လက်ရွေးစင်များ စုစည်းကြခြင်း
Vol. 30 Ch. 439
ဟန်ချိုးယွီက သူ့ဓါးကို ကိုင်စွဲ၍ လူအုပ်ကြီးထဲ ပစ်ဝင်သွား၏။ သူဖြတ်သန်းသွားရာ နေရာတိုင်း ငရဲခန်းတစ်ခုအလား ခြေလက်အပြတ်များက လွင့်ပျံ၍ သွေးများနှင့် နီစွေးကာ ကြောက်စရာကောင်းနေလေသည်။
တိုက်ပွဲမြေက ဝရုန်းသုန်းကား ဖြစ်နေလေသည်။
ကြောက်လန့်တကြားအော်သံ၊ စူးစူးဝါးဝါးအော်သံများနှင့် သတ်ဖြတ်သံများက ရောပြွမ်းနေလေသည်။
ဖုန်း.. ဖုန်း.. ဖုန်း..
တောင်ဘက်မှ လေးလံသည့် ခြေသံများက ထွက်ပေါ်လာလေသည်။
ထိုခြေသံတစ်ခါမြည်တိုင်း ကြောက်စရာကောင်းသည့် သတ္တဝါကြီးတစ်ကောင် ချဉ်းကပ်လာသည့်အလား မြေပြင်က တုန်ခါသွားလေသည်။
များစွာသော ကျင့်ကြံသူများသည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။
ခေါင်းတုံးဆံတောက်ကေနှင့် ကျင့်ကြံသူတစ်ယောက်က ခြေလှမ်းကျဲကြီးနှင့် လျှောက်လှမ်းလာ၏။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားပြီး ဖော်ထားသော သူ့ကြွက်သားများက ကြေးညိုရောင်နှင့် လက်လက်ထတောက်နေပြီး တင်းကားထွက်နေ၏။
ထိုလူက ကြီးမားသည့် နက်မှောင်ပြီး လေးလံသော သံလှံကြီးကို ပုခုံးပေါ်မှာ ထမ်းထား၏။ ပြင်းထန်ကြမ်းကြုတ်သောအော်ရာက နဖူးမှခြေဖျားထိ ဖြာထွက်နေပြီး လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာနှင့်အတူ ရယ်မောလိုက်တိုင်း သူ့မျက်လုံးများက ပြင်းပြတောက်လောင်လာလေသည်။
“ဖင်မှန်းခေါင်းမှန်း နားမလည်တဲ့ သောက်ရူးတစ်အုပ်.. မင်းတို့က လူသားဧကရာဇ်နန်းတော်နားကို ကပ်လာရဲကြသေးတယ်ပေါ့”
“မြန်မြန်ပြေးကြဟေ့.. အဲ့လူက မိစ္ဆာဂိုဏ်းကပဲ”
“အဲ့ဒါ ပဒေသရာဇ်နန်းတော်က မိစ္ဆာအမွေခံသူ ဖန်းယွဲ့ဟ ပြေးဟ ပြေးပြေး”
ဖန်းယွဲ့က သူ့ပုခုံးပေါ်က လှံတံကို ရိုက်ပုတ်ထုတ်လိုက်သောအခါ ၎င်းက လေထဲသို့ လွင့်ကန်ထွက်သွားလေသည်။ သူက အော်ပြောလိုက်၏။
“အခုမှ ပြေးလို့ ဘယ်လွတ်တော့မလဲ”
ရွှစ်..
