မင်း ငါ့ကို ရန်ထပ်စရဲသေးတယ်ပေါ့
Vol. 30 Ch. 442
“အဲ့ဒီ အရူးဓါးသွားရဲ့နောက်ခံက ဘာလဲဟ.. သူက ဟုတ်တော့ ဟုတ်သားပဲ”
ဖန်းယွဲ့က ရယ်မောဟိန်းဟောက်၍ သူ့လှံတံကို အလျားလိုက် လွှဲရမ်းကာ အနားကပ်လာသော ဟန်ချိုးယွီကို နောက်ပြန်ဆုတ်အောင် ဖိအားပေးလိုက်၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ လှံတံနည်းစနစ်နှင့် နှိုင်းယှဉ်လျှင် ဖန်းယွဲ့၏ လှံတံနည်းစနစ်က ရှုပ်ထွေးနက်နဲမှု သိပ်မရှိလှပေ။
အဲ့ဒါက အလယ်အလတ်အဆင့်လောက်သာ ရှိလေသည်။ သို့သော်လည်း သူ့အဟုန်က ဖိနှိမ်နိုင်စွမ်း ပြင်းထန်ပြီး လှံတံ၏ ကြမ်းကြုတ်ရက်စက်မှုကို အပြည့်အဝ ဖော်ထုတ်နိုင်လေသည်။ သူသည် နှစ်ယောက်တစ်ယောက် ရင်ဆိုင်နေရသော်လည်း အရေးနိမ့်ခြင်း မရှိပေ။
ဓါးဂိုဏ်းမှ ဟန်ချိုးယွီ၏ ဓါးနည်းစနစ်ကလည်း လုံးဝ အားမနည်းလှဘဲ သူ့ဓါးချီများက အလွန်တရာ ထက်ရှကာ တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်မျိုးစလုံးကို လိုက်ဖက်ညီစွာ ပြုလုပ်နိုင်လေသည်။ သူ့ဓါးက ဖန်းယွဲ့၏ လှံကြီးနှင့် အဆက်မပြတ် ရိုက်ခတ်နေပြီး သတ္တုချင်းထိခတ်သံများက ဆက်တိုက်ထွက်ပေါ်နေကာ မီးပွားများက တဖွားဖွား လွင့်ပျံနေလေသည်။
မိစ္ဆာဂိုဏ်းများဘက်တွင် ဖန်းယွဲ့မှလွဲ၍ ကျန်မိစ္ဆာအမွေခံသူများသည် သိပ်ပြီး အခြေအနေ မကောင်းလှပေ။
တိမ်လွှာမိုးစက်ဂိုဏ်းမှ ရှန့်ကွမ်ယုနှင့် နတ်ဆိုးမကျိတို့သည် အစကတည်းက တိုက်ခိုက်ရည်မှာ အားနည်းကြသူများ ဖြစ်သောကြောင့် သူတို့သည် ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်ကာ ဖိနှိမ်ခံနေရပြီး ဆက်တိုက်နောက်ဆုတ်ပေးနေရလေသည်။
တစ်ဖက်မှာတော့..
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ မိစ္ဆာအမွေခံသူသည် မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၏ အောင်းယွီရှောင်ကို တစ်ယောက်-တစ်ယောက်ချင်းမှာတောင် နိုင်အောင် တိုက်နိုင်ဖို့ မလွယ်ပေ။
ယခုအခါ ရှင်းသန့်လေပြေဘုရားကျောင်း၏ အရိုက်အရာဆက်ခံသူက အောင်းယွီရှောင်ကို ကူပေးနေသောကြောင့် ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း မိစ္ဆာအမွေခံသူသည် အရေးနိမ့်နေပြီး သူ့အတွက် အခြေအနေ မကောင်းလှပေ။
ဒီအတိုင်းသာ ဆက်သွားနေလျှင် မိစ္ဆာအမွေခံသူအချို့က ရှုံးနိမ့်ပေတော့မည်။
တိုက်ပွဲမြေတွင် အပြောင်းအလဲကို ဖန်တီးပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ အရူးဓါးသွားဟု လူအများသိထားကြသော ဘာမှန်းမသိရသောနောက်ခံနှင့် ဗလတောင့်တောင့်လူ ဖြစ်လေသည်။
. . .
