ထွက်ပြေးဖို့ ကြိုးစားတာလား
Vol. 30 Ch. 448
“အထွတ်အထိပ်ဂိုဏ်းက ပိုင်ယုလား”
ပိုင်ယုတစ်ယောက် ဘေးဘက်ကနေ ဝင်ရောက်လာနေသည်ကို မြင်သောအခါ သူ့သရုပ်က သံသယဝင်ခံနေရပြီဆိုတာ ဆူဇီမို သဘောပေါက်နားလည်သွားလေသည်။
ထိုအတွေးနှင့် ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကလည်း မြင့်တက်လာလေသည်။
ရုတ်တရက်..
သူ့နှလုံးသားထဲတွင် မကြုံစဖူး အန္တရာယ်ကို အာရုံခံစိတ်က ရုန်းကြွလာလေသည်။
ဆူဇီမိုသည် ခေါင်းမွေးများ ထောင်ထလာပြီး သူ့ဦးရေပြားက ရိုးတိုးရွတ ဖြစ်လာလေသည်။
ထိုအန္တရာယ်ခံစားချက်သည် ဟန်ချိုးယွီ၊ အောင်းယွီရှောင်နှင့် အခြားသော ပြိုင်စံရှားရှစ်ဦး သို့မဟုတ် သူ့နောက်ကနေ ပြေးဝင်လာသော ပိုင်ယု.. သူတို့ထဲ မည်သူ့ဆီကမှ လာခြင်း မဟုတ်ပေ။ သည့်အပြင် အခြားတစ်ယောက်ဆီက ဖြစ်လေသည်။
ဆူဇီမိုသည် သူ့မျက်လုံးနှင့် မမြင်နိုင်သော တစ်စုံတစ်ယောက် ဖြစ်လေသည်။
သို့သော်လည်း မဟာအရိုင်းကမ္ဘာက သားရဲကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူ၏ အာရုံခံသတိစိတ်က ကြောက်စရာကောင်းလောက် နိုးကြွားထက်ရှနေပြီဖြစ်ပြီး မမြင်ရသော ထောင့်ကွယ်တစ်နေရာကနေ သူ့ကို အသေသတ်ဖို့ ချောင်းမြောင်းနေသော အလွန်တရာ ကြောက်စရာကောင်းလှသည့် ကျင့်ကြံသူတစ်ယောက် ရှိကြောင်း သူ့ကို သတိပေးနေလေသည်။
တိုက်ခိုက်သူ၏ ရှုထောင့်က လုံးဝပြီးပြည့်စုံနေပြီး သူ့မမြင်နိုင်သော နေရာကနေ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
တိုက်ခိုက်ခြင်း၏ ချိန်သားကိုက်မှုကလည်း အပြစ်ဆိုစရာ လုံးဝမရှိရအောင် ပြီးပြည့်စုံနေလေသည်။
ထိုအချိန်တွင် ဆူဇီမိုက မာန်ဟုန်ပြင်းဒီရေကို ထုတ်လွှတ်ကာစဖြစ်ပြီး သူ၏ အားအနည်းဆုံးအခြေအနေမှာ ရှိနေကာ သူ၏ လှုပ်ရှားမှုအဟုန်ကို ပြန်လည်ထိန်းညှိနေရတုန်း ဖြစ်လေသည်။
ဒါ့အပြင် ပြိုင်စံရှားရှစ်ဦးသည် သူတို့၏ ဝှက်ဖဲများကို အသီးသီးကိုယ်စီ ထုတ်ဖော်ကာစဖြစ်ပြီး ဟန်ချိုးယွီနှင့် အောင်းယွီရှောင်တို့က တန်ပြန်တိုက်ခိုက်လိုက်ကြကာ မူလစိတ်ဝိညာဉ်လက်နက်တစ်ခုတောင် ထွက်ပေါ်လာပြီဖြစ်လေသည်။
