အခန်း ၄၄၄ - ဆေဘာနှင့်ဓါး ဘယ်သူပိုဆရာကျလဲ
Vol. 30 Ch. 444
ထိုအသံက ရေခဲကျောက်ဆစ်ရုပ်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လူတိုင်း ရှင်းလင်းစွာ သိလိုက်လေသည်။
ဖျောက်! ဖျောက်! ဖျောက်!
တဖျောက်ဖျောက် မြည်သံများနှင့်အတူ ရေခဲကျောက်ဆစ်ရုပ်ပေါ်တွင် အက်ကွဲကြောင်းများက ဆက်တိုက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး လျှင်မြန်စွာ ပြည့်နှက်သွားလေသည်။
နှင်းပုံတောင်ကြားမှ လင်းဟန်၏ အမူအယာက ပြောင်းလဲသွားပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။
ဝုန်း!
ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာတင် ရေခဲကျောက်ဆစ်ရုပ်က ပေါက်ကွဲသွားပြီး အရပ်ရှည်ရှည်ဗလတောင့်တောင့်လူတစ်ယောက်က ထွက်ပေါ်လာလေသည်။
ထိုလူ၏ ခန္ဓာကိုယ်မှ ဆူနာမီအသံများက တုန်လှုပ်ချောက်ချားဖွယ်ရာပုံစံနှင့် ထွက်ပေါ်လာလေသည်။
“ဆူနာမီသွေးအဆင့်!”
တစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။
ရုတ်တရက်ဆန်သော ဤပြောင်းလဲမှုကြောင့် များစွာသော ပြိုင်စံရှားများက တိုက်ခိုက်နေရာမှ ရပ်တန့်၍ အလိုလို လှည့်ကြည့်လိုက်ကြ၏။
အထွတ်အထိပ်ဂိုဏ်းမှ ပိုင်ယု၏ အကြည့်က ၀င်းလဲ့သွားပြီး သူ့မျက်နှာက ခက်ထန်လာလေသည်။
သူ့ရှေ့မှ ဗလတောင့်တောင့်လူက အစိမ်းရောင်၀တ်ကျင့်ကြံသူနှင့် တူညီသော နောက်ထပ်တစ်ချက် ရှိနေပြန်၏။ သူတို့နှစ်ယောက်စလုံးက ဆူနာမီသွေးအဆင့်မှာ ရှိနေလေသည်။
တစ်ကယ်တော့ အဲ့ဒါက သူ၏ ခံစားမှုသက်သက်သာ ဖြစ်ပြီး ထိုခန့်မှန်းချက်က အခြားသူများသိလျှင် ရယ်စရာတစ်ခုလို ဖြစ်နေပေလိမ့်မည်။
ကျင့်ကြံသူတစ်ယောက်အနေနှင့် နည်းစနစ်အချို့ သို့မဟုတ် မျက်နှာဖုံးအမျိုးအစား စိတ်ဝိညာဉ်လက်နက်ကို သုံး၍ သူ၏ ရုပ်ရည်ကို ပြောင်းလဲနိုင်သော်လည်း လူခန္ဓာကိုယ် အချိုးအစား ပုံပန်းသွင်ပြင်ကို ပြောင်းလဲဖို့တော့ မဖြစ်နိုင်ပေ။
အဲ့ဒါက ရှင်းပြလို့ မရနိုင်သောအရာ ဖြစ်လေသည်။
ပိုင်ယု၏ အကြည့်ကို အာရုံခံမိပြီးနောက် ဆူဇီမိုသည် မှင်သေသေမျက်နှာနှင့် သူ့နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်က မြင့်တက်လာလေသည်။
ဆူဇီမို၏ သွေးများက ဆူပွက်လာပြီး သူ့ခြေလက်များနှင့် အင်္ဂါများဆီသို့ စီး၀င်သွားကာ သူ့ကိုယ်တွင်းမှ နှင်းချီများကို တွန်းထုတ်ပစ်လိုက်လေသည်။
“ဟဟဟားဟား!”
