သတ်ဖြတ်ခြင်း
Vol. 30 Ch. 449
သူ့ရှေ့သို့ ပုံရိပ်တစ်ခုက လျှင်မြန်စွာ ရွေ့လျားဝင်ရောက်လာသောကြောင့် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် သူ့လမ်းကြောင်းကို ကပျာကယာ ရပ်တန့်လိုက်ရ၏။
မသိလိုက်မသိဘာသာနှင့်ပင် စီးပိုးလွန်းသော အော်ရာနှင့်အတူ ဆူဇီမိုက သူ့ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်ပြီး သူ့ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။
အရမ်းမြန်လွန်းလေသည်။
ထိုအချိန်တွင် မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် သူ၏ ပင်ကိုစရိုက်အရ အပေါ်ယံမှာ တည်ငြိမ်နေသေးသော်လည်း သူ့စိတ်ထဲမှာတော့ ချောက်ချားနေပြီဖြစ်လေသည်။ သူ့အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး ငါးသေတစ်ကောင်လို သူ့မျက်လုံးလုံးများထဲတွင် ကြောက်ရွံ့မှုက တဖျပ်ဖျပ် ပေါ်လာလေသည်။
တရုန်းရုန်းကြွနေသော သားရဲချီများ လွှမ်းခြုံထားသည့် စွမ်းအားကြီးမြင့်မားသော လူတစ်ယောက်က သူ့ရှေ့မြေပြင်ကနေ ကျုံးထလာလေသည်။ သဘာဝလွန်စွမ်းအားကြီးမားသည့် ရှေးဟောင်းသတ္တဝါကြီတစ်ကောင်က ပေါ်ပေါက်လာပြီး သူ့သွားကြီးများနှင့် လက်သည်းများကို ကြောက်စရာပုံစံနှင့် ဖြဲပြထုတ်ပြနေသကဲ့သို့ ပုံရိပ်ယောင်တစ်ခုက ဖြစ်ပေါ်လာလေသည်။
ဆူဇီမို၏ မျက်လုံးများက ပိန်းပိတ်အောင် နက်မှောင်နေပြီး သူက မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကို အထင်အမြင်သေးစွာ ကြည့်လိုက်လေသည်။
သူ့အကြည့်က အေးစက်၍ ထေ့ငေ့ါသရော်နေသလိုပင်။
ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ကြိုးစားရုန်းကန်နေသော ပုရွက်ဆိတ်တစ်ကောင်ကို ဧကရာဇ်တစ်ပါးက ကြည့်နေသလိုပင်။
ဟင်း..
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် ချက်ချင်းပင် ရင်ထဲတဒိန်းဒိန်း ခုန်လာပြီး ကျောရိုးတစ်လျှောက်ချမ်းတုန်သွားကာ ကြက်သီးမွေးညင်းများ ထလာလေသည်။
နောက်ခဏ၌ ဆူဇီမိုက သူ၏ ကြီးမားသည့် လက်ဝါးကြီးကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး မြောက်များလှစွာသော အော်ရာနှင့်အတူ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းကို လှမ်းဆွဲလိုက်လေသည်။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ တုံ့ပြန်မှုက အလွန်ရာ မြန်ဆန်လှပြီး တစ်ချိန်တည်းမှာပင် သူက ဓါးကို ပင့်မြှောက်၍ ကာကွယ်ရေးအဆောင်တစ်ခုကိုလည်း ချိုးလိုက်၏။ သူ၏ ဓါးသွားက မြွေတစ်ကောင်ကဲ့သို့ တုန်ခါသွားပြီး မကောင်းဆိုးဝါးဆန်ဆန် ကြောက်စရာကောင်းသောအော်ရာက ထွက်ပေါ်လာလေသည်။
သူ့အတွက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဆူဇီမိုက လက်ဗလာနှင့် တိုက်ခိုက်နေခြင်းသာ ဖြစ်လေသည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်က စိတ်ဝိညာဉ်လက်နက်တစ်ခု၏ ထက်ရှမှုကို ခုခံနိုင်စရာ အကြောင်းမရှိပေ။
ရုတ်တရက်..