ဒေါင်..
ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူကို ဒုက္ခတိဖြစ်အောင် ထိုးနှက်ပြီးနောက် ဆူဇီမိုသည် သူ့ဘေးကနေ ခေါင်းလောင်းမြည်သံကို ကြားလိုက်ရ၏။
ခေါင်းလောင်းသံက အတန်ကြာသည့်အထိ အဆက်မပြတ် မြည်ဟည်းနေပြီး ထက်ရှသော ဆူးတစ်ချောင်းနှင့် သူ့နှလုံးကို ထိုးဆွနေသလိုပင်။
ရွှေခေါင်းလောင်းတစ်ခုကို လက်မှာကိုင်ပြီး ကိုယ်တော်ကြွယ်ချမ်းသည် ဆူဇီမိုနောက်သို့ ရောက်နှင့်လာပြီဖြစ်၏။
အဲ့ဒါက ဗုဒ္ဓဂိုဏ်းများ၏ စိတ်ဝိညာဉ်လက်နက်.. ရွှေခေါင်းလောင်း ဖြစ်လေသည်။ ခေါင်းလောင်း၏ ကိုယ်ထည်ကို ခရမ်းရွှေကြေးဖြင့် ပြုလုပ်ထားပြီး နှုတ်ခမ်းဝက လုံးဝန်းနေကာ ကိုယ်ထည်ပေါ်တွင် ကြော့ရှင်းလှပသော ကနုတ်ကွက်အင်းကွက်များကို ထွင်းထုဖော်ဆောင်ထားလေသည်။
ကိုယ်တော်ကြွယ်ချမ်းလက်ထဲက ရွှေခေါင်းလောင်းကို စိန်ကျောင်းတော်ရှိ ဗုဒ္ဓအလင်းရောင်ဖြင့် အားဖြည့်ထား၏။ အဲ့ဒါက ဘုန်းတော်ကြီးများ၏ ပရိတ်များ၊ မန္တန်များ ရွတ်ဖတ်သရဇ္ဈယ်မှုကို နေ့နေ့ညည ခံယူထားသောကြောင့် ဖော်ပြလို့ မရလောက်အောင် မြင့်မြတ်သန့်စင်သောစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
အဲ့ဒါက မိစ္ဆာဒိဋ္ဌိဝါဒီများနှင့် ဆိုးယုတ်သော အတွေးများရှိသည့်သူများအပေါ်တွင် ထိတွေ့ရိုက်ခတ်မှု အပြင်းထန်ဆုံး ဖြစ်လေသည်။
အားနည်းသော ကျင့်ကြံသူများဆိုလျှင် ဒွာရပေါင်းစုံမှ သွေးများစီးကျ၍ နေရာမှာတင် တန်းပြီး သေသွားနိုင်လေသည်။
ကိုယ်တော်ကြွယ်ချမ်း ဒီနေရာသို့ ရောက်လာချင်းမှာတုန်းက သူသည် ထိုခေါင်းလောင်းသံသက်သက်နှင့်ပင် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့လေသည်။ ထိုခေါင်းလောင်း၏ စွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းကြောင်း သက်သေပင်။
သို့သော်လည်း သူ့အတွက် ဝမ်းနည်းဖို့ကောင်းသည်မှာ ဒွာရခုနှစ်ပေါက်စလုံးကို ရှင်းလင်းထားပြီးဖြစ်သော ဆူဇီမိုအတွက်တော့ ထိုရိုက်ခတ်မှုက လျစ်လျူရှုထားလို့ ရလေသည်။
ရွှစ်..
မကောင်းဆိုးဝါးလေက သူ့နောက်ကနေ တိုက်ခတ်လာ၏။
ကိုယ်တော်ကြွယ်ချမ်းက သူ၏ စိန်တောင်ဝှေးကို ကိုင်စွဲ၍ ဆူဇီမို၏ ဦးခေါင်းကို တုန်လှုပ်ဖွယ်ရာခွန်အားနှင့် ထိုးလိုက်ခြင်း ဖြစ်လေသည်။
ချွမ်..
