ကြေကွဲဖွယ်ရာသတင်း(ဃ)
Vol. 46 Ch. 705
တစ်စုံတစ်ခုမူမမှန်ကြောင်း အာရုံခံမိကြသူများလည်း ရှိသည်။ သူတို့သည် ရွှီချင်းနှင့် ရုံးတော်သခင်ထံသို့ ကြည့်လိုက်ကြသည်။
ရုံးတော်သခင်၏ ခန္ဓာကိုယ်သည် တသိမ့်သိမ့်တုန်သွားလေရာ သူသည် ရွှီချင်းရရှိခဲ့သော တိုက်ပွဲသတင်းကို ဒေသငယ်မြို့တော်၏ ဓမ္မရတနာအခွင့်အာဏာမှတဆင့် ဖတ်ရှူပြီးကြောင်း သိသာပေသည်။
ရုံးတော်သခင်သည် ဓားကိုင်ရုံးတော်၏ ရုံးတော်သခင်ဖြစ်သည်။ သူသည် မည်မျှကြမ်းတမ်းသော ဆူနာမီလှိုင်းလုံးကြီးများနှင့် ရင်ဆိုင်တွေ့ကြုံရပါစေ ကျောက်ဆောင်ကြီးတစ်ခုနှယ် မလှုပ်မယှက် အမြဲရှိနေခဲ့သည်။ သူသည် ယခင်တုန်းက ဖုန်းဟိုင်ဒေသငယ်၏ အကြမ်းတမ်းဆုံးသော အခြေအနေများမှာပင် စိတ်တည်ငြိမ်နေခဲ့သူ ဖြစ်သည်။ သို့သော် ယခုအခါမှာတော့ လူတိုင်း၏ အရှေ့တွင် ပထမဆုံးအကြိမ် သူ၏ မျက်နှာပေါ်မှာ ဝမ်းနည်းပူဆွေးသော အမူအရာ ဖြစ်ပေါ်လာသည်။
….
သူက မြောက်ဘက်ဒေသသို့ ဦးတည်ကြည့်လိုက်သည်။
သို့သော်လည်း ခန္ဓာကိုယ်တုန်ယင်မှုဖြစ်စေ ဝမ်းနည်းပူဆွေးသော အမူအရာဖြစ်စေ စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ နောက်တစ်စက္ကန့်မှာ ညင်သာသိမ်မွေ့သော ထိုစိတ်ခံစားမှုအားလုံးသည် ရုံးတော်သခင်၏ မျက်နှာပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ၏ ခန္ဓာကိုယ်သည် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ သူ၏ အမူအရာသည် တည်ကြည်လေးနက်ပြီး သူ၏ အကြည့်သည် ခိုင်မြဲနေဆဲ ဖြစ်သည်။
“ ရုံးတော်သခင်… ”
အမှတ်(၂)နှင့် အမှတ်(၃)စစ်တပ်မှ မဟာအကြီးအကဲများသည် တုံ့ဆိုင်းနေကြသည်။
“ ရွှီချင်း သူတို့ကို ဖတ်ပြလိုက် ”
ရုံးတော်သခင်သည် တည်ငြိမ်စွာ ပြောသည်။ ယခုကဲ့သို့အခြေအနေမှာပင် သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲပင်။
ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ မြောက်ဘက်ရှေ့တန်းကနေ တိုက်ပွဲသတင်းရောက်လာတယ် ”
“ မြောက်ဘက်စစ်မြေပြင်က တားမြစ်ပိုက်ကွန်က ပြိုလဲပျက်စီးသွားပြီး ပြန်ဖွဲ့စည်းလို့မရတော့ဘူး… မျိုးနွယ်အသီးသီးရဲ့ စုပေါင်းမဟာမိတ်စစ်တပ်က ကြီးမားတဲ့ ရှုံးနိမ့်မှုကို တွေ့ကြုံခဲ့ရတယ်… သေကြေပျက်စီးမှုက မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့တယ် ”
“ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ကောင်းကင်လေပြည်ထောင်နဲ့ မြေပြည်ထောင်စစ်တပ်က ထိုက်ဟီပြည်နယ်ထဲကို ကျူးကျော်ဝင်ရောက်လာကြတယ် ”
