ရှုံးနိမ့်ကာ ထွက်သွားရခြင်း
Vol. 30 Ch. 436
သည်အတိုင်းသာ ဆက်သွားလျှင် ကိုယ်တော်ကြွယ်ချမ်းက အသက်သုံးရှိုက်စာအတွင်း သေရပေတော့မည်။
“ဂါး..”
ရုတ်တရက် ကြမ်းကြုတ်တောကောင်တစ်ကောင်က နားပင်းလောက်အောင် ဟိန်းဟောက်လိုက်၏။
အနက်ရောင်အရိပ်တစ်ခုက လှစ်ကနဲ ခုန်လွှားလိုက်ပြီး ကောင်းကင်ထက်ကနေ အုပ်မိုးကျလာကာ ကြောက်စရာအော်ရာနှင့်အတူ မွန်းကျပ်ဖွယ်ရာ ဖြစ်လာလေသည်။
ပေနှစ်ဆယ်ကျော်မြင့်သော လူဝူက သွေးရနံ့နှင့်အတူ ခုန်အုပ်လာခြင်း ဖြစ်လေသည်။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြနေပြီး ကြောက်လန့်စရာပုံစံနှင့် သူ့အစွယ်များ၊ လက်သည်းများကို ထုတ်ပြလာလေသည်။
ဆူဇီမိုသည် မျက်မှောင်နည်းနည်းကြုတ်လိုက်၏။
မူလသွေးမျိုးဆက်တောကောင်များက အလွန်တရာ သန်မာအားကောင်းပြီး သူ့တို့၏ လက်သည်းများ၊ အစွယ်များက ပကတိစိတ်ဝိညာဉ်လက်နက်များထက်တောင်မှ ပိုသာသေးလေသည်။
ဒါကြောင့် အထူးသွန်းလုပ်ထားသော တချို့ လက်နက်များက မူလသွေးမျိုးဆက်တောကောင်များ၏ အရိုး၊ အစွယ် သို့မဟုတ် လက်သည်းများကနေ ပြုလုပ်ထားခြင်း ဖြစ်လေသည်။
“ကောင်းလိုက်တဲ့အကွက်”
ဆူဇီမို၏ အမူအယာက မပြောင်းမလဲနှင့် ကိုယ်တော်ကြွယ်ချမ်းကို လက်တစ်ဖက်နှင့် ဆက်လက်ဖိနှိမ်ထားလေသည်။ သူ၏ အခြားလက်တစ်ဖက်ကို လက်သီးဆုပ်လိုက်သောအခါ မျိုးဆက်သွေးများက စီးဝင်လာပြီး တဒုတ်ဒုတ်လှုပ်လာလေသည်။
သူ့လက်သီးကြီးက လျှင်မြန်စွာ ပြန့်ကားလာပြီး မြောက်များလှစွာသော သွေးချီနှင့်အတူ ခရမ်းရောင်သန်းနေသော အစိမ်းရောင်ချိတ်စည်းကြီးတစ်ခုလို ဖြစ်လာလေသည်။
သူက ရှေးခေတ်က နတ်ဘုရားတစ်ပါးလို့ ငွားငွားစွင့်စွင့် ရပ်နေပြီး သူ၏ ခရမ်းစိမ်းရောင်လက်သီးချိတ်စည်းကြီးဖြင့် လူဝူ၏ ဦးခေါင်းကို ပြင်းထန်စွာ ထိုးချလိုက်လေသည်။
ထိုထိုးချက်၏ အော်ရာက ကြောက်စရာကောင်းနေပြီး လေထုက ချက်ချင်း စုတ်ပြဲသွားပြီး ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာလေသည်။
လူဝူ၏ အရိုးမျာက မာကြောသော်လည်း သူသည် ဆူဇီမို၏ လက်သီးချက်ကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ သူ့လက်သည်းများကို မြောက်၍ ကပျာကယာ ခံယူလိုက်လေသည်။
ဘုန်း..
