ဓါးကျင့်ကြံသူ
Vol. 30 Ch. 438
နောက်ဆုံး နတ်ဆိုးမကျိက သူ့ကို မျက်နှာလွှဲသွားတာတွေ့မှ ဆူဇီမိုသည် စိတ်သက်သာရာ ရသွား၏။ သူ၏ အတွင်းစိတ်ထဲမှာတော့ မလုံမလဲ ဖြစ်နေလေသည်။
သူ၏ အခြားရွေးချယ်စရာ မရှိသည့်အတွက် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားရပေဦးမည်။
“ဘာလဲ.. နင်က စိတ်မပါတော့ပြန်ဘူးလား”
ဆူဇီမို၏ အမူအယာက သုန်မှုန်သွား၏။
သူသည် ဟန်ဆာင်ဖို့ ရွေးချယ်ခဲ့မှတော့ သဏ္ဌာန်လုပ် သရုပ်တူဖို့ လိုလေသည်။
ဗလတောင့်တောင့်လူက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို မြင်သောအခါ နတ်ဆိုးမကျိသည် ခဏမျှ ကြောင်အသွား၏။ ထို့နောက် ချက်ချင်းပင် သူမက လူတစ်ယောက်၏ ဝိညာဉ်ကိုပင် ရိုက်ခတ်သွားလောက်အောင် နှစ်လိုဖွယ်ရာ ပြုံး၍ နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်၏။
“စိတ်မဆိုးလိုက်ပါနဲ့ ကျေးဇူးရှင်ကြီးရယ်.. ကျမက ရှင့်ကို ကျမရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ အမှတ်မှားသွားတဲ့အတွက် နားလည်မှုလွဲစရာလေး ဖြစ်သွားတာပါ”
“အဲ့ဒီအတွက် ကျမကပဲ တောင်းပန်ပါတယ်နော်”
ထိုသို့ပြော၍ သူမက တောင်းပန်သလိုကြည့်ကာ ဦးညွှတ်လိုက်၏။
ဆူဇီမိုက နှာတစ်ချက်မှုတ်၍ ဘာမှ ထပ်မပြောတော့ပေ။
နတ်ဆိုးမကျိ၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားပြီး သူမက ထပ်မေးလိုက်၏။
“ကျမရဲ့ သူငယ်ချင်းဟောင်းက ဘယ်သူလဲဆိုတာ မမေးတော့ဘူးလား ကျေးဇူးရှင်ကြီးရဲ့”
“စိတ်မဝင်စားဘူး”
ဆူဇီမိုက လက်ကာပြ၍ ခပ်လှမ်းလှမ်းသို့ အလွန်တရာ လျှင်မြန်စွာ လျှောက်သွားပြီး အဝေးကနေ အော်ပြောလိုက်၏။
“အခုချိန်မှာ ငါစိတ်ဝင်စားတာ လူသားဧကရာဇ်နန်းတော်ပဲ”
“ကျမလဲ လူသားဧကရာဇ်နန်းတော်ကို သွားချင်နေတာ.. ကျမတို့ အတူ သွားကြမယ်လေ”
နတ်ဆိုးမကျိက နောက်ကနေ လှမ်းအော်လိုက်၏။
ဆူဇီမိုသည် ဘာမှ မကြားသလို ဟန်ဆောင်ကာ ဆက်သွားလေသည်။
သူတို့တွေ့ဆုံသည့် ခဏလေးအတွင်းမှာတောင် နတ်ဆိုးမကျိက သူ့သရုပ်မှန်ကို ဖော်ထုတ်နိုင်လုနီးပါးပင်။ သူတို့သာ အတူခရီးသွားကြမည်ဆိုလျှင် သူမက သူမှန်း သေချာပေါက် သိသွားပေလိမ့်မည်။
“ဆူဇီမို”
ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့်နှင့် သူ့နောက်မှ အော်ခေါ်သံတစ်သံက ထွက်လာ၏။
ဆူဇီမိုသည် အလိုလို နောက်လှည့်ကြည့်ချင်စိတ် ပေါက်သွား၏။
လူတစ်ယောက်က သူ့နာမည်ကို အော်ခေါ်ခံရလျှင် ထိုသို့ တုံ့ပြန်တတ်လေသည်။
သို့သော်လည်း ချက်ချင်းပင် သူသည် အခြေအနေကို သဘောပေါက်သွားပြီး နောက်ပြန်လုံးဝမလှည့်ဘဲ ဆက်သွားကာ တစ်ခဏအတွင်း နတ်ဆိုးမကျိ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
နတ်ဆိုးမကျိက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်၏။
“အင်းကြည့်ရတာတော့ သူ မဟုတ်ဘူး ထင်ပါတယ်”
ဆူဇီမိုသည် အတော်ဝေးဝေး ရောက်မှသာ အရှိန်ကို လျှော့ချ၍ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
တဲတဲလေးသာ..