မျက်နှာတစ်ထောင် လုပ်ကြံသတ်ဖြတ်သူ၏ သူငယ်အိမ်က တင်းကျပ်သွားလေသည်။
သူ့ဦးခေါင်းပေါ်သို့ ကြီးမားသည့် လက်ဝါးကြီးက အုပ်မိုးကျလာပြီး ဓါးသွားလို လက်သည်းများက သူ့လက်ချောင်းများထိပ်များမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။ အဲ့ဒါက ဓါးများ၊ ဆေဘာများလို အေးစက်စွာနှင့် တလက်လက် အရောင်တောက်နေလေသည်။
ထိုလက်သည်းများက ဖျက်ဆီးလို့ မရနိုင်သော ရှေးဟောင်းသားရဲတစ်ကောင်၏ လက်သည်းများကဲ့သို့ ဖြစ်နေလေသည်။
တစ်ခဏအတွင်းမှာပင် လက်သည်းငါးချောင်းက မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ဓါးပါးလေးကို ကုတ်ဆွဲလိုက်လေသည်။
ဇီ..
အဆိပ်ပြင်းသော မြေပွေးတစ်ကောင်၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည့်အလား မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ဓါးက ထပ်တလဲလဲ ရုန်းကန်သော်လည်း ဖောက်မထွက်နိုင်တော့ဘဲ တဝီဝီတဇီဇီနှင့် တုန်ခါနေတော့လေသည်။
ထောင်းကနဲ မြည်သံနှင့်အတူ ဓါးက ကျိုးကြေမွသွားလေသည်။
အကုန်လုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။
ဆူဇီမိုသည် လက်ဗလာနှင့် ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို ချိုးဖျက်လိုက်၏။ အရောင်မှိန်၍ ကြေမွသွားသော ဓါးကျိုးအပိုင်းအစများက မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ခြေထောက်ဘေးနားသို့ ပြန့်ကျဲကျသွားလေသည်။
နောက်ခဏ၌ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ အမြင်အာရုံက ဝေဝါးမဲမှောင်သွားပြီး အသိစိတ်ပါ ပျောက်ဆုံးသွားလေတော့သည်။
ဆူဇီမို၏ လက်ကြီးနှင့် ရင်ဆိုင်အတွေ့တွင် သူ၏ ကာကွယ်ရေးအဆောင်က တိုဟူးလို ပျော့အိနေလေသည်။
လက်သည်းငါးချောင်းက ကာကွယ်ရေးအဆောင်၏ အကာအရံအလွှာကို ချက်ချင်း ထိုးဖောက်သွားပြီး ခပ်အုပ်အုပ်မြည်သံနှင့်အတူ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းကို ဆက်လက်ထိုးဖောက်သွားလေသည်။
ဆူဇီမိုက သူ့လက်ကို ပြန်ရုတ်လိုက်သောအခါ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းပေါ်တွင် သွေးသံရဲရဲ အပေါက်ကြီးငါးပေါက်က ဖြစ်ကျန်ခဲ့ပြီး ဖြူဖြူပျစ်ပျစ်အရည်များက စီးကျလာလေသည်။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ ငါးသေတစ်ကောင်လို မျက်လုံးများက ဆက်လက်အရောင်မထွက်တော့ဘဲ ငူငူကြီးရပ်နေလျက်နှင့် ပစ်လဲကျသွားပြီး သူ့အသက်ဓါတ်ကပါ ထွက်ခွာသွားလေသည်။