ကျယ်လောင်သည့်အသံကြီးက မြည်လာလေသည်။
လူဝူသည် သွက်သွက်ခါအောင် တုန်လှုပ်သွားပြီး လေထဲကနေ ပြုတ်ကျလာလေသည်။
ဆူဇီမို၏ အရွတ်များနှင့် အရိုးများမှ အသံကျယ်လောင်စွာ မြည်သွားပြီး သူက နေရာမှာတင် မလှုပ်မယှက် ရပ်နေ၏။ သူ့မျက်လုံးများက တောက်ပနေပြီး ပေါကြွယ်လှသော တိုက်ခိုက်လိုစိတ်နှင့် ပြည့်နေ၏။
နတ်ဆိုးမကျိသည် ရင်ထဲ ဒုတ်ကနဲ ခုန်သွား၏။
တစ်ကယ့်ကို အညှာတာမဲ့ရက်စက်သောလူပင်။
လူသားများသည် အစွယ်များ၊ လက်သည်းများမပါဘဲ အားနည်းသော ခန္ဓာကိုယ်နှင့် မွေးဖွားလာကြ၏။ လူတစ်ယောက်က မူလသွေးမျိုးဆက်တောကောင်များနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် အခြေအနေအထိ ကျင့်ကြံဖို့ဆိုတာက အတော်မလွယ်သည့် ကိစ္စပင်။
ပိုလိုတောင် ကြောက်စရာကောင်းသည့်အချက်မှာ ဗလတောင့်တောင့်လူက အားကြီးသော သက်ရှိနှစ်မျိုးနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
ဘုန်းကြီးကြွယ်ချမ်းကို လက်တစ်ဖက်နှင့် ဖိနှိမ်ထားပြီး ကျန်လက်တစ်ဖက်နှင့် မူလသွေးမျိုးဆက်တောကောင်တစ်ကောင်ကို တိုက်ခိုက်ခဲ့၏။ ထိုသို့ဆိုလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားခြင်း မရှိဘဲ သူ၏ အားကို နှစ်ဖက်ခွဲ၍ သုံးခဲ့ရတာတောင် သူ့ဘက်က အရေးနိမ့်မှု မရှိခြင်းက အတော်လေး တုန်လှုပ်စရာကောင်းလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်တုန်းကများ ဒီလိုမျိုး ကြမ်းထော်နေတဲ့လူက ပေါ်လာတာပါလိမ့်။.
ဘယ်ဂိုဏ်းကများ ဒီကျင့်ကြံသူကို မွေးထုတ်ပေးလိုက်တာပါလိမ့်။
နတ်ဆိုးမကျိကို စိတ်ရှုပ်သွားစေရသည်မှာ ဤဗလတောင့်တောင့်လူထံမှ မည်သည့်ဂိုဏ်း၏ လျှို့ဝှက်အတတ်နှင့် နည်းစနစ်များ၏ အရိပ်အယောင်ကိုမှ သူမ ဖမ်းလို့မရပေ။
“ဂါး..”
လူဝူသည် လေထဲကနေ လဲကျသွားသော်လည်း ဒဏ်ရာရရှိသွားခြင်း မရှိဘဲ ဆတ်ကနဲ ပြန်ကျုံးထလိုက်လေသည်။
သူ့အမြီးကိုးခုကို လှုပ်ခါလိုက်သောအခါ ထိုမှာကပ်ငြိနေသော အလောင်းငါးရာကျော်က ပေါက်ကွဲထွက်သွားလေသည်။
သွေးများက နေရာတိုင်း ပြန့်ကျဲသွားပြီး အလောင်းများနှင့် သွေးများက ပုံထပ်သွားလေသည်။
ရွှစ်.. ရွှစ်.. ရွှစ်..
လူဝူက သူ့အမြီးကိုးချောင်းကို ကျာပွတ်များကဲ့သို့ ရမ်းခါ၍ ပြေးဝင်ချလာလေသည်။ လေများက တဟူးဟူး မြည်ဟည်း၍ ဆူဇီမိုကို လွှမ်းခြုံလာလေသည်။
မူလသွေးမျိုးဆက်တောကောင်များက သန်မာလှသည်မှာ သူတို့၏ မျိုးဆက်သွေးက သန့်စင်လွန်းသောကြောင့်သာ မဟုတ်ဘဲ သူတို့၏ ကြောက်စရာကောင်းသည့် ခွန်အားကြောင့် ဖြစ်လေသည်။
အဲ့ဒါကြောင့်ပင် တခြားသားရဲတောကောင်များမှာ မရှိသည့် သတ်ဖြတ်ကွက်များကို သူတို့က ပိုင်ဆိုင်ထားလေသည်။
လူဝူက သူ့အမြီးများကို လွှဲရမ်း၍ ဘက်ပေါင်းစုံသို့ တိုက်ခိုက်နိုင်သော ချိတ်စည်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ အဲ့ဒါက သံမဏိကျာပွတ်ပြီး ကိုးချောင်းနှင့်တူပြီး ခုခံဖို့ရာ အလွန်ခက်ခဲလေသည်။
ဖက်..