သံမဏိလှံတံက အနက်ရောင်အလင်းတန်းတစ်ခုအသွင်နှင့် လေထဲမှာ ဖြတ်သန်းသွားပြီး လေခွင်းသံများက ထွက်ပေါ်သွားလေသည်။
ဖန်းယွဲ့က လှံတံနောက်ကနေ ကပ်ပါလာပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်ချသွားလေသည်။
ရှေ့ဆုံးမှာ ရပ်နေကြသော ကျင့်ကြံသူများသည် အနက်ရောင်လှံကို မရှောင်တိမ်းကြဘဲ အပိုင်းပိုင်း စုတ်ပြတ်ထွက်သွားကြလေသည်။ လှံတံနှင့် ထိတွေ့မိသော စိတ်ဝိညာဉ်လက်နက်များအားလုံးကလဲ အပိုင်းပိုင်းကျိုးပဲသွားကြ၏။
“သတ်”
ဖန်းယွဲ့က အနက်ရောင်လှံတံကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်၍ ဟိန်းဟောက်လိုက်၏။ သူက လက်ပြန်ဝေ့ရမ်းလိုက်သောအခါ ကြီးမားသည့် စစ်တပ်ကြီး ချီတက်လာသလို စွမ်းအားက ထွက်ပေါ်လာပြီး လူအုပ်ကြီးထဲရှိ ကျင့်ကြံသူများစွာသည် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြလေသည်။
မိစ္ဆာဂိုဏ်းများထဲတွင် ပဒေသရာဇ်နန်းတော်က ခန္ဓာမီးဆေးခြင်းတွင် အသန်မာဆုံး ဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာတောင် သူတို့က ဖန်သားနန်းတော်၊ စိန်ကျောင်းတော်တို့နှင့် အတူယှဉ်တွဲ၍ ထိပ်ဆုံးနံပါတ်သုံးခုတွင်း ဝင်လေသည်။
ပဒေသရာဇ်နန်းတော်မှ မိစ္ဆာအမွေခံသူတစ်ယောက်အနေနှင့် ဖန်းယွဲ့က အနီးကပ်တိုက်ခိုက်ရည်မှာ ဘယ်လောက်တောင် သန်မာလိုက်မလဲ တွေးကြည့်နိုင်လေသည်။
အဲ့ဒါက သတ်ဖြတ်ခြင်းပွဲတော်ကြီးတစ်ခု ဖြစ်နေလေသည်။
ဖန်းယွဲ့၏ ခန္ဓာကိုယ်မှ မရီးဒါန်ရှစ်ခုက တောက်ပလာပြီး စိတ်ဝိညာဉ်စွမ်းအင်များက မျိုးဆက်သွေးနှင့်အတူ ထကြွလာ၏။ သူလှံတံ၏ ထက်ရှပြင်းထန်မှုကို မည်သူမှ ခံနိုင်ရည်မရှိကြသောကြောင့် သူ့လှံတံ ဖြတ်သွားသည့်နေရာတိုင်း လူသေများက အတန်းလိုက် ကျန်ရစ်ခဲ့လေသည်။
အခြားတစ်ဖက်မှာတော့ ခရမ်းရောင်အော်ရာက ရောက်ရှိလာ၏။
အဲ့ဒါက ဧကရာဇ်တစ်ပါး ရောက်ရှိလာသည့်အလား ထိန်းမနိုင်သိမ်းမနိုင်သောအော်ရာကို ထုတ်ပေးနေ၏။
“ပြေးဟ မြန်မြန်.. အဲ့ဒါ မိုးခရမ်းပြာကောင်းကင်ဂိုဏ်းက အောင်းယွီရှောင်ပဲ”
ကျင့်ကြံသူများသည် ကစင်ကလျား ထွက်ပြေးကုန်ကြသောကြောင့် အရှေ့ဘက်ရှိ လူအုပ်ကြီးသည်လည်း ရှုပ်ထွေးပြန့်ကျဲကုန်ကြလေသည်။
ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က တည်တံ့သော မျက်နှာထားနှင့် လေထဲမှာ ရပ်နေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သန်းနှင့်ချီသော ခရမ်းရောင်ချီမျှင်လေးများက ရစ်ပတ်လွှမ်းခြုံနေပြီး တဖျတ်ဖျတ်တလက်လက် တောက်ပနေ၏။ သူက လူတိုင်းကို အထက်စီးကနေ ကြည့်နိုင်သော ခမ်းနားထည်ဝါသောအော်ရာကို ပိုင်ဆိုင်ထား၏။