နောက်ကျောကနေ ပိုင်ယုကလည်း ရောက်လာပြီ ဖြစ်တာကြောင့် ဆူဇီမိုသည် အဘက်ဘက်မှ ရန်သူများ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရလေသည်။
ထိုကဲ့သို့သော အခြေအနေမှာ ဘယ်ကမှန်းမသိရသော ကျင့်ကြံသူတစ်ယောက်၏ ပြီးပြည့်စုံသော ချိန်သားကိုက် တိုက်ခိုက်မှုကလည်း ကျရောက်လာသောကြောင့် ဆူဇီမိုသည် မလူးသာမလွန့်သာသော အခြေအနေကို ရောက်ရှိသွားပြီး သိကြားမင်းဆင်းကယ်တောင် မရနိုင်တော့သည့် အနေအထား ဖြစ်နေလေသည်။
ရုတ်တရက် ဆူဇီမို၏ စိတ်အာရုံထဲတွင် ရိုးတိုးရိပ်တိတ် ပုံရိပ်တစ်ခုက ဖျတ်ကနဲ ပေါ်လာလေသည်။
ထိုပုံရိပ်ကို သဲကွဲစွာ ပုံမဖော်နိုင်ခြင်းမှာ ဆူဇီမို၏ မျက်ဉာဏ်က သိပ်မကောင်းလှသောကြောင့် မဟုတ်ပေ။ ဘယ်သူကမှ သူ့ပုံစံကို အတိအကျ မမြင်ဖူးသောကြောင့် ဖြစ်လေသည်။
လျှို့ဝှက်မရဏဂိုဏ်းက မျက်နှာတစ်ထောင် လုပ်ကြံသတ်ဖြတ်သူ!
ရှေးဟောင်းတိုက်ပွဲမြေသို့ စတင်ဝင်ရောက်လာကတည်းက ထိုသတ်ဖြတ်ရေးသမားက သူ့ရုပ်လုံးကို လုံးဝ မပြခဲ့ပေ။
ယခု သူက ပေါ်လာသည်နှင့် ဆူဇီမို၏ ဇီဝိန်ကို ခြွေဖို့ တန်းပြီးရည်ရွယ်တိုက်ခိုက်လာလေသည်။
“အဲ့ဒါသူပဲ”
လူသားဧကရာဇ်နန်းတော်နှင့် နီးကပ်စွာ ရှိနေကြသော ချိတ်ပိတ်ထားသူအချို့က သူတို့၏ မျက်လုံးများကို မှေးကျဉ်း၍ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ချိတ်ပိတ်ထားသူများထဲမှ တစ်ယောက်က ခေါင်းခါရမ်းလိုက်၏။
“သွားပြီ.. အဲ့ကောင်လေးက အခုဆို သေလူဖြစ်သွားပြီပဲ”
လူတိုင်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
သူတို့အတွက်တော့ ဆူဇီမို၏ စွမ်းဆောင်ရည်အရ.. သေအံ့ဆဲဆဲ လက်ရှိအခြေအနေမှ လွတ်မြောက်စရာ အကြောင်းမရှိတော့ပေ။
“ဘယ်လောက်နှမြောဖို့ ကောင်းလိုက်လဲ.. ဒီလိုမျိုး တစ်ကယ့်ပြိုင်စံရှားတစ်ယောက်တောင် လူသားဧကရာဇ်နန်းတော်ရှေ့မှာ သေရတာပဲ”
“ဘာမှ နှမြောနေစရာ မရှိဘူး.. သမိုင်းအဆက်ဆက်မှာ အချိန်မတိုင်ခင် စောစောစီးစီး သေသွားရတဲ့ ပြိုင်စံရှားတွေမှ ရေလို့တောင် မရဘူး.. သူက အဲ့ထဲက တစ်ယောက် ဖြစ်သွားရုံပါပဲ”
. . .