“ တရားရေးရုံးတော်သခင်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ် ”
“ ပြည်ထဲရေးရုံးတော်သခင်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ် ”
“ မြောက်ဘက်စစ်မြေပြင်ကို ဦးဆောင်ချီတတ်သွားကြတဲ့ ယောင်မိသားစုဝင်အားလုံးက တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတယ်… အမတ်ယောင်က စစ်မြေပြင်မှာ ပျောက်ဆုံးသွားခဲ့တယ်… သူ့ရဲ့ကံကြမ္မာကို မသိရသေးပါဘူး ”
ရွှီချင်း၏ စကားက လက်ထောက်ရုံးတော်သခင်နှင့် လူတိုင်း၏ နားထဲသို့ဝင်ရောက်သွားသောအခါ ယင်းက မိုးကြိုးပစ်သံအလား သူတို့၏ နားထဲတွင် ပေါက်ကွဲထွက်သွားဟန် ရသည်။ သူတို့၏ အသက်ရှူသံသည် ရပ်တန့်သွားကြပြီး အားလုံးသည် ရုံးတော်သခင်ထံသို့ ကြည့်လိုက်ကြသည်။
သို့သော်လည်း ရုံးတော်သခင်သည် အော်ရယ်လိုက်သည်။
“ ဟား ဟား… ငါနောက်ဆုံးတော့ နားလည်သွားပြီ… ဘာမှမကြောက်ကြနဲ့ ဘာမှမကြောက်ကြနဲ့ ”
ရုံးတော်သခင်သည် စစ်မြေပြင်ကိုကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ နောက်ဆုံးတိုက်ပွဲရောက်လာပြီ ”
ရုံးတော်သခင်၏ အော်သံ မြည်ဟိန်းထွက်သွားသည်နှင့်ချက်ချင်း စစ်မြေပြင်ပေါ်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများသည် တူညီသော တိုက်ပွဲသတင်းကို ရရှိသွားကြဟန် တူသည်။ ဝမ်းမြောက်ဝမ်းသာသော အော်ဟစ်သံများသည် သူတို့တစ်ဦးချင်းစီထံမှ ထွက်ပေါ်လာကြပြီး အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ ထို့နောက် စစ်တပ်သည် တစ်ညီတစ်ညာတည်း အနောက်ဆုတ်သွားကြသည်။
မကြာမီ သူတို့သည် စစ်မြေပြင်မှ တပ်ဆုတ်သွားကြပြီး ကောင်းကင်တောင်ရိုးဆီသို့ ဆုတ်ခွာသွားကြသည်။ ကောင်းကင်ပေါ်မှ ရွမ်းဗတ်ပုံသဏ္ဍာန် ဓမ္မရတနာများသည်လည်း ပြန်ဆုတ်ခွာသွားကြသည်။
သူတို့၏ ထွက်ခွာသွားမှုကြောင့် ကောင်းကင်ပေါ်မှ တိမ်တိုက်များသည် အတော်လေး ပါးလွှာသွားသည်။ ထိုအခါ အလွန်ကြီးမားသော ဝဲကတော့သည် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
အနက်ရောင်နှင်းသည် ရေတံခွန်သဖွယ် ဝဲကတော့ထဲမှ ဖြာဆင်းကျလာသည်။ ထိုအခိုက်အတန့်မှာ မြေပြင်ပေါ်မှ မရေမတွက်နိုင်သော လက်ပြတ်ကြီးများသည် သံမဏိကြိုးများကို ဆုပ်ကိုင်လျက် အရူးအမူး ဆောင့်ဆွဲနေကြသည်။ သေခြင်းအငွေ့အသက်ပါရှိသော အသက်ရှူသံသည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ ပျံ့လွင့်ထွက်လာသည်။
