← Chapters

ငါတို့မျက်ရည်တွေ ပြန်ပေး

Vol. 38 Ch. 570

ငါတို့မျက်ရည်တွေ ပြန်ပေး

Vol. 38 Ch. 570

ရဲ့လင်းချန်ထံမှ ဂီတာသံနှင့်အတူ နူးညံ့သာယာသော အသံ ထွက်ပေါ်လာသည်။

“မနက်ဖြန်ရောက်ရင် မနေ့က ရေးခဲ့တဲ့ ဒိုင်ယာရီတွေကို မင်း မှတ်မိမှာလား”

“မနက်ဖြန် မင်း ဘယ်လောက်တောင် ခဏခဏ ငိုခဲ့ဖူးလဲဆိုတာကို သတိရဦးမှာလား”

“ငါတို့ ဆရာမတွေက သူတို့ မေးခွန်းတွေကို မင်း ဘယ်လောက် မဖြေနိုင်ခဲ့ဘူးလဲ ဆိုတာကို မေ့သွားတာ ကြာခဲ့ပြီ”

“ဓာတ်ပုံဟောင်းတွေကို ပြန်လှန်ကြည့်မိတဲ့ အချိန်မှပဲ ငါ မင်းကို သတိရမိတယ်၊ အတန်းဖော်ရေ”

“မင်းရဲ့ ခံစားချက် အားလုံးကို သိပြီး မင်းနဲ့ လက်ထပ်ခဲ့တာ ဘယ်သူလဲ”

“မင်း ရေးတဲ့ ဒိုင်ယာရီတွေကို ဘယ်သူ ဖတ်လဲ”

“မင်းရဲ့ ဆံပင်ရှည်တွေကို ဘယ်သူ စည်းပေးနေပြီလဲ”

“မင်းအတွက် သတို့သမီး ဝတ်စုံ ဘယ်သူ လုပ်ပေးလဲ …”

ရဲ့လင်းချန်၏ အသံက နူးညံ့၍ ဖြည်းညင်းသော်လည်း ထူးခြားသော ယနေ့ည၌ လူတိုင်း၏ ရင်ထဲ၌ သက်ရောက်မှု ကြီးမားသွားသည်။ သူတို့အားလုံး သီချင်းထဲ နစ်မျောကာ အတွေးထဲ လွင့်မျောလာလေသည်။

သီချင်းနှင့်အတူ သူတို့စိတ်ထဲ၌ အမှတ်တရများ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဖြူစင်သော နေ့ရက်များကို ပြန်သတိရပြီး အတန်းဖော်များ ဖြစ်ခဲ့သည်ကို အမှတ်ရလာကြသည်။

ဆူညံနေသော ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။ အဆောင်မှ အခြားသူများသည် သီချင်းကို ကြားသောအခါ ငြိမ်ကျသွားပြီး သေချာ နားထောင်နေသည်။

“ငါ့ဆီက ခဲဖျက်လေး ငှားဖို့ကိုတောင် မင်း သိပ်ရှက်ခဲ့ဖူးတယ်”

“ငါနဲ့အတူ ရှိနေရတာကို မင်း သဘောကျတယ်လို့ အမှတ်တမဲ့ ပြောခဲ့ဖူးတာပဲ”

“ကောင်းကင်ကြီးက အမြဲ ပြာလွင်နေပင်မယ့် အချိန်ကတော့ တဖြည်းဖြည်း ကုန်ဆုံးလာပြီ”

“ဘွဲ့ရဖို့ အဝေးကြီး လိုသေးတယ်လို့ မင်း အမြဲ ပြောခဲ့ဖူးပင်မယ့် တစ်ခဏလေးအတွင်းမှာပဲ ငါတို့ ခွဲခွာခဲ့ရပြီ …”

ကျန်းယွင်ရှီသည် လရောင်အောက်မှ သူ့ကို ကြည့်ပြီး မျက်ရည်များ စီးကျလာသည်။ သူမ ကံကောင်းခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူမဘေး၌ အမြဲထိုင်ခဲ့သည့် ဘေးခုံကလူက သူ ဖြစ်နေသောကြောင့်ပင်တည်း။

