← Chapters

ကြေကွဲဖွယ်ရာသတင်း(ခ)

Vol. 46 Ch. 703

ကြေကွဲဖွယ်ရာသတင်း(ခ)

Vol. 46 Ch. 703

ဝမ်ချန်းသည် ရှန်းဟယ်ကို ထောက်ပံ့ရန် သူ၏ အသက်ကို စတေးခဲ့သည်။

စစ်ပွဲရပ်နားထားစဉ်အတွင်း နှစ်ဖက်စလုံးမှ စစ်မြေပြင်ကို ရှင်းလင်းသည့်အခါ ဝမ်ချန်း၏ အလောင်းကို ရှာမတွေ့ခဲ့ကြပေ။ သူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော တခြားအလောင်းများဖြင့် ရောထွေးသွားခဲ့သောကြောင့် ခန္ဓာကိုယ်အပြည့်အစုံကို ပြန်ရရန် မလွယ်ပေ။

ရွှီချင်းသည် အဝေးတစ်နေရာသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ကမ္ဘာသည် မည်းမှောင်နေပြီး မကြာခဏဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ အနီရောင်လင်းလက်သွားလေ့ ရှိသည်။

….

ထိုဦးတည်ရာသည် အနောက်ဘက်စစ်ပွဲဇုန်၏ တခြားရှေ့တန်းတစ်နေရာ ဖြစ်သည်။ ထိုနေရာသည် လောလောဆယ်တွင် ယင်ဟွမ်ပြည်နယ်၏ စစ်တပ် စောင့်ကြပ်နေသောနေရာလည်း ဖြစ်သည်။

ခေါင်းဆောင်သည် ထိုနေရာတွင်ရှိပြီး ဘိုးဘေးရွှယ်လျန့်ကျစ်လည်း ရှိသည်။

“ သူတို့အဆင်ပြေမယ်လို့ ငါမျှော်လင့်တယ် ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။

သူသည် အသံပို့လွှတ်ကျောက်စိမ်းပြားမှတဆင့် သူတို့ထံသို့ အသံမပို့လွှတ်နိုင်ပေ။ စစ်မြေပြင်တွင် အသံပို့လွှတ်ခြင်းကို ကန့်သတ်ထားပြီး တိုက်ပွဲသတင်းများသာလျှင် အသံပို့လွှတ်နိုင်သည်။

ဖိနှိပ်ခြင်းအငွေ့အသက်နှင့် တိတ်ဆိတ်ခြင်းသည် ဤစစ်မြေပြင်၏ စည်းချက်ဖြစ်လာသည်။

သူတို့အတွက် အနားယူရန်နှင့် ပြန်လည်အားဖြည့်ရန်အချိန်သည် လွန်စွာမှ တိုတောင်းလှသည်။

အမိန့်ကျလာသည်နှင့်ချက်ချင်း ခုန်းရှန်းလုံသည် မတ်တတ်ထရပ်လိုက်သည်။ သူက မည်သည့်စကားမှမပြောဘဲ အသွေးအသား အပိုင်းအစများဖြင့် ဖုံးလွှမ်းနေသော စစ်ရုပ်သေးရုပ်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

ထိုစစ်ရုပ်သေးရုပ်သည် ဤခုနစ်ရက်အတွင်း သူတို့ပြောင်းလဲပစ်ခဲ့သော ခုနစ်ကြိမ်မြောက် ရုပ်သေးရုပ်ဖြစ်သည်။

ရှန်းဟယ်သည် သေရည်အိုးကို ဂရုတစိုက် ပြန်သိမ်းဆည်းလိုက်ပြီး လျှောက်သွားသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး ဘေးပတ်ဝန်းကျင်တွင် စုဝေးရောက်ရှိလာကြသော ကျင့်ကြံသူတစ်ရာကျော်နှင့်အတူ စစ်ရုပ်သေးရုပ်ထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက် သူသည် အထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံ ပျံ့လွင့်ထွက်သွားသည်နှင့် စစ်ရုပ်သေးရုပ်၏ တစ်ကိုယ်လုံးသည် ချက်ချင်း တုန်ယင်လာသည်။ ၎င်းသည် ကြမ်းကြုတ်သော ဖိအားကို ဖြည်းညင်းစွာ ထုတ်လွှတ်လိုက်ပြီး စစ်မြေပြင်ဆီသို့ လျှောက်သွားသည်။

