မဟာပြိုင်စံရှားသုံးဦး
Vol. 30 Ch. 445
များစွာသော ပြိုင်စံရှားများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။
ဆေဘာနှင့် ဓါးတို့၏ ရင်ဆိုင်တိုက်ခိုက်မှုက သရေဟု ထင်ရသော်လည်း တစ်ကယ်တော့ ဟန်ချိုးယွီက အနည်းငယ် အရေးနိမ့်ခဲ့လေသည်။
ဟန်ချိုးယွီ၏ ရင်သပ်ရှုမောဓါးက ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
ဒါ့အပြင် ဟန်ချိုးယွီက မရီးဒါန်ရှစ်ခု အခြေတည်အဆင့်မှာ ဖြစ်ပြီး နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူကတော့ မရီးဒါန်ခုနှစ်ခုအဆင့်မှာသာ ရှိသေးလေသည်။
ဘယ်သူက ပိုတော်သလဲဆိုတာ သိသာလေသည်။
“ဒီလောက် အစွမ်းအစနဲ့များ မင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို လာပြီး မွှေနှောက်ချင်သေးတယ်ပေါ့လေ”
ဟန်ချိုးယွီက အေးစက်စက် နှာတစ်ချက်မှုတ်၍ ဆူဇီမိုကို ရန်စသလို စူးစိုက်ကြည့်လိုက်၏။ လေထဲတွင် သူ့လက်ထဲရှိဓါးက ခပ်ဖျော့ဖျော့ လက်နေလေသည်။
“အဲ့လောက်အစွမ်းအစက မင်းကို ကောင်းကောင်းဆုံးမပေးဖို့ လုံလောက်တယ်လေ”
ဆူဇီမိုက အားပါးတရ ရယ်ချလိုက်၏။ သူ့မျိုးဆက်သွေးက ရုန်းကြွလာပြီး သူ့ကိုယ်ထဲတွင် ဆူနာမီအသံများက တဝေါဝေါ မြည်လာလေသည်။ ခြေတစ်လှမ်းတည်းနှင့် သူသည် ဟန်ချိုးယွီရှေ့ကို ရောက်သွားပြီး ခုတ်ပိုင်းချလိုက်လေသည်။
လှပကြည့်ရှုပျော်ဖွယ်ဖြစ်သော လှည့်စားကွက်များ ဘာတစ်ခုမှ မပါဘဲ ခုတ်ချက်က ရိုးရှင်းပြီး တည့်တိုးဆန်နေလေသည်။ သူ့မျိုးဆက်သွေး၏ ကြောက်စရာကောင်းသော စွမ်းအားနှင့် ဆေဘာအလင်းတန်းက ကြောက်စရာကောင်းလောက်အောင် ပြန့်ကားသွားလေသည်။
ဟန်ချိုးယွီကလည်း သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်၍ သူ့မရီးဒါန်ရှစ်ခုမှ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကန်ထွက်ပေါ်လာ၏။ သူသည် ဓါးအိမ်ထဲမှ ထုတ်ထားသော ဓါးတစ်လက်လို သူ၏ ရင်သပ်ရှုမောထားနှင့် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလေသည်။
“သတ်”
ရှောင်လဲမရှောင် နောက်လဲမဆုတ်ဘဲ.. ဟန်ချိုးယွီက သူ၏ ကျင့်ကြံမှုအဆင့် အားသာချက်အပေါ် အမှီပြု၍ ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ကြိုးစားလိုက်၏။
ကျင့်ကြံရေးလောကတွင်.. ဓါးကျင့်ကြံသူများက တိုက်ခိုက်ရေးမှာ အသန်မာဆုံး ဖြစ်ကြသည်ဟု အသိအမှတ်ပြု လက်ခံထားကြလေသည်။
ဓါးနှင့် ဆေဘာက လေထဲမှာ ထိတွေ့မိသွား၏။
မီးပွားမီးပန်းများက အဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ဓါးချီနှင့် ဆေဘာအလင်းက တစ်ခုကိုတစ်ခု အပြန်အလှန် ဝါးမျိုလိုက်ကြလေသည်။
သူတို့နှစ်ယောက်ကြားတွင် စိတ်ဝိညာဉ်ချီများက သိမ်းမနိုင်သိမ်းမနိုင်သော အခြေအနေသို့ ကျရောက်သွားပြီး ဓါးချီနှင့် ဆေဘာအလင်းတန်းကြောင့် အပိုင်းပိုင်း စုတ်ပြဲကုန်လေသည်။
ဟန်ချိုးယွီ၏ ဓါးက စောင်းထက်၍ အလွန်တရာ စူးရှလေသည်။
တစ်ဖက်မှာတော့ ဆူဇီမို၏ ဆေဘာက ပြတ်သားပြီး ခံ့ညားနေလေသည်။
ချွမ်.. ချွင် ချွင်..