ဆူဇီမို၏ လေထဲရှိ လူဝူ၏ အမြီးများထဲမှ တစ်ချောင်းကို ဖမ်းဆွဲလိုက်၏။
သို့သော်လည်း အခြားအမြီးရှစ်ချောင်းကိုတော့ သူ မခုခံနိုင်ပေ။
ထိုအမြီးရှစ်ချောင်းကသာ သူ့ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှဲကျရောက်လာလျှင် သူ့အင်္ဂါအစိတ်အပိုင်းများက အတော်လေး ထိခိုက်ခံစားရပေတော့မည်။
တခြားရွေးချယ်စရာ မရှိတော့ဘဲ ဆူဇီမိုသည် ကိုယ်တော်ကြွယ်ချမ်းကို ဖိချထားသော သူ့လက်တစ်ဖက်ကို လွှတ်လိုက်ရလေသည်။
ကိုယ်တော်ကြွယ်ချမ်းသည် ချက်ချင်းပင် အခွင့်အရေးကို အမိအရ အသုံးချလိုက်၏။ သူ၏ စိန်နှလုံးကို ခုန်စေ၍ သူ၏ စိန်မျိုးဆက်သွေးများကို ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်လိုက်၏။ ထို့နောက် မြေကြီးပေါ်ကနေ ခုန်ထွက်ကာ လုံးဝနောက်ပြန်လှည့်မကြည့်တော့ဘဲ ဦးတည်ဘက်တစ်ခုသို့ ပြေးထွက်သွားလေသည်။
နောက်ထပ်အသက်နှစ်ရှိုက်စာလောက်သာ ဆက်ကြာလျှင် သူသေသွားနိုင်လေသည်။
သူတစ်ကိုယ်လုံး နဖူးမှခြေဖျားထိ ချွေးအေးများနှင့် ရွှဲနေပြီး အခုမှ ငရဲဂိတ်တံခါးဝကနေ ထွက်ပြေးလွတ်မြောက်လာရသလို ခံစားနေရလေသည်။
ဘုန်း..
ဆူဇီမိုက မြေကြီးကို ခြေဆောင့်၍ လျှင်မြန်စွာ နောက်ဆုတ်လိုက်၏။ သူက အမြီးတစ်ချောင်းကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်၍ ခွန်အားကို စိုက်ထုတ်ကာ နောက်ခုတ်ဆုတ်လိုက်ခြင်း ဖြစ်လေသည်။
သူ၏ မြောက်များလှစွာသော ခွန်အားများက လူဝူ၏ အမြီးမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားလေသည်။
သွက်သွက်ခါ တုန်သွားပြီး သူ့ခန္ဓာကိုယ်က ကွဲပြဲထွက်တော့မည်ကဲ့သို့ပင်။ ချက်ချင်းပင် အခြားအမြီးရှစ်ချောင်းက သူတို့၏ ခွန်အားကို ဆုံးရှုံးသွားပြီး လိုရာဦးတည်ဘက်သို့ မရောက်နိုင်တော့ပေ။
ဆူဇီမိုက အသက်ပြင်းပြင်းရှိုက်၍ တုတ်ခိုင်လှသော အမြီးကြီးကို ကိုင်ကာ ဆတ်ကနဲ အားဖြင့်ဆောင့်ဆွဲ၍ လေထဲသို့ လွှဲရမ်းကာ မြေကြီးပေါ်သို့ ပစ်ဆောင့်ချလိုက်၏။
ဝုန်းကနဲအသံကြီးက ထွက်ပေါ်လာလေသည်။
ဖုန်လုံးများက ထောင်းထောင်းထသွား၏။
နတ်ဆိုးမကျိပင်လျှင် ကြောင်အမှင်တက်သွားလေသည်။
သူမရှေ့မှာ ဖြစ်ပျက်သမျှက သူမမျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေလေပြီ။
