← Chapters

လူတိုင်းကို ဖိနှိမ်ခြင်း

Vol. 30 Ch. 450

လူတိုင်းကို ဖိနှိမ်ခြင်း

Vol. 30 Ch. 450

ပိုင်ယု၏ သေဆုံးမှုက လူသားဧကရာဇ်နန်းတော်၏ ဝန်းကျင်ကို မနှစ်မြို့ဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်သွားစေလေသည်။

အဝေးကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည်လည်း မယုံကြည်နိုင်စွာနှင့် တုန်လှုပ်သွားကြလေသည်။

ထိုလူက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်းလေသည်။

ချိတ်ပိတ်ထားသူတစ်ယောက်၏ ခြိမ်းခြောက်မှုကိုတောင် သူက ဂရုမစိုက်ပေ။

သူက အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများကို အာခံပြီးတာတောင် နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူသည် သူ၏ သတ်ဖြတ်ခြင်းလမ်းကြောင်းတွင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မိစ္ဆာအမွေခံသူနှစ်ယောက်ကို စီးပိုးခြယ်လှယ်စွာနှင့် လှဲချခဲ့လေသည်။

သူ့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်ပေးမည်ဟု ကြေညာခဲ့သောကြောင့် သူက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများ ပူးပေါင်းတိုက်ခိုက်လာမည်ဟု လုံးဝမကြောက်၊ ဂရုမစိုက်ဟု ဆိုလိုလိုက်ခြင်း ဖြစ်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဧကရာဇ်များက အသန်မာဆုံး၊ စွမ်းအားအကြီးဆုံး တည်ရှိမှုများ ဖြစ်ကြလေသည်။ ချိတ်ပိတ်ထားသူများ အပါအဝင် လက်ရှိ ကျင့်ကြံသူများအားလုံးသည် သူတို့၏ ဘဝတွင် ဧကရာဇ်တစ်ပါးနှင့်မှ မကြုံကြိုက်ခဲ့ကြဖူးပေ။

သို့သော် ဤအချိန်၌ သူတို့အားလုံး၏ စိတ်အာရုံထဲတွင် တူညီသော အတွေးတစ်ခုက ဝင်ရောက်လာခဲ့ကြလေသည်။

ဧကရာဇ်များသည် ဧကရာဇ်မဖြစ်ခင် အခြေတည်အဆင့်မှာ ရှိခဲ့ကြစဉ်က ဒီလိုပုံစံမျိုးပဲနေမှာ မဟုတ်လား။

သွားပြီး..

နတ်ဆိုးမကျိသည် ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားလေသည်။

ပိုင်ယု၏ သေဆုံးမှုနှင့်အတူ.. ဆူဇီမိုက နောက်ပြန်လှည့်လို့ ရတော့မည် မဟုတ်ဘဲ ချိတ်ပိတ်ထားသူတစ်ယောက်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပေတော့မည်။

ချိတ်ပိတ်ထားသူက ဘဝနေဝင်ခါနီးအချိန်သို့ ရောက်နေပြီဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ်က သူက ရွှေအမြုတေတစ်ယောက်သာ ဖြစ်လေသည်။

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ များစွာသော ပြိုင်စံရှားများသည် ဆူဇီမိုကို သေလူတစ်ယောက်လို ဝိုင်းကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များတွင် သရော်လိုမှုနှင့် သနားမှုက ရောထွေးနေလေသည်။

သူတို့ထဲမှ ဘယ်သူကမှ လှုပ်ရှားတိုက်ခိုက်စရာ မလိုတော့ပေ။ အခုပဲ တိုက်ပွဲမြေသို့ ဝင်ရောက်လာသည့် အထွတ်အထိပ်ဂိုဏ်းမှ ချိတ်ပိတ်ထားသူက ဆူဇီမိုကို သတ်ဖို့အတွက် လုံလော်ကတာထက် ပိုလေသည်။

ဆူဇီမိုက ပြောင်းလဲမသွားသော အမူအယာနှင့် ဝင်ရောက်လာသော သွေးရောင်ဝတ်လူအိုကြီးကို ကြည့်လိုက်၏။ သူ့ကိုယ်ပတ်လည်ရှိ သွေးနီရောင်သားရဲချီများက ပျောက်ကွယ်မသွားသေးဘဲ သူ့မျက်လုံးများက ခက်ထန်ကြမ်းကြုတ်စွာ အရောင်တောက်လာလေသည်။