မလှမ်းမကမ်းရှိ နှင်းပုံတောင်ကြားမှ အရိုက်အရာဆက်ခံသူကို အထက်စီးဆန်ဆန်ကြည့်ပြီး ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်၏။
“လခွမ်းကွာ ဘာလဲ နှင်းခဲချိတ်စည်းတဲ့.. အဲ့လောက်ပဲ ရတာလား!”
လင်းဟန်၏ မျက်နှာက အလွန်အမင်း ဖြူလျော့သွားပြီး သူ့လက်များက ဒေါသနှင့် တုန်ရီလာလေသည်။
နှင်းပုံတောင်ကြား၏ လျှို့ဝှက်ပညာရပ်ကို မည်သူမှ ယခုလို အထင်မသေးခဲ့ကြဖူးပေ။
ပြောရမည်ဆို နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူက ဆူနာမီသွေးအဆင့်ကိုသာ ရောက်အောင် မကျင့်ကြံထားနိုင်ခဲ့လျှင် နှင်းခဲချိတ်စည်း၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်လာနိုင်စရာ အကြောင်းမရှိပေ။
ဆူဇီမိုက ခြေနှစ်လှမ်းဆုတ်၍ နဖူးမှခြေဖျားထိ တဆတ်ဆတ် ချမ်းတုန်နေသော နတ်ဆိုးမကျိကို စွေကြည့်လိုက်၏။ သူက မျက်မှောင်အနည်းငယ် ကြုတ်ပြီး သူမ၏ လက်ဖဝါးကို သူ့လက်နှင့် ဆုပ်ကိုင်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်၍ သူမ၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးလိုက်၏။
ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က လက်ရှိပြိုင်စံရှားများထက် တစ်ဆင့်နိမ့်သော်လည်း သူ၏ စိတ်ဝိညာဉ်ချီက ပို၍သန့်စင်ပို၍ကြွယ်၀ပြီး နေတစ်စင်းကဲ့သို့ ခြစ်ခြစ်တောက်အပူစွမ်းအားကို သယ်ဆောင်ထားလေသည်။
နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုက နတ်ဆိုးမကျိ၏ ခန္ဓာကိုယ်တွင်းသို့ တလိပ်လိပ်စီး၀င်လာပြီး သူမကိုယ်တွင်းမှ နှင်းခဲချီများက ဖြည်းဖြည်းချင်း ဖယ်ခွာသွားလေသည်။
သူမ၏ သွေးများက ပြန်၍ လည်ပတ်လာသောကြောင့်လား၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လား မပြောတတ်ပေ။ နတ်ဆိုးမကျိ၏ ဖြူလျော့နေသော မျက်နှာလေးက နီးမြန်းလာ၏။ သူမက ရှက်သွေးဖြန်း၍ ခေါင်းကို အနည်းငယ် ငုံ့ထားပြီး ညှို့ငင်ဓါတ်အပြည့်နှင့် စွဲမက်ဖွယ်ရာကောင်းနေကာ လူတိုင်း၏ နှလုံးသားကို ယောက်ယက်ခတ်သွားစေလေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လက်ရှိပြိုင်စံရှားများတွင် မတူညီသော အမူအယာများ ရှိနေကြ၏။
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူသည် စင်ကြယ်အပျိုစင်အပေါ်တွင် လွန်စွာ ကွဲပြားခြားနားသော စိတ်နေသဘောထား ရှိနေကြောင်း လူတိုင်း ပြောနိုင်ကြလေသည်။
သူက သူမ၏ ညှို့ငင်ခြင်း ခံနေရပုံလည်း မပေါ်ပေ။
သူတို့နှစ်ယောက်အကြား ဆက်ဆံရေးက သာမန်တော့ မဖြစ်နိုင်ပေ။ နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူသည် သူမ ဒဏ်ရာရရှိသွားမည်ကို အလွန်စိုးရိမ်ပူပန်နေတာ အတော်လေးကို သိသာထင်ရှားလေသည်။
“ဟမ့်!”