စောစောက လှမ်းအော်လိုက်သောသူမှာ နတ်ဆိုးမကျိ ဖြစ်လေသည်။
စောစောက အော်လိုက်တုန်းက ဆူဇီမိုသာ သူ၏ တုံ့ပြန်မှုကို အချိန်မီ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုလျှင် ဟာကွက်တစ်ခု ပေါ်သွားပြီး နတ်ဆိုးမကျိက သူ့ကို ဖော်ထုတ်သွားနိုင်လေသည်။
“ဒီကောင်မလေးကတော့...”
ဆူဇီမိုက ခေါင်းခါ၍ တတွတ်တွတ်ရွတ်ကာ ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်၊ လူသားဧကရာဇ်နန်းတော်ရှိရာသို့ ဦးတည်ပျံသန်းသွားလေသည်။
. . .
ဆယ်ရက်ကြာပြီးနောက်..
လူသားဧကရာဇ်နန်းတော်က ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူက မြေပြင်နှင့်နီးလာလေလေ သူ့ထံမှ ဖြာထွက်လာသော အော်ရာကလည်း ပိုပို၍ ကြောက်စရာကောင်းလာ၏။
ရှေးဟောင်းနန်းတော်ကြီး၏ ၅၀၀ကီလိုမီတာ ပတ်လည်တွင်.. ရှေးဟောင်းခေတ်သက်ရှိများနှင့် ရှေးဦးအဆက်နွယ်တောကောင်များက မနေရဲတော့ဘဲ အဝေးသို့ ရွှေ့ပြောင်းထွက်ပြေးကုန်ကြလေသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့တာတောင် လူသားဧကရာဇ်၏ အကြွင်းအကျန်စွမ်းအားက လွန်စွာကြီးမားပြီး နယ်မြေရှစ်ခုနှင့် ဖိနှိမ်ထားနိုင်ဆဲဖြစ်ပြီး သားရဲများ၏ ခေါင်းထဲမှာ အကြောက်တရားများက အစဉ်အဆက် ရှိနေကြဆဲဖြစ်၏။
“ဒါဆို ဒါက လူသားဧကရာဇ်နန်းတော်ကြီးပေါ့လေ.. တစ်ကယ့်ကို အံ့မခန်းပါပဲကွာ”
“ဖိအားက အရမ်းကြီးလိုက်တာ.. ငါ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူတောင်မှ ရှေ့ကို မတက်ရဲတော့ဘူး.. လူသားဧကရာဇ်နန်းတော်အရိပ် လွှမ်းခြုံထားတဲ့ ဝန်းထဲမှာ သူတို့သာ စပြီး တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်လိုဖိအားမျိုး ကျရောက်လာမလဲ တွေးကြည့်လို့တောင် မရဘူး”
“ဟေ့ဟေ့.. ဟိုမှာကြည့်စမ်း.. ဟို ကျောက်တိုင်ကြီးပေါ်မှာ ထွင်းထုထားတဲ့ နတ်နဂါးရုပ်ကြီးက အသက်ဝင်လိုက်တာကွာ.. မသိရင် တစ်ကယ့်အစစ်ကျနေတာပဲ”
လူသားဧကရာဇ်နန်းတော်၏ ပေါ်ပေါက်လာမှုက ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးမှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားလေသည်။
လျှပ်စီးပင်လယ်ကြီးနှင့် တိမ်ညိုတိမ်မည်းဝဲကတော့ကြီး၏ အလယ်ရှိ ရှေးဟောင်းနန်းတော်ကြီးကို လူအုပ်ကြီးက တစ်လွှာပြီးတစ်လွှာ ဝိုင်းပတ်၍ တုန်လှုပ်ချောက်ချားစွာ စောင့်ကြည့်နေကြ၏။
