နတ်ဖီးနစ်ကျွန်းရဲ့ အရိုက်အရာဆက်ခံသူ
Vol. 30 Ch. 443
ဆူဇီမို၏ ဆေဘာမှ ငွားငွားစွင့်စွင့် လှိုင်းလုံးကြီးများကို ထိုးဖောက် စုတ်ဖြဲပစ်နိုင်သည့် ကြီးမားသည့် စွမ်းအားက ပေါ်ထွက်လာလေသည်။ အဲ့ဒါက သက်ရှိအားလုံးကို ချေမှုန်း၍ အရာရာတိုင်းကို ဖြတ်တောက်ပစ်တော့မည့်အလား အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအားနှင့် ဆန့်ကျင်ဘက် စီးကြောင်းတစ်ခု ဖြစ်လေသည်။
လေဟာနယ်များကိုပင် စုတ်ဖြဲပစ်တော့မည့် ခြိမ်းခြောက်နိုင်စွမ်း မြင့်မားပြီး အလွန်ကြီးမားသည့် အားကြီးက သက်ရောက်လာချိန်တွင် အဲ့ဒါက လူတိုင်း၏ အကြည့်ကို စွဲဆောင်မိသွားလေသည်။
“ဒါကြီးက..”
“ဆေဘာအား”
“သေစမ်းကွာ”
ပြိုင်စံရှားများ တုန်လှုပ်သွားကာ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ဒီလှိုင်းအသံက အလွန်ရှင်းလင်းနေပြီး သူ၏ သက်ရောက်အားက အရမ်းကို ကြောက်စရာကောင်းနေသောကြောင့် လက်ရှိပြိုင်စံရှားများသည် အဲ့ဒါကို မှတ်မိသိရှိလိုက်ကြ၏။ ထိုခုတ်ချက်က ဆေဘာနည်းစနစ်၏ ဒုတိယအဆင့်ဖြစ်သော သက်ရောက်အားအဆင့်သို့ ရောက်နှင့်နေလေပြီ။
သို့သော်လည်း ပြိုင်စံရှားအားလုံးသည် ထိုခုတ်ချက်၏ ဇာစ်မြစ်ကို မသိရှိနိုင်ကြပေ။
ဓါးဂိုဏ်း၏ ဟန်ချိုးယွီနှင့် အထွတ်အထိပ်ဂိုဏ်း၏ ပိုင်ယုတို့နှစ်ယောက်သာ သူတို့၏ မျက်လုံးကို မှေးကျဉ်း၍ ဖြည်းဖြည်းချင်း ရေရွတ်လိုက်ကြ၏။
“တည်ငြိမ်ပင်လယ်ကျမ်းထဲက တန်ပြန်စီးကြောင်တိုက်ကွက်..”
ထိုစကားသံကို ကြားလိုက်ရချိန်တွင် တိုက်ပွဲမြေပြင်တစ်ခုလုံး၌ တုန်လှုပ်ချောက်ချားမှုလှိုင်းများက ထွက်ပေါ်လာလေသည်။
ထိုဆေဘာနည်းစနစ်၏ မူလဇာစ်မြစ်ကို လူတိုင်း မမှတ်မိနိုင်ကြသော်လည်း.. တည်ငြိမ်ပင်လယ်ကျမ်းကိုတော့ သူတို့အားလုံး ကြားဖူးကြလေသည်။
အဲ့ဒါက ကမ္ဘာတစ်ခုလုံးမှာ လှည့်လည်လွှမ်းမိုးခြယ်လှယ်ခဲ့သော ပထမဆုံးဆေဘာဧကရာဇ်၏ မူပိုင်နည်းစနစ်တစ်ခု ဖြစ်လေသည်။
ရှေးဟောင်းခေတ်ကတည်းက ဆေဘာဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ ထွက်ခွာ၍ ပင်လယ်ရပ်ခြားသို့ ခရီးထွက်သွားခဲ့၏။
ယခုအချိန် ကျင့်ကြံရေးလောကတွင် ထိုဆေဘာနည်းစနစ်ကို ထိန်းသိမ်းထားသော နေရာက တစ်နေရာတည်းသာ ရှိလေသည်။
“နတ်ဖီးနစ်ကျွန်း”