သေခြင်းအငွေ့အသက် တစ်စွန်းတစ်စဖြင့်ပင် ကောင်းကင်သည် ဆောင်းရာသီ၏ နေဝင်ဆည်းဆာချိန်သို့ ပြောင်းလဲသွားသည်။ အလွန်ထူထဲသော အမှောင်ထုသည် ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။
မြူခိုးစိမ်းသည် မြေကြီးထဲမှ မြှောက်တတ်လာသည်။
ဝဲကတော့အတွင်းထိ ရှည်ထွက်နေသော သံမဏိကြိုးများသည် အလျှင်အမြန် အေးခဲသွားကြပြီး ရေခဲသံကြိုးများသို့ ပြောင်းလဲသွားကြသည်။
စစ်မြေပြင်ပေါ်မှ သန့်စင်ရေလှိုင်းမျိုးနွယ် ပြန်ဆုတ်ခွာသွားပြီးနောက် ကမ္ဘာမြေတုန်ဟီးစေမည့် ဧရာမပုံရိပ်နှစ်ခုသည် ကောင်းကင်တောင်ရိုး၏ ဘယ်ဘက်နှင့် ညာဘက်တွင် ထွက်ပေါ်လာကြသည်။
ဘယ်ဘက်မှ ပုဂ္ဂိုလ်သည် ဝိညာဉ်နီပြည့်ရှင်ဖြစ်သည်။
ညာဘက်မှ ပုဂ္ဂိုလ်သည် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူဆောင်းထားသည်။ သိသာစွာပင် သူသည်လည်း သန့်စင်ရေလှိုင်းမျိုးနွယ်၏ လေးပြည်ထောင်မှ ပြည့်အရှင်တစ်ပါး ဖြစ်သည်။
သူတို့၏ ရှည်လျားသော ပုံရိပ်ကြီးများသည် ကောင်းကင်နှင့်ပင် ထိစပ်နေကြသည်။ သူတို့သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရုံးတော်သခင်တည်ရှိရာ ကြီးမားသော စစ်ရွက်ဖျင်တဲဆီသို့ စိုက်ကြည့်လိုက်ကြသည်။
“ ခုန်းလျှန်ရှို့ မြောက်ဘက်စစ်မြေပြင်က ပြိုလဲပျက်စီးသွားပြီ… ငါတို့စစ်တပ်က ဖုန်းဟိုင်ဒေသငယ်ထဲကို ဝင်ရောက်ပြီးနေပြီ… ပြီးတော့ ကောင်းကင်နက်မျိုးနွယ်ရဲ့ ဒေသစစ်လက်နက်က သက်ဆင်းလာနေတယ်… အားလုံးက အဆုံးသတ်တော့မယ် ”
“ ဒေသစစ်လက်နက်ဆိုတာဘာလဲ မင်းသိတယ်တယ်မလား… ဒါကြောင့် အဲ့ဒါကို ရပ်တန့်ဖို့ မင်းကြိုးစားနိုင်တယ်… ငါတို့တွေ ဝင်မစွက်ဖက်ဘူး… ဒါပေမဲ့ အဲ့ဒါကို မင်းရပ်တန့်နိုင်မှာ မဟုတ်ဘူး ”
ကျယ်ပြောသော အသံသည် ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ရွက်ဖျင်တဲများ၏ အပြင်ဘက်မှ ဓားကိုင်အားလုံးသည် စိတ်ဓာတ်ပြတ်သားသော အမူအရာဖြင့် ရပ်နေကြပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။ ရုံးတော်သခင်သည် ခေါင်းမော့လိုက်ပြီး ကောင်းကင်တောင်ရိုးပေါ်တွင် မတ်တတ်ရပ်နေကြသော ပြည့်အရှင်နှစ်ပါးကို ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်သော အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ အင်း… အားလုံးက အဆုံးသတ်တော့မယ် ”
ထို့နောက် ရုံးတော်သခင်သည် နူးညံ့စွာ မပြောခင် ခေါင်းလှည့်လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်ကို ကြည့်လိုက်သည်။