ဆူဇီမိုသည် နောက်ကျောမှာ မျက်လုံးပါသည့်အလား လှည့်ပင်မကြည့်ဘဲ လက်ပြန်လွှဲခုတ်လိုက်၏။ စိန်တောင်ဝှေးကို ပြင်းထန်စွာ ရိုက်ခတ်၍ ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွားလေသည်။
ဆူဇီမိုက မတုန်မလှုပ်ပေ။
ကိုယ်တော်ကြွယ်ချမ်းကတော့ နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ရ၏။
“သန်မာလိုက်တာ”
“အဲ့လူရဲ့ ရုပ်ပိုင်းဆိုင်ရာက စိန်ကျောင်းက အရိုက်အရာဆက်ခံသူနဲ့တောင် ယှဉ်လို့ရတာလား”
ဤသည်ကို ကြည့်ပြီး ပြိုင်စံရှားများသည် အံ့အားသင့်မှင်တက်သွားကြ၏။
အစတုန်းက ဆူဇီမိုသည် ကောင်းကင်ဇင်ယော်ဂိုဏ်း၏ အရိုက်အရာဆက်ခံသူကို ဒုက္ခိဖြစ်အောင် တိုက်ခိုက်လိုက်သောအခါ အဲ့ဒါက ခံရသူသည် သူ့ပြိုင်ဘက်ကို အထင်အမြင်သေး၍ သတိလက်လွတ်ဖြစ်သွားသောကြောင့်ဟုသာ လူတိုင်းတွေးမိခဲ့ကြ၏။
သို့သော် ယခုအခါမှာတော့ ထိုလူက ကိုယ်တော်ကြွယ်ချမ်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးတာတောင် အရေးနိမ့်ခြင်း မရှိပေ။ အင်မော်တယ်နှင့် ဗုဒ္ဓဝါဒီဂိုဏ်းများမှ ပြိုင်စံရှားများသည် မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ အမူအယာများက တဖြည်းဖြည်း သုန်မှုန်လာလေသည်။
ထိုအချိန်၌ ကိုယ်တော်ကြွယ်ချမ်းက ပိုလို့တောင် တုန်လှုပ်လန့်ဖျန့်သွားသည်ကို သူတို့ မသိခဲ့ကြပေ။
သူ၏ စိန်တောင်ဝှေးက ဗုဒ္ဓဝါဒီဂိုဏ်းများ၏ ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး ရွှေခေါင်းလောင်းထက်တောင် ပိုစွမ်းလေသည်။
စိန်တောင်းဝှေးကို ရတနာတောင်ဝှေး သို့မဟုတ် နတ်ဆိုးနှိမ်နင်းတောင်ဝှေးဟုလည်း ခေါ်ကြပြီး အဲ့ဒါက စိန်ကျောင်းတော်၏ တစ်မူထူးခြားဆန်းပြားသော လက်နက်များထဲမှ တစ်ခုဖြစ်ကာ မကောင်းဆိုးဝါးများကို နှိမ်နင်းရာတွင် သူမတူအောင် အစွမ်းထက်လေသည်။
အစတုန်းက ကိုယ်တော်ကြွယ်ချမ်းသည် ထိုစိတ်ဝိညာဉ်လက်နက်နှစ်လက်နှင့် ဆိုပါက ဆူဇီမိုကို ကောင်းကောင်းဖိနှိမ်နိုင်လိမ့်မည် ယုံကြည်ထားလေသည်။
သို့သော်လည်း ထိုစိတ်ဝိညာဉ်လက်နက်နှစ်လက်ကို ထုတ်သုံးပြီးတာတောင် သူသည် နည်းနည်းလေးမှ အသာစီးရရှိခြင်း မရှိသေးဘဲ အရေးနိမ့်စတောင် ပြုခဲ့လေပြီ။
“ဟီးဟီး”
ဆူဇီမိုက လှည့်ကြည့်ကာ သွားဖြဲရယ်၍ ပြောလိုက်၏။
“ကိုယ်တော်.. အရင်တစ်ခါ အသက်ချမ်းသာပေးထားခဲ့တာတောင် အခုငါ့ကို ထပ်ပြီး ရန်စရဲနေပြန်ပြီပေါ့”
ဘုန်း..