“သူက နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူပဲ.. ဒါကြောင့်မို့လို့ သူက သူ့ဂိုဏ်းတံဆိပ်ပြားကို မပြရဲတာကိုး”
ကျင့်ကြံရေးလောကရှိ ထိပ်သီးအဖွဲ့အစည်းကြီးများမှာ.. အင်မော်တယ်ကိုးဂိုဏ်း၊ မိစ္ဆာခုနှစ်ဂိုဏ်း၊ ဗုဒ္ဓဝါဒီခြောက်ကျောင်း၊ မိစ္ဆာဒိဋ္ဌိငါးဝါဒီ၊ တစ်သီးပုဂ္ဂလလေးအုပ်စု၊ တော်ဝင်မိသားသုံးစု၊ ကျွန်းနှစ်ကျွန်းနှင့် နန်းတော်တစ်ခုတို့ ဖြစ်လေသည်။
ထိုအဖွဲ့အစည်းကြီးများထဲမှ ကျန်းနှစ်ကျွန်းက ပင်လယ်သမုဒ္ဒရာထဲမှာ တည်ထောင်ထားပြီး သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးပေါ်သို့ ခြေချခဲလေသည်။ ဘာသတင်းအစအနမှ ရလေ့မရှိဘဲ သူတို့က လျှို့ဝှက်အဆန်းကြယ်ဆုံးအနေနှင့် တည်ရှိကြလေသည်။
နတ်ဖီးနစ်ကျွန်းဆိုသည်မှာ အဆိုပါကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်း ဖြစ်လေသည်။
ရှေးဟောင်းခေတ်မှာ ဆေဘာဧကရာဇ်နှင့် ဓါးဧကရာဇ်တို့၏ စင်ပြိုင်ကျော်ဇောခဲ့မှုကြောင့်.. နတ်ဖီးနစ်ကျွန်းနှင့် ဓါးဂိုဏ်းတို့အကြားတွင် ရန်ငြိုးရန်စအမုန်းတရားတစ်ခုက ဟိုတုန်းကတည်းက ကာလကြာရှည်စွာ တည်ရှိခဲ့ကြလေသည်။
နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူတစ်ယောက်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပေါ်လာခဲ့သည့် အချိန်တိုင်း အုတ်အော်သောင်းနင်နှင့် တိုက်ကြီးအတွင်းမှာ သွေးလွှမ်းတိုက်ပွဲများက ပေါ်ပေါက်ခဲ့သည်ချည်းသာ။
“သူက နတ်ဖီးနစ်ကျွန်းရဲ့ အရိုက်အရာဆက်ခံသူလား”
“နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူတစ်ယောက်က နောက်ဆုံး ပေါ်သွားခဲ့တာ လွန်ခဲ့တဲ့ နှစ်၁၀၀၀၀ က မဟုတ်လား”
ခပ်လှမ်းလှမ်းတွင် ချိတ်ပိတ်ထားသူများက မျက်မှောင်အနည်းငယ်ကြုတ်၍ တီးတိုး ပြောဆိုလိုက်ကြ၏။
ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ပျောက်ကွယ်သွားပြီး ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို တစ်ယောက်ယောက်က ရယူသွားခဲ့သည့်သတင်းကို လူတိုင်းကြားခဲ့ကြပြီးဖြစ်၏။ သို့သော်လည်း အမွေအနှစ်ကို အခုမှ ရရှိခဲ့သူ လူတစ်ယောက်က ‘သက်ရောက်အား’ အဆင့်သို့ အချိန်တိုလေးအတွင်း ဘယ်လိုမှ မရောက်နိုင်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူက ငယ်ရွယ်စဉ်ကတည်းက တည်ငြိမ်ပင်လယ်ကျမ်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော၊ ဆေဘာတာအိုကို ကျင့်ကြံထားသော နတ်ဖီးနစ်ကျွမ်း၏ အရိုက်အရာဆက်ခံသူသာ ဖြစ်ရပေမည်။
