တစ်ကိုယ်တည်းရပ်ခြင်း… ထာဝရသူရဲကောင်းများ(ခ)
Vol. 46 Ch. 707
ဤတစ်ကြိမ်တွင် လမြူခိုးပြည့်ရှင်သည်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့် အရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက ဝိညာဉ်နီပြည့်ရှင်၏ ဘေးတွင် ရပ်လိုက်ပြီး အတူတကွ တိုက်ခိုက်လိုက်သည်။
ကောင်းကင်နှင့် မြေပြင်သည် ပြိုကျပျက်စီးသွားပြီး စွမ်းအင်အတတ်အကျလှိုင်းများသည် အရပ်မျက်နှာပေါင်းစုံသို့ ဆက်လက် ရိုက်ခတ်သွားသည်။
အရာအားလုံးသည် စတင်ဝေဝါးလာပြန်သည်။
….
ဤတစ်ကြိမ် ဝေဝါးလာရသည့် အကြောင်းအရင်းသည် ဖရိုဖရဲဖြစ်မှုနှင့် ပုံပျက်တွန့်လိမ်မှုကြောင့် မဟုတ်ပေ။ ထို့အတူ မြူနှင်းထုနှင့် ကောင်းကင်ပြိုကျပျက်စီးမှုကြောင့်လည်း မဟုတ်ပေ။ ယင်းအစား အဓိကအကြောင်းအရင်းသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျနေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်း ဖြစ်သည်။
ရွှီချင်း၏ အမြင်အာရုံသည်ပင် ဝေဝါးသွားသည်။ ပုံရိပ်သုံးရိပ်က အသေအကြေ တိုက်ခိုက်နေကြသည်ကိုသာ မသဲမကွဲ သူမြင်နိုင်သည်။ သူတို့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်လိုက်သည့်အခါတိုင်း ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာကြသည်။
ထိုပေါက်ကွဲသံသည် မိုးထစ်ချုန်းသံကို ကျော်လွန်သွားမည့် အသံလှိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး လူတိုင်း၏ စိတ်ထဲတွင် ပြည့်နှက်သွားသည်။ ယင်းသည် သူတို့ကို အတင်းအကျပ် အနောက်ဆုတ်သွားစေသည်။
ထို့အတူပင် သန့်စင်ရေလှိုင်းမျိုးနွယ်သည်လည်း အနောက်ဆုတ်သွားကြသည်။
ဓားချီသည် ကြမ်းကြုတ်စွာ ပေါ်ထွက်လာပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက်တွင်ရှိသော အရာအားလုံးကို ဖျက်စီးပစ်နေသည်။
နောက်အခိုက်အတန့်တွင် မိုးခြိမ်းသံပမာ ကျယ်လောင်သော ဟိန်းသံတစ်သံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး အက်ကွဲသံသည် သူ့အနောက်မှ လိုက်ပါလာသည်။ ထိုအခိုက်အတန့်မှာ မြေပြင်ပေါ်မှ မြှောက်တတ်သွားကြပြီး လေထဲတွင် မျောလွင့်နေကြသော မြေကြီးအပိုင်းအစများသည် ပေါက်ကွဲထွက်သွားကြသည်။ ထို့နောက် ပုံရိပ်သုံးရိပ်သည် လူစုကွဲသွားကြပြီး တစ်နေရာစီတွင် ရပ်လိုက်ကြသည်။
သို့မှသာ အရာအားလုံးသည် ကြည်လင်ရှင်းလင်းလာတော့သည်။