ဆူဇီမိုက ခြေဆောင့်လိုက်သောအခါ မြေကြီးက တုန်ခါသွား၏။ ဘုန်းကနဲ မြည်သံကြီးနှင့်အတူ သူက ရှေ့သို့ ခုန်တက်၍ ကိုယ်တော်ကြွယ်ချမ်း၏ ရှေ့မှာ ချက်ချင်းဆိုသလို ပေါ်လာ၏။ သူ့မျိုးဆက်သွေးကို လှည့်ပတ်၍ လက်နှစ်ဖက်နှင့် ဆေဘာကိုကိုင်ကာ လေဟာနယ်ကို ဆုတ်ဖြဲပစ်ချင်သည့်အလား.. သူ့လက်ကို လွှဲရမ်း၍ ခုတ်ပိုင်းချလိုက်၏။
“ဘယ်မှာမှ ရှာမတွေ့သော ခန္တီတရား.. ငြိမ်သက်သောစိတ်ကို ဆင့်ကဲပြောင်းလဲစေ..”
ကိုယ်တော်ကြွယ်ချမ်းက ဗုဒ္ဓသုတ္တန်တစ်ခုကို ရွတ်ဆိုလိုက်သောအခါ မျိုးဆက်သွေးစွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာ၏။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က အော်ရာနှင့်အတူ ပြန့်ကားထွက်လာ၏။
“ဟား”
ကိုယ်တော်ကြွယ်ချမ်းသည် ဝမ်းခေါင်းသံနှင့် ဟိန်းဟောက်လိုက်၏။ လူတစ်ယောက်၏ စိတ်ကို တုန်လှုပ်ချောက်ချားသွားစေနိုင်သော ဒဏ္ဍာရီလာခြင်္သေ့ကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာလေသည်။ စူးစူးရှရှ လင်းလက်နေသော ရွှေရောင်အလင်းတန်းကြီးနှစ်ခုကလည်း ကြောက်စရာကောင်းသည့်စွမ်းအားဖြင့် သူ့မျက်လုံးနှစ်လုံးထဲမှ ဖြာတန်းထွက်လာလေသည်။
ထိုအချိန် ကိုယ်တော်ကြွယ်ချမ်း၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး သူ့နေရာတွင် ရွှေရောင်သားမွေးများနှင့် စွမ်းအားကြီးမားသည့် ခြင်္သေ့ကြီးတစ်ကောင်က ငွားငွားစွင့်စွင့်ရပ်၍ ကောင်းကင်ထက်သို့ အကြောက်အလန့်ကင်းမဲ့စွာ ဟိန်းဟောက်နေသည်ကို တွေ့လိုက်ရလေသည်။
ဆူဇီမို မပြောနှင့်.. ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ရှန့်ကွမ်ယုနှင့် အခြားသူများပင်လျှင် တုန်လှုပ်သွားကြ၏။
ဗုဒ္ဓဝါဒီဂိုဏ်းများ၏ လျှို့ဝှက်ပညာရပ်များသည် မိစ္ဆာဂိုဏ်းများအတွက် တန်ပြန်ဝိပါက်ဖြစ်ပြီး တစ်ကယ့်ကို အကျိုးသက်ရောက်မှု ကြီးမားလေသည်။
သို့သော်လည်း ကိုယ်တော်ကြွယ်ချမ်း ကံမကောင်းသည်မှာ သူရင်ဆိုင်နေရသည်က ဆူဇီမို ဖြစ်နေလေသည်။
ဆူဇီမို၏ အခြေခံကျင့်ကြံမှုက မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ် ဖြစ်လေသည်။
ဒါ့အပြင် သူက နဂါးဥတစ်ဝက်ကိုလဲ ဝါးမျိုခဲ့သေး၏။
ဆူဇီမို၏ သားရဲဆန်ဆန် အကြည့်နှင့် ရင်ဆိုင်ရပြီးနောက် အကြောက်အလန့်ကင်းမဲ့သော ခြင်္သေ့ကြီးထံတွင် ပင်မဗီဇအရ ကြောက်ရွံ့မှုက ဖြစ်ပေါ်လာပြီး သူ၏ အော်ရာကလည်း တစ်ဟုန်ထိုး ကျဆင်းလာလေသည်။
ချွမ်း..