တိုက်ပွဲမြေရှိ ပြိုင်စံရှားအားလုံးနီးပါးသည် ဤဖျင်ကြမ်းအင်္ကျီနှင့် ဗလတောင့်တောင့်လူက နတ်ဖီးနစ်ကျွန်းမှ ရောက်လာသူဖြစ်ရမည်ဟု တစ်ထစ်ချ ယုံမှတ်လိုက်ကြလေသည်။
သို့သော်လည်း အထွတ်အထိပ်ဂိုဏ်း၏ ပိုင်ယုကတော့ သုန်မှုန်နေပြီး ဆူဇီမိုကို အတန်ကြာသည့်အထိ မမှိန်မသုန် စိုက်ကြည့်နေ၏။
ဖီးနစ်ကျွန်းရဲ့ အရိုက်အရာဆက်ခံသူက ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်လာခဲ့သလား၊ မဝင်လာဘူးလားဆိုတာ သူသေချာ မသိပေ။
သို့သော်လည်း နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ရယူပြီး တန်ပြန်စီးကြောင်းကို ယခုကဲ့သို့ တစ်ပုံစံတည်း ထုတ်ပြခဲ့သည်ကိုတော့ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ခဲ့လေသည်။
ရုပ်ရည်၊ ဝတ်စားအဆင်အယင်၊ ပုံပန်းသွင်ပြင် သို့မဟုတ် အသုံးပြုသည့်လက်နက်ကအစ ယခုသူ့ရှေ့က ဗလတောင့်တောင့်လူနှင့် ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက လွန်စွာ ကွဲပြားခြားနားလေသည်။
သို့သော်လည်း သူတို့နှစ်ယောက်မှာ တူညီသော အချက်မျာလည်း ရှိနေသေး၏။
သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်က လွန်စွာသန်မာပြီး တန်ပြန်စီးကြောင်းအားကို ထုတ်ဖော်နိုင်လေသည်။ ဒါ့အပြင် အဲ့တုန်းက အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်အရဆိုလျှင် ယခုသူက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်သို့ ရောက်နေသည်ဆိုလျှင် အဲ့ဒါက ယုတ္တိရှိလေသည်။
ပိုပြီးတော့ အရေးပါသည့်အချက်မှာ ဗလတောင့်တောင့်လူရော၊ အစိမ်းရောင်ဝတ်ကျင့်ကြံသူကပါ နှစ်ယောက်စလုံး နတ်ဆိုးမကျိနှင့် ပတ်သတ်ဆက်နွယ်မှု ရှိနေလေသည်။
ပိုင်ယု၏ အတွေးမဆုံးသေးခင်မှာပင် တိုက်ပွဲမြေတွင် ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာလေသည်။
ကိုယ်တော်ကြွယ်ချမ်းနှင့် လိုဏ်ခေါင်းကျောင်းမှ အရိုက်အရာဆက်ခံသူသည် ဆူဇီမို၏ တိုက်ခိုက်မှုမှ လွန်စွာကြီးမားသည့် ဖိအားဒဏ်ကို ရင်ဆိုင်လိုက်ရပြီး အလွန်တရာ တုန်လှုပ်ချောက်ချားသွားကြ၏။
အခုအခါမှတော့ သူတို့နှစ်ယောက်သည် တိုက်ခိုက်မှုအဟုန်ကို ရပ်တန့်ဖို့ မဖြစ်နိုင်တော့ပေ။
ချွမ်း.. ချွမ်း..