ဤသို့လုပ်နိုင်ဖို့အတွက် လူတစ်ယောက်က ဘယ်လောက်ထိ ကြောက်စရာကောင်းလောက်အောင် သန်မာဖို့ လိုမည်နည်း။
ခဏနေပြီးနောက် ဖုန်မှုန့်များက လွင့်ပြယ်သွားကာ မြေပြင်က အက်ကွဲကြောင်းများထလျက် အလယ်တွင် ကြီးမားသည့် ချိုင့်ခွက်ကြီး ဖြစ်ပေါ်နေတာကို မြင်လိုက်ရလေသည်။ အလယ်တွင် လူဝူသည် မျက်လုံးများက အရောင်မှိန်လျက် လဲနေကာ အားအင်ချိနဲ့စွာ ညည်းနေလေသည်။
နတ်ဆိုးမကျိသည် လည်းချောင်းထဲတွင် တစ်ခုခု တစ်စို့နေသလို ခံစားလိုက်ရပြီး အလိုလို တံတွေးမြိုချမိလေသည်။
လူဝူ၏ အရိုးများက ကျိုးကြေသွားပုံ ရလေသည်။
ထိုအချိန်ခဏလေးအတွင်း ဘုန်းကြီးကြွယ်ချမ်းက အဝေးတစ်နေရာသို့ ထွက်ပြေးလွတ်မြောက်သွားလေပြီ။
သူ့မျက်နှာမှာ ခပ်ဖျော့ဖျော့ ရွှေရောင်အရိပ်က ရှိနေပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးတစ်စက စီးကျလာကာ နောက်ပြန်လှည့်ကြည့်လိုက်မိ၏။
သည်တစ်ကြိမ်တွင် သူသည် အရှုံးကြီးရှုံးနိမ့်ခဲ့လေသည်။
ဆူဇီမို၏ ပထမဆုံး တိုက်ခိုက်မှုက သိပ်မဆိုးလှဘဲ ဘာပဲဖြစ်ဖြစ် ဘုန်းကြီးကြွယ်ချမ်းက ခုခံနိုင်ခဲ့သေးလေသည်။
သို့သော်လည်း ဒုတိယအကြိမ် တိုက်ခိုက်မှု၌ ဆူဇီမို၏ အော်ရာက မြင့်တက်လာ၏။ သူက မြေကြီးပေါ်တွင် မရွေ့နိုင်ဘဲ ဆူဇီမို၏ ဖိနှိမ်ချုပ်ထားခြင်းကို ခံလိုက်ရပြီး သူ့လက်ပေါ်ရှိ အသားများက စုတ်ပြဲပေါက်ကွဲထွက်သွားကာ သူ့ကိုယ်တွင်းအင်္ဂါများက နေရာရွေ့ကုန်လေသည်။
ဘုန်းကြီးကြွယ်ချမ်းအတွက် အတော်လေး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ရိုက်ချက်ပြင်းသော ရှုံးနိမ့်မှု ဖြစ်လေသည်။
သို့သော် ဆူဇီမို၏ ခွန်အားက အတော်လေး တုန်လှုပ်စရာကောင်းသော်လည်း တစ်ဖန်အသေအကြေ ပြန်တိုက်ခိုက်ရမည်ဆိုလျှင် ထိုသူကို သူရှုံးမှာ မဟုတ်ဟု ယုံကြည်နေသေးလေသည်။
သူတို့က စတင်တိုက်တိုက်ချင်းမှာပင် သူက ဆူဇီမိုအနားကနေ ပြန်မခွာနိုင်အောင် တောက်လျှောက်ဖိအားခံထားရပြီး သူ၏ လျှို့ဝှက်ပညာရပ်အတတ်များကို ထုတ်မသုံးနိုင်ခဲ့ပေ။
သူသည် အရင်းခံလက်နက်များဖြစ်သော ဗုဒ္ဓဝါဒီစိတ်ဝိညာဉ်လက်နက်များကိုပင် မထုတ်နိုင်ခဲ့ပေ။
သူသည် သိုလှောင်အိတ်ထဲကနေ သူ၏ ဗုဒ္ဓဝါဒီစိတ်ဝိညာဉ်လက်နက်နှစ်ခုဖြစ်သော စိန်တောင်ဝှေးနှင့် ရွှေခေါင်းလောင်းကိုသာ ထုတ်ယူနိုင်ခဲ့လျှင် သူ၏ တိုက်ခိုက်ရည်က အနည်းဆုံး နှစ်ဆဖြစ်လာပြီး ထိုဗလတောင့်တောင့်လူကို သေချာပေါက် သတ်ဖြတ်နိုင်ခဲ့ပေမည်။