စိတ်ဝိညာဉ်ဆေဘာက စိန်တောင်ဝှေးနှင့် ရိုက်ခတ်ပြီး အသည်းခိုက်စရာ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာလေသည်။
ကိုယ်တော်ကြယ်ချမ်းသည် နောက်တစ်ဖန် နောက်ဆုတ်သွားရပြန်၏။
ရွှစ်..
သူ့ကို အသက်ရှူချိန်တောင် မပေးဘဲ နောက်ထပ်ရိုက်ချက်က ကျဆင်းလာပြန်၏။
ဆူဇီမို၏ သက်လုံအားနှင့် ကြံ့ခိုင်မှုက ကြောက်စရာကောင်းလှပြီး ကိုယ်တော်ကြွယ်ချမ်းထက် ဘယ်လိုမှ မနှိုင်းယှဉ်သာအောင် သာလွန်နေလေသည်။
စိန်သုတ္တန်က လူတစ်ယောက်၏ ခန္ဓာကိုယ်ကိုသာ ပိုမိုကြံ့ခိုင်လာအောင် မီးဆေးပေးနိုင်ပြီး ဆူဇီမို၏ သားရဲကျင့်စဉ်က သူ့ကို မူလသွေးမျိုးဆက်တောကောင်များထက်ပင် ပို၍ ကြောက်စရာကောင်းသော သက်ရှိတစ်ဦးအဖြစ် အသွင်ပြောင်းလဲပေးခဲ့လေသည်။
ချွမ်း..
ကိုယ်တော်ကြွယ်ချမ်းသည် ဒုတိယရိုက်ချက်ကို သူ၏ စိန်တောင်ဝှေးဖြင့်သာ ပင့်မြှောက်၍ ခုခံရပြန်၏။ အခုအခါမှာတော့ သူ့လက်နှစ်ဖက်က ထုံကျင်နေပြီး မည်သည့်ခံစားချက်မှ မရတော့ဘဲ.. ဖြူဖတ်ဖြူရော် မျက်နှာနှင့် နောက်သို့ ဆုတ်ပြီးရင်းဆုတ်ပေးနေရ၏။
ထိုသည်ကို လိုဏ်ခေါင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူက မြင်သောအခါ တိမ်လွှာမိုးစက်ဂိုဏ်း၏ ရှန့်ကွမ်ယုနှင့် တိုက်ခိုက်ဖို့ ပညာဉာဏ်လင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူကိုသာ ထားခဲ့ပြီး သူက ဆူဇီမိုဆီသို့ ပြေးဝင်ချသွားလေသည်။
ရွှစ်..