လေထဲတွင် ဓါးနှင့် ဆေဘာတို့က အဆက်မပြတ် ရိုက်ခတ်လိုက်ကြ၏။
ဆေဘာအလင်းက အေးစက်နေပြီး ဓါးအရိပ်များက တဖျတ်ဖျတ်လက်၍ နေရာတိုင်းမှာ ချာချာလည်နေလေသည်။
ဤသည်က မည်သည့်နည်းစနစ်မှ မပါတော့ဘဲ ခွန်အားသက်သက် အားပြိုင်မှု ဖြစ်လာလေသည်။
တိုက်ခိုက်နေရင်းနှင့် ဆူဇီမို၏ မျက်လုံးများက တောက်ပလာပြီး အပေါ်သို့မော့၍ ရယ်မောလိုက်၏။
“မဆိုးဘူး မဆိုးဘူး.. ငါ့ဆီက ခုတ်ချက်ဆယ်ချက်ကိုတောင် ခုခံနိုင်တယ်ဆိုတော့ မင်းက နည်းနည်းတော့ စွမ်းတယ် ပြောရလိမ့်မယ်.. ထပ်ဆွဲကြတာပေါ့”
သူ့အတွက် ပင်ပန်းနွမ်းလျမှုဆိုတာ မရှိသည့်အလား.. တိုက်ခိုက်နေရင်းနှင့် ဆူဇီမို၏ ခွန်အားက လျော့ကျမလာသည့်အပြင် ပို၍ပြင်းထန်လာလေသည်။
ဖုန်း.. ဖုန်း.. ဖုန်း..
သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်က တုန်ခါသွားပြီး သူ့အော်ရာက တရိပ်ရိပ်တက်လာကာ သူ့ဆေဘာအားက ပို၍ ပြင်းထန်အားကောင်းလာလေသည်။
ခုတ်ချက်တစ်ချက်စီတိုင်းက တလိပ်လိပ်တက်လာသော မြင့်မားသည့် လှိုင်းလုံးကြီးများလို အပေါ်ကနေ စီးမိုး၍ ပြင်းထန်စွာ ရိုက်ခတ်လာလေသည်။
ဟန်ချိုးယွီသည် သူ့ပြိုင်ဘက်ကို ဆက်လက်၍ မနောက်ပြောင်နိုင်တော့ဘဲ သုန်မှုန်လာလေသည်။
သူ့လက်နှစ်ဖက်က စတင်ထုံကျင်လာပြီး တိုက်ခိုက်လိုက်တိုင်း သူ့အမြင်အာရုံက ဝေဝေဝါးဝါး ဖြစ်လာလေသည်။
အဲ့ဒါက ပင်ပန်းနွမ်းလျလာခြင်း၏ လက္ခဏာများပင်။
ဒီလူရဲ့ သက်လုံအားက အဆုံးမဲ့ချောက်နက်ကြီးလိုပါလား.. သူ့မှာ ဘာလို့ အကန့်အသတ်ဆိုတာ မရှိရတာလဲကွာ..