ကျယ်လောင်သည့်မြည်သံကြီးနှစ်သံက ဆက်တိုက်ထွက်ပေါ်လာလေသည်။
လိုဏ်းခေါင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူက လေထဲကနေ ပြန်မကျခင်မှာတော့ ကြီးမားသည့်ရိုက်ခတ်အားနှင့် နောက်ပြန်လွင့်စင်ထွက်သွားလေသည်။
သူ့လက်ထဲမှ သတ္တုစပ်သံမဏိတုတ်ကလည်း လွင့်စင်ထွက်သွားပြီး မြေပေါ်သို့ ပြန်အကျတွင် သွေးများကို အန်ထုတ်လိုက်ရ၏။ သူ့မျက်နှာက ဖြူဖတ်ဖြူရော်နှင့် မျက်လုံးများက မှိတ်ကျနေပြီး သတိလစ်သွားလေပြီ။
တစ်ကွက်တည်းသော တိုက်ခိုက်မှုဖြင့် သူက အပြင်းအထန် ဒဏ်ရာရရှိသွားလေပြီ။
နောက်ထပ်ပြိုင်စံရှားတစ်ဦးက တိုက်ခိုက်နိုင်ခွင့် ဆုံးရှုံးသွားပြန်လေပြီ။
ကိုယ်တော်ကြွယ်ချမ်းက စိန်တောင်ဝှေးကို လက်နှစ်ဖက်နှင့် တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို နောက်ဆုံးအကန့်အသတ်ထိ လှည့်ပတ်ကာ သူ့ခွန်အားကုန်ကို သူ့မျက်လုံးက ပြူးကျယ်လာပြီး သူ့သွေးချီများက ရုန်းကြွလာကာ သူ့ခန္ဓာကိုယ်ကို မာကြောသောအလွှာတစ်ခုက ဖုံးအုပ်လာလေသည်။
“ဖျက်ဆီးလို့မရတဲ့ စိန်”
ဖုန်း.. ဖုန်း.. ဖုန်း..
ထိုသို့ဆိုလျှင်တောင် သူသည် ကြီးမားလှသည့်ခွန်အားကို ရပ်တန့်နိုင်ခြင်းမရှိဘဲ နောက်သို့ ဆက်တိုက်ဆုတ်လိုက်ရ၏။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း နက်ရှိုင်းသည့် ခြေရာကြီးက မြေပြင်ပေါ်မှာ ထင်ကျန်ခဲ့လေသည်။
ခြေလှမ်းခုနှစ်လှမ်း ဆုတ်ပြီးနောက် ကိုယ်တော်ကြွယ်ချမ်းသည် သူ့ကိုယ်သူ ဟန်ချက်ညီအောင် မထိန်းနို်ငတော့ဘဲ မြေပြင်ပေါ် ဖင်ထိုက်လျက် လဲကျကာ သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများက စီးကျလာလေသည်။
လိုဏ်ခေါင်းကျောင်းတော်မှ အရိုက်အရာဆက်ခံသူနှင့်စာလျှင် သူ့ဒဏ်ရာက နည်းနည်းပေါ့ပြီး တိုက်ခိုက်နိုင်စွမ်း ရှိနေသေးလေသည်။
ဆူဇီမိုသည် ပြိုင်စံရှားနှစ်ဦးကို ခုတ်ချက်တစ်ချက်တည်းနှင့် နောက်လန်သွားအောင် တွန်းထုတ်ပြီးနောက် ရပ်တန့်မသွားပေ။ ဖျတ်ကနဲဆို တစ်ခဏလေးအတွင်း သူက အခြားတိုက်ပွဲနေရာမှာ ပေါ်လာလေသည်။
အခုဆို နတ်ဆိုးမကျိက လွန်စွာအန္တရာယ်များသော အခြေအနေမှာ ကျရောက်နေလေပြီ။
သူမသည် အခုမှ နှင်းပုံတောင်ကြားမှ အရိုက်အရာဆက်ခံသူ၏ ဓါးပျံကို ခုခံပြီးရုံ ရှိသေးသည်.. သန့်စင်နှလုံးသားကျောင်းမှ သီလရှင်၏ ဓါပျံက ရောက်လာပြန်လေပြီ။
တိုက်ခိုက်လိုက်သော ထောင့်က လွန်စွာ လှည့်စားတတ်လွန်း၏။
ဓါးပျံက သူမ၏ ခါးဆီသို့ ထိုးစိုက်လာပြီးမှ အပေါ်သို့ ကွေ့၍ ထောင်တက်လာ၏။
နတ်ဆိုးမကျိ၏ မျက်လုံးနှင့် နှုတ်ခမ်းတွင် နှင်းခဲလွှာတစ်လွှာက ရစ်သိုင်းလာပြီး သူမ၏ လှုပ်ရှားမှုက နှေးကွေးလေးလံလာလေသည်။ ဓါးပျံက သူမကို ထိုးခွဲတော့သည့် အချိန်မှာပင် ဆေဘာအလင်းတစ်ခုက ဖျတ်ကနဲ ကြားဖြတ်ဝင်ရောက်လာ၏။
ပုံရိပ်တစ်ခုက သူမ၏ ရှေ့မှာ ပေါ်လာလေသည်။
ရွှစ်..