လိုဏ်ခေါင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူက သတ္တုစပ်သံမဏိတုတ်ကြီးကို ကိုင်ကာ လေထဲသို့ ခုန်တက်၍ လွှဲကာ ရိုက်ချလိုက်၏။ လေခွင်းသံက ကျယ်လောင်စွာ တဝီဝီ မြည်ဟည်း၍ လျှင်မြန်စွာ ကျဆင်းလာလေသည်။
“အ”
ထိုအချိန်မှာပင် တိုက်ပွဲမြေ၏ အခြားတစ်ဖက်မှ စူးစူးရှရှ အော်သံတစ်သံက ထွက်ပေါ်လာလေသည်။
နှင်းပုံတောင်ကြားနှင့် သန့်စင်နှလုံးသားသီလရှင်ကျောင်းမှ အရိုက်အရာဆက်ခံသူနှစ်ယောက်၏ ဖိအားပေး တိုက်ခိုက်မှုတွင် နတ်ဆိုးမကျိက နောက်ဆုံးမှာတော့ ဘယ်လိုမှ မထိန်းနိုင်တော့ပေ။ သူမ၏ လက်မောင်းတွင် ဟက်တက်ပြတ်ရှရာတစ်ခုက ပေါ်လာပြီး သွေးများက ပန်းထွက်လာ၏။ သူမက ဒဏ်ရာ ရရှိသွားလေပြီ။
ဒဏ်ရာက အပြင်းထန်ကြီး မဟုတ်ဘဲ သူမ၏ အရိုးကို မထိခိုက်သေးပေ။
သို့သော်လည်း နှင်းပုံတောင်ကြား၏ ဓါးပျံက နှစ်တစ်ထောင်သက်တမ်းနှင်းချီကို ပိုင်ဆိုင်ပြီး လူတစ်ယောက်၏ မျိုးဆက်သွေးနှင့် စိတ်ဝိညာဉ်စွမ်းအင်များကို အေးခဲသွားစေနိုင်လေသည်။ ထိုအချိန်မှာပင် နတ်ဆိုးမကျိ၏ ဒဏ်ရာမှတစ်ဆင့် ထိုချီများက သူမ၏ ခြေလက်များဆီသို့ စီးဝင်သွားလေသည်။
နတ်ဆိုးမကျိ၏ လှုပ်ရှားမှုက ပို၍ လေးကန်လာပြီး သူမ၏ မျက်လုံးများနှင့် နှုတ်ခမ်းပေါ်တွင် နှင်းခဲလွှာလေးတစ်ခုတောင် ပေါ်လာလေသည်။
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် သူ၏ အကြည့်ကို မှေးကျဉ်းလိုက်၏။
ထိုအချိန်၌ မိစ္ဆာဂိုဏ်းများမှ လူများတွင် ပဒေသရာဇ်နန်းတော်၏ ဖန်းယွဲ့ပင်လျှင် သူ့ကိုယ်သူသာ အနိုင်နိုင် ကာကွယ်နေရလေသည်။
နတ်ဆိုးမကျိကို ကယ်ဆယ်ဖို့ မည်သူမှာမှ စွမ်းအင်အပို ရှိမနေကြပေ။
ကိုယ်တော်ကြွယ်ချမ်းက စိန်တောင်ဝှေးကို ကိုင်၍ လိုဏ်းခေါင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူက သတ္တုစပ်သံမဏိတုတ်ကြီးကို ကိုင်ထား၏။ ဗုဒ္ဓဝါဒီဂိုဏ်းနှစ်ဂိုဏ်းမှ ဘုန်းကြီးနှစ်ပါးသည် ဆူဇီမိုထံသို့ တစ်ပြိုင်နက်တည်း ခုန်ဝင်လာကြလေသည်။
ဆူဇီမိ၏ မျက်လုံးက အရောင်လက်သွားပြီး သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်၏။
ဗုဒ္ဓဂိုဏ်းများမှ ပြိုင်စံရှားနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုတွင် ဆူဇီမိုက ရှောင်းလဲမရှောင် နောက်လဲမဆုတ်ပေ။ ရုတ်တရတ် သူ့ခန္ဓာကိုယ်တွင်းမှ ပဲစေ့များကို လှော်လိုက်သလို တဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာပြီး သူ့အရွတ်များနှင့် အရိုးများက လှုပ်ရှားလာလေသည်။
ဝေါ..
ဆူဇီမိုက ခုတ်ပိုင်းလိုက်၏။
ဒီလှိုင်းသံများက ထွက်ပေါ်လာလေသည်။
တန်ပြန်စီးကြောင်းတစ်ခု..
တည်ငြိမ်ပင်လယ်ကျမ်းမှ.. တန်ပြန်စီးကြောင်းသိုင်းကွက်ပင်။