လူသားဧကရာဇ်နန်းတော်အောက်ခြေတွင် လျှို့ဝှက်မရဏဂိုဏ်း၏ မိစ္ဆာအမွေဆက်ခံသူက ကျဆုံးခဲ့ရလေပြီ။
အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်ကျသွား၏။
ပြိုင်စံရှားတစ်ယောက်က ကျဆုံးသွားရပြန်လေပြီ။
သည့်အရင်က မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူက ဘယ်လိုပဲ သန်မာခဲ့၊ ဘယ်လိုပဲကျော်ကြားခဲ့ပါစေ.. အကုန်ပြီးသွားလေပြီ။ ဤအချိန်မှာတော့ သူက လူသားဧကရာဇ်နန်းတော်အောက်တွင် ကျဆုံးခဲ့ပြီးသော အလောင်းပေါင်းများစွာထဲမှာ အလောင်းတစ်လောင်းနှင့် ဘာမှ မခြားနားတော့ပေ။
ပါရမီထူးချွန်သောသူများကို ကောင်းကင်ဘုံကတောင် မနာလို ဖြစ်ရလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အဖွဲ့အစည်းကြီးများတွင် ဂိုဏ်းတိုင်းက ချိတ်ပိတ်ထားသူများကို ထည့်ပေးလိုက်သည်တော့ မဟုတ်ပေ။
အဆိပ်ဂိုဏ်း၊ စင်ကြယ်အပျိုစင်ဂိုဏ်းနှင့် လျှို့ဝှက်မရဏဂိုဏ်းတို့သည် သူတို့၏ အရိုက်အရာဆက်ခံသူများနှင့် ချိတ်ပိတ်ထားသူများကို ထည့်မပေးလိုက်ကြပေ။
အဆိပ်ဂိုဏ်းအတွက်တော့.. မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူသည် ရှေးဟောင်းတိုက်ပွဲမြေတွင် ရှုံးနိမ့်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် သေချာပေါက် ကျင်လည်ကျက်စားနိုင်ပေလိမ့်မည်။ သူ၏ လုပ်ကြံသတ်ဖြတ်ခြင်းက မအောင်မြင်ခဲ့လျှင်တောင် သူကတော့ အဝေးသို့ ထွက်ပြေးနိုင်ပေလိမ့်မည်။
သမိုင်းတစ်လျှောက်တွင် လျှို့ဝှက်မရဏဂိုဏ်းမှ မိစ္ဆာအမွေခံသူများသည် ရှေးဟောင်းတိုက်ပွဲမြေတွင် ဆုံးနိမ့်ခဲ့သည်များ ရှိခဲ့ဖူး၏။ သို့သော်လည်း သူတို့သည် တစ်ခါမှတော့ အသတ်မခံခဲ့ရဖူးပေ။
ယခုအခါမှာတော့ မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူ၏ သေဆုံးမှုအတွက် လက်စားချေပေးမည့် ချိတ်ပိတ်ထားသူ တစ်ဦးတစ်ယောက်မှ ရှိမနေပေ။
မျက်နှာတစ်ထောင်လုပ်ကြံသတ်ဖြတ်သူကို သတ်ဖြတ်ပြီးတာတောင် ဆူဇီမိုသည် ရပ်တန့်မသွားပေ။ ခြေလှမ်းကျဲကြီးများ လှမ်း၍ မျက်တောင်တစ်ခတ်မှာပင် သူက အထွတ်အထိပ်ဂိုဏ်းမှ ပိုင်ယု၏ ရှေ့သို့ ရောက်လာပြီး ရက်စက်တော့မည့်ပုံနှင့် မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်လေသည်။
ဆိုးပြီ.. သူက ငါ့ကို နှုတ်ပိတ်ချင်နေတာဟ!