“မင်းဟာမင်း ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး”

သွေးရောင်ဝတ်လူက ဆူဇီမိုကို သည်းထန်အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့် စိုက်ကြည့်ရင်း သူ့အော်ရာက မြင့်တက်လာလေသည်။

“ငါ အခုပဲ မင်းကို သတ်တော့မယ်”

သူ့စကား မဆုံးသေးခင်မှာပင် သွေးရောင်ဝတ်လူ၏ လက်ထဲတွင် ဆေဘာတစ်လက်က ပေါ်လာလေသည်။

ရွှက်..

အဲ့ဒါက ထိပ်တန်းအဆင့် ဓါးပျံတစ်လက်သာ ဖြစ်သော်လည်း ရွှေအမြုတေတစ်ယောက်ူ၏ ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ သွေးချီနှင့် ပြည့်နေသော ကြောက်ခမန်းလိလိ ဆေဘာအလင်းတန်းကြီးက ဆူဇီမိုရှေ့သို့ ချက်ချင်း ရောက်ချလာလေသည်။

“အင်း.. ဟင်း ဟင်း...”

တစ္ဆေညည်းတွားသံများက ထွက်ပေါ်လာလေသည်။

ဆူဇီမို၏ ရှေ့တွင် အလောင်းပုံတောင်ကြီးနှင့် သွေးပင်လယ်ကြီးက ပေါ်ပေါက်သည့်အလား ထင်လိုက်ရလေသည်။

နောက်ခဏ၌ လူတိုင်းတုန်လှုပ်သွားရသည်မှာ ဆူဇီမိုသည် အမှန်တစ်ကယ်ပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ သူသည် ညာဘက်လက်သီးကိုဆုပ်၍ ဝင်ရောက်လာသော ဆေဘာဆီသို့ ပစ်ထိုးချလိုက်လေသည်။

“သူက သူ့ရဲ့ အကန့်အသတ်ကို သူမသိဘူးပဲ”

“တခြားရွေးစရာမှလဲ မရှိတာကိုး.. ဘယ်လိုပဲဖြစ်ဖြစ် သူက သေမှာပဲလေ.. ပြန်လှန်ရင်ဆိုင်တိုက်ခိုက်ပြီးမှ သေတာက သူ့အတွက် နဲနဲတော့ ဂုဏ်ရှိသေးတာပေါ့”

ပြိုင်စံရှားများက လှောင်ရယ်လိုက်ကြ၏။

နတ်ဆိုးမကျိက ဆက်လက် မကြည့်ရက်တော့ဘဲ တစ်ဖက်သို့ မျက်နှာလွှဲထားလိုက်လေသည်။

ဝုန်း..

လက်သီးနှင့် ဆေဘာက ထိတွေ့သွားပြီး ပဲ့တင်ထပ်ဟိန်းသံကြီးက ထွက်ပေါ်လာလေသည်။

လူတိုင်းသည် ဖြစ်ပျက်သမျှကို နေရာမှာတင် အမြစ်တွယ်ရပ်၍ ပကတိမယုံကြည်နိုင်မှုဖြင့် ကြည့်နေလိုက်ကြလေသည်။

လူတိုင်း တွေးထင်ခဲ့ကြသလို သွေးသံရဲရဲမြင်ကွင်းက ဖြစ်ပေါ်မလာခဲ့ပေ။

ဆေဘာခုတ်ချက်နှင့် ရင်ဆိုင်ပြီးတာတောင် ဆူဇီမို၏ ညာဘက်လက်သီးက နှစ်ပိုင်းကွဲထွက်မသွားခဲ့ပေ။

ခဏမျှ ရပ်တန့်သွားပြီးနောက် ဆူဇီမိုသည် ခပ်သဲ့သဲ့ ညည်းညူကာ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရလေသည်။ သူသည် လွင့်စင်ထွက်သွားပြီး ခပ်လှမ်းလှမ်းမြေပြင်ပေါ်သို့ ကျကာ မလှုပ်မယှက် လဲကျသွားလေသည်။ သူ၏ ဘေးပတ်လည်ရှိ သားရဲချီများက တဖြည်းဖြည်း ပျက်ပြယ်လာလေသည်။

တစ်ချိန်တည်းမှာပင် သွေးရောင်ဝတ်လူအိုကြီး၏ နောက်တွင် ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းအချို့က ပေါ်လာလေသည်။ လေဟာနယ်က စုတ်ပြဲသွားသလို ကြောက်မက်ဖွယ်ရာ လေစိမ်းများက တွန်းဝင်လာလေသည်။

တည်ဆောက်မှုပုံသဏ္ဌာန် စုတ်ပြဲခြင်း..