“ အမိန့်တော်ချမှတ်တယ်… အမှတ်(၂)နဲ့ အမှတ်(၃)စစ်တပ်က အခုချက်ချင်း (၅၀၀၀)ကီလိုမီတာအကွာကို ဆုတ်ခွာကြပါ… မင်းတို့ဘယ်သူမှ မတိုက်ခိုက်ရဘူး ”
“ ဖုန်းဟိုင်ဒေသငယ်က ကျင့်ကြံသူအားလုံး ဘယ်သူမှ တိုက်ခိုက်ဖို့ ခွင့်မပြုဘူး ”
“ တခြားစစ်တပ်ရှစ်တပ်က သူတို့ရဲ့ သက်ဆိုင်ရာ ဌာနစခန်းတွေမှာပဲ နေကြပြီး အဲ့ဒီနေရာကို စောင့်ကြပ်ကာကွယ်ကြပါ… ဒီတိုက်ပွဲမှာ မင်းတို့မပါဝင်ရဘူး ”
“ ဒီနေရာက ဓားကိုင်တွေအားလုံး (၅၀၀၀)ကီလိုမီတာအကွာကို ဆုတ်ခွာကြပါ ”
ရုံးတော်သခင်၏ စကားသံဆုံးသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ ရွှီချင်းသည် ရုံးတော်သခင်ကို ဆတ်ခနဲ ကြည့်လိုက်သည်။
ဓားကိုင်ရုံးတော်၏ လက်ထောက်ရုံးတော်သခင်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ ဇရာအိုနေသော မျက်နှာပေါ်တွင် စိတ်ပျက်သောအရိပ်အယောင် တစ်စွန်းတစ်စရှိနေပြီး သူက ဝမ်းနည်းသော လေသံဖြင့် ပြောသည်။
“ အရှင်က ကိုယ့်ကိုယ်ကိုကလွဲလို့ ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ ခွင့်မပြုဘူး… ရုံးတော်သခင် ကျုပ်က အရွယ်အိုနေပါပြီ… ရုံးတော်သခင်နဲ့အတူ တိုက်ပွဲဝင်ပါရစေ ”
“ ရုံးတော်သခင်… ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်မားပါဘူး… ဒါပေမဲ့ ကျုပ်ရဲ့သွေးက အခုထိ နွေးနေဆဲပါပဲ… အဲ့ဒီဒေသစစ်လက်နက်ရဲ့ အအေးဓာတ်က ဘယ်လောက်သန်မာလဲ ကျုပ်ရင်ဆိုင်ကြည့်ဖို့ ဆန္ဒအရမ်းပြင်းပြနေပါတယ် ”
စီမံခန့်ခွဲရေးမှူးစစ်မာသည် သေဆုံးရန် အသင့်ပြင်ထားကြောင်း သူ၏ မျက်လုံးထဲတွင် ပေါ်လွင်ထင်ရှားသည်။ သူသည် ပြုံးလျက်ပင် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
“ စီမံခန့်ခွဲရေးမှူးလေးယောက်ထဲမှာ အကိုကျိုးနဲ့ အကိုဆုံက ထွက်သွားကြပြီ… စစ်မာနဲ့ကျုပ်ပဲ ကျန်တော့တယ်… ရုံးတော်သခင် အရှင်တစ်ယောက်တည်း မစွန့်စားရဘူး… ကျုပ်လည်း အရှင့်နောက်ကို လိုက်မယ် ”
ရွှီချင်းတို့အသုတ်၏ ကျမ်းကျိန်ဆိုမှုကို သဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့သော စီမံခန့်ခွဲရေးမှူးစွန်းသည် ပြုံးလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။ ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ အအေးဓာတ်သည် သိသိသာသာ ပိုပြင်းထန်လာသည်။