ရုံးတော်သခင်၏ ခြေလှမ်းသည် နောက်ဆုံးမှာတော့ နှောင့်ယှက်ခံလိုက်ရသည်။ သူသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ဝိညာဉ်နီပြည့်ရှင်နှင့် လမြူခိုးပြည့်ရှင်၏ အနောက်ဘက်မှ ကောင်းကင်တောင်ရိုးထက်ဝက်ကျော်သည် ပြိုလဲပျက်စီးသွားပြီး မျက်စိတစ်ဆုံးရှည်ထွက်နေသော လျှိုမြောင်အများအပြားသည် ထွက်ပေါ်လာကြသည်။ ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်မှ ကျင့်ကြံသူအားလုံးနှင့် ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်စစ်တပ်သည် ခေါင်းမော့လိုက်ကြသည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ အဆုံးမရှိသော လှိုင်းဂယက်များသည် သူတို့၏ နှလုံးသားထဲမှာ ပေါ်ထွက်လာကြသည်။
“ ကောင်းကင်နက်မျိုးနွယ်ရဲ့ ချောက်နက်မေးရိုးက ဆင်းသက်လာပြီ ”
ရုံးတော်သခင်နှင့် အသေအကြေတိုက်ခိုက်ထား၍ မျက်နှာဖြူဖျော့နေသော ဝိညာဉ်နီပြည့်ရှင်သည် အက်ရှရှအသံဖြင့် ပြောသည်။
ကောင်းကင်ပေါ်မှ မိုးထစ်ချုန်းသံနှင့် အက်ကွဲသံများ၏ ဇစ်မြစ်သည် ကြီးမားသော ဝဲကတော့ဆီမှ ဖြစ်သည်။
ဝဲကတော့ထဲမှ ထုတ်လွှတ်နေသော အလွန်တရာ ပြင်းထန်သည့် အအေးဓာတ်သည် သက်ရှိများကိုပင် အေးခဲစေနိုင်သော အတိုင်းအတာထိ ရောက်ရှိနေသည်။ ဝဲကတော့ကိုယ်တိုင်သည်ပင် ရုပ်ဝတ္ထုရှိလာပြီး လက်နက်၏ အစွန်းဖျားကို ဝေဝေဝါးဝါး မြင်နိုင်လာသည်။
အနက်ရောင်မျက်နှာပြင်သည် တုနှိုင်းမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ထူထဲသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။ ထိုအအေးဓာတ်သည် ဗလာနတ္ထိအဆင့် ကျင့်ကြံသူကိုပင် ခိုက်ခိုက်တုန်သွားစေနိုင်သည်။
၎င်းကို အပြင်ဘက်မှ ဖိနှိပ်နေသော တာအိုခေါင်းလောင်းသည် အပြင်းအထန် တုန်လှုပ်လာသည်။ အက်ကွဲရာများသည် ၎င်း၏ ကိုယ်ထည်ပေါ်တွင် ထွက်ပေါ်လာကြသည်။ ထိုတာအိုခေါင်းလောင်းသည် နန်းမြို့တော်မှ ပေးအပ်ထားသော ရတနာဖြစ်သော်လည်း ဝဲကတော့ထဲမှ တည်ရှိမှုကိုတော့ မယှဉ်ပြိုင်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် အထွတ်အထိပ် စစ်လက်နက်တစ်ခုဖြင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။
စစ်လက်နက်၏ ကုန်ကြမ်းပစ္စည်းများသည် သိမ်မွေ့ဆန်းကြယ်ပြီး ၎င်းကို အနီရောင်လက ပေးအပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် အနီရောင်လ၏ ဖျက်ဆီးခံလိုက်ရသော နတ်ဘုရားလက်နက်တစ်ခုမှ ပြောင်းလဲသွားခဲ့သည်ဟု ကောလဟာလ ရှိသည်။
ဝဲကတော့သည် အလွန်အမင်း အေးစက်သော အအေးဓာတ်ကို ထုတ်လွှတ်နေပြီး ကမ္ဘာကို ကန့်သတ်နယ်မြေအဖြစ် ပြောင်းလဲပစ်နေသည်။
ဤသည်မှာ ဒေသစစ်လက်နက်ဖြစ်သည်။
ဒေသစစ်လက်နက်ဟူသည် မျိုးနွယ်တစ်စု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် တစ်စုံတစ်ယောက်၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သည်။ ၎င်းသည် နတ်ဘုရားများကို ခြိမ်းခြောက်နိုင်စွမ်းရှိသော တည်ရှိမှုဖြစ်သည်။
၎င်းသည် ဝမ်ကူးကုန်းမြေပေါ်မှ ဂိုဏ်းကြီးများ၏ တားမြစ်ဓမ္မရတနာများနှင့် တူညီသော အဆင့်မှာရှိသည်။