ဂီတာသံနှင့်အတူ သီချင်း ပြီးဆုံးသွားသည်ကို ဘယ်သူမှ သတိမပြုလိုက်မိပေ။ ဘယ်သူမှ သတိပြန်ဝင်မလာဘဲ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။

အချိန် အတော်ကြာသည့်အခါတွင်မှ လူတိုင်း သတိပြန်ဝင်လာ၏။ လူတိုင်းနီးပါး မျက်လုံးများ စိုစွတ်နေသည်။ ယောက်ျားလေး၊ မိန်းကလေးမရွေး မျက်နှာကို ဖုံးကွယ်၍ အဆောင်ထဲ ပြန်ဝင်ကာ ငိုကြွေးကြလေသည်။

လူတိုင်း အသံလာရာသို့ ကြည့်လိုက်သောအခါ သီဆိုသူက အဆောက်အဦးထဲက ပျောက်သွားပြီး နေရာ၌ ဂီတာသာ ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။

“အံ့ဩဖို့ ကောင်းလိုက်တာ၊ ငါတို့ကျောင်းမှာ ဘယ်တုန်းက ဒီလို အံ့ဩဖို့ ကောင်းတဲ့သူ ရှိနေတာလဲ”

“ချီးပဲ၊ ဘယ်တော့မှ မငိုတဲ့သူလို့ ငါ နာမည်ပြောင် ရထားတာ၊ ငါ ဒီလောက် ငိုမိမယ်လို့ မထင်မိဘူး”

“ယီးပဲ အဲ့လူ ဘာလုပ်ချင်တာလဲ၊ ဒါ အထိမခံနိုင်တဲ့အချိန်လေ၊ အီးဟီးဟီး …”

“ဘရိုရာ ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားတာလဲ၊ ငါ မင်းနောက် လိုက်ဖမ်းဖို့ စဉ်းစားနေတာလေ”

လူတိုင်း စိတ်ထိခိုက်နေကြသည်။

အချို့သော ယောက်ျားလေးများသည် အဆောင်ထဲ၌ အော်ငိုနေကြလေသည်။

“လခွမ်း ငါ ခုနက ဗွီဒီယို ရိုက်ထားမိတာပဲ”

“ငါ ဘွဲ့ရချိန်ကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ထားမိတာကို ကျေးဇူးတင်မိပြီ၊ ဒီသီချင်းက ကိုယ်တိုင်ရေး ထင်တယ်၊ ဒါကိုသာ အွန်လိုင်းပေါ် တင်လိုက်ရင် ပေါက်မှာ”

“မြန်မြန်လုပ်၊ မြန်မြန်”

လူတိုင်း အသည်းအသန် ဗွီဒီယိုအပိုင်းကို ရှာပြီး Tik Tok ပေါ်၌ [ဘွဲ့ရချိန် - ကြေကွဲဖွယ် သီချင်း] ဟူသော ခေါင်းစီးနှင့်အတူ ချက်ချင်း တင်လိုက်ကြသည်။

အခြားသူများ၏ သတိထားခြင်းကို မခံရစေရန် ရဲ့လင်းချန်က သီချင်းဆိုပြီးသည်နှင့် ကျန်းယွင်ရှီကို ခေါ်ပြီး ချက်ချင်း ထွက်လာသည်။

“လင်းချန်၊ ရှင်က သိပ်ထူးချွန်တာပဲ”

ကျန်းယွင်ရှီသည် ခံစားချက်တို့နှင့် ပြည့်နှက်နေ၏။ သူမက ရဲ့လင်းချန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးတွင် ဘဘောကျစိတ်တို့နှင့် ပြည့်နေလေသည်။

ညနေဘက်တွင် သူမတို့အတွဲက အတူတူ အချိန်ဖြုန်းနေပြီး လက်တန်း ဖန်တီးထားသည့် သီချင်းက အင်တာနက်ပေါ်၌ နာမည်ကြီးနေသည်ကို မသိလိုက်ချေ။