သွေးရောင်ဝတ်လူအိုကြီး၏ မျက်လုံးများက မှိန်ကျသွား၏။

အဲ့ဒါက ချိတ်ပိတ်ထားသူတစ်ယောက်၏ ကံကြမ္မာပင်။

သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေ၏ လောကစည်းမျဉ်းကို ဖောက်ဖျက်မိမှတော့ သူတို့သည် ပျောက်ကွယ်ပေးရပေမည်။

သို့သော်လည်း သူသည် ဆူဇီမိုကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် နောင်တတော့ မရတော့ပေ။

ဆူဇီမိုသည် စိတ်ဝိညာဉ်ဆေဘာ၏ ထက်ရှမှုကို ခုခံနိုင်ခဲ့သော်လည်း.. မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တစ်ယောက်က ရွှေအမြုတေတစ်ယောက်၏ ခွန်အားကို ခုခံနိုင်စရာ အကြောင်းမရှိကြောင်း သွေးရောင်ဝတ်လူအိုကြီး ယုံကြည်ထားလေသည်။

အားကောင်းသော စုပ်ယူအားတစ်ခုက ရောက်ရှိလာလေသည်။

သွေးရောင်ဝတ်လူသည် တည်ဆောက်မှုပုံသဏ္ဌာန် အက်ကွဲကြောင်းထဲသို့ အထိန်းအချုပ်မဲ့စွာ ဆွဲယူသွင်းခြင်း ခံလိုက်ရပြီး သူ့မျက်နှာပေါ်တွင် သွေးဒဏ်ရာများက အစင်းလိုက် ပေါ်လာလေသည်။ သူသည် တစ်စစီ စုတ်ဖြဲခံရပေတော့မည်။

ရုတ်တရက်..

အစက မြေပြင်ပေါ်မှာ ဝပ်ဆင်းနေသော ဆူဇီမိုသည် လှုပ်ရှားလာပြီး ချောင်းများဆိုးကာ ကုန်းထလာလေသည်။

“ဟမ့်”

သူက မသေဘူးလား..

သွေးရောင်လူအိုကြီးသည် စိတ်ထဲမှာ ယောက်ယက်ခတ်သွားပြီး သူ့မျက်လုံးများက မကျေမချမ်းမှုနှင့် ပြည့်နှက်လာလေသည်။ သူသည် တစ်ခုခုကို ပြောချင်နေသည့်အလား သူ့ပါးစပ်ကို ဟလိုက်၏။

နောက်ခဏ၌ ဝုန်းကနဲ မြည်သံနှင့်အတူ သူသည် လုံးဝပျောက်ကွယ်သွားပြီး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကာ အလောင်းတောင် မကျန်ရစ်ခဲ့တော့ပေ။

နောက်ခဏ၌ လေဟာနယ်အက်ကွဲကြောင်းက တဖြည်းဖြည်း ပြန်ပိတ်သွားလေသည်။

“နတ်ဖီးနစ်ကျွန်းက အရူးဓါးသွားက တစ်ကယ်ကို ကြောက်ဖို့ကောင်းတာပဲ.. ချိတ်ပိတ်ထားသူတစ်ယောက်ရဲ့ အင်အားအပြည့်တိုက်ခိုက်မှုကတောင် သူ့ကို မသတ်နိုင်သေးဘူး”

“ငါထင်တာတော့ သူက သေဖို့ သိပ်မလိုလောက်တော့ပါဘူး.. အခုဆို သူ့ကိုယ်တွင်းအင်္ဂါတွေက အကုန်စုတ်ပြတ်သတ်နေလောက်ပြီ”

“သူက အဲ့ဒီတိုက်ခိုက်မှုကို လက်ဗလာနဲ့ ဘယ်လိုတောင် ခုခံခဲ့တာပါလိမ့်”

“ငါလဲ သေချာ မသိဘူးလေ”