ရုတ်တရက် တိုက်ပွဲမြေတွင် အလှည့်အပြောင်းများ ဖြစ်ပေါ်လာလေသည်။
ပြိုင်စံရှားရှစ်ဦးက သူတို့၏ အစွမ်းအစများကို ကိုယ်စီအသီးသီး ထုတ်ဖော်လိုက်ကြ၏။ သူတို့ထဲမှ ခြောက်ယောက်က မာန်ဟုန်ပြင်းဒီရေကို ခုခံနေကြပြီး ဟန်ချိုးယွီနှင့် အောင်းယွီရှောင်တို့က တန်ပြန်တိုက်ခိုက်နေကြ၏။
ခရမ်းပြာအလင်းတန်းတစ်ခုက ဒီရေများကို အဆင့်ဆင့် ဖြတ်သန်းထိုးဖောက်၍ ဆူဇီမိုထံသို့ ရောက်လာ၏။
ဆူဇီမိုက တည်ငြိမ်နေသော အမူအယာနှင့်ပင် သူ့ဆေဘာကို လှည့်၍ ရှေ့သို့ ခုတ်ပိုင်းလိုက်၏။ သူက မိုးခရမ်းပြာဂိုဏ်း၏ လျှို့ဝှက်ပညာရပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ လုပ်လိုက်ခြင်းပင်။
ဇီ.. ဇီ..
ရုတ်တရက်.. ငွေဦးရစ်တစ်ခုက လေထုကို ဖြတ်၍ တဝီဝီ အော်မြည်ကာ တုန်ခါလာ၏။
စိတ်ဝိညာဉ်အလင်းခြောက်ခုက ခြစ်ခြစ်တောက်ပူနေသော နေတစ်စင်းကဲ့သို့ တောက်ပလာပြီး ကြောက်လန့်စရာကောင်းသည့် အော်ရာကို ထုတ်ပေးနေလေသည်။
ချွမ်း..
ငွေဦးရစ်နှင့် ဆေဘာတို့က ရိုက်ခတ်လိုက်ကြ၏။
ဆူဇီမိုသည် တသိမ့်သိမ့် တုန်ယင်သွား၏။
ဖျိုးဖျိုးဖျောက်ဖျောက် မြည်သံများနှင့်အတူ ဓါးသွားပေါ်တွင် အက်ကွဲရာများက စတင်ပေါ်လာပြီး ပေါက်ကွဲထွက်သွားလေသည်။
ပျက်စီးသွားခြင်း..
ထိပ်တန်းအဆင့် ဓါးပျံတစ်လက်က ဒီလိုနဲ့ပဲ ပျက်စီးသွားရလေပြီ။
မူလအဆင့်စိတ်ဝိညာဉ်လက်နက်များက ဘယ်လောက်ကြောက်စရာကောင်းလဲ သက်သေပင်။
ငွေဦးရစ်က လေထဲမှာ ပျံဝဲပြီးနောက် ဆူဇီမိုထံသို့ နောက်တစ်ဖန် ဝင်ရောက်လာပြန်လေသည်။
တစ်ချိန်တည်းမှာပင် အောင်းယွီရှောင်၏ မိုးခရမ်းပြာခုတ်ချက်က ကျဆင်းလာပြန်၏။
ပိုင်ယုသည် နောက်ကျောဘက်ကနေ ဝင်လာပြီးနောက် ဆေဘာနှင့် ခုတ်ပိုင်းလိုက်၏။ ထိုခုတ်ချက်တွင် ညှီစို့စို့ သွေးရနံ့က ကပ်ပါလာပြီး မကောင်းဆိုးဝါးတစ္ဆေများ၏ အော်ညည်းသံများကို ဝိုးတဝါး ကြားလိုက်ရလေသည်။
ဆေဘာအား..