လတ်တလော Tik Tok ပေါ်၌ လူပြော အများဆုံး ဖြစ်နေသည့် အကြောင်းအရာများမှာ နှစ်သစ်ကူး၊ အားလပ်ရက်များ၊ Gala နွေဦးပွဲတော်နှင့် ဘွဲ့ယူချိန်တို့ ဖြစ်သည်။

အထူးသဖြင့် ဘွဲ့ယူချိန်က လူပေါင်းများစွာ၏ ခံစားချက်များကို လှုံ့ဆော်ပေးနေသည်။ တက္ကသိုလ်ပေါင်းများစွာမှ ဘွဲ့ယူသည့် မြင်ကွင်းများက အင်တာနက်ပေါ်၌ ပြည့်နေပြီး တက္ကသိုလ်များ တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်ကြသည့် အခြေအနေသို့ ဖြစ်လာလေသည်။

ကျောင်းသားများ၏ ကျောင်းထဲမှ ပေါက်ကရ လုပ်ကြသည့် ဗွီဒီယိုများက အဆက်မပြတ် ပေါ်နေပြီး တက္ကသိုလ်များကလည်း နာမည်ကြီးလာသည်။

သို့သော် ပီကင်းတက္ကသိုလ်က ဗွီဒီယို တင်လိုက်သောအခါ ၎င်းကို ပြန်တင်၍ မျှဝေကြည့်သည့် အရေအတွက်က တစ်နာရီအတွင်း တစ်သန်းကျော်သွားသည်။

နှစ်သက်သူ အရေအတွက်က လေးသိန်း ရှိသွားပြီး မှတ်ချက်ပေးသူက တစ်သိန်းသို့ ရောက်လာ၏။

တစ်နာရီအတွင်း ကိန်းဂဏန်း အချက်အလက်က လျင်မြန်စွာ တက်လာနေပြီး အဖြစ်အပျက်က အင်တာနက်ပေါ်၌ နာမည်ကြီးနေသည်ဟု ဆိုရပေမည်။

[သိပ်ကောင်းတယ်၊ သိပ် … သိပ်ကောင်းတယ်ကွာ၊ ဒီနတ်ဘုရားက ဘယ်သူလဲဆိုတာ ပြောလို့ရမလား]

[ငါ ဘွဲ့ရတာ သုံးနှစ် ရှိပြီ၊ ဒီသီချင်းကို ကြားတော့ ငါ ငိုမိတာပဲ …]

[အချိန်ကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရဘူး၊ ငါ့ငယ်ရွယ်ချိန်တွေ ဘယ်မှာ ပျောက်ဆုံးသွားတာလဲ]

[မင်းရဲ့ ခံစားချက် အားလုံးကို သိပြီး မင်းနဲ့ လက်ထပ်ခဲ့တာ ဘယ်သူလဲ” “မင်း ရေးတဲ့ ဒိုင်ယာရီတွေကို ဘယ်သူ ဖတ်လဲ” “မင်းရဲ့ ဆံပင်ရှည်တွေကို ဘယ်သူ စည်းပေးနေပြီလဲ” “မင်းအတွက် သတို့သမီး ဝတ်စုံ ဘယ်သူ လုပ်ပေးလဲ … အီးဟီးဟီး … ငါ ငိုမိပြီ”]

[ဒီလို ဝမ်းနည်းရတဲ့ သီချင်းကို ဘာလို့ ရေးတာလဲ၊ ငါတို့မျက်ရည်တွေကို ချူနေတာပဲ]

[ဒီသီချင်းက စာကြောင်း တစ်ကြောင်းစီတိုင်းက လူတစ်ယောက်ရဲ့ ရင်ကို ထိစေတယ်၊ ငါ့ဆီမှာ အပေါက်တွေ အများကြီး ကျန်ခဲ့ပြီ၊ ဒီလောက် ရက်စက်မှ ဖြစ်မှာလား]