တိမ်လွှာမိုးစက်ဂိုဏ်း၏ ရှန့်ကွမ်ယုက သူ့လက်ကောက်၀တ်ကို လှည့်၍ ပစ်ပစ်ခါခါ လေသံနှင့် ပြောလိုက်၏။
“နတ်ဆိုးမကျိ နင့်မှာ ကိုယ်ကျင့်သိက္ခာတွေ ဘာတွေ မရှိတော့ဘူးလား။ နင်က နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူနဲ့ ပူးပေါင်းကြံစည်နေတာပေါ့လေ။”
လူတိုင်း၏ အထူးတဆန်း အကြည့်များကို နတ်ဆိုးမကျိက လျစ်လျူရှုထားလိုက်၏။
သူမက နှုတ်ခမ်းကို တင်းတင်းစေ့၍ ဆူဇီမိုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး ရီဝေစွာနှင့် ပြောလိုက်လေသည်။
“ရှင်အခုထိ ၀န်မခံနိုင်သေးဘူးလား”
သူမ၏ အသံက အလွန်တရာ တိုးညင်းနေသောကြောင့် သူတို့နှစ်ယောက်သာ ကြားနိုင်လေသည်။
ဆူဇီမိုက သူမကို သူ့နောက်သို့ ဆွဲယူပြီး နူးညံ့စွာ ပြောလိုက်လေသည်။
“မင်းဒဏ်ရာတွေကို အရင်ကုလိုက်ဦး”
နတ်ဆိုးမကျိက ပြုံးလိုက်၏။
သူမ၏ နှလုံးသားက နွေးထွေးသွားလေသည်။
ဆူဇီမို၏ ဆိတ်ဆိတ်နေခြင်းက သူမ၏ ကောက်ချက်ကို အသိအမှတ်ပြု ၀န်ခံလိုက်တာပင်။
ဤလူက သူမကို ကျောပေးရပ်ပြီး ဘုန်းကြီးကြွယ်ချမ်းကို တွန်းထုတ်လိုက်ကတည်းက နတ်ဆိုးမကျိသည် အဲ့ဒါကို ခန့်မှန်းမိပြီးသားဖြစ်၏။
သို့သော်လည်း ထိုအချိန်က သူမသည် သူမ၏ ခန့်မှန်းချက်ကို အတည်မပြုရဲသေးပေ။
စောစောက သူမသည် သေနိုင်လောက်သည့် အန္တရယ်နှင့် ရင်ဆိုင်နေရချိန်တွင် ဒီလူက တစ်ဖန် ထပ်ပေါ်လာပြီး သူမကို ကာကွယ်ပေးလိုက်ချိန်မှာတော့ ဒီလူက ဆူဇီမိုဖြစ်ကြောင်း သူမ သေချာသိသွားလေသည်။
သူမအတွက် ဆူဇီမို လုပ်ပေးသမျှ အရာရာတိုင်းက သူမ၏ အစ်မဖြစ်သူ ယောင်ရွှယ်ကြောင့်ဆိုတာ သူမ၏ နှလုံးသားထဲမှာ သိထားလေသည်။
သို့သော်လည်း အဲ့ဒါက သူမအတွက် ကိစ္စမရှိပေ။
အနည်းဆုံးတော့ ဒီကမ္ဘာမှာ သူမ ဘယ်လိုအခြေအနေပဲရှိရှိ သူမကို ကာကွယ်ပေးမည့် ယုံကြည်ရသော လူတစ်ယောက် ရှိနေလေသည်။
သူက ပြိုင်စံရှားအားလုံးနှင့် ဆန့်ကျင်ရမည်ဆိုလျှင်တောင်မှပေါ့။
သူမက မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်တစ်ယောက် ဖြစ်နေလျှင်တောင်မှပေါ့။
“ဟေ့ နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူ!”
ဓါးဂိုဏ်း၏ ဟန်ချိုးယွီက သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။ သူ့ထံမှ ထွက်ပေါ်လာသော အော်ရာက ထက်ရှသည်ထက် ထက်ရှလာလေသည်။ သူ၏ ပုံပန်းသွင်ပြင်ကကို ထုတ်ထားသော ဓါးတစ်လက်နှင့်တူနေ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ကောင်းတယ်ကွာ ကောင်းတယ်.. မင်းက ရှေးဟောင်းတိုက်ပွဲမြေထဲကို ၀င်လာရဲမှတော့ အသက်ရှင်လျက် ပြန်ထွက်ဖို့ စိတ်ကူးမနေနဲ့တော့!”
