မျက်နှာမဲ့ ဝတ်ရုံဖြူအမျိုးသမီး
Vol. 5 Ch. 67
တားမြစ်နယ်မြေထဲကို ဝင်ရောက်သွားသော ရွှီချင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး မျက်လုံးများ မှေးသွားသည်။ သေရေးရှင်ရေးအန္တရာယ်အငွေ့အသက်တစ်ခု သူ၏ရင်ထဲ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်ရှိ အသွေးအသားများက တားဆီးမရ တုန်ရီလာသည်။
ယင်းသည် မိုးကုတ်စက်ဝိုင်းဆီမှ အရပ်အမောင်းမြင့်မားသော ဝတ်ရုံနီဝတ် အဘိုးအို အလျင်အမြန် ချဉ်းကပ်လာခြင်းကြောင့် ဖြစ်သည်။
“ အခြေတည်အဆင့် ”
ထိုအဆင့်နာမည်က ရွှီချင်း၏စိတ်ထဲ ချက်ချင်း ပေါ်လာသည်။
ထိုဖိအားသည် ပြင်းထန်လွန်းလှပြီး ရွှီချင်းသည် အဝေးသို့ ရောက်နေသည့်တိုင်အောင် ထိတ်လန့်တုန်လှုပ်သွားရသည်။
တစ်ဖက်လူ၏ အဆင့်အတန်းက သိသိသာသာ ပေါ်လွင်နေပေသည်။
ထိုအဘိုးအိုကား ကျင်းကန်းဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုး ဖြစ်သည်။
အထူးသဖြင့် ထိုအဘိုးအို၏နောက်တွင် ရှိနေသော အရိပ်ကြီးတစ်ရိပ်ပင်။ ကောင်းကင်စစ်သည်တော်တစ်ဦးပမာ ဒေါသအမျက်ချောင်းချောင်း ထွက်နေဟန်ရှိသည့် အနှီကင်းကောင်ကြီးက ရွှီချင်း၏မျက်လုံးများကို စပ်ဖျင်းဖျင်း ဖြစ်သွားစေသည်။
ယခင်က ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ခဲ့စဉ် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများကို မြင်တွေ့ရစဉ်အခါက သူ ခံစားခဲ့ရသည့် ခံစားချက်နှင့် တစ်ထပ်တည်း ဖြစ်သည်။
ယင်းသည် တူညီသော ခံစားချက်ဖြစ်ပါသော်လည်း အဆင့်အတန်းက ကွာခြားသည်။
သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူ၏ပုံရိပ်ကို စိတ်ထဲ စွဲထင်သွားသည့်ပမာ သူ ခံစားလိုက်ရသည်။ သူ မျက်လုံးများ မှိတ်လိုက်သည့်တိုင်အောင် ထောင်ထောင်မောင်းမောင်း အဘိုးအို၏ပုံရိပ်ကို တွေးတောမိသွားသည်။
ထိုလူရိပ်သည် အရှိန်တညီးညီးတောက်လောင်နေသော မီးတောက်ကြီးပမာ သူ၏ခေါင်းကို တဆစ်ဆစ် ကိုက်ခဲသွားစေသည်။
တခြားရှုထောင့်မှကြည့်မည်ဆိုပါက ယင်းသည် စိတ်ပိုင်းဆိုင်ရာဒဏ်ရာရသွားခြင်းဟူ၍ပင် ဆိုနိုင်ပေသည်။
သို့သော်လည်း ရွှီချင်းသည် သူ၏အရိပ်ကို ကြိမ်ဖန်များစွာ ထိန်းချုပ်ခဲ့ဖူးသည်ဖြစ်၍ ထိုကဲ့သို့ ခံစားချက်မျိုးနှင့် အစိမ်းသက်သက်မဟုတ်ချေ။
ထို့ပြင် သူသည် နတ်ဘုရားရုပ်ထုဓားချက်တွင် အနည်းငယ် တိုးတက်လာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာလည်း သန်မာလာခဲ့သည်။ သို့ဖြစ်၍ ခေါင်းထဲမှ နာကျင်စွာ ခံစားနေရပါသော်လည်း ပို၍သာ ပြေးသွားသည်။
သူသည် တားမြစ်နယ်မြေထဲ ပြေးနေရင်း ဘယ်လက်ကို မြှောက်၍ အနက်ရောင်ဆေးလုံး လက်တစ်ဆုပ်စာ နှိုက်ယူကာ သူ့နောက်ကို ဖြန့်ကျဲလိုက်သည်။