သည့်အရင်တစ်ခေါက်တုန်းက ဆူဇီမိုကို ရှုံးနိမ့်ပြီးနောက် ပိုင်ယုသည်လည်း အထွတ်အထိပ်ဆေဘာမှ ဆေဘာအားကို ဆင်ခြင်သုံးသပ် နားလည်သိမြင်သွားခဲ့လေသည်။
အဆုံးစွန်ထိ ပြင်းထန်သော သတ်ဖြတ်ကွက် သုံးခုက တစ်ချိန်တည်းမှာ ကျဆင်းလာခဲ့လေသည်။
အတိအကျ ပြောရလျှင် ပုဇဉ်းတောင်ပံလောက် ပါးလွှာသော သွယ်သွယ်လျလျ ဓါးရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည့် မထင်မရှားပုံရိပ်တစ်ခုကလည်း ပေါ်လာပြီ ဖြစ်လေသည်။
ထိုလူ၏ ပုံစံက သာမန်လိုပင် ဖြစ်ပြီး သူ့မျက်လုံးများက ငါးသေတစ်ကောင်ကဲ့သို့ အသက်မဲ့နေ၏။ သူ၏ သတ်ဖြတ်လိုစိတ်က သဘာဝနှင့် တစ်သားတည်းကျနေ၏။ သို့သော်လည်း သူ့ဓါးက ဆူဇီမို၏ ဦးခေါင်းနောက်ကို ချိန်ရွယ်ထားပြီးနောက် ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။
ဆူဇီမို၏ စိတ်ဝိညာဉ်ဆေဘာက ပျက်စီးသွားပြီဖြစ်တာကြောင့် သူ့အခြေအနေက ပိုလို့တောင် ဆိုးသွားလေသည်။
ယခုအခါ ဆူဇီမိုသည် လက်ဗလာဖြစ်နေပြီး နောက်ဆုတ်စရာ နေရာလည်း မရှိတော့ပေ။
ထိုသည်ကိုကြည့်ပြီး နှင်းပုံတောင်ကြားမှ လင်းဟန်နှင့် နတ်ဆိုးမကျိတို့က သူတို့၏ လှုပ်ရှားနေမှုကို အလိုလို ရပ်တန့်လိုက်ကြလေသည်။
“အ..”
နတ်ဆိုးမကျိ၏ မျက်နှာမှ သွေးများက ဆုတ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်လေသည်။ တစ်ယောက်ယောက်က သူမ၏ နှလုံးကို ဆုပ်ကိုင်ဖျစ်ညှစ်လိုက်၍ နှလုံးခုန် ရပ်တန့်သွားသလို.. သူမ၏ စိတ်က ဗလာကျင်းသွားပြီး ကျယ်လောင်သည့်အသံကြီးက မြည်ဟည်းလာလေသည်။
ရုတ်တရက်..
“တိုက်..!”
မိုးကြိုးပစ်ချလိုက်သလို ဟိန်းဟောက်သံကြီးက ဝုန်းကနဲ ထွက်ပေါ်လာပြီး သတ္တုများ ကျောက်သားများကိုဖြတ်၍.. လူတစ်ယောက်၏ စိတ်နှလုံးကို ပြင်းထန်စွာ တုန်ခါသွားစေလေသည်။
တစ်ကယ်တော့ အဲ့ဒါက ဆူဇီမို၏ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းပင် ဖြစ်လေသည်။
သို့သော်လည်း သူ့သရုပ်ကို ဖုံးကွယ်ဖို့အတွက် သူသည် “သတ်”ဆိုသော စကားသံနေရာတွင် “တိုက်”ဟူသော အသံကို ပြောင်းလဲသုံးလိုက်လေသည်။ ပါဝင်သော ခွန်အားကတော့ ယုတ်လျော့ခြင်း မရှိပေ။
ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများတောင်မှ အလွန်တုန်လှုပ်သွားကြပြီး ကြောက်ရွံ့မှုဖြင့် တသိမ့်သိမ့် တုန်ယင်နေကြလေသည်။
ဆူဇီမို၏ အနီးဆုံးမှာ ရှိနေသည့် ပြိုင်စံရှားလေးဦးဆိုလျှင် ထိုကြောက်စရာကောင်းသည့် ရိုက်ခတ်မှုကို မည်သို့မည်ပုံ တောင့်ခံမလဲ သူတို့ မတွေးတတ်တော့ပေ။
သူတို့လေးယောက်သည် တစ်ချိန်တည်းမှာပင် နာကျင်စွာ ရှုံ့တွသွားကြ၏။
မိုးခရမ်းပြာခုတ်ချက်ဖြစ်စေ၊ ဟန်ချိုးယွီ၏ မူလအဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်စေ၊ ပိုင်ယု၏ အထွတ်အထိပ်ဆေဘာ သို့မဟုတ် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ဓါးပါးလေးတောင်မှ အကုန်လုံးသည် ခဏမျှ ရပ်တန့်သွားကြလေသည်။
ထိုခဏမျှ ရပ်တန့်မှုက ဆူဇီမို၏ အခွင့်အရေးပင်။
ဖျောက်..