“သွား”
အောင်းယွီရှောင်က သူ့အင်္ကျီလက်ကို လှုပ်ခါ၍ ညင်သာစွာ ငေါက်လိုက်၏။
မူလက သူ့ကို လှည့်ပတ်နေသော သန်းနှင့်ချီသည့် ခရမ်းရောင်ချီမျှင်လေးများက လေထဲတွင် တောက်ပလင်းလက်နေသော ခရမ်းရောင်ဓါးများအဖြစ် စုဖွဲ့သွားပြီး ခရမ်းရောင်တိမ်စိုင်လေးများကဲ့သို့ အုစ်စုဖွဲ့၍ လူအုပ်ကြီးထဲသို့ ပစ်ဝင်သွားလေသည်။
ခရမ်းရောင်တိမ်စိုင်လေးများက ကောင်းကင်ထက်သို့ ပျံ့လွင့်သွားပြီး လေထဲရှိ ကျင့်ကြံသူများသည် လေထဲကနေ ပြုတ်ကျလာကာ သေဆုံးကုန်ကြ၏။
ထန်ယု ကြိုတင်ခန့်မှန်းခဲ့သလိုပင်.. လူသားဧကရာဇ်နန်းတော်က ပေါ်ပေါက်လာခြင်းနှင့်အတူ ရှေးဟောင်းတိုက်ပွဲမြေမှာ မကြုံစဖူး သတ်ပွဲဖြတ်ပွဲကြီးက ပေါ်ပေါက်လာလေပြီ။
လူသားဧကရာဇ်နန်းတော်၏ ဘေးနားပတ်လည်က သတ်ဖြတ်ပွဲကြီး ကျင်းပရာနေရာတစ်ခု ဖြစ်လာခဲ့၏။
အဲ့ဒီမှာ ဓါးဂိုဏ်းနှင့် မိုးခရမ်းပြာကောင်းကင်ဂိုဏ်းတို့သာလျှင်မဟုတ်.. အခြားသောအင်မော်တယ်ဂိုဏ်းများမှ အရိုက်အရာဆက်ခံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ချလာပြီး တိုက်ပွဲမြေမှာ ဝင်ပါလာကြလေသည်။
အဲ့ဒီမှာ ဝတ်ရုံစလှုပ်ခတ်သော တဖျပ်ဖျပ်အသံနှင့်အတူ ရေခဲလို အေးစက်စက် နတ်မိမယ်တစ်ပါး၊ လေကဲ့သို့ လျှင်မြန်ဖျတ်လတ်မှု မိုးကြိုးလိုအကြည့်တို့နှင့် ကျင့်ကြံသူတစ်ယောက်၊ တာအိုသရဖူကို ဆောင်းထားသော တာအိုကျင့်ကြံသူတစ်ယောက်.. အစရှိသည်ဖြင့် ရောက်ရှိလာကြ၏။
မိစ္ဆာဂိုဏ်းများမှ ပဒေသရာဇ်နန်းတော်၏ ဖန်းယွဲ့အပြင်.. တိမ်လွှာမိုးစက်ဂိုဏ်း၏ ရှန့်ကွမ်ယုနှင့် ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ မိစ္ဆာအမွေခံသူတို့လည်း ပါလာလေသည်။
ထိုအချိန်တွင် အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူ..ပိုင်ယုသည် တိုက်ပွဲမြေထဲသို့ ပြေးဝင်ချလာပြီး သူ၏ အထွတ်အထိပ်ဆေဘာနှင့်အတူ ဘဝင်ခိုက်နှစ်ခြိုက်စွာနှင့် အားပါးတရ လိုက်လံသတ်ဖြတ်လေတော့သည်။
သည့်အရင်က ပိုင်ယုသည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်မှာ ဆူဇီမိုကို ရှုံးနိမ့်သွားပြီး သွေးစတေးထွက်ပြေးခြင်းကိုသုံးကာ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။
ယခု သူပြန်ပေါ်လာသောအခါ သူ၏ အဋ္ဌမမြောက်မရီးဒါန်ကို ဖွင့်ပြီးသွားလေပြီ။