ဟန်ချိုးယွီသည် တုန်လှုပ်လာလေသည်။
ဒီအတိုင်းသာ ဆက်သွားလျှင် နောက်ထပ်ခုတ်ချက်ဆယ်ချက်အတွင်း သူက စတင်ရှုံးနိမ့်ရပေတော့မည်။
ငါ ဗျူဟာပြောင်းမှ ရတော့မယ်..
ထိုသို့အတွေးနှင့် ဟန်ချိုးယွီ၏ မျက်လုံးထဲတွင် ပြတ်သားသည့်အကြည့်က ပေါ်လာပြီး သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်၏။ ချက်ချင်းပင် သူ့ဓါးပျံက တုန်ခါသွားပြီး လေထဲတွင် ဓါးအလင်းတန်းတစ်ခုက တောက်ပစွာ ပေါက်ကွဲထွက်ပေါ်လာလေသည်။
ဓါးအလင်းစက်များက ပြန့်ကွဲသွားပြီး တဖျတ်ဖျတ်တလက်လက်နှင့် တောက်ပနေလေသည်။
အဲ့ဒါက ဓါးအလင်းကို သုံး၍ ပြိုင်ဘက်၏ အမြင်အာရုံကို နှောင့်ယှက်ဖို့ အသုံးချရသည့် ဓါးမိုးကျမ်းမှ လှုပ်ရှားကွက် ဖြစ်လေသည်။ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် တစ်ဖက်လူက ခေတ္တခဏမျှ မျက်စိကျိန်းစပ်၍ အမြင်ကွယ်သွားပြီး သေစေနိုင်သော ဟာကွက်များကို ထုတ်ဖော်မိလာပေမည်။
သို့သော်လည်း သနားဖို့ကောင်းသည်မှာ ဆူဇီမို၏ မျက်လုံးများထဲမှ သားရဲဆန်ဆန်အလင်းက တဖျတ်ဖျတ်လက်သွားလေသည်။ သူ၏ မျက်လုံးနှစ်လုံးက ညအမှောင်ထဲမှာ တောက်ပနေသော ကြယ်နှစ်စင်းလို လင်းလက်လာပြီး ဟန်ချိုးယွီက ကြိုးပမ်းမှုက သူ့အပေါ် မည်သို့မှ အရာမထင်ခဲ့ပေ။
ခုတ်ချက်တစ်ချက်က အလင်းတန်းများကို ဖောက်၍ ဖြတ်သန်းလာပြီး ရင်သပ်ရှုမောဓါးနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။
ချွမ်း..
ဟန်ချိုးယွီသည် သွက်သွက်ခါ တုန်လှုပ်သွားပြီး သူ့လက်ထဲမှ ရင်သပ်ရှုမောဓါးက လွင့်ထွက်လုနီးပါး ဖြစ်သွားရလေသည်။
ထိုသည်ကို ကြည့်ပြီး ဘေးဘက်မှာ ရှိနေသော ကိုယ်တော်ကြွယ်ချမ်းသည် မျက်မှောင်ကြုတ်လိုက်လိုက်၏။
“အရူးဓါးသွားရဲ့ အမြင်အာရုံနဲ့ အကြားအာရုံက အရမ်းသန်မာပြီးတော့ သူ့စိတ်ပိုင်းဆိုင်ရာကလဲ ကျောက်သားလို ခိုင်မာတည်ငြိမ်တယ်.. ငါ့ရဲ့ စိန်ဒေါမာန်အကြည့်နဲ့ ခြင်္သေ့ဟိန်းသံကို တွဲပြီးသုံးတာတောင် သူ့အပေါ်မှာ မသက်ရောက်နိုင်ဘူး”
ပြိုင်စံရှားများသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားကြ၏။
စိန်ဒေါသအကြည့်နှင့် ခြင်္သေ့ဟိန်းသံတို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျှင် သူတို့အတွက် ခုခံဖို့ အလွန်တရာ ခက်ခဲလှမည့်အကြောင်း လူတိုင်းတွေးမိသွားကြလေသည်။ နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူကတော့ မည်သို့မှ မနေဘူးတဲ့လား။
“တစ်ခုခုတော့ လွဲနေပြီ”
မိုးခရမ်းပြာကောင်းကင်ဂိုဏ်းမှ အောင်းယွီရှောင်က အမြင်အာရုံ လွန်စွာ စူးရှသည့်အတွက် အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်လေသည်။ သုန်မှုန်နေသော မျက်နှာအမူအယာနှင့် သူက ရုတ်တရက် ပြောလိုက်၏။
“ဟန်ချိုးယွီက ရှုံးတော့မှာပဲ”
တိုက်ပွဲမြေတွင်..