သူ၏ အရွတ်များနှင့် အရိုးများမှ အသံများက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ရှေ့သို့ ခုန်တက်ကာ သူ၏ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွတ်လိုက်လေသည်။
အစက ခြောက်ပေခွဲနီးပါးလောက်မြင့်သော ဗလတောင့်တောင့်လူသည် လူတိုင်း၏ ရှေ့မှောက်မှာတင် ကလေးငယ်တစ်ယောက်၏ အရွယ်အစားလောက် ပြောင်းလဲသွားလေသည်။
ထိုကဲ့သို့သော နည်းလမ်းမျိုးကို စွမ်းအားကြီးပုဂ္ဂိုလ်ကြီးတစ်ယောက် သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က လုပ်ပြမည်ဆိုလျှင် သာမန်သာ ဖြစ်သော်လည်း အဲ့ဒါကို အခြေတည်အဆင့်တစ်ယောက်ထံတွင် တွေ့မြင်ရခြင်းက ဘယ်လိုမှ မယုံကြည်နိုင်အောင် ဖြစ်ရလေသည်။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို သူ၏ ထိုလှုပ်ရှားကွက်နှင့် ပေါင်းစပ်လိုက်သောအခါ ပြိုင်စံရှားလေးဦး၏ တိုက်ခိုက်မှုများက လွဲချော်သွားခဲ့လေသည်။
ထိုမျှသာမက.. ဟန်ချိုးယွီ၏ မူလအဆင့်စိတ်ဝိညာဉ်လက်နက်က ပစ်မှတ်ကို လွဲချော်သွားပြီး ပိုင်ယုဆီသို့ ကန်ထွက်လာလေသည်။
အောင်းယွီရှောင်၏ မိုးခရမ်းပြာခုတ်ချက်ကလည်း မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ရှေ့သို့ ကျဆင်းလာလေသည်။
ချွမ်း..
ပိုင်ယုသည် သွက်သွက်ခါ တုန်လှုပ်သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။
မူလအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားက လူတိုင်း ခံနိုင်ရည်ရှိသော အရာမျိုး မဟုတ်ပေ။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကတော့ သူ့ဓါးကို အချိန်မီရုတ်၍ မိုးခရမ်းပြာခုတ်ချက်ကို ပိတ်ဆိုခုခံပြီးနောက် ထိုမှပြန်ကန်အားအဟုန်ကိုသုံးကာ လျှင်မြန်ပြတ်သားစွာနှင့် နောက်သို့ဆုတ် ထွက်သွားလေသည်။
သူ၏ တိုက်ခိုက်မှု လွဲချော်ပြီးသည်နှင့် သူက မိုင်ပေါင်းတစ်ထောင်လောက် ဝေးသည့်အထိ တန်းပြီး ဆုတ်သွားလိမ့်မည် ဖြစ်လေသည်။
ရွှစ်..
