရှိနေကြသော အစွမ်းထက် ပညာရှင်ကျင့်ကြံသူများသာလျှင် ကောင်းကင်ပေါ်သို့ မော့ကြည့်ဝံ့ကြသည်။
မိုက်ရူးရဲဆန်သော တချို့ကျင့်ကြံသူများသည် ကောင်းကင်ပေါ်မှ ထိုပုံရိပ်ကြီးများကို ကိုယ်စွမ်းရှိသည်ထက် အချိန်ခဏပိုကြာအောင် စိုက်ကြည့်ဝံ့ကြသည်။ သို့သော်လည်း မိုက်ရူးရဲဆန်မှုကြောင့် သူတို့၏ မျက်လုံးသည် ဖောင်းကားလာပြီး ပေါက်ကွဲထွက်သွားကြသည်။ လျှပ်တစ်ပြက်အတွင်း သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည်ပင် အမြစ်ဖြတ်ဖျက်ဆီးခြင်းခံလိုက်ရသည်။
ရွှီချင်းသည် သူ၏ စိတ်ထဲသို့ ကြီးမားသော လှိုင်းဂယက်များ ဝင်ရောက်မလာမီ ကောင်းကင်ပေါ်သို့ တစ်ချက်လေးသာ ကြည့်နိုင်ခဲ့သည်။ ထိုလှိုင်းဂယက်များသည် အဆုံးမရှိပေ။ သူ၏ ဝိညာဉ်သည် အပိုင်းပိုင်းဆုတ်ဖြဲသွားတော့မည်ဟန် ခံစားရလာသည်။ ပြင်းထန်သော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် အကောင်းတိုင်း ရှိနေသေးပေသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အကြောင်းအရင်းကို သူသိပေသည်။ သူ၏ ရုပ်ခန္ဓာကိုယ်သည် သူ၏ ဝိညာဉ်ထက် အများကြီး ပိုသန်မာသောကြောင့် ဖြစ်သည်။
သူသည် ခေါင်းဆောင်ပေးခဲ့သော အစိမ်းရောင်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ သူသည် ယင်းကို စုပ်ယူနေရင်း ဘေးပတ်ပတ်လည်မှ လူသားစစ်တပ်များနှင့်အတူ ရွှေရောင်ပိုက်ကွန်ဆီသို့ အလျှင်အမြန် ပြန်ဆုတ်သွားသည်။
ကမ္ဘာတစ်ခွင်ပဲ့တင်ထပ်သွားမည့် ကျယ်လောင်သော မိုးထစ်ချုန်းသံများသည် စစ်မြေပြင်ပေါ်မှ စစ်အသုံးအဆောင်ဓမ္မရတနာအားလုံးကို ဖိနှိပ်လိုက်သည်။
ဤအခိုက်အတန့်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည်တော့ သူတို့၏ တိုက်ပွဲဆန္ဒသည် သိသာစွာ မြင့်တတ်သွားကြသည်။ တပ်မှူးချုပ်၏ အမိန့်ပေးမှုအောက်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် လူသားမျိုးနွယ်၏ စစ်တပ်ဆီသို့ ဒီရေသဖွယ် အမြန်ပြေးသွားကြသည်။
လူသားမျိုးနွယ်က အနောက်သို့ ဆက်လက်ဆုတ်သွားနေစဉ် ဝိညာဉ်နီပြည့်အရှင်၏ အေးစက်စက် စကားသံသည် ကောင်းကင်ပေါ်မှ မြည်ဟိန်းထွက်လာသည်။
“ ခုန်းလျှန်ရှို့ တကယ်လို့ ဖုန်းဟိုင်ဒေသငယ်ရဲ့ ကမ္မကောင်းချီးကသာ မင်းကို လောကကြီးဖွဲ့စည်းဖို့ အကူအညီမပေးခဲ့ဘူးဆိုရင် မင်းက ငါ့ပြိုင်ဘက်ဖြစ်မလာနိုင်ဘူး ”
“ မင်းက သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ပြည့်အရှင်လေးပါးထဲက တစ်ပါးဖြစ်တယ်… ဒါပေမဲ့ မင်းမှာ သန့်စင်ရေလှိုင်းဒေသကြီးရဲ့ ကမ္မကောင်းချီးမရှိဘူး… ဘာလို့လဲ မင်းမသိဘူးလား ”
ရုံးတော်သခင်သည် မထူးမခြားနားစွာ ပြန်ပြောသည်။