ထိုကြည့်နေသူများက မကြာခင် ပေါ်ပေါက်လာတော့မည့် သွေးလွှမ်းတိုက်ပွဲတွင် ရောညှပ်ပါသွားနိုင်သော်လည်း လူတိုင်းသည် ထန်ယုလိုမျိုး သူတို့၏ သိချင်စိတ်ကို မဖိနှိမ်နိုင်ကြပေ။
“မင်းတို့ကောင်တွေကို ဒီနေရာကနေ ထွက်သွားဖို့ အသက်ရှုချိန်သုံးကြိမ်စာ ငါအချိန်ပေးမယ်.. အဲ့ဒါပြီးလို့ ကျန်နေသေးတဲ့ကောင် အသေပဲ”
ထိုအချိန်မှာပင် အပြင်ဘက်မှ ရေခဲတမျှ အေးစက်သောအသံက အရာရာတိုင်းကို လှီးဖြတ်တော့မည့် ထက်ရှမှုကို သယ်ဆောင်၍ ထွက်ပေါ်လာလေသည်။
လူတိုင်း လှည့်ကြည့်လိုက်ကြ၏။
သူတို့နောက်တွင်.. ဓါးအိမ်ထဲထည့်ထားသော ဓါးရှည်တစ်လက်ကို ခါးမှာ ချိတ်ဆွဲ၍ ဝတ်ရုံရှည်ဝတ်ထားသည့်လူတစ်ယောက် လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရလေသည်။ သူ၏ ရှည်လျားသွားလျသော လက်ချောင်းလေးများကို လှုပ်ခါ၍ သူက အေးတိအေးစက် အမူအယာ ရှိနေလေသည်။
“အသက်သုံးရှိုက်စာနဲ့ ငါတို့က ဒီကနေ ဘယ်လိုထွက်မလဲဟ”
များစွာသော ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
“တစ်”
ဝတ်ရုံရှည်နှင့်လူက သူ့ခေါင်းကို ငုံ့ထားပြီး မှင်သေသေနှင့် အော်ရေလိုက်၏
“အဲ့ဒါ ဘယ်သူလဲဟ.. သူက တော်တော် မောက်မာနေတာပဲ”
လူတစ်ယောက်က မကျေမနပ်နှင့် လှောင်ရယ်လိုက်၏။
“နှစ်”
ဝတ်ရုံရှည်နှင့်လူက နောက်တစ်ကြိမ် ထပ်အော်လိုက်၏။
မျက်စိလျင်သော ကျင့်ကြံသူတစ်ယောက်က ထိုလူ၏ ခါးမှ ဂိုဏ်းတံဆိပ်ပြားကို မြင်တွေ့သွားပြီး တုန်လှုပ်သွားသော အမူအယာနှင့် အော်ဟစ်လိုက်၏။
“ဓါးဂိုဏ်း.. သူက ဓါးဂိုဏ်းက အရိုက်အရာဆက်ခံသူ ဟန်ချိုးယွီများလား”
ဓါးဂိုဏ်းက အရိုက်အရာဆက်ခံသူဆိုသော စကားသံကို ကြားရချိန်တွင် လူအုပ်ကြီးသည် အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြ၏။
ထိုအချိန်မှာပင် ဟန်ချိုးယွီ၏ အသံက နောက်တစ်ဖန် ထွက်လာလေသည်။
“သုံး”
သူ၏ သေးသွယ်သော လက်ချောင်းလေးများက သူ့ခါးထက်က ဓါးရိုးပေါ်သို့ ရောက်နေပြီဖြစ်၏။ သူ့ရှေ့က လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်ပြီး သူက ပြောလိုက်၏။
“မင်းတို့ရဲ့ နောက်ဆုံးအခွင့်အရေးက မရှိတော့ဘူး”
ဝှီ..