ဆူဇီမို၏ ကိုယ်တွင်းမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်မျိုးက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာလေသည်။
ချိတ်စည်းတစ်ခုက ပြုတ်ထွက်သွားသည့်အလား ကြောက်စရာကောင်းသည့် မိစ္ဆာနတ်ဆိုးစွမ်းအားက ထွက်ပေါ်လာလေသည်။
“ဝေါင်း”
“ဂါး”
“အောင်း”
ဆူဇီမို၏ ကိုယ်တွင်းမှ ထူးဆန်းသည့်အသံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။ အဲ့ဒီမှာ နဂါးဟိန်းသံ၊ ကျားဟောက်သံနှင့် မြင်းဟီသံ.. ဖီးနစ်အော်မြည်သံများပါ ပါလာလေသည်။
သွေးရောင်သားရဲချီများက ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင် ဖုံးအုပ်သွားလေသည်။
ကလေးတစ်ယောက်အရွယ် ဘောလုံးတစ်လုံးလို ကွေးညွတ်ထားသော ပုံရိပ်က ပျောက်ကွယ်သွားပြီး ထိုနေရာမှာ ထူထဲသောသားရဲချီများ လွှမ်းခြုံ၍ စွမ်းအားကြီးမားသည့် လူတစ်ယောက်ကို ခပ်ရေးရေး မြင်လိုက်ရလေသည်။ သူ၏ မင်ကဲ့သို့ နက်မှောင်နေသော မျက်လုံးတစ်စုံက ကြောက်စရာကောင်းလောက်အောင် တလက်လက် တောက်နေလေသည်။
ထိုမျက်လုံးများက မကောင်းဆိုးဝါးဆန် အေးစက်၍ အဆုံးမရှိ သတ်ဖြတ်လိုစိတ်နှင့် ပြည့်နေလေသည်။
ဟာ..
ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော ပြိုင်စံရှားများ၊ ကျင့်ကြံသူများနှင့် ချိတ်ပိတ်ထားသူများပါမကျန် တုန်လှုပ်ချောက်ချား၍ ပါးစပ်အဟောင်းသာ ဖြစ်ကုန်ကြလေသည်။
ဟန်ချိုးယွီတို့ သုံးယောက်သည်လည်း တုန်လှုပ်ချောက်ချားသွားကြ၏။
သားရဲချီများ လွှမ်းခြုံထားသော သူတို့ရှေ့မှ လူသားက သူတို့ကို အရှင်လတ်လတ် ဝါးမျိုစားသောက်တော့သည်ဟု ချက်ချင်းပင် သူတို့စိတ်မှာ ထင်ယောင်ထင်မှား မြင်ယောင်လာကြလေသည်။
“မင်းတို့ရဲ့ အစွမ်းအစလောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ မင်းတို့က တစ်ကယ်ကြီး ထင်နေတာပေါ့လေ”
အဆုံးမဲ့သွေးရောင်သားရဲချီများထဲမှ ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။ ထိုအသံက လူတိုင်းကို ကျောရိုးတစ်လျှောက် ချမ်းတုန်သွားစေလေသည်။ သူသည် မျိုးနွယ်စုတစ်ထောင် အုပ်စိုးသော ကမ္ဘာဦးခေတ်က စွမ်းအားကြီးမားသော သတ္တဝါကြီးတစ်ကောင်လို မြောက်များလှစွာသော သွေးချီများနှင့် ထွက်ပေါ်လာလေသည်။
ဆူဇီမိုသည် သူ၏ သွေးချီများကို လွတ်လပ်စွာ လွှတ်ပေးလိုက်ပြီး သူ၏ သားရဲသွင်ပြင်ကို ပြောင်းလဲကာ သူ၏ ခွန်အားနှင့် အမြန်နှုန်းကို နောက်တစ်တစ်ဆင့်သို့ ပေါက်ကွဲထွက်ပေါ်လာစေလေသည်။
“မင်းက ထွက်ပြေးချင်သေးတယ်ပေါ့လေ”
ဆူဇီမိုအသံက မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာလေသည်။ ထိုအသံက မကောင်းဆိုးဝါးဆန်နေပြီး သူ့ဘေးနားကနေ ကပ်ပြောလိုက်သလိုပင်။