အနက်ရောင်ဆေးလုံးများ မြေပြင်ပေါ် ကျသွားသည်နှင့် ချက်ချင်း ပေါက်ကွဲသွားသည်။ ခုနစ်ရွက်မြက်ပင် အမြှေးပါးက မြေပြင်တွင် လွင့်ပျယ်သွားကာ အနက်ရောင်ဆေးမှုန်များ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ ထို့နောက် တားမြစ်နယ်မြေထဲရှိ ဓာတ်နှောများကို ရုတ်ခြည်း ဆွဲဆောင်သွားကာ လေပွေကြီးတစ်ခုအသွင် ဖြစ်သွားသည်။
အဝေးတစ်နေရာမှကြည့်လျှင် ရွှီချင်းသည် အနက်ရောင်ဆေးလုံးဆယ်လုံးကျော် ပစ်လွှင့်ထားသည်ကို မြင်နိုင်သည်။ စုစည်းလာသော ဓာတ်နှောများသည် ဒီရေလှိုင်းများပမာ ထူထပ်သိပ်သည်းစွာဖြင့် လေးဘက်လေးတန်မှ တဝုန်းဝုန်း ပြေးဝင်လာကြသည်။၏
တားမြစ်နယ်မြေထဲဝင်ရန် ဟန်ပြင်နေသော မျက်ခုံးမွှေးထူသက်လတ်ပိုင်းအရွယ်လူသည် ရပ်တန့်သွားရ၏။ သူ မျက်နှာပျက်သွားပြီး အတန်ငယ်ကြာသည်အထိ အနားမကပ်ဝံ့ချေ။
ထိုအနက်ရောင်ဆေးလုံးသည် အဖြူရောင်ဆေးလုံးကို ရွှီချင်း ဖော်စပ်ရာမှ မအောင်မြင်ဘဲ ထွက်ပေါ်လာသောဆေးဖြစ်သည်။ ယခုအချိန်၌ ထိုဆေးကို လွှင့်ပစ်နေရသည်မှာ နှမျောစရာကောင်းသည်ဟု သူ ခံစားနေရသည်။
ဘေးပတ်ဝန်းကျင်မှ ဓာတ်နှောများ တဝုန်းဝုန်း ရောက်ရှိလာကြသည့်အတွက်ကြောင့် ရွှီချင်း၏နောက်ဘက်ရှိ နယ်မြေကြီးသည် တုန်လှုပ်ချောက်ချားဖွယ်ရာအတိ ဖြစ်နေတော့သည်။ ထို့နောက် သူသည် ပြေးလွှားရင်း အနက်ရောင်ဆေးလုံးများကို ပစ်လွှတ်ကာ ဓာတ်နှောများကို ဆက်လက်စုစည်းအောင်လုပ်နေလေသည်။
များမကြာမီ တားမြစ်နယ်မြေအပြင်ဘက်၌ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ မိုးကုတ်စက်ဝိုင်းဆီမှ သက်တန့်တစ်စင်း ချဉ်းကပ်လာတော့သည်။
တားမြစ်နယ်မြေ၏အစွန်အဖျားကို ရောက်သောအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘေး၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များဖြင့် တောက်လောင်နေသည်။ သူသည် စိုးစဉ်းမျှ ရပ်နားခြင်းမပြုဘဲ ဝုန်းခနဲ ဝင်ရောက်သွားသည်။
သူ၏နောက်ရှိ ကျင်းကန်းဂိုဏ်းအကြီးအကဲနှစ်ယောက်သည်လည်း အံတင်းတင်းကြိတ်ကာ နောက်မှလိုက်သွားကြသည်။
ထိုသို့ဖြင့် သူတို့သုံးယောက်သည် သိပ်သည်းထူထပ်သော ဓာတ်နှောများထဲ ဝင်ရောက်သွားသည်။ သူတို့က အလျင်အမြန် ဝင်ရောက်လာခြင်းဖြစ်ပါသော်လည်း ဓာတ်နှောပမာဏများစွာကို ကြုံတွေ့လိုက်ရသေးသည်။ ထိုဓာတ်နှောများထဲတွင် အဆိပ်ငွေ့များပါ ရောယှက်ပါဝင်နေပေ၏။
“ ဘိုးဘိုး၊ ဒီကလေးက သိပ်ထူးဆန်းတယ် ”
ဘယ်ခြေထောက်ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသော သက်လတ်ပိုင်းအရွယ်လူက ဂိုဏ်းစောင့်ဘိုးဘိုးကို သတိပေးလိုက်သည်။