ကောင်းကင်သည် လုံးလုံးလျားလျား မည်းမှောင်သွားသည်။ ဝဲကတော့လှည့်ပတ်သွားသည်နှင့် အေးစက်စက် လေကြမ်းများသည် တဟူးဟူး တိုက်ခတ်လာကြပြီး ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားကြသည်။ ဤသည်မှာ နှင်းမြူထုအကာအကွယ်အလွှာတစ်ခုက အရာအားလုံးကို ဖုံးအုပ်သွားသည့်အလားပင်။
လေကြမ်းဖြတ်သန်းသွားသည့်နေရာတိုင်း တိမ်တိုက်များနှင့် မြူခိုးသည် အေးခဲသွားဟန် ရသည်။ မြေကြီးထဲမှ မြှောက်တတ်လာနေသော မြူခိုးစိမ်းသည်လည်း လေထဲတွင် အေးခဲသွားပြီး အချွန်အတတ်များဖြင့် ရေခဲတိုင်လုံးများသို့ ပြောင်းလဲသွားကြသည်။ ယင်းတို့ကို တစ်ချက်ကြည့်ရုံဖြင့်ပင် နှလုံးထဲထိ ထိုးဖောက်ဝင်လာမည့် အရိုးခိုက်ခိုက်တုန်သော အအေးဓာတ်ကို ခံစားရလိမ့်မည်။
ရုံးတော်သခင်သည် တည်ငြိမ်စွာ ပြောသည်။
“ ငါက ရုံးတော်သခင်ဖြစ်နေသေးလား ”
လူတိုင်းသည် နှုတ်ဆိတ်သွားသည်။
“ မင်းတို့ ဓားကိုင်ရုံးတော်ကို အဆုံးသတ်စေချင်လား ”
“ လူသားစစ်သည်တော်တွေက အလဟဿ သေဆုံးခဲ့ကြတာလား ”
“ မင်းတို့အားလုံး ငါ့အမိန့်ကို နာခံသင့်တယ် ”
ရုံးတော်သခင်သည် အေးစက်စက်လေသံဖြင့် ပြောသည်။ ထို့နောက် သူက စစ်မြေပြင်ဆီသို့ လျှောက်သွားသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်လေရာ ပြင်းထန်သော မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်ဆီသို့ တိုးဝင်သွားသည်။ မုန်တိုင်းသည် ထိုဧရိယာတစ်လျှောက် တိုက်ခတ်သွားလေရာ ခံစစ်ဧရိယာအတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်ယင်သွားစေသည်။ သူတို့သည် အတင်းအကျပ် ပေတစ်သိန်းအကွာအဝေးသို့ ဆုတ်ခွာသွားကြသည်။
မည်းမှောင်နေသော ကမ္ဘာထဲတွင် စစ်ချပ်ဝတ်ကို တစ်ခါမှမချွတ်ခဲ့သော အထီးကျန်ပုံရိပ်တစ်ခုသည်သာ စတုတ္ထခံစစ်ဧရိယာထဲတွင် ကျန်ရှိနေတော့သည်။
သဲဝါသည် လေထဲသို့ မြှောက်တတ်သွားပြီး အအေးဓာတ်သည် မြေကြီးထဲမှ ပေါ်ထွက်လာသည်။
အရာအားလုံးကို နှင်းမြူက ဖုံးလွှမ်းထားသည်။
ထိုအထီးကျန်ပုံရိပ်သည် အဝေးသို့ ဆက်လျှောက်သွားသည်နှင့် သူ၏ အရှိန်အဝါသည် သာမန်သထက် ပိုမိုသန်မာလာသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်ပေါ်မှ တာအိုခေါင်းလောင်းသည် တဝီဝီမြည်သံကို ထုတ်ဖော်လိုက်သည်။ ယင်းသည် ကြေးနီခေါင်းတလားများ၏ အထပ်ထပ်ဝန်းရံထားမှုကြားမှ ထွက်ခွာလာပြီး ဝဲကတော့ကို ဖိနှိပ်ရန် ပျံသန်းသွားသည်။
ထို့နောက် ရုံးတော်သခင်၏ အက်ရှရှအသံသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။
“ ဝိညာဉ်နီ လမြူခိုး… မင်းတို့နှစ်ယောက် ငါနဲ့တိုက်ခိုက်ရဲလား ”