ဟန်ချိုးယွီ၏ မျက်နှာက သုန်မှုန်လာပြီး ဆက်တိုက်ဆက်တိုက်ဆိုသလို နောက်ဆုတ်နေရလေသည်။ သူသည် ဆက်ပြီး ပြန်လှန်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ဆန့်ကျင်ဘက်အနေနှင့်.. ဆူဇီမို၏ ဆေဘာအလင်းကတော့ ပြင်းထန်အားကောင်းလာပြီး သူက ရှေ့သို့ ဆက်တိုက်တက်လာ၏။ သူ၏ ဆေဘာအလင်းများက ဟန်ချိုးယွီတစ်ကိုယ်လုံးကို လွှမ်းခြုံလာလေသည်။
ဒီအတိုင်းသာ ဆက်သွားလျှင် ဆယ်ကွက်မပြည့်ခင်မှာပင် အနိုင်အရှုံးက သဲကွဲလာပေတော့မည်။
ဝှီး..
ရုတ်တရက် တသိမ့်သိမ့်တုန်ခါသွားသော အသံက လေထုကို ဖြတ်သန်းလာ၏။
ခရမ်းရောင်ချီများက ပျံသန်းလာခြင်းပင်။
ခရမ်းရောင်ချီ ခုနှစ်ခုက လေထုကိုဖြတ်၍ ပျံသန်းလာပြီး ပေါင်းစည်းသွားကြကာ ဝင်းပြောင်၍ မွန်းကျပ်ဖွယ်ရာကောင်းသော ဧရာမခရမ်းရောင်ဓါးပျံကြီးတစ်လက်အဖြစ် ဖွဲ့တည်သွားလေသည်။
မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၏ အောင်းယွီရှောင်က တိုက်ခိုက်လိုက်ခြင်းပင်..
ဘာပဲပြောပြော နတ်ဖီးနစ်ကျွန်းသည် ပင်လယ်ရပ်ခြားမှာ အထီးကျန်တည်ရှိပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပေါ်လာခဲလေသည်။ ကျင့်ကြံရေးလောကတွင် အခြားအဖွဲ့အစည်းများနှင့် သူတို့၏ ထိတွေ့ဆက်ဆံမှုက ဓါးဂိုဏ်းနှင့် နှိုင်းစာလျှင် အင်မတန် နည်းပါးလေသည်။
ဓါးဂိုဏ်းကတော့ အင်မော်တယ် ကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး အခြားသော အဖွဲ့အစည်းများစွာနှင့် ဆက်ဆံရေးကောင်းများ ရှိလေသည်။
မိုးခရမ်းပြာကောင်းကင်ဂိုဏ်းက ထိုအဖွဲ့အစည်းများထဲမှတစ်ခု ဖြစ်လေသည်။
ထက်ရှသော အော်ရာနှင့် ဧကရာဇ်တစ်ပါး ဆင်းသက်လာသကဲ့သို့ ခရမ်းရောင်ဓါးကြီးက ကြီးမားသော စွမ်းအားနှင့်အတူ ရှေ့သို့ တက်လာလေသည်။ ဆူဇီမိုကတော့ သွားနေရာ သူ့လမ်းကြောင်းကို လုံးဝ မရပ်တန့်ခဲ့ပေ။
သူသည် ဟန်ချိုးယွီနောက်သို့သာ ဆက်လက် မဲလိုက်နေမည်ဆိုလျှင် ခရမ်းရောင်ဓါးကြီးကို သူ့ကို သေချာပေါက် ထိုးစိုက်မိမည်ဖြစ်ပြီး သူက အသက်မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