ဂိုဏ်းစောင့်ဘိုးဘိုးက အေးစက်စက်နှာမှုတ်လိုက်ပြီး လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ မုန်တိုင်းတစ်ခု ပေါ်ပေါက်လာပြီး တဝုန်းဝုန်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားကာ ဘေးပတ်ဝန်းကျင်ရှိ မြူခိုးများအားလုံး အဝေးသို့ ချက်ချင်း လွင့်သွားသည်။
သူသည် ရပ်နားခြင်းမရှိဘဲ သူ၏နောက်ရှိ အကြီးအကဲနှစ်ယောက်ကို ဆုပ်ကိုင်ကာ ရွှီချင်း ထွက်ခွာသွားသည့်ဘက်ကို ရုတ်ခြည်း လိုက်သွားသည်။
သို့သော်လည်း နေဝင်ဖျိုးဖျအချိန်ရောက်နေပြီဖြစ်၍ အမှောင်ထုကြီးက တဖြည်းဖြည်း ဝါးမျိုလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အအေးဓာတ်ပိုကဲလာခြင်းနှင့်အတူ ဓာတ်နှောများသည်လည်း ထူထပ်သိပ်သည်းလာသည်။
သူတို့သာ ယခုအတိုင်း ဆက်လက်ပျံသန်းနေပါက ဂိုဏ်းစောင့်ဘိုးဘိုးအတွက် အဆင်ပြေပါသော်လည်း မျက်ခုံးမွေးထူအကြီးအကဲမှာ ဒဏ်ရာရထားသည်ဖြစ်ရာ အချိန်အနည်းငယ် သွားပြီးနောက် နေရထိုင်ရခက်ခဲလာသည်။
ထို့ကြောင့် ဂိုဏ်းစောင့်ဘိုးဘိုးက အေးတိအေးစက် ပြောလိုက်သည်။
“ မင်းတို့နှစ်ယောက်လုံး ငါ့နောက်က လိုက်ခဲ့ကြ။ အဲဒီကလေးကို ငါ အရင်ဆုံး သွားဖမ်းလိုက်မယ် ”
သူသည် စကားပြောပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လှည့်ပတ်လိုက်သည်။ သူ၏နောက်ရှိ ကင်းကောင်ကြီးက ဝေဟင်ကိုကြည့်၍ ဟိန်းဟောက်လိုက်ပြီး ပေသုံးရာအမြင့်အထိ ကြီးထွားလာသည်။ ထို့နောက် လူ့ဘီလူးကြီးတစ်ကောင်အလား ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
သူ၏ခြေလှမ်းတိုင်းက သူ၏အရပ်အမောင်းနှင့် တူညီသော ပေရာချီကို ရောက်ရှိသွားပြီး ဂိုဏ်းစောင့်ဘိုးဘိုးမှာ ဧရာမကင်းကောင်ကြီး၏ ခေါင်းထိပ်တွင် မတ်တတ်ရပ်နေသည်။
အဝေးမှကြည့်လျှင် ဝိညာဉ်စွမ်းအားအငွေ့အသက်များကို မြင်ရမည်မဟုတ်သည်ဖြစ်၍ ကင်းကောင်ကြီး၏ပုံရိပ်ကို မြင်နိုင်မည် မဟုတ်ချေ။ ဂိုဏ်းစောင့်ဘိုးဘိုးက လေထဲတွင် ရပ်၍ အဝေးသို့ တဖြည်းဖြည်း ပျံသန်းသွားသည်ကိုသာ မြင်ရမည်ဖြစ်သည်။
“ ဘိုးဘိုးက တန်ခိုးကြီးတာပဲ ”
ထိုအခါ နောက်ရှိအကြီးအကဲနှစ်ယောက်သည် စိတ်လှုပ်ရှားနေကြပြီး ဘိုးဘိုးကိုယ်တိုင် ဆောင်ရွက်မည်ဆိုပါက ထိုကလေး သေသွားမည်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေကြသည်။
“ ဘိုးဘိုးက သိပ်မကြာခင် အဲဒီခွေးကောင်လေးရဲ့အလောင်းကို ယူပြီး ပြန်လာမယ်လို့ ငါ ယုံတယ် ”
သူတို့နှစ်ယောက်လုံး သေချာနေကြသည်။
သို့သော်လည်း အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ နှစ်နာရီကြာပြီးနောက် ထိုကျင်းကန်းဂိုဏ်းအကြီးအကဲနှစ်ယောက်၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့နှစ်ယောက်က ပြေးသွားနေရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရာ တစ်ဦး၏မျက်ဝန်းများထဲရှိ အံ့သြစိတ်များကို မြင်လိုက်ကြရသည်။