ပိုင်ယု၏ သွေးများက အလွန်မြန်ဆန်စွာ စီးဆင်းသွားပြီး သူ့နှလုံးက ပေါက်ထွက်တော့မည့်ကဲ့သို့ ဖြစ်လာကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။
သတ်ဖြတ်ကွက်လေးကွက်ကို ရှောင်ရှားဖို့အတွက် စောစောက ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ကို အသားလုံးတစ်လုံးကဲ့သို့ ဆွဲကျုံ့လိုက်ကတည်းက ပိုင်ယုသည် သူ့ရင်ထဲမှ သံသယများအတွက် အဖြေရသွားခဲ့ပြီး ဖြစ်လေသည်။
လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ထိုအနေအထားထိရောက်အောင်တောင် ဆွဲကျုံ့နိုင်လျှင် သူ့ရုပ်ရည်နှင့် ပုံပန်းသွင်ပြင်ကို ပြောင်းလဲဖို့က အရမ်းကို လွယ်လွန်းသွားပြီ မဟုတ်ဘူးလား။
သူက ပြိုင်စံရှားရှစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း သူက ထိုလူများကို လျစ်လျူရှုပြီး သူ့ရှေ့သို့ ဝုန်းဒိုင်းကြဲ ပြေးချလာလေသည်။
ယခုအချိန်မှာတော့ ထိုလူက အစိမ်းရောင်ဝတ်ကျင့်ကြံသူပင် ဆိုတာကို ပိုင်ယုသည် ပိုလိုတောင် သေချာသွားလေသည်။
အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူတစ်ယောက်အနေနှင့် ပိုင်ယုသည် သူ့ကိုယ်သူ ချက်ချင်း ဣန္ဒြေဆယ်လိုက်ပြီး ဝင်ရောက်လာသော ဆူဇီမိုကို ခုတ်ပိုင်းလိုက်ရင်း အော်လိုက်လေသည်။
“မင်းက ...”
“တိုက်..!”
ပိုင်ယုက သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ဆူဇီမိုက ဖြတ်၍ ဟိန်းဟောက်လိုက်၏။
သူတို့နှစ်ယောက်အကြား အကွာအဝေးက အရမ်းနီးကပ်နေပြီဖြစ်၏။
ပိုင်ယုသည် သွက်သွက်ခါအောင် တုန်လှုပ်သွားပြီး တုန်လှုပ်မှုဖြင့် သူ့စကားများကို ဆက်မပြောနိုင်တော့ပေ။ သူ၏ အကြားအာရုံကို ဆုံးရှုံးသွားပြီး သူ့နားနှစ်ဖက်မှ သွေးများက စီးကျလာလေသည်။ နာကျင်လွန်းသောကြောင့် သူ့မျက်နှာအမူအယာက ရှုံ့တွသွားလေသည်။
ဆူဇီမိုက သူ့လက်ဝါးစောင်းကို ဓါးမကြီးတစ်လက်ကိုသို့ အသုံးပြုပြီး ဆေဘာကိုဆုပ်ကိုင်၍ ရပ်နေသော ပိုင်ယု၏ ခါးကို ခုတ်ချလိုက်၏။
ဖောင်း..
အရိုးကျိုးသံများက ထွက်ပေါ်လာပြီး သူ့ခါးက ချိုင့်ဝင်သွားလေသည်။
ဆူဇီမိုက လှောင်ရယ်၍ ရှေ့တိုးပြီး ပိုင်ယုကို လည်ပင်းကနေဆွဲကာ ကိုင်မြှောက်လိုက်၏။
သူ၏လက်ကို ဖျစ်ညှစ်၍ ပိုင်ယု၏ လည်ပင်းကို ပြင်းထန်စွာ ဆုပ်ကိုင်ကာ ဆွဲခါလိုက်လေသည်။
ဗျစ် ဗျစ်..