နတ်ဖီးနစ်ကျွန်းနှင့် ဓါးဂိုဏ်းက ကာလကြာရှည်စွာ ရန်ငြိုးရန်စ အမုန်းတရား ရှိခဲ့ကြလေသည်။
နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူတစ်ယောက်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးပေါ်သို့ ခြေချမိသည့်အခါတိုင်း ထိုသူက ဓါးဂိုဏ်း၏ အရိုက်အရာဆက်ခံသူနှင့် အကြီးအကျယ် တိုက်လိုက်ရလေ့ ရှိတတ်လေသည်။
“ဒါက ငါတို့အကြားက ရန်စပဲ.. မိစ္ဆာဂိုဏ်းက တာအိုရောင်းရင်းတို့ ခင်ဗျားတို့ ၀င်ပါစရာ မလိုပါဘူး”
သူက ဖန်းယွဲ့နှင့် အခြားသူများဘက်သို့ လက်သီးဆုပ်လေးစားဟန်ပြပြီး ပြောလိုက်လေသည်။
“ဟေး!”
ဖန်းယွဲ့က သူ၏ အနက်ရောင်လှံကြီးကို ရုတ်သိမ်း၍ ပုခုံးပေါ် လွှဲတင်ပြီး ရယ်မောလိုက်၏။
“မဆိုးပါဘူး စိတ်ဝင်စားစရာပဲ”
“သတိထား ဟန်ချိုးယွီရဲ့ဓါးက အရမ်းမြန်တာ။ ပြီးတော့ သူ့ဆီမှာ နောက်ထပ်လှည့်ကွက်တွေလဲ ရှိဖို့များတယ်” နတ်ဆိုးမကျိက ဆူဇီမိုကို သတိပေးလိုက်၏။
ဆူဇီမိုက ဘယ်လိုမှ မနေသည့်အလား ရယ်မောလိုက်၏။ သူက ဆေဘာကို မယူ၍ ဟန်ချိုးယွီနှင့် လေကုန်ခံဖို့ စိတ်ကူးမရှိဘဲ ခြေလှမ်းကျဲကြီးနှင့် လျှောက်လှမ်းသွားလေသည်။
“ဓါးဂိုဏ်းရဲ့ အရိုက်အရာ ဆက်ခံသူ ဟုတ်လား။ ဘယ်လောက်များ ကြီးကျယ်နေလို့လဲ ဟမ် မင်းခေါင်းကို ဖြတ်ပြီး ငါ့ဆေဘာကို ဆက်သပေးရမယ်!”
ရင်ဘတ်ဗလာနှင့် ဖျင်ကြမ်းအင်္ကျီကို ၀တ်ပြီး ကြမ်းတမ်းရိုင်းပျသည့် စကားများ လျှောက်ပြောနေသော ဆူဇီမိုသည် အရိုင်းဆန်ဆန်လူတစ်ယောက်နှင့် တူနေလေသည်။
ယခုသူ့ရှေ့ကလူသည် ဟိုအစိမ်းရောင်၀တ်ကျင့်ကြံသူနှင့် နှိုင်းယှဉ်လျှင် ကြော့ရှင်းခံ့ညားမှုအပိုင်းမှာ အတော်လေး အားနည်းသည်ဟု ပိုင်ယုတောင်မှ ထင်မိလာလေသည်။
ရွှစ်!
အနားကပ်လာပြီး ဆူဇီမို၏ မျက်လုံးများက ၀င်းလက်သွား၏။ သူသည် တန်ပြန်စီးကြောင်းနှင့် စတင်တိုက်ခိုက်လိုက်ပြီး သူ့ဆေဘာအလင်းက ပြန့်ကား၍ ဟန်ချိုးယွီအပေါ််သို့ လွှမ်းခြုံသွားလေသည်။
“ခွိ ခွိ”
ဟန်ချိုးက အေးစက်စက် လှောင်ရယ်၍ သူ့လက်ချောင်းလေးများက ဓါးအောက်သို့ လျှောဆင်းသွားပြီး ရုတ်တရက် ဓါးသွားကို ဆတ်ကနဲ တောက်လိုက်၏။
“ဇီ!”