ပြောရမည်ဆို.. သူက ထိုရှစ်ခုမြောက်မရီးဒါန်ကိုသာ မဖွင့်လှစ်နိုင်ခဲ့လျှင် လူသားဧကရာဇ်နန်းတော်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့နေနေသာ သူရောက်လာခဲ့လျှင် ဒီနေရာမှာရှိသော အခြားကျင့်ကြံသူများကဲ့သို့ အညှာတာမဲ့စွာ သတ်ဖြတ်ခံရပေလိမ့်မည်။
အင်မော်တယ်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများမှ အရိုက်အရာဆက်ခံသူများသည် အလိုလိုနားလည်မှုရယူ၍ သူတို့အချင်းချင်း တိုက်ခိုက်ခြင်းကို ယာယီအားဖြင့် ရှောင်ရှားကာ အခြားကျင့်ကြံသူများကိုသာ လိုက်လံသတ်ဖြတ်နေကြ၏။
လက်ရှိအခြေအနေအရ.. တိုက်ပွဲမြေထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အခွင့်အရေးရှိသူများမှာ မရီးဒါန်ရှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။
ဖျင်ကြမ်းအင်္ကျီနှင့် မျက်ခုံးထူထူ မျက်နှာကြမ်းကြမ်းနှင့် ဗလတောင့်တောင့်လူတစ်ယောက်သည် ဝရုန်းသုန်းကား တိုက်ပွဲမြေ၏ အစပ်နားမှာ မတ်တပ်ရပ်၍ ဖြစ်ပျက်သမျှကို အေးစက်စွာ စောင့်ကြည့်နေ၏။
ဆူဇီမိုသည် ရောက်လာလေပြီ။
ဒေါင်.. ဒေါင်..
ရုတ်တရက် အနောက်ဘက်မှ ခေါင်းလောင်းသံတစ်သံက ထွက်လာပြီး ထိုအသံက လူတစ်ယောက်၏ ဝိညာဉ်ကို သန့်စင်ဆေးကြောပေးနိုင်သည့်အလား အလွန်တရာ မြင့်မြတ်နေ၏။
ခေါင်းလောင်းသံနှင့်အတူ ခေါင်းတုံးပြောင်ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းလာလေသည်။ သူက ခြေပြောင်နှင့်ဖြစ်ပြီး ဘုန်းကြီးတစ်ပါးလို ဝတ်ဆင်ထားလေသည်။ ရွှေခေါင်းလောင်းတစ်လုံးကို ကိုင်စွဲ၍ သူ့မျက်လုံးများက ရွှေရောင်တလက်လက်နှင့် တောက်ပနေ၏။ သူကတော့ စိန်ကျောင်းတော်၏ အရိုက်အရာဆက်ခံသူ ကိုယ်တော်ကြွယ်ချမ်းပင် ဖြစ်လေသည်။
“အောမီတောဖော”
ကိုယ်တော်ကြွယ်ချမ်းက လက်ဝါးတစ်ဖက်ကို ဒေါင်လိုက်ထောင်၍ ရွတ်လိုက်၏။
ဆယ်ရက်ကြာပြီးနောက် ကိုယ်တော်ကြွယ်ချမ်း၏ အမူအယာက ပုံမှန်ဖြစ်နေပြီး သူ့အော်ရာက တည်ငြိမ်နေ၏။ သူ့ဒဏ်ရာများက သက်သာပျောက်ကင်းသွားသည်မှာ သိသာလေသည်။
ဆူဇီမိုသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ဗုဒ္ဓဝါဒီကျောင်းတော် ခြောက်ကျောင်းထဲမှ တစ်ကျောင်းအနေနှင့် စိန်ကျောင်းတော်က တစ်ကယ်ကို စွမ်းပါပေသည်။
သည့်အရင်က ကိုယ်တော်ကြွယ်ချမ်းသည် ဆူဇီမို၏ အပြင်းအထန် ဖိနှိမ်ခြင်းကို ခံခဲ့ရပြီး သူ့အသားများက ပေါက်ကွဲထွက်ကာ သူ့အင်္ဂါများက နေရာရွေ့ကုန်ခဲ့လေသည်။
ဆယ်ရက်ကြာပြီးနောက် သူသည် မူလအခြေအနေကို ပြန်လည်ရောက်ရှိကောင်းမွန်လာခဲ့၏။ ထိုအချက်ကပင် ကိုယ်တော်ကြွယ်ချမ်း၏ ရုပ်ပိုင်းဆိုင်ရာက ဘယ်လောက်ထူးခြားကြံ့ခိုင်ကြောင်း သက်သေပင်။
ဒေါင်..