အဖြူရောင် အလင်းက ဖျတ်ကနဲ လက်သွား၏။
ထိုခုတ်ချက်၏ အမြန်နှုန်းနှင့် စွမ်းအားကို မည်သူမှ မဖော်နိုင်ကြပေ။
ရင်သပ်ရှုမောဓါးက စတင်ပေါ်လာကတည်းက ရင်သပ်ရှုမောဖွယ် ကောင်းနေလေသည်။
ချက်ချင်းပင် ဟန်ချိုးယွီရှေ့ရှိ ကျင့်ကြံသူများအားလုံးသည် စူးစူးရှရှလင်းလက်သွားသော ဓါးအလင်းရောင်ကြောင့် မျက်စိများ ကျိန်းစပ်သွားပြီး သူတို့၏ မျက်လုံးများကို မဖွင့်နိုင်ကြတော့ပေ။
နောက်ခဏ၌ သူတို့၏ လည်ပင်းများက အေးစက်ပြီးမှ နွေးသွားသည်ကို ခံစားလိုက်ရပြီး စေးကပ်ကပ် အရည်များက စတင်စီးကျလာကာ ညှီစို့စို့အနံ့က ထွက်လာလေသည်။
အဲ့ဒါက လတ်ဆတ်သော သွေးရနံ့များပင်။
ဟန်ချိုးယွီရှေ့မှာ မတ်တပ်ရပ်နေကြသော ကျင့်ကြံသူများစွာသည် တစ်ပြိုင်နက်တည်း လဲကျကုန်၏။ မြေပြင်ပေါ် ပြိုလဲကျသွားသော သူတို့၏ လည်ပင်းများက နက်ရှိင်းသော ဓါးလှီးဖြတ်ရာနှင့်ရှိနေပြီး သူတို့သည် အေးချမ်းစွာ အနားမယူနိုင်ခဲ့ကြပေ။
လူသားဧကရာဇ်နန်းတော်၏ အနီးနားဝန်းကျင်သို့ ရောက်လာကြသူများ အားလုံးနီးပါးက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အတော်အတန် အစွမ်းအစရှိကြသူများ ဖြစ်ကြလေသည်။
သို့သော် ထိုလူများစွာက သူတို့၏ စိတ်ဝိညာဉ်လက်နက်များကိုပင် ဆွဲထုတ်ဖို့ အခွင့်အရေး မရလိုက်ဘဲ နေရာမှာတင် ပွဲချင်းပြီး စင်းကုန်ကြလေသည်။
သူ၏ ခုတ်ချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သက်သေပင်။
သူ့နောက်ရှိ ကျင့်ကြံသူများသည် မျက်စိမျက်နှာ ပျက်သွားကြပြီး သူတို့၏ ကာကွယ်ရေးအဆောင်များကို ချက်ချင်းထုတ်ကာ ချိုးချေလိုက်ကြ၏။ ထို့နောက် သူတို့၏ ဓါးပျံများနှင့် ခုခံရေးလက်နက်များကို ဆင့်ခေါ်ထုတ်၍ ကာကွယ်ဖို့ အဆင်သင့်ပြင်ပြီးမှသာ သူတို့သည် အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏။
ရွှစ်..