၎င်း၏ တည်ရှိမှုသည် မျိုးနွယ်စုတစ်စု၏ အင်အားကို အဆုံးအဖြတ်ပေးနိုင်သော အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်တွင် ဒေသစစ်လက်နက်တစ်ခု မရှိပေ။
မျိုးနွယ်အများစုသည် ဒေသစစ်လက်နက်ကို မပိုင်ဆိုင်ကြပေ။
အတိတ်တွင် လူသားမျိုးနွယ်သည် ဒေသစစ်လက်နက်တစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် ယခုအခါမှာတော့ မရှိတော့ပေ။
ဒေသစစ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသော မည်သည့်မျိုးနွယ်မဆို ကျူးကျော်သိမ်းပိုက်ခံရခြင်းမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိကြသည်။ ထို့အပြင် ဒေသစစ်လက်နက်သည် ရန်သူများကို ခြိမ်းခြောက်နိုင်စွမ်းရှိပြီး ဝမ်ကူးကုန်းမြေပေါ်မှ တခြားမျိုးနွယ်စုများကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကူညီပေးနိုင်သည်။
ဤနေရာတွင် ထွက်ပေါ်လာနေသော အရာသည် ကောင်းကင်နက်မျိုးနွယ်မှ ဒေသစစ်လက်နက်၏ အစစ်အမှန်ကိုယ်ထည် မဟုတ်ပေ။ ယင်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။
သို့တိုင် ၎င်းထံမှ ထုတ်လွှတ်နေသော စွမ်းအားသည် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများ ရပ်တန့်နိုင်သော ခုခံတားဆီးနိုင်သောအရာ မဟုတ်ချေ။
၎င်း၏ ဘေးပတ်ဝန်းကျင်မှ ဧရိယာသည် ခြောက်သွေ့သွားပြီး ပျက်စီးဆွေးမြေ့သွားလိမ့်မည်။
အအေးဓာတ်သည် အတိုင်းအတာတစ်ခုထိ ရောက်ရှိသွားသည့်အခါ ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။ အရာအားလုံးသည် အစွန်းရောက်သည်အထိ အေးခဲသွားသည့်အခါ ဖုန်မှုန်သို့ ပြောင်းလဲသွားလိမ့်မည်။
အဝေးမှ ရွှေရောင်ပိုက်ကွန်ပေါ်တွင် မရေမတွက်နိုင်သော လက်နက်ဝိညာဉ်များသည် ထွက်ပေါ်လာကြပြီး နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ကြသည်။ သူတို့သည် ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်၏။ သူတို့သည် ဆက်လက် အက်ကွဲသွားကြသည်။
ထိုမြင်ကွင်းသည် ဖုန်းဟိုင်ဒေသငယ်မှ လူသာမျိုးနွယ်စစ်တပ်၏ မျက်လုံးထဲသို့ ဝင်ရောက်သွားသောအခါ သူတို့အားလုံးသည် ဆွံ့အသွားကြသည်။
ရွှီချင်း၏ အသိစိတ်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။
သူတို့၏ ကမ္ဘာသည် အမှောင်ထု၏ အစားထိုးခြင်းခံလိုက်ရသည်။
စစ်မြေပြင်ပေါ်တွင် ဝိညာဉ်နီပြည့်ရှင်နှင့် လမြူခိုးပြည့်ရှင်၏ အကြည့်သည် ရုံးတော်သခင်ပေါ်သို့ ကျရောက်သွားကြသည်။ ဝိညာဉ်နီပြည့်ရှင်သည် ဖြည်းညင်းစွာ ပြောသည်။
“ စစ်သည်တော်တွေ နားထောင်ကြမယ်… ဖုန်းဟိုင်ဒေသငယ်ဆီ ချီတတ်ကြပါ… ပစ်မှတ်က ဒေသငယ်မြို့တော်… ကောင်းကင်လေပြည်ထောင်နဲ့ မြေပြည်ထောင်က စစ်သည်တော်တွေနဲ့ ပေါင်းစည်းပါ ”