ဆူဇီမိုက ခုခံရေးစိတ်ဝိညာလက်နက်တစ်မျိုးမျိုးကို သုံးထားသည်ဆိုလျှင် သူ့လက်ဝါးက စိတ်ဝိညာဉ်အင်းကွက်များနှင့် တောက်ပနေရမည် ဖြစ်လေသည်။

သို့သော်လည်း နှစ်ဖက်စလုံး၏ ထိတွေ့ရိုက်ခတ်မှုတွင် ဆူဇီမိုသည် လက်ချည်းသက်သက်သာ ဖြစ်သည်ကို လူတိုင်း မြင်ခဲ့ကြလေသည်။

ရွှေအမြု၏ ဆေဘာကို သူ ခုခံနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ သွေးရိုးလက်ဝါးကြောင့်သာ ဖြစ်လေသည်။

ထိုတိုက်ခိုက်မှုကို သူ၏ ဘယ်ဘက်လက်နှင့်သာ ခုခံခဲ့လျှင် ဆူဇီမို၏ ဘယ်ဘက်လက်က ကျိုးကြွေမွသွားပေလိမ့်မည်။

သို့သော် သွေးရိုးလက်ဝါးက စိတ်ဝိညာဉ်လက်နက်များ၏ ထက်ရှမှုကို ခုခံနိုင်သော်လည်း ရွှေအမြုတေတစ်ယောက်၏ စွမ်းအားကို လုံးလုံးတော့ မပိတ်ဆို့နိုင်ပေ။

အဲ့ဒါက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အမှုန့်ချေပစ်နိုင်သော စွမ်းအားမျိုး ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ ကိုယ်ကာယက အရမ်းကို သန်မာကြံ့ခိုင်ပြီး သူ့၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်း တုန်လှုပ်ဖွယ်ရာကောင်းလေသည်။

သူသည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များထက်ပင် ပို၍ ကြောက်စရာကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည်။

သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါ၍ သူသည် သွေးတစ်လုပ်ကို ထွေးထုတ်ခဲ့ရသော်လည်း အသက်ရှူချိန်အနည်းငယ်အတွင်း သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းလာနေလေသည်။

ချိတ်ပိတ်ထားသူတစ်ယောက်မျှက ဆူဇီမို၏ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ပေ။

ခြေသံများက တရှပ်ရှပ် မြည်လာပြီး များစွာသော ပုံရိပ်များက ဆူဇီမိုကို နောက်တစ်ကြိမ် ဝိုင်းပတ်လိုက်ကြလေသည်။

ဒီတစ်ကြိမ်တွင်တော့ အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားရှစ်ဦးအပြင် ကျန်ရှိနေသေးသော မိစ္ဆာအမွေခံသူ သုံးယောက်ပါ ဝင်ပါလာလေသည်။ သူတို့အားလုံးက ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်ပြီး သတ်ဖြတ်လိုစိတ်များနှင့် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြလေသည်။

နတ်ဆိုးမကျိကလွဲလျှင် ပြိုင်စံရှားများအားလုံးသည် အတူးပူးပေါင်းကာ ဆူဇီမိုကို သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်ကြ၏။

သူ၏ အားအနည်းဆုံး အချိန်မှာ သူတို့ကို သူ့အသက်ကို နုတ်ယူချင်ကြလေသည်။

သို့သော်လည်း ပြိုင်စံရှားများအားလုံးသည် အချက်တစ်ချက်ကို မှားယွင်းတွက်ဆခဲ့မိကြ၏။

ဆူဇီမိုက သူတို့ တွေးထင်ထားသလို ဒဏ်ရာပြင်းထန်စွာ ရရှိနေခြင်း မဟုတ်ပေ။

ဒါ့အပြင် ချိတ်ပိတ်ထားသူ၏ တိုက်ခိုက်မှုနှင့် ပြိုင်စံရှားများ၏ အုပ်စုဖွဲ့ မဟာမိတ်ဖွဲ့လိုက်မှုက ဆူဇီမို၏ အရိုင်းဆန်သော ဗီဇစိတ်ကို နှိုးဆွပေးလိုက်လေသည်။