စစ်ရုပ်သေးရုပ်ရွေ့လျားသွားသည်နှင့် ၎င်း၏ ကိုယ်ထည်ပေါ်မှ အရိုးအဆစ်များကြားထဲတွင် ညပ်နေသော အသွေးအသား အပိုင်းအစများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ထိုအသွေးအသားများသည် ရိတ်သိမ်းသူများထံမှ ဖြစ်သည်။ သို့သော်လည်း အများစုသည် သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများထံမှ ဖြစ်သည်။

ထိုအသွေးအသားများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် ၎င်းအနောက်မှ လိုက်ပါလာကြသော စစ်ရုပ်သေးရုပ်များ၏ နင်းခြေဖျက်ဆီးခြင်းခံလိုက်ရသည်။

ရွှီချင်းသည် စစ်ရုပ်သေးရုပ်၏ ဘယ်ဘက်လက်ကို တာဝန်ယူရပြီး ၎င်း၏ အဖျက်အဆီးစွမ်းအားကို ထိန်းချုပ်ထားသည်။

သူသည် စစ်ရုပ်သေးရုပ်၏ ကိုယ်တွင်းထဲတွင် တင်ပျဉ်ခွေလျက်ထိုင်နေပြီး အကာအကွယ်မျက်နှာပြင်ပေါ်မှတဆင့် ချဉ်းကပ်ရောက်ရှိလာသော စစ်မြေပြင်ကို ကြည့်လိုက်သည်။ သူ့ကိုယ်သူ သတိမထားမိခင်မှာပင် သူ၏ အမူအရာသည် တခြားသူများနည်းတူ မှင်သေသွားသည်။ ဤသည်မှာ အကြင်နာမဲ့ရက်စက်သော စစ်ပွဲ၏ သဘောသဘာဝကြောင့် ဖြစ်ပေသည်။

စွန့်ပစ်ရုပ်သေးရုပ်တောင်ကို သူဖြတ်ကျော်သွားသည့်အခါ ထိုနေရာတွင် သက်ရှိလူဟူ၍ တစ်ယောက်မှမရှိတော့သည်ကို ရွှီချင်း မြင်သွားသည်။

သူ့အား အသက်ရှင်လျက်ပြန်လာရန် အော်ပြောခဲ့သော ဒုက္ခိတအဖိုးအိုသည် စွန့်ပစ်ရုပ်သေးရုပ်အကြွင်းအကျန်များကြားတွင် လဲလျောင်းနေသည်။ ခရမ်းနက်အရှိန်အဝါက သူ့ကို ဝိုင်းရံထားလေရာ ဒြပ်နှောများ၏ စားသုံးခြင်းခံနေရသည်မှာ သိသာရှင်းလင်းသည်။

ရွှီချင်းသည် နန်းဟွမ်ကုန်းမြေတွင် အလောင်းများစွာကို မြင်ဖူးသည်။

လူသန်းပေါင်းများစွာပါဝင်သော စစ်မြေပြင်တွင် တစ်စုံတစ်ယောက်၏ သေဆုံးမှုသည် သူ၏ ရင်းနှီးသော အပေါင်းအဖော်များနှင့် မှတ်တမ်းပြုစုသူမှလွဲ၍ တခြားလူများ၏ သတိပြုခြင်းခံရမည်မဟုတ်ပေ။

သူသည် တိတ်ဆိတ်စွာ သေဆုံးသွားလိမ့်မည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နောက်အခိုက်အတန့်မှာ သူပါဝင်သော စစ်ရုပ်သေးရုပ်သည် ရွှေရောင်ပိုက်ကွန်ထဲမှ ပြေးထွက်လာပြီး စစ်တပ်များမှ တခြားသော စစ်ရုပ်သေးရုပ်တစ်သောင်းဖြင့် စုစည်းသွားသည်။ ထို့နောက် သူတို့အုပ်စုသည် သန့်စင်ရေလှိုင်းမျိုးနွယ်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

အချိန်သည် ဆက်လက်ကုန်ဆုံးသွားသည်။

ဆယ်ရက်မြောက်နေ့ နေဝင်ရီတရောအချိန်တွင် ရုံးတော်သခင်သည် ပြန်ရောက်လာသည်။

ရုံးတော်သခင်ပြန်ရောက်လာမှုသည် ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်ကို သိသာစွာ စိတ်ဓာတ်တိုးမြှင့်သွားစေသည်။ လူတိုင်း၏ မျက်လုံးသည် အရောင်တချို့ တောက်ပလာဟန် ရသည်။

ရုံးတော်သခင်ပြန်ရောက်လာသောကြောင့် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် အနားယူရန်နှင့် အားအင်ဖြည့်တင်းရန် အနောက်ဆုတ်သွားကြသည်။ ထိုအခါ စစ်ပွဲသည် ခဏရပ်သွားသည်။