ဆူဇီမိုသည် အဲ့ဒါကို ကြိုတင်ခန့်မှန်းသိရှိပြီးသည့်အလား သူ့အမူအယာက မထူးခြားသွားပေ။
သူ့ဆေဘာကို ရုတ်၍ ဓါးသွားလမ်းကြောင်းကို ပြောင်းလဲ၍ တည်ငြိမ်ပင်လယ်ကျမ်းမှ ဝဲကတော့အကွက်ကို ထုတ်ဖော်လိုက်လေသည်။
ဆေဘာမှ တွန့်လိမ်သွားသော အားက ပေါက်ကွဲထွက်ပေါ်လာပြီး ခရမ်းရောင်ဓါးကို ပြင်းထန်စွာ ရစ်ပတ်လိုက်လေသည်။
ခရမ်းရောင်ဓါးကြီးက တုန်ခါလာပြီး လွင့်စင်ထွက်တော့မည်ကဲ့သို့ ဖြစ်လာလေသည်။ ဆူဇီမိုသည် အနည်းငယ် တုန်ခါသွားသော်လည်း သူ၏ လှုပ်ရှားမှုနည်းစနစ်တစ်ခုကို သုံး၍ သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းချုပ်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။
ဟန်ချိုးယွီသည် အသက်ရှုပေါက် ရသွားပြီး အန္တရာယ်မှ လွတ်မြောက်လာကာ ချွေးများရွှဲ၍ အနည်းငယ် မောဟိုက်နေလေသည်။ အောင်းယွီရှောင်ဘေးမှာ ဝင်ရပ်၍ သူတို့နှစ်ယောက်သည် ဆူဇီမိုကို ဖိုခနောက်ဆိုင် ရပ်၍ ရင်ဆိုင်လိုက်ကြ၏။
“ဒါက နတ်ဖီးကျွန်းနဲ့ ဓါးဂိုဏ်းကြားက တိုက်ပွဲလေ.. မိုးခရမ်းပြာကောင်းကင်ဂိုဏ်းက အင်မော်တယ်ကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်ပြီးတော့ သိုင်းလောက စည်းမျဉ်းတွေကိုလဲ လေးစားမှုမရှိ၊ အရှက်လဲမရှိဘဲ အုပ်စုဖွဲ့ အနိုင်ကျင့်ချင်တာလား”
နတ်ဆိုးမကျိသည် သူမ၏ ဒဏ်ရာများမှ သက်သာကောင်းမွန်လာပြီဖြစ်၏။ သို့သော်လည်း သူမရှေ့မှ မြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်၍ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်လေသည်။
“အခု ငါတို့က လူသားဧကရာဇ်နန်းတော်အတွက် တိုက်ခိုက်နေကြတာပဲ.. စည်းမျဉ်းစည်းကမ်းတွေအကြောင်း ပြောနေစရာကို မလိုတော့ဘူး”
အောင်းယွီရှောင်က ထူးမခြားနားပုံစံနှင့်ပင် လေထဲမှ ခရမ်းရောင်ဓါးကို ပြန်လည်ရုတ်သိမ်းလိုက်၏။
“နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ခြေချရဲမှတော့ ဒီကဂိုဏ်းကြီးတွေအားလုံးက အရိုက်အရာဆက်ခံသူတွေရဲ့ စိန်ခေါ်ခြင်းကိုလဲ လက်ခံရမှာပဲ”
“သောက်ပိုတွေ လျှောက်အော်မနေနဲ့.. မင်းဝင်တိုက်ချင်တယ်ဆိုလဲ မင်းပါ ပေးတယ်ကွာ”