ဆူဇီမို၏ သူတို့၏ တိုက်ပွဲကြားသို့ ဝင်ရောက်လာပြီး သူ့ဆေဘာကို နောက်တစ်ကြိမ် ပင့်တင်လိုက်၏။
တန်ပြန်စီးကြောင်းနှင့် မတူဘဲ.. ဒီတစ်ခါ တိုက်ခိုက်မှုက အလွန်တရာ ပျော့ပျောင်းနေ၏။ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာသော ဝဲဂယက်လေးများလို တလက်လက် တောက်လာသော အလင်းလေးများက သန့်စင်နှလုံးသားကျောင်းတော်မှ သီလရှင်၏ ဓါးပျံထဲသို့ ရစ်ပတ်နွယ်၍ ချက်ချင်းဝင်ရောက်သွားလေသည်။
ချွင်.. ချွမ်း..
ထိခတ်သံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။
တစ်ကြိမ် ထိခတ်လိုက်တိုင်း သီလရှင်၏ မျက်နှာက ပို၍ ဖြူလျော့လာလေသည်။
တည်ငြိမ်ပင်လယ်.. လှိုင်းဂယက်အကွက်..
လှိုင်းဂယက်အကွက်သည် ရေပြင်ကဲ့သို့ ချောမွေ့နေပြီး တစ်ခါထုတ်လွှတ်လိုက်သည်နှင့် မ...မချင်း အညှာတာမဲ့စွာ တိုက်ခိုက်နေပေလိမ့်မည်။
နောက်ထပ်ဆေဘာအလင်းတစ်ခုက ဖျတ်ကနဲ လက်သွား၏။
သီလရှင်၏ လက်ထဲမှ ဆေဘာက လွင့်ကန်ထွက်သွား၍ သူမ၏ ရင်ဘတ်က ပေါ်လာကာ ဆေဘာခုတ်ချက်မိသွားလေသည်။
ရွှစ်..
သွေးများက ဖြာဆင်းလာ၏။
“အ..”
သီလရှင်၏ ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာတစ်ခု ပေါ်လာပြီး သူမက ညည်းတွားအော်ဟစ်၍ ဒယီးဒယိုင်နှင့် နောက်သို့ ဆုတ်သွားရလေသည်။
စောစောက သူမသည် ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးလိုက်မိသောကြောင့်သာ တော်သေးလေသည်။ မဟုတ်ပါက ထိုခုတ်ချက်နှင့် သူမက နှစ်ပိုင်းပြတ်ထွက်သွားပေလိမ့်မည်။
နောက်ထပ်ပြိုင်စံရှားတစ်ယောက်က တိုက်ခိုက်ခွင့် ဆုံးရှုံးသွားပြန်လေပြီ။
ရွှီး..