ထိုအတောအတွင်း နှစ်ဖက်စလုံးသည် တပ်ဖွဲ့ငယ်များကို စစ်မြေပြင်ဆီသို့ စေလွှတ်ပြီး သူတို့မျိုးနွယ်ဘက်မှ ခန္ဓာကိုယ်အကောင်းပကတိအတိုင်း ရှိနေကြသေးသော အလောင်းများကို ရနိုင်သမျှ ပြန်သယ်ယူကြသည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူတို့သည် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နိုင်ခြေရှိသော်လည်း များသောအားဖြင့် မလိုအပ်လျှင် တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်သွားကြလေ့ ရှိသည်။

ရွှီချင်းသည် ခုန်းရှန်းလုံ၏ အဖွဲ့ထဲမှ ထွက်ခွာသွားပြီး ရုံးတော်သခင်၏ အဓိကရွက်ဖျင်တဲဆီသို့ ပြန်သွားသည်။

ရုံးတော်သခင်ကို ရွှီချင်းမြင်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ သူ၏ မျက်လုံးထဲ၌ သိပ်သည်းသော အသက်မီးတောက်အလင်း ထွက်ပေါ်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါသည် ယခင်ထက်ပင် ပို၍အားကောင်းနေသည်။

ဤသည်မှာ အဓိပ္ပာယ်မရှိပေ။

ရုံးတော်သခင်နှင့် ဝိညာဉ်နီပြည့်ရှင်ကြားမှ တိုက်ပွဲသည် ရက်အတော်ကြာခဲ့သည်။ ထို့ကြောင့် သူက ဒဏ်ရာသေးသေးလေးပင် မရခဲ့သည်မှာ မဖြစ်နိုင်ပေ။

ရွှီချင်းသည် ရုံးတော်သခင်ကို ကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် ကျောက်ရှာပြည်နယ်တွင် သူရှာတွေ့ခဲ့သော သတင်းအချက်အလက်ကို ရုံးတော်သခင်အား ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာ သူက ရုံးတော်သခင်၏ တုံကင်ကို ထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ရုံးတော်သခင်သည် တုံကင်ကို ယူလိုက်သည်။ သူက တုံကင်ကို တစ်ချက်ကြည့်ပြီးနောက် ရွှီချင်းဆီသို့ ပြန်ပစ်ပေးလိုက်သည်။

“ ဒီလိုတုံကင်မျိုးက စုစုပေါင်းနှစ်ခုပဲရှိတယ်… ဒီတစ်ခုကို မင်းယူထားလိုက်… အဲ့ဒါက အနာဂတ်မှာ မင်းကိုယ်မင်း ကာကွယ်နိုင်အောင် အကူအညီပေးနိုင်လောက်တယ်… ဒေသအကြီးအကဲအသစ် ရောက်လာလို့ တုံကင်က အခွင့်အာဏာအားလုံးကို ဆုံးရှုံးသွားရင်တောင် အဲ့ဒီထဲမှာ ငါအပ်နှင်းထားတဲ့ တားမြစ်ဓမ္မရတနာကို တစ်ကြိမ်အသက်သွင်းနိုင်မယ့် အခွင့်အာဏာက ပြန်ဖြတ်သိမ်းမခံရနိုင်ဘူး ”

“ ရုံးတော်သခင်… ”

ရွှီချင်းသည် သူ၏ အရှေ့မှ အဖိုးအိုကို ကြည့်လိုက်သည်။ ခံစားချက်လှိုင်းများသည် သူ၏ ရင်ဘက်ထဲတွင် ထွက်ပေါ်လာသည်။

“ စစ်မြေပြင်နဲ့ပတ်သက်ပြီး တချို့ကို မင်းနားလည်လောက်ပြီ ဟုတ်တယ်မလား ”

ရုံးတော်သခင်သည် ရွှီချင်း၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ သူက ရွှီချင်းကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

သူသည် ရွှီချင်းသည် အလွန်မြင့်မြင့် တွေးထားသည်။ အစကတော့ သူသည် ရွှီချင်းကို အချိန်အတော်ကြာ အာရုံစိုက်ပြီး သူ့ကို နောင်အရိုက်အရာဆက်ခံမည့် လူများထဲမှတစ်ယောက်အဖြစ် သေသေချာချာ ပျိုးထောင်ပေးမည်ဟု စီစဉ်ထားခဲ့သည်။ သို့သော်လည်း စစ်ပွဲရောက်ရှိလာမှုသည် အရာအားလုံးကို ပြောင်းလဲသွားစေသည်။