ကျွတ်ဆတ်ဆတ်အသံနှင့်အတူ ပိုင်ယု၏ အရိုးများက နေရာရွေ့ကုန်လေသည်။ သူသည် အရင်က ဘယ်လောက်ပဲသန်ခဲ့သန်ခဲ့ ဤအချိန်တွင် သူ့ခွန်အားကို နည်းနည်းလေးမှ မသုံးနိုင်တော့ပေ။
ဆူဇီမိုက ကိုင်မြှောက်ထားလိုက်သောအခါ ပိုင်ယု၏ တစ်ကိုယ်လုံးက ပျော့ခွေနေလေပြီ။
သူ့လည်ပင်းကို ဖျစ်ညှစ်ခံထားရသောကြောင့် သူ့မျက်နှာတစ်ခုလုံးက မို့အစ်နေပြီး ခရမ်းရောင်သန်းကာ ဘာစကားမှ မပြောနိုင်တော့ပေ။
“မင်း.. မခန့်လိုက်တာကွာ”
“ရပ်လိုက်”
“မလုပ်နဲ့”
ပထမစကားသံသည် ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော သွေးနီရောင်ဝတ်ရုံနှင့် လူအိုတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူက အထွတ်အထိပ်ဂိုဏ်းမှ ချိတ်ပိတ်ထားသူ ဖြစ်လေသည်။
ဒုတိယစကားသံကတော့ မိစ္ဆာအမွေခံသူ အချို့ထံမှ ဖြစ်၏။
တတိယစကားသံကတော့ နတ်ဆိုးမကျိထံမှ ထွက်လာခြင်း ဖြစ်လေသည်။
“အထွတ်အထိပ်ဂိုဏ်းက ချိတ်ပိတ်ထားသူက ပြေးလာနေပြီ.. ရှင် သူ့ကို သတ်လိုက်ရင် ချိတ်ပိတ်ထားသူက ရွှေအမြုတေအဆင့်စွမ်းအားကို သုံးပြီး ရှင့်ကို တိုက်ခိုက်လိမ့်မယ်.. မဆင်မခြင် မလုပ်ပါနဲ့”
နတ်ဆိုးမကျိက စိတ်သောကများစွာနှင့် ဖျောင်းဖျလိုက်၏။
ဆူဇီမိုက ဘာမှ ပြန်မပြောဘဲ ခေါင်းကိုသာ ခါပြလိုက်လေသည်။
ပိုင်ယုက သူ့ကို ထပ်ကာထပ်ကာ တိုက်ခိုက်ခဲ့သည့် အချက်ကို ခဏထားဦး.. ပိုင်ယုက သူ၏ သရုပ်မှန်ကို သိနေသည့် တစ်ချက်နဲ့တင် ပိုင်ယုကို သူ အရှင်ထားလို့ မရတော့ပေ။
နတ်ဆိုးမကျိသည် စိုးရိမ်ထိတ်လန့်စွာနှင့် ရင်ထဲ နင့်ကနဲ ဖြစ်သွားလေသည်။
“ဂျူနီယာ.. မင်း သူ့ကို သတ်ရဲရင် မင်းလဲ သူနဲ့အတူ မြှုပ်နှံခံရမယ်ဆိုတာ ငါအာမခံရဲတယ်”
မလှမ်းမကမ်းတွင် သွေးရောင်ဝတ်လူက ပြေးချလာရင်း အော်ပြောလိုက်လေသည်။
ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ သူ၏ သတ်ဖြတ်လိုစိတ်က ရုန်းကန်ထကြွလာလေသည်။
သူ၏ စကားသံကို ကြားသော်လည်း ဆူဇီမိုက တွေဝေသွားခြင်း မရှိဘဲ ထိုလူအိုကြီးကို အေးစက်စွာသာ ကြည့်နေလိုက်၏။
တစ်ဖက်မှာတော့ ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့က မျက်နှာထားတင်းတင်းနှင့် အော်ပြောလိုက်လေသည်။