ထက်ရှသော ဓါးသွား လေထုကို ဖြတ်သန်းလာသံက ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လာလေသည်။
ဆူဇီမိုသည် ဝင်ရောက်လာသော ဓါးပျံကို လက်ပြန်ခတ်ထုတ်လိုက်သောအခါ သူ့ဆေဘာပေါ်တွင် နှင်းခဲတစ်လွှာက ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် နှင်းပုံတောင်ကြားမှ အရိုက်အရာဆက်ခံသူ၏ အသံက ထွက်လာ၏။
“နှင်းခဲချိတ်စည်း”
အေးစက်နေသော လေက ဆူဇီမို၏ အရိုးထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ့အပေါ်ကနေ ရေခဲရေနှင့် လောင်းချလိုက်သလို ခံစားလိုက်ရလေသည်။
လူများစွာ စောင့်ကြည့်နေစဉ်မှာပင် ဆူဇီမို၏ ကိုယ်ပေါ်တွင် ရေခဲအလွှာတစ်ခုက မြင်နိုင်သောနှုန်းထားဖြင့် ဖြစ်ပေါ်လာလေသည်။ သူ့ခေါင်းမှစ၍ တဖြည်းဖြည်း ပျံ့နှံ့သွားပြီးနောက် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားလေသည်။
တစ်ခဏလေးအတွင်းမှာပင် ဆူဇီမိုသည် သူ့ဆေဘာကွက်ကို ခင်းကျင်းထားလျက်နှင့် မလှုပ်မယှက် အေးစက်တောင့်ခဲသွားလေသည်။ သူက အသက်ရှိသော ရေခဲကျောက်ဆစ်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားလေသည်။
ထိုသည်ကိုကြည့်ပြီး ပြိုင်စံရှားအချို့သည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
ဆူဇီမို ထုတ်ပြခဲ့သော ခွန်အားက အရမ်းကို ကြောက်စရာကောင်းနေ၏။ ဒါ့အပြင် သူက အရမ်းကို စီးပိုးခြယ်လှယ်လွန်းပြီး ပြိုင်စံရှားသုံးယောက်က သူ့လက်ထဲမှာ ကျရှုံးခဲ့ရလေသည်။
လက်ရှိပြိုင်စံရှားများစွာထဲတွင် သူ့ကို ဖိနှိမ်နိုင်မည်ဟု ဘယ်သူ့မှာမှ ယုံကြည်ချက် ရှိမနေကြပေ။
“ကောင်းလိုက်တဲ့အကွက်ပဲ တာအိုရောင်းရင်းလင်းဟန်ရေ.. ဒါ့ကြောင့်လဲ ခင်ဗျားက နှင်းပုံတောင်ကြားရဲ့ အရိုက်အရာဆက်ခံသူတစ်ယောက် ဖြစ်လာတာကိုး”
“တစ်ကယ် အံ့သြစရာပဲ.. ဘယ်သူက ထင်မှာလဲ နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူက နှင်းခဲချိတ်စည်းတစ်ချက်တည်းနဲ့ အေးခဲသွားမယ်လို့”
ပြိုင်စံရှားအချို့သည် တစ်ယောက်ပြီးတစ်ယောက် ချီးကျူးလိုက်ကြ၏။
နတ်ဆိုးမကျိသည် ရင်ထဲမှာ နင့်သွားပြီး သူမ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများက အတောမသတ် ဖြစ်ပေါ်လာလေသည်။ သူမသည် သူမ၏ ကိုယ်ထဲမှ နှင်းခဲချီများကိုပင် ဖယ်ထုတ်ဖို့ မကြိုးစားတော့ဘဲ.. ကတုန်ကယင်နှင့် ရှေ့တက်၍ ဆူဇီမိုကို ကယ်ဖို့ ကြိုးစားလိုက်၏။
“နောက်ကျလွန်းသွားပြီလေ”
နှင်းပုံတောင်ကြား၏ အရိုက်အရာဆက်ခံသူလင်းဟန်က သူမ၏ ဝတ်ရုံဖြူကို တဖျပ်ဖျပ်လှုပ်ခါ၍ လေထဲကနေ ဆင်းသက်လာ၏။ သူမက အထက်စီးဆန်ဆန် အမူအယာနှင့် အေးစက်စွာ ကြေညာလိုက်၏။
“ဒါက နှင်းပုံတောင်ကြားရဲ့ လျှို့ဝှက်ပညာရပ်လေ.. အဲ့ဒါနဲ့ ထိတွေ့မိသူ ဘယ်သူမဆို သူတို့ရဲ့ မျိုးဆက်သွေးနဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အေးစက်တောင့်ခဲပြီးတော့ အသက်ဆယ်ရှိုက်စာအတွင်း သေရလိမ့်မယ်”
“ဟုတ်ပါ့မလား”
တိုက်ပွဲမြေထဲမှ ရုတ်တရက် ထူးဆန်းစွာ အသံတစ်သံက ထွက်ပေါ်လာလေသည်။