သူတို့ မျက်စိတစ်ဆုံးကြည့်သည့်တိုင်အောင် ဘိုးဘေးကို မမြင်ရတော့ပေ။ ဘိုးဘေးက အဝေးကို ရောက်သွားသည်မှာ သေချာသည်။
သူတို့ နားမလည်သည်မှာ ချီစုစည်းခြင်းအဆင့် အပြင်အားကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းနှင့် ခွန်အားက မည်သည့်အတွက်ကြောင့် ယခုအချိန်တိုင်အောင် ဂိုဏ်းစောင့်ဘိုးဘိုးအား ရင်ဆိုင်နေနိုင်ရသည်ကိုပင် ဖြစ်သည်။
သူတို့ စိတ်ရှုပ်ထွေးနေပါသော်လည်း ဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ပင် စဉ်းစားမရအောင် ဖြစ်နေသည်။
ယခုအချိန်တွင် ထိုအကြီးအကဲနှစ်ယောက်နှင့် အလွန်ဝေးကွာသောအရပ်၌ ဂိုဏ်းစောင့်ဘိုးဘိုးသည် ကြောက်ခမန်းလိလိ မြန်ဆန်စွာ ပြေးလွှားနေသော လူငယ်လေးကို ကြိတ်မနိုင်ခဲမရ ကြည့်နေသည်။
ထိုကလေးငယ်၏ အမြန်နှုန်းက သူ့အောက်နိမ့်ကျပါသော်လည်း များများစားစား ကွာခြားလှသည်တော့ မဟုတ်ပေ။
သူ လက်သီးဖြင့် ထိုးလိုက်သည့်အကြိမ်တိုင်း သူ၏လက်သီးရိပ်ကြီးက သူ့ခြေထောက်အောက်ရှိ ကင်းကောင်ကြီး၏လက်သီးနှင့် ပေါင်းစပ်သွားသည်။ ထိုလက်သီးချက်ကြီးက လေဟုန်ခွင်း၍ သွားနေစဉ် အတန်ငယ်ဝေးသောနေရာရှိ ရွှီချင်း၏ခန္ဓာကိုယ်က ဝင်းလက်လာကာ အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လက်သီးချက်ကြီး ကျရောက်လာခြင်းကြောင့် အကာအကွယ်အလွှာက တုန်ရီကာ အက်ကွဲသွားပါသော်လည်း အထဲရှိလူငယ်လေးသည် ထိုတန်ပြန်အားကို အသုံးချ၍ အရှိန်ကို မြှင့်တင်သည်။
တချိန်တည်းမှာပင် ညက ပိုနက်လာသည့်အတွက်ကြောင့် လူငယ်ထွက်သွားရာဘက်တွင် ဓာတ်နှောများ ထူထပ်သိပ်သည်းလာသည်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး ပို၍ပင် အေးစက်လာတော့သည်။
ထိုအခြင်းအရာများသည် ကျင်းကန်းဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးကို အတန်ငယ် ကြောက်လန့်သွားစေပြီး သူ အချိန်တိုင်း နောက်ပြန်လှည့်ရန် တွေးနေမိသည်။ ထိုအတွေးက သူ၏အမြန်နှုန်းအပေါ်တွင်လည်း သက်ရောက်မှုရှိနေပြီး ကလေးကို ဖမ်းနိုင်ရန် အချိန်ယူနေရတော့သည်။
“ ခွေးကောင်လေး ... ”
ဂိုဏ်းစောင့်ဘိုးဘိုးသည် မျက်နှာကြီးမည်းမှောင်နေပြီး အဝေးတွင် ရှိနေသော ရွှီချင်းမှာ ဖြူဖျော့နေ၏။ သူ၏မျက်လုံးများထဲတွင် နီမြန်းသော သွေးကြောမျှင်ပေါင်းများစွာ ယှက်သန်းနေပြီး သူ၏နဖူးရှိ သွေးကြောများသည်လည်း ထောင်ထနေကာ ပေါက်ထွက်တော့မည့်အလားပင်။
သူသည် ဘယ်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး ဘယ်လက်မှ သွေးကြောများသည်လည်း ပေါက်ကွဲထွက်တော့မည့်ပမာ ထောင်ထနေပေရာ အံ့သြတုန်လှုပ်ဖွယ်မြင်ကွင်းတစ်ရပ်ပင်။