“အရူးဓါးသွား.. သူ့ကို လွှတ်ပေးပါ.. မဟုတ်ရင် မင်းက မိစ္ဆာဂိုဏ်းတွေအကုန်လုံးကို စိန်ခေါ်ရန်စလိုက်တာနဲ့ အတူတူပဲ.. အဲ့လိုဆိုရင် ငါတို့အကုန် မင်းကို ဝိုင်းပြီးတိုက်ခိုက်ရလိမ့်မယ်”
“ဟဟဟားဟား”
ထိုသည်ကို ကြားရသောအခါ ဆူဇီမိုက ကောင်းကင်ကို မော့ကြည့်၍ အားပါးတရ ရယ်ချလိုက်၏။ သူက လူတိုင်းကို အထက်စီးဆန်ဆန် ကြည့်၍ ငေါက်ငမ်းအော်ဟစ်လိုက်လေသည်။
“မင်းတို့မိစ္ဆာဂိုဏ်းတွေကတော့ ငါ့ကို တိုက်ခိုက်လို့ရတယ်.. ငါကတော့ ပြန်သတ်လို့ မရဘူးပေါ့.. ဟုတ်လား.. အဲ့ဒါက အဓိပ္ပါယ်ရှိတယ်လို့များ မင်းတို့ ထင်လို့လား”
မိစ္ဆာအမွေခံသူများသည် နှုတ်ဆိတ်သွားကြ၏။
“အစကထဲက မင်းတို့က အင်မော်တယ်နဲ့ ဗုဒ္ဓဂိုဏ်းတွေနဲ့ ပူးပေါင်းချင်နေတာ မဟုတ်ဘူးလား.. အခုကျမှ မင်းတို့က အကြောင်းပြချက်တွေ လာပေးနေပြန်ပြီ”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“တော်တော်လာတဲ့ကောင်တွေ ဘယ်လောက်တောင် သူတော်ကောင်းယောင် ဆောင်လိုက်လဲ”
ဖန်းယွဲ့၏ မျက်လုံးများက တဖျပ်ဖျပ် လှုပ်သွား၏။ ဆူဇီမို၏ စကားများက သူ့တို့ကို အရှိုက်ထိသွားစေလေသည်။
သူတို့ရှေ့က လူသားဧကရာဇ်၏ နန်းတော်ကြောင့်သာ မဟုတ်လျှင် မိစ္ဆာဂိုဏ်းများ၏ မာနသိက္ခာအရ.. သူတို့က အင်မော်တယ်ဂိုဏ်းများ၊ ဗုဒ္ဓဂိုဏ်းများနှင့် လုံးဝပူးပေါင်းလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဲ့ဒါက လူသားဧကရာဇ်၏ အမွေအနှစ် ဖြစ်နေ၏။
ဒီကမ္ဘာမှာ အဲ့ဒါကို ဘယ်သူကများ လောဘမတက်ဘဲ နေမှာလဲ။
ဆူဇီမို ထုတ်ပြလာသော တိုက်ခိုက်ရည်က အရမ်းကို ကြမ်းတမ်းပြီး ကြောက်စရာကောင်းလွန်းနေသောကြောင့် သူတို့သည် သူ့ကို လှဲချဖို့အတွက် ရွေးစရာမရှိ ပူးပေါင်းခဲ့ရလေသည်။
ထိုအခိုက်၌ ဆူဇီမိုသည် သူ၏ စကားကို တစ်လုံးချင်း အေးစက်စွာ ထုတ်ပြောလိုက်လေသည်။
“အဲ့လိုဆိုမှတော့ မင်းတို့ကောင်တွေ တိုက်ခိုက်ဖို့အတွက် ငါက အကြောင်းပြချက်တစ်ခု ပေးရသေးတာပေါ့”
ဂျွတ်!
ဆူဇီမိုသည် သူ့လက်ထဲသို့ ခွန်အားကို တွန်းပို့၍ ပိုင်ယု၏ လည်ပင်းကို ချက်ချင်းချိုးပစ်လိုက်လေသည်။
အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူက သေဆုံးသွားလေပြီ။