ကိုယ်တော်ကြွယ်ချမ်းက မျက်နှာသေနှင့် သူ့လက်ကောက်ဝတ်ကို ညင်သာစွာ လှုပ်ခါလိုက်သောအခါ ခေါင်းလောင်းသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။
သူတို့၏ ဓါးပျံများကို သုံး၍ ပြေးလွှားနေကြသော လေထဲရှိ ကျင့်ကြံသူများသည် တသိမ့်သိမ့် တုန်လှုပ်သွားကြ၏။ သူတို့၏ မျက်နှာများက ဖြူလျော့လာပြီး မတည်မငြိမ်နှင့် ယိမ်းထိုးလာကြလေသည်။
ဒေါင်..
ခေါင်းလောင်းသံက နောက်တစ်ဖန် ထပ်မံထွက်ပေါ်လာ၏။
ဖုန်း.. ဖုန်း..
လေထဲက ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြ၏။ မြေပြင်ပေါ်သို့ ရောက်သောအခါ သူတို့၏ အကြည့်များက မှေးမှိန်သွားပြီး ဒွာရခုနှစ်ပေါက်မှ သွေးများက စီးကျလာကာ အသက်မရှိကြတော့လေပြီ။
ကိုယ်တော်ကြွယ်ချမ်း၏ နောက်တွင် နောက်ထပ် ဘုန်းကြီးသုံးပါးနှင့် သီလရှင်တစ်ပါးက ကပ်ပါလာလေသည်။
ဘုန်းကြီးသုံးပါးနှင့် သီလရှင်က ဗုဒ္ဓဝါဒီများ ဖြစ်ကြသော်လည်း သူတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ဂိုဏ်းတံဆိပ်များက ကွဲပြားခြားနားကြလေသည်။
ဗုဒ္ဓဝါဒီခြောက်ကျောင်းမှ အရိုက်အရာဆက်ခံသူ ငါးယောက်က ပေါ်ထွက်လာလေပြီ။
အဲ့ဒါက တစ်ကယ့် လက်ရွေးစင်များ စုဝေးလာကြခြင်းပင်။
ဤတိုက်ပွဲတွင် သူတို့ကိုယ်သူတို့ သန်မာလှသည်ဟု တွေးထင်ခဲ့မိကြသော အခြားသောဂိုဏ်းများမှ ကျင့်ကြံသူအချို့နှင့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတချို့သည် အင်မော်တယ်၊ မိစ္ဆာနှင့် ဗုဒ္ဓဝါဒီကျောင်းတော်များက ဘယ်လောက်ကြောက်စရာကောင်းကြောင်း နောက်ဆုံး နားလည်သွားကြလေသည်။
သူတို့သည်လည်းပဲ မရီးဒါန်ရှစ်ခု အခြေတည်အဆင့်များ ဖြစ်ကြသော်လည်း ထိုဂိုဏ်းကြီးများမှ အရိုက်အရာဆက်ခံသူများကို ဘယ်လိုမှ မယှဉ်နိုင်ကြောင်း နားလည်သွားကြလေသည်။