[ဒါပေမဲ့ တစ်ခဏလေးအတွင်းမှာပဲ ငါတို့ ခွဲခွာခဲ့ရပြီတဲ့၊ ဟုတ်တယ် … တကယ်ကို ခဏလေးပါပဲ …]

[ဟူးဟူးဟူး … ဒီသီချင်းကို နားထောင်ပြီးတော့ မနှစ်က ငါ့ဘေးခုံမှာ ထိုင်ခဲ့တဲ့ အတန်းဖော်ကို မင်း အဆင်ပြေရဲ့လားလို့ စာလှမ်းပို့မိတော့တာပဲ]

[ငါလဲ အတူတူပဲ အပေါ်ကလူရေ၊ ငါ့ဘေးခုံက အတန်းဖော်ရဲ့ ဖုန်းနံပါတ်ကို ငါ အမြဲ သိမ်းထားပင်မယ့် တစ်ခါမှ မဆက်သွယ်ခဲ့ဘူး]

[ငါ့ဖုန်းနံပါတ်ကို ဘယ်တော့မှ မပြောင်းရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ ငါ့ကို ရှာမတွေ့မှာ စိုးလို့ပဲ]

[မင်းကမှ သတ္တိကောင်းသေးတယ်၊ ငါဆို သူတို့ကို စာမပို့ရဲဘူး၊ သူတို့ကို ငါ စိတ်ထဲကနေပဲ ဆုတောင်းပေးနိုင်တယ်]

…

မကြာခင်မှာပင် ထိုTik Tok ဗွီဒီယိုက ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများ၌ နံပါတ်တစ်ချိတ်ကာ တစ်ညတည်းနှင့် တစ်လောကလုံးကို မုန်တိုင်းထန်သွားစေခဲ့သည်။

ခံစားချက်များကို လှုံ့ဆော်နိုင်သည့်အပြင် သီချင်းက ရိုးရှင်း၍ စိတ်ဝင်စားစရာ ကောင်းသည်။ လူတိုင်း လိုက်မညည်းဘဲ မနေနိုင်အောင် ဖြစ်ကာ မျက်ရည်များ ဒလဟော စီးကျလာကြသည်။

၎င်းက အလွန် နာမည်ကြီးလာသဖြင့် လူတိုင်းက သီချင်းရေးသူကို အသည်းအသန် ရှာဖွေကြသည်။ သို့သော် သူတို့သည် ရှာမတွေ့သဖြင့် သူတို့၏ မျက်ရည်များအတွက် ပြန်ပေးဆပ်ရန် တောင်းဆိုကြလေတော့သည်။

တစ်ချိန်တည်းမှာပင် နာမည်ကြီး ဂီတပလက်ဖောင်းများကလည်း သီချင်းကို သတိထားမိသွားပြီး မူပိုင်ခွင့်ကို ဝယ်ချင်နေကြသည်။

အရာအားလုံး၏ လက်သည် တရားခံဖြစ်သူ ရဲ့လင်းချန်မှာမူ အရုဏ်တက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ သူသည် မနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ကျန်းယွင်ရှီ အထူး ပြင််ဆင်ပေးထားသည့် မနက်စာကို စားရန် အိမ်ပြန်လေသည်။

ကျန်းယွင်ရှီနှင့် မီယာကိုတို့ ဝိုင်အလှကုန် ပစ္စည်းဆိုင်သို့ သွားသောအခါ သူ အားလပ်ချိန် ရသွားလေသည်။

ယခုတလော သူ့တွင် ဖြေရှင်းစရာ ကိစ္စများစွာ ရှိခဲ့သဖြင့် သူ နားချိန် မရလိုက်ချေ။

ရေပန်းစားမှု အမှတ်များကို စစ်ကြည့်ပြီးနောက် ရဲ့လင်းချန် မှင်တက်သွားရသည်။ အမှတ်က ၁၄,၆၆၉,၈၅၈ သို့ ရောက်နေ၏။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက နာမည်ကြီးလာသဖြင့် ရေပန်းစားမှု အမှတ်များက ဖြည်းဖြည်းချင်း တိုးလာနေခဲ့သည်။ သို့သော် မနေ့ညက လူခုနစ်သိန်းနီးပါးကြောင့် တစ်ဟုန်ထိုး တက်လာသည့် ပမာဏက ကြီးမားလွန်းသည်။