သူတို့ ပြင်ဆင်ပြီး ရှေ့ကို ကြည့်လိုက်ချိန်တွင် ဟန်ချိုးယွီက ပျောက်ကွယ်သွားလေပြီ။
ညင်သာသော လေပြေလေးက တိုးဝှေ့ပွတ်တိုက်သွား၏။
ဟန်ချိုးယွီက သူ၏ ရင်သပ်ရှုမောဓါးကို ကိုင်စွဲ၍ လူအုပ်ကြီးထဲသို့ ရောက်ချလာပြီဖြစ်၏။
ဓါးအလင်းတန်းတစ်ခုက ပျံသန်းလာပြီး သူ့နောက်မှာ သွေးရောင်က ကပ်ပါလာလေသည်။
တချို့ ကျင့်ကြံသူများသည် နှစ်ပိုင်းပြတ်ထွက်သွားပြီး လတ်ဆတ်သွေးများက စီးထွက်ပွက်ထွက်၍ အော်ဂလီဆန်စရာ ကိုယ်တွင်းအင်္ဂါများက ထွက်ကျလာလေသည်။
ဟန်ချိုးယွီ၏ ဓါးရှည်နှင့် ရင်ဆိုင်ရချိန်တွင် ကာကွယ်ရေးအဆောင်များက စက္ကူရွက်များလို ဘာမှ သုံးစားမရပေ။
ချွမ်း..
ကျင့်ကြံသူတစ်ယောက်၏ ရင်သပ်ရှုမောဓါးကို သူ့ဒိုင်းကာနှင့် ခုခံလိုက်သောကြောင့် ကျွတ်ဆတ်ဆတ် ထိခတ်မိသံက ထွက်ပေါ်လာ၏။
သူ့မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုက ခဏမျှ ပေါ်လာပြီးနောက် သူ့မျက်နှာက တောင့်ခဲသွားလေသည်။ သူ့မျက်လုံးများက အရောင်မှိန်ကျသွားပြီး သူ့ခေါင်းက ဘေးတစ်ဖက်သို့ လည်ကျကာ အသက်ဓါတ်ကင်းမဲ့သွားလေတော့သည်။
သာလွန်အဆင့်ကာကွယ်ရေးစိတ်ဝိညာဉ်လက်နက်က ရင်သပ်ရှုမောဓါး၏ ခုတ်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိပေ။
များစွာသော ကျင့်ကြံသူများသည် ကြောက်လန့်တကြားနှင့် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးကုန်ကြလေသည်။
ဓါးကျင့်ကြံသူတစ်ယောက်က တစ်ကယ့်ကို ကြောက်စရာပင်..
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဓါးက စိုးမိုးထားသော်လည်း ဓါးပျံများ ကိုင်ဆောင်ထားသည့် ကျင့်ကြံသူများကို ဓါးကျင့်ကြံသူများဟု မခေါ်ပေ။
တစ်ကယ့် ဓါးသမားများက သူတို့၏ ဓါးများကို လက်ထဲကနေ ဘယ်တော့မှ မခွာပေ။
ဓါးပျံများနှင့် မတူဘဲ ဓါးကျင့်ကြံသူများက လက်ကိုင်ရိုးပါသော ဆောင်ဓါးရှည်များကို သုံးကြလေသည်။
အင်မော်တယ်၊ မိစ္ဆာ သို့မဟုတ် ဗုဒ္ဓဝါဒီများသည် တစ်ကယ့် တိုက်ပွဲများ၌ ဘယ်သူက အသန်မာဆုံး ဖြစ်သည်ဆိုတာကို ပြောဖို့ ခက်လေသည်။
သို့သော်လည်း ကျင့်ကြံရေးလောကတွင် အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသော အချက်တစ်ချက်ရှိ၏။
ဓါးကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်ခြင်းစွမ်းအားက အမြင့်ဆုံးဟူ၍ပင်။
ဒါ့အပြင် အင်မော်တယ်၊ မိစ္ဆာနှင့် ဗုဒ္ဓဝါဒီဂိုဏ်းများထဲတွင်.. အင်မော်တယ်ကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းအနေနှင့် ဓါးဂိုဏ်းမှ ဓါးသမားများက နာမည်ဂုဏ်သတင်း အကျော်ကြားဆုံး ဖြစ်ကြလေသည်။
ဓါးဂိုဏ်းကို တည်ထောင်ခဲ့သူမှာ ရှေးဟောင်းခေတ်က နံပါတ်တစ် ဓါးဧကရာဇ် ဖြစ်လေသည်။