ဆူဇီမိုက ကျယ်လောင်စွာ ရယ်မော၍ သူ့ဆေဘာကို မပြီး ရှေ့သို့ လှမ်းတက်သွားလေသည်။ သူ့ဆေဘာအလင်းက ချက်ချင်းပင် ပြန့်ကားသွားပြီး အောင်းယွီရှောင်နှင့် ဟန်ချိုးယွီတို့အပေါ်သို့ အုပ်မိုးလွှမ်းခြုံသွားလေသည်။
နှစ်ယောက်တစ်ယောက် ရင်ဆိုင်နေရသော်လည်း သူကပင် ဦးစွာ စ၍ တိုက်ခိုက်လိုက်၏။
ပြိုင်စံရှားများသည် ရင်ထဲမှာ တုန်လှုပ်သွားကြ၏။
“ဒီလို.. သတ္တိမျိး.. ရှာမှရှားပဲဟေ့”
ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့၏ မျက်လုံးက တောက်ပလင်းလက်လာပြီး သူက တစ်ခွန်းချင်း ပြောလိုက်၏။
“သူက သတ္တိကောင်းတာတော့ မှန်ပါတယ်.. ဒါပေမယ့် အသက်ဆက်ရှင်ဖို့ကတော့ မသေချာဘူးမလား” တိမ်လွှာမိုးစက်ဂိုဏ်းမှ ရှန့်ကွမ်ယုက လှောင်ရယ်လိုက်လေသည်။
အထွတ်အထိပ်ဂိုဏ်းမှ ပိုင်ယု၏ အမူအယာက သုန်မှုန်နေပြီး သူ့အကြည့်က ဆူဇီမိုအပေါ်တွင် တစ်ချိန်လုံးကျရောက်နေကာ အကြိတ်အနယ် တွေးတောစဉ်းစားနေလေသည်။
တိုက်ပွဲမြေတွင်.. ဆူဇီမို၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသော ဆူနာမီအသံများက ကျယ်သထက်ကျယ်လောင်လာပြီး မိုးကြိုးသံများက ရောယှက်ပါဝင်လာလေသည်။ သူ့မျိုးဆက်သွေးစွမ်းအားက တုန်လှုပ်စရာကောင်းပြီး သူ့သက်လုံအားက မကုန်ခမ်းနိုင်ပေ။
ဆယ်ချီထက်မနည်း တိုက်ခိုက်ကြပြီးတာတောင် နှစ်ယောက်တစ်ယောက် အနေအထားမှာ ဆူဇီမိုသည် အသာရနေပြီး အောင်းယွီရှောင်နှင့် ဟန်ချိုးယွီတို့ကို အပြတ်အသတ် ဖိနှိမ်နိုင်လာလေသည်။
သူတို့နှစ်ယောက်စလုံးသည် မျက်စိပျက်မျက်နှာပျက် ဖြစ်လာကြလေသည်။
“တာအိုရောင်းရင်းတို့.. ဘာမှပူမနေနဲ့.. ကျုပ်လာပြီ”
အစတုန်းက ဘေးနားးကနေ စောင့်ကြည့်နေသော ကိုယ်တော်ကြွယ်ချမ်းသည် အခြေအနေ မဟန်တော့ဘူးဆိုတာ မြင်လိုက်ရလေသည်။ သူသည် ဘယ်ဘက်လက်က ရွှေခေါင်းလောင်းနှင့် ညာဘက်လက်က စိန်တောင်ဝှေးကို ကိုင်ကာ မာန်သွင်းဟိန်းဟောက်၍ တိုက်ပွဲထဲသို့ ခုန်ဝင်သွားလေသည်။
သူတို့သုံးယောက်ကို အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများ၏ ပြိုင်စံရှားများအကြား အသန်မာဆုံး သုံးယောက်ဟု သတ်မှတ်လို့ ရလေသည်။