သူ၏ စကားသံပျံ့လွင့်သွားသည်နှင့် သန်းပေါင်းများစွာသော အော်သံနက်ကြီးများသည် သူ၏ အနောက်မှ မြည်ဟိန်းထွက်လာကြသည်။ ထိုအသံများ ပေါင်းစုသွားသည့်အခါ ကမ္ဘာတုန်ဟီးစေမည့်အော်သံ ဖြစ်ပေါ်လာသည်။
“ အမိန့်နာခံပါတယ် ”
ထိုအသံထွက်ပေါ်ပြီးနောက် အဆုံးမရှိသော စစ်တပ်သည် သန့်စင်ရေလှိုင်းဒေသကြီးထဲမှ တခြားမျိုးနွယ်စုပေါင်းများစွာ၏ စစ်သည်တော်များနှင့်အတူ အရှေ့သို့ ဒီရေအလား ချီတတ်သွားကြသည်။
ထို့နောက် ဝိညာဉ်နီပြည့်ရှင်သည် လမြူခိုးပြည့်ရှင်နှင့်အတူ ဓားကိုင်ရုံးတော်သခင်ဆီသို့ လျှောက်သွားသည်။
သူတို့သည် နီးသထက် နီးကပ်လာကြသည်။
“ ငါ့မှာဓားရှိတယ် ”
သန့်စင်ရေလှိုင်းမျိုးနွယ်၏ အဆုံးမဲ့သော စစ်တပ်အရှေ့တွင် တစ်ကိုယ်တည်း မားမားမတ်မတ်ရပ်နေသော ရုံးတော်သခင်သည် ကောင်းကင်ပေါ်မှ ဝဲကတော့ဆီသို့ မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ကျောနောက်မှ လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည်။
ရောင်ဝါထွန်းလင်းလာသော အင်ပါယာဓားသည် သူ၏ လက်ထဲတွင် ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ဤသည်မှာ နဝမအင်ပါယာဓားဖြစ်ပြီး ရုံးတော်သခင်ပိုင်ဆိုင်သော ဓားဖြစ်သည်။
သူ၏ စကားသံဆုံးသည်နှင့် ရွှေရောင်ပိုက်ကွန်အတွင်းမှ လေထဲတွင် မျောလွင့်နေကြသော ကြေးနီခေါင်းတလားသိန်းပေါင်းများစွာသည် တစ်ချိန်တည်းမှာ အဖုံးပွင့်သွားကြသည်။
ထို့နောက် တူညီသောအသံများသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားကြသည်။
“ ငါ့မှာဓားရှိတယ် ”
“ ငါ့မှာဓားရှိတယ် ”
“ ငါ့မှာဓားရှိတယ် ”
အော်သံများပျံ့လွင့်သွားသည်နှင့် အဖုံးပွင့်သွားသော ကြေးနီခေါင်းတလားများထဲမှ ပုံရိပ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
သူတို့သည် ရှေးခေတ်ကာလကတည်းက သက်ဆိုင်ရာဘဝတွင် အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြပြီး သူတို့၏ ဘဝနေဝင်ချိန်သို့ရောက်လာသည့်အခါ အင်ပါယာဓားနှင့်အတူ အိပ်စက်ရန် ရွေးချယ်ခဲ့ကြသည်။ သူတို့သည် ဖုန်းဟိုင်ဒေသငယ်အတွက် အရေးကြီးအချိန်အခါမျိုးတွင် သူတို့၏ အင်ပါယာဓားကိုအသုံးပြုရန် ရွေးချယ်ခဲ့ကြသည်။
ဓားအလင်းများသည် နိုးထလာကြသော ဓားကိုင်များထံမှ ပေါက်ကွဲထွက်လာကြသည်။
သိန်းပေါင်းများစွာသော ဓားအလင်းများသည် ကောင်းကင်ယံတွင် လင်းလက်သွားပြီး ဓားမြစ်ကြီးတစ်စင်းနှယ် စုဝေးသွားကြသည်။ တစ်ချိန်တည်းမှာ ထိုဓားကိုင်များ၏ ခန္ဓာကိုယ်သည် အလျှင်အမြန် ခြောက်သွေ့သွားပြီး ဖုန်မှုန်သို့ ပြောင်းလဲသွားသည်။ သူတို့သည် ဤလောကတွင် တစ်ခါမှမရှိခဲ့သည့်အလား လေနှင့်အတူ လွင့်ပြယ်သွားကြသည်။
သူတို့သည် မလွင့်ပြယ်သွားမီ သူတို့၏ မွေးရပ်မြေဖြစ်သော ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာကို နောက်ဆုံးအကြိမ် ကြည့်သွားကြသည်။