အချိန်သည် အလုံအလောက်မရတော့ပေ။

“ ကျွန်တော် တချို့တလေကို နားလည်ထားပါတယ် ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ညင်သာစွာ ပြောသည်။

“ အဲ့ဒါဆို ငါ့အမိန်တွေကို သံတော်ဆင့်အနေနဲ့ လိုက်ပြီးမှတ်တမ်းတင်ပါ ”

တည်ငြိမ်စွာ စကားပြောနေရင်း ရုံးတော်သခင်၏ အကြည့်သည် ကြီးမားသော စစ်ရွက်ဖျင်တဲ၏ အပြင်ဘက်သို့ ကျရောက်သွားသည်။

ရွှီချင်းသည် မှတ်တမ်းတင်သော ကျောက်စိမ်းပြားကို ချက်ချင်း ထုတ်လိုက်သည်။

“ အမှတ်(၆)နဲ့ အမှတ်(၇)စစ်တပ်ကို (၅၀၀၀)ကီလိုမီတာအကွာဆီ ဆုတ်ခွာစေပြီး ပဉ္စမခံစစ်ဧရိယာမှာ တပ်စခန်းချဖို့ အမိန့်ချတယ် ”

“ ယင်ဟွမ်ပြည်နယ်နဲ့ ရွှီကျောက်ပြည်နယ်က စစ်တပ်တွေကို (၁၉၀၀၀)ကီလိုမီတာအကွာဆီ ဆုတ်ခွာစေပြီး ထာဝရမိုးတောင်တန်းဒေသမှာ အခြေချထားဖို့ အမိန့်ချတယ် ”

“ အမှတ်(၄)နဲ့ အမှတ်(၅)စစ်တပ်ကို (၃၅၀၀၀)ကီလိုမီတာအကွာဆီ ဆုတ်ခွာစေပြီး ယုထျန်းပြည်နယ်က နယ်စပ်မှာ တပ်စခန်းချထားဖို့ အမိန့်ချတယ် ”

“ အကျဉ်းထောင်ဌာနကို လင်းလန်ပြည်နယ်တစ်လျှောက် ပျံ့နှံ့စေပြီး ပြည်နယ်ထဲ ခိုးဝင်လာကြတဲ့ ဝတ်ရုံနက်အစောင့်အရှောက်အားလုံးကို သုတ်သင်ပစ်ဖို့ အမိန့်ချတယ်… သူတို့က ယုထျန်းပြည်နယ်အထိ စစ်တပ်ချီတတ်နိုင်အောင် လမ်းကြောင်းရှင်းပေးရမယ် ”

“ အခုချိန်ကစပြီး အချိန်တိုင်းမှာ ယုထျန်းပြည်နယ်က အရွယ်အစားကြီးမားတဲ့ တည်နေရာပြောင်းရွှေ့အစီအရင်တွေကို အသက်သွင်းဖို့ အမိန့်ချတယ် ”

“ အမှတ်(၁)စစ်တပ်ကို ယုထျန်းပြည်နယ်နဲ့ ချီလင်းပြည်နယ်ဆီ ဦးတည်သွားစေပြီး မြေမီးတောက်ရဲ့ လောင်ကျွမ်းမှုကို စစ်ဆေးဖို့နဲ့ ပြည်နယ်နှစ်ခုက သေမျိုးတွေကို ဘေးကင်းရာကို အမြန်ရွှေ့ပြောင်းပေးဖို့ လျှို့ဝှက်အမိန့်ချတယ် ”

ရွှီချင်းသည် ထိုအမိန့်များကိုကြားသည့်အခါ ခေါင်းမော့လိုက်ပြီး ရုံးတော်သခင်ကို ကြည့်လိုက်သည်။

“ ရုံးတော်သခင် ကျွန်တော်တို့ ဒီအမိန့်တွေအတိုင်း ဆောင်ရွက်မယ်ဆိုရင် ဒီနေရာမှာ ဓားကိုင်ရုံးတော်အပြင် အမှတ်(၂)နဲ့ အမှတ်(၃)စစ်တပ်ပဲ ကျန်နေပါလိမ့်မယ် ”

ရုံးတော်သခင်သည် မျက်လုံးပိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အမိန့်တော် ထုတ်ပြန်စေ ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး နောက်ဆုတ်သွားသည်။ သူသည် စစ်ရွက်ဖျင်တဲထဲမှ မထွက်သွားမီ ရုံးတော်သခင်ဆီသို့ မပြောမဖြစ်ပြောလိုက်သည်။

All Chapters