သူ ဖုန်းထုတ်၍ ကြည့်လိုက်သောအခါ ထင်ထားသကဲ့သို့ ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများ၌ သူနှင့် ပတ်သက်သည့် သတင်းကို တွေ့လိုက်ရသည်။

*မနေ့ညက သီချင်းက တော်တော်လေး အကျိုးရှိသွားတယ်နဲ့တူတယ်*

သူ့မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ပြုံးလိုက်မိသည်။ သူသည် အဆိုတော်ဝိုင်၏ ဝေ့ပေါ် အကောင့်ထဲသို့ Log in ဝင်၍ စာရေးလိုက်သည်။

[မနေ့ညက သီချင်းနာမည်က “ငါ့ရဲ့ ဘေးခုံက အတန်းဖော်” ပါ၊ ပြီးတော့ ဒါကို ငါ အတွေးရတာနဲ့ ရေးခဲ့လိုက်တာ၊ အားလုံးက ဒါကို တော်တော်‌လေး သဘောကျတယ်နဲ့ တူတယ်]

[ဘာ … သောက်ကျိုးနည်းပါလား]

[အမေရေ၊ အဆိုတော်ဝိုင် ပေါ်လာပြီ၊ ဒီသီချင်းကို “ငါ့ရဲ့ ဘေးခုံက အတန်းဖော်” လို့ ခေါ်တယ်တဲ့၊ တကယ် လိုက်ဖက်တယ်]

[လခွမ်း … ဒီသီချင်းကို ရေးတဲ့သူက သာမန်လူ မဟုတ်ဘူးဆိုတာကို ငါ သိနေခဲ့တယ်၊ အား …. ငါ ထင်တဲ့ အတိုင်းပဲဟေ့]

[တအား ချောတာပဲ၊ အဆိုတော်ဝိုင်ရေ …ရှင် ဘာလို့ သီချင်း ရေးလိုက်တိုင်း ကျွန်မ ခံစားချက်တွေကို အရှိုက်ထိအောင် လုပ်ရတာလဲ၊ ဘာလို့ ကျွန်မကို ငိုအောင် လုပ်တာလဲ၊ ရှင့်ကို မုန်းလိုက်တာ]

[အဆိုတော်ဝိုင်ရေ ငါတို့ကို မြန်မြန် ပြောပြပေးပါ၊ မင်း ဘာလို့ ပီကင်း တက္ကသိုလ်မှာ ပေါ်လာတာလဲ၊ မင်းက ကျောင်းသားလား]

[အသံသွင်းထားတဲ့ ဗားရှင်းကို မြန်မြန် ထုတ်ပေးပါ၊ သီချင်းက ကောင်းလွန်းတော့ နားထောင်ရုံနဲ့တင် ဗိုက်ကြီး လောက်တယ်၊ ရှင် တာဝန်ယူမှ ဖြစ်မယ် …]

[အဆိုတော်ဝိုင်နဲ့ အတူရှိနေတဲ့ မိန်းကလေးအကြောင်း ငါ ပိုသိချင်တယ်၊ အား … ငါ အားကျတယ်၊ မနာလိုဖြစ်တယ်၊ ပြီးတော့ မကျေနပ်ဘူး၊ ငါ အခု နာကျင်နေပြီ]

…

အဆိုတော်ဝိုင် ပေါ်လာခြင်းက အင်တာနက်ပေါ်၌ ချက်ချင်း ခေါင်းစီး ဖြစ်သွားလေသည်။ မရေတွက်နိုင်သော လူများစွာက ရူးသွပ်သွားကြပြီး အင်တာနက်တစ်ခွင်လုံး၌ အုတ်အုတ်ကျက်ကျက် ဖြစ်လာတော့သည်။

စာစဉ် ၃၈ ပြီးပါပြီ။

All Chapters