ကျင့်ကြံရေးလောကမှာ တရားမျှတမှုဆိုသည့်အရာက မရှိပေ။

ဂိုဏ်းကြီးများမှ ပြိုင်စံရှားများသည် မဟာမိတ်ဖွဲ့ခဲ့ကြပြီး သူတို့ထဲမှ အများစုကို ချိတ်ပိတ်ထားသူများက ကျောထောက်နောက်ခံ ပေးထားလေသည်။ သို့သော်လည်း ဆူဇီမိုမှာ ကူညီမည့်သူမရှိ တစ်ယောက်တည်းဖြစ်ပြီး သူ့ကိုကာကွယ်ပေးမည့် ချိတ်ပိတ်ထားသူလည်း မရှိပေ။

ကိစ္စက ထိုသို့ဖြစ်လေလေ.. သူက ပိုပြီးတော့ တိုက်ခိုက်ချင်လေလေ ဖြစ်၏။

သူ့ကို တျဲယွဲ့ သင်ကြားပေးခဲ့သည့်ပညာက အဲ့ဒီအင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ လျှို့ဝှက်ပညာရပ်များထက် မနိမ့်ကျဟု သူယုံကြည်လေသည်။

ပြိုင်စံရှားများက အတူပူးပေါင်းလိုက်ကြလျှင်တောင် သူ့ကို လှဲချနိုင်လိမ့်မည် မဟုတ်ဟု သူယုံကြည်လေသည်။

ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ကျောထောက်နောက်ခံ မရှိလျှင်တောင် သူသည် အရာရာတိုင်းကို ဖြတ်ကျော်၍ အထွတ်အထိပ်သို့ ရောက်နိုင်သည်ဟု ယုံကြည်လေသည်။

“ခွိခွိ.. ဟီးဟီး.. ဟဟား..”

ဆူဇီမိုသည် တစ်ဟုန်ထိုးတက်လာသော တိုက်ပွဲဝင်စိတ်နှင့် သူ့ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး အားပါးတရ ရယ်မောလိုက်လေသည်။ သူ့မျက်လုံးထဲတွင် သားရဲဆန်သောအလင်းက ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကောင်းတယ် ကောင်းတယ်ဟေ့.. မင်းတို့ကောင်တွေက အတူပေါင်းတိုက်ခိုက်ချင်မှတော့ ငါကလဲ မင်းတို့အကုန်လုံးကို ဖိနှိမ်ပေးရတာပေါ့”

“အမှိုက်လိုကောင်တွေ”

ဓါးဂိုဏ်း၏ ဟန်ချိုးယွီက လှောင်ရယ်လိုက်လေသည်။

“အရူးဓါးသွားရယ်.. ဟိတ်တွေဟန်တွေ ထုတ်ပြမနေစမ်းပါနဲ့.. ချိတ်ပိတ်ထားသူတစ်ယောက်ရဲ့ အင်အားပြည့်တိုက်ခိုက်မှုကို ခံရပြီးတာတောင် မင်းမှာ တိုက်ခိုက်ဖို့ ခွန်အားကျန်နေဦးမယ်လို့ ငါတော့ မထင်ပါဘူး”

တိမ်လွှာမိုးစက်ဂိုဏ်း၏ ရှန့်ကွမ်ယုက သူ၏ ခေါက်ယပ်တောင်ကို ဖွင့်ပြီး ရက်စက်တော့မည်ဟန်နှင့် ပြောလိုက်၏။

“အရူးဓါးသွား.. မင်းက သားရဲတစ်ကောင်ပဲ.. အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက ပူးပေါင်းပြီး တိုက်ခိုက်ကြတယ်ဆိုရင်တောင် ငါတို့က ငါတို့နဲ့ မတူတဲ့ ဗီဇကွဲမျိုးနွယ်တစ်ကောင်ကို နှိမ်နင်းပြီးတော့ သမိုင်းပေးတာဝန်တစ်ခုကို ထမ်းဆောင်လိုက်တာပဲ”

“အမှန်ပဲ”

အောင်းယွီရှောင်ကလည်း တင်းမာခက်ထန်စွာ ပြောလိုက်၏။

“မင်းက ငါတို့နဲ့ မျိုးနွယ်ချင်း မတူမှတော့ မင်းမှာ သေချာပေါက် မကောင်းဆိုးဝါးစိတ်‌တွေ ရှိနေမှာပဲ.. မင်းလိုမျိုုး တောကောင်တစ်ကောင်ကို နှိမ်နင်းဖို့က ငါတို့လုပ်သင့်လုပ်ထိုက်တဲ့အရာပဲ!”

All Chapters