လူသားဧကရာဇ်နန်းတော်ပတ်လည်တွင် ကျင့်ကြံသူအရေအတွက်က နည်းနည်းလာ၏။ သို့သော် အလောင်းများကတော့ ပုံထပ်လာပြီး သွေးများက ချောင်းပေါက်အောင် စီးဆင်းလာလေသည်။
နောက်ဆုံးမှာတော့ သူတို့ထဲမှ တစ်ယောက်က အစပ်နားတွင် ရပ်နေသော ဆူဇီမိုကို မြင်မိသွားလေသည်။
ထိုသူက အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူ ပိုင်ယု ဖြစ်လေသည်။
ပိုင်ယု၏ အမူအယာက အေးစက်နေပြီး သူ့လက်ထဲတွင် သွေးသံရဲရဲ အထွတ်အထိပ်ဆေဘာကို ကိုင်စွဲထားလေသည်။ သူက ဆူဇီမိုကို စူးစိုက်ကြည့်လိုက်၏။
ဆူဇီမိုက အမူအယာကင်းမဲ့နေသော်လည်း သူ့မျက်လုံးများထဲတွင် သရော်လိုမှုက အရိပ်က ရှိနေလေသည်။
“သေလိုက်တော့”
ပိုင်ယုက သူ၏ အထွတ်အထိပ်ဆေဘာကို လွှဲရမ်း၍ လေထဲမှာ သွေးရောင်စက်ဝန်းတစ်ခုကို ဖန်တီးကာ ဆူဇီမို၏ ဦးခေါင်းပေါ်သို့ အဲ့ဒါကို ဆင်းသက်စေလိုက်လေသည်။
ဆူဇီမို၏ မျက်လုံးများက ဝင်းလက်တောက်ပလာ၏။ သူက လှုပ်ရှားမှုပြုတော့မည်စဉ်မှာပင် သူ့နောက်ဘက်မှ နူးညံ့ညင်သာသည့် အသံတစ်သံက ထွက်ပေါ်လာ၏။
“ရပ်လိုက်”
မွှေးရနံ့က ပျံ့လွင့်လာ၏။
ပန်းရောင်ဖဲကြိုးလေးတစ်စက လေထဲကနေ ဖြတ်သန်းလာ၏။ အဲ့ဒါက အားနည်းသည်ဟု ထင်ရသော်လည်း ပိုင်ယု၏ တိုက်ခိုက်မှုကို ခုခံလိုက်နိုင်၏။
ထို့နောက် ထိုဖဲကြိုးလေးက အသက်ရှိသည့်အလား ဆေဘာ၏ ကိုယ်ထည်ကို ရစ်ပတ်လိုက်လေသည်။
ပိုင်ယုက မျက်မှောင်ကြုတ်၍ သူ့ဆေဘာကို ကပျာကယာ ပြန်ရုတ်သိမ်းလိုက်၏။
“နတ်ဆိုးမကျိ.. နင်ဘာလုပ်တာလဲ”
သူက ဗလတောင့်တောင့်လူ၏ နောက်ဘက်ကနေ လှစ်ကနဲ ထွက်ပေါ်လာသော ပန်းရောင်ဝတ်မိန်းကလေးကို စူးစိုက်ကြည့်ပြီး သူစိမ်းဆန်ဆန် မေးလိုက်၏။
“ဟီးဟီး”
ယခုအခါ နတ်ဆိုးမကျိက သူမ၏ မျက်နှာဖုံးကို ပြန်တပ်ထားပြီးဖြစ်၏။
သူမက နူးညံ့စွာပြုံးရင်း ဆူဇီမိုကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“သူက ငါဖိတ်ခေါ်လာတဲ့ မိတ်ဆွေလေ.. သူက ငါတို့ မိစ္ဆာဂိုဏ်းတွေဘက်ကပဲ”