အဲ့ဒါက သူ၏ အတွေးများသာဖြစ်ပြီး လက်ရှိ သူ၏ အခြေအနေအရတော့ ဆူဇီမိုနှင့် ဆက်ပြီး တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။
“ဗလတောင့်တောင့်ဒကာ.. ဒီနေ့ငါ မင်းကို လျှော့တွက်မိခဲ့လို့ကွ.. ငါတို့ နောက်တစ်ခါ ပြန်တွေ့ရင် သေချာပေါက် မင်းကို လှဲချပြမယ်” အဆုံးမဲ့ မကျေမချမ်းမှုများနှင့် ဘုန်းကြီးကြွယ်ချမ်း၏ အသံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာလေသည်။
“ဟားဟားဟား”
ဆူဇီမိုက ခေါင်းကိုနောက်လှန်၍ ရယ်ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။
“ဒီမှာကိုယ်တော်.. နောက်တစ်ခါ ကျုပ်တို့ပြန်တွေ့လို့ ကျုပ်ကို ထပ်ပြီး ရန်စဦးမယ်ဆို.. အခုလို ထွက်ပြေးနိုင်မယ် မထင်နဲ့တော့”
ကိုယ်တော်ကြွယ်ချမ်းသည် သူ့ခွန်အားအမှန်ကို ထုတ်မပြရသေးသောကြောင့်သာဟု တွေးလိုက်၏။
သို့သော် သူ မသိသည်မှာ ဆူဇီမိုကလည်း သူ့လိုပင် ခွန်အားအမှန်ကို ထုတ်မပြရသေးပေ။
ဆူဇီမိုသည် သူ၏ သားရဲသွင်ပြင်ကိုယူ၍ သူ၏ သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် ပထမလက်ဝါးချက်မှာတင် ကိုယ်တော်ကြွယ်ချမ်း၏ အသက်ကို နုတ်ယူနိုင်လေသည်။
သူ့အထင်အမြင်အရ.. ကိုယ်တော်ကြွယ်ချမ်းက ဗုဒ္ဓဝါဒီဖြစ်သော်လည်း သူ့မှာ ကြင်နာတတ်သော နှလုံးသား မရှိပေ။
သူ့နောက်ရှိ လူဝူ၏ အမြီးပေါ်က အလောင်းများက သက်သေပင်။ ပြောရမည်ဆိုလျှင် ရှေးဟောင်းတိုက်ပွဲမြေထဲ၌ သူ့လက်ချက်နှင့် သေခဲ့ရသော ကျင့်ကြံသူများက ထိုထက်များဖို့သာ ရှိလေသည်။
နောက်ပြီး အခြေအနေမှန်ကို လုံးဝ မသိရသေးဘဲနှင့် နတ်ဆိုးမကျိကို ကိုယ်တော်ကြွယ်ချမ်းက တန်းပြီး သတ်ဖို့ ကြိုးစားတာကို သူက ဒီအတိုင်း လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။
နတ်ဆိုးမကျိသည် တစ်ချိန်လုံး ဘေးကနေ ကြောင်အ၍ ကြည့်နေပြီး ဗလတောင့်တောင့်လူကို ဝင်ကူတိုက်ပေးဖို့ပင် မေ့နေလေသည်။
တစ်ဖက်မှာ ဗလတောင့်တောင့်လူ၏ နည်းလမ်းများက သူ့ကို ကြောင်အစေခဲ့သောကြောင့်..
အခြားတစ်ဖက်မှာတော့ သူမ၏ စိတ်ထဲမှာ သံသယတစ်ခု ရှိနေသောကြောင့် ဖြစ်လေသည်။
သူမသည် တစ်ခုခုကို အဓိပ္ပါယ်ဖော်နေသည့်အလား.. ဆူဇီမိုကို မမှိန်မသုန် စိုက်ကြည့်နေ၏။