ဓါးက တုန်ခါသွားပြီး အသံတစ်မျိုး ထွက်ပေါ်လာလေသည်။
ရုတ်တရက်ဆိုသလို..
ဟန်ချိုးယွီက တိုက်ခိုက်လိုက်၏။ သူ့လက်ကောက်၀တ်က တုန်ခါနေပြီး ဓါးသွားကို မမြင်ရတော့ပေ။
ထို့အစား အေးစက်စက်အလင်းက ရောက်ချလာပြီး ပြန့်ထွက်သွားကာ လေထုထဲတွင် ဓါးအလင်းများက သိပ်သည်းစွာ ပျံ့နှံ့၍ မိုးရေစက်များကဲ့သို့ တဖွဲ့ဖွဲ့ ကျဆင်းလာလေသည်။
မိုးရွာချသလို အသံများက ထွက်ပေါ်လာ၏။
အဲ့ဒါက တစ်ကယ့်ကို သိပ်သည်းပြင်းထန်သည့် အသံများပင်။
“ဓါးအား!”
ပြိုင်စံရှားများ၏ မျက်လုံးများက ၀င်းလက်သွားကြ၏။
“ဓါးဂိုဏ်းက ဓါးတာအိုရဲ့ လျှို့ဝှက်ပညာရပ် ဓါးမိုးအတတ်ပဲ! ဟန်ချိုးယွီဆီမှာ တစ်ကယ်ပဲ ဝှက်ဖဲတွေ ရှိနေသေးတာပဲ” ဖန်းယွဲ့က ခေါင်းညိတ်လိုက်၏။ သူက သိပ်တော့ အံ့ဩမသွားမိပေ။
တစ်ဖက်မှာက တန်ပြန်စီးကြောင်းအားဖြစ်ပြီး အခြားတစ်ဖက်မှာတော့ ဓါးမိုးအားဖြစ်လေသည်။
ချွင်! ချွမ်!
ထိတွေ့ရိုက်ခတ်သံများက ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဆေဘာနှင့် ဓါးအရိပ်များက ပျက်ပြယ်လာကာ သူတို့နှစ်ယောက်၏ သွင်ပြင်က ပြန်ပေါ်လာလေသည်။
သူတို့နှစ်ယောက်က သူမသာကိုယ်မသာ အခြေအနေပင်။
တန်ပြန်စီးကြောင်းအားက အလွန်တရာ မာကြောသော်လည်း ဓါးမိုးအားမှ ထွက်ပေါ်လာသော မိုးစက်များက ဆေဘာပေါ်သို့ ထပ်တလဲလဲ ရိုက်ခတ်၍ ထွက်ပေါ်လာသော စွမ်းအားကို မှိန်ဖျော့သွားစေလေသည်။
ဆေဘာက မိုးရေစက်များကို ဖြတ်ကျော်လာပြီးချိန်တွင် သူ၏ စွမ်းအားကလည်း ဘာမှ မကျန်ရှိတော့ပေ။
သို့သော်လည်း ဆူဇီမိုထံမှာ မကျေလည်သော ခံစားချက်တစ်ခုက ထပ်တလဲလဲ ပေါ်နေလေသည်။
သုသည် တန်ပြန်စီးကြောင်းကို သက်ရောက်အားအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သော်လည်း အဲ့ဒီမှာ တစ်ခုခု လိုနေသေးသည်ဟု သူခံစားမိနေ၏။
သူသည် ပထမဆုံး ဆေဘာလေးကွက်ကို ချိတ်ဆက်ဖို့ ကြိုးစားရာတွင် နှေးကွေးလေးကန်၍ ခြောက်ကပ်ကပ်နိုင်နေသည်ဟု ခံစားနေရလေသည်။
သူသာ ထိုအားနည်းချက် သေးသေးလေးကို ရှာဖွေဖော်ထုတ်နိုင်လျှင် ဟန်ချိုးယွီ၏ ဓါးမိုးအားကတောင် သူ၏ တန်ပြန်စီးကြောင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်လေသည်။