သူ၏လက်ဖဝါးထဲတွင် ကင်းခြေများအမြီးတစ်ခု ရှိသည်။
မီးကျီးကန်းနှင့် တိုက်ပွဲအပြီးတွင် ကင်းခြေများအမြီးအနည်းငယ် ကျန်နေသေးသည်။ သို့သော်လည်း ယခု ကင်းခြေများအမြီးလက်ကျန်အားလုံးကို သူ၏လက်ဖဝါးအား ထိုးဖောက်စေလိုက်သည့်တိုင်အောင် ကင်းခြေများအမြီးထဲရှိ အဆိပ်များက သူ့ကို ဆက်လက်ခွန်အားပေးရန် မတတ်နိုင်တော့ပေ။
အချိန်အနည်းငယ်အထိသာ သူ၏အမြန်နှုန်းကို မြှင့်တင်ပေးနိုင်သည်။
သူ၏ညာဘက်လက်ထဲ၌ ဝေခွဲရခက်လောက်အောင် ဝိုးတဝါးဖြစ်နေသော အဆောင်တစ်ခု ရှိသည်။
ယင်းသည် ခေါင်းဆောင်လဲ့၏ ရန်သူထံမှ ရရှိထားခြင်း ဖြစ်သည်။
သို့သော်လည်း အဆောင်က လွင့်ပါးပျောက်ကွယ်သွားတော့မည်ဖြစ်ပြီး ကင်းခြေများအဆိပ်မှ အားအင်သည်လည်း အလျင်အမြန် လျော့ပါးလာနေပြီး အာနိသင်ပျောက်တော့မည်ဖြစ်သည်။
ကံကောင်းစွာဖြင့် လက်ရှိအမြန်နှုန်းအတိုင်း သူသည် အဝေးမှ ရင်းနှီးကျွမ်းဝင်သော မြို့ပျက်ကြီးကို လှမ်းမြင်လိုက်ရသည်။
နောက်ဆုံး၌ ကင်းခြေများအမြီး၏ အစွမ်းက လွင့်ပါးပျောက်ကွယ်သွားသည့်အခိုက် ရွှီချင်း၏အမြန်နှုန်း လျော့ကျသွားသည်။ သို့သော်လည်း သူသည် အံတင်းတင်းကြိတ်၍ လေထဲသို့ ခုန်တက်လိုက်သည်။ လရောင်ဖြာကျနေသော ညအမှောင်ထုကြီးထဲ၌ မြို့ရိုးပေါ်ကို သူ ချက်ချင်း ရောက်သွားသည်။
ထိုနေရာသည် ရွှီချင်း၏ ဦးတည်ရာဖြစ်သည်။
ကျင်းကန်းဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးနှင့် နောက်ရှိ အကြီးအကဲနှစ်ယောက်ကို သူ ထိပ်တိုက်ရင်ဆိုင်နိုင်မည် မဟုတ်၍ သူ့အတွက် မှန်ကန်သောအချိန်နှင့် နေရာရှိရန် လိုအပ်သည်။
မှန်ကန်သောအချိန်သည် တားမြစ်နယ်မြေထဲရှိ ဓာတ်နှောပမာဏထူထပ်သိပ်သည်းလာမည့်အချိန်ဖြစ်သည်။
တည်နေရာသည် သူ ရင်းနှီးကျွမ်းဝင်သော မြို့ပျက်ကြီး ဖြစ်သည်။
မြို့ပျက်ကြီးနှင့် မြို့စားစံအိမ်ထဲရှိ သန္ဓေပြောင်းသားရဲများက ယခုမှရောက်လာသော လူများအတွက် အစိမ်းသက်သက်ဖြစ်နေမည်ဖြစ်သည်။
ထို့ကြောင့် သူ လွတ်မြောက်ရန် အခွင့်အရေးများသည်။
ထိုစဉ် သူ မြေပေါ် ဆင်းလိုက်သည့်အခိုက် သူ၏အမြန်နှုန်း လျော့ကျသွားသည့်အတွက်ကြောင့် သူ၏နောက်မှ နားစည်ကွဲလုမတတ် ရွှီခနဲ မြည်သံ လွင့်ပျံလာပြီး လက်သီးရိပ်ကြီးက လေဟုန်ခွင်း၍ သူ့ကို ထိုးနှက်သွားသည်။
ဘုန်း …
အဆောင်အကာအကွယ် ရုတ်ခြည်း ပျက်စီးသွားသည်။
ရွှီချင်းသည် သွေးတစ်ပွက် အန်လိုက်ရပြီး သူ၏ကိုယ်တွင်းအင်္ဂါများ တုန်ရီသွားသည်။ တချို့ကိုယ်တွင်းအင်္ဂါများမှာ ပျက်စီးသွားပြီး သူ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည်။
ပြင်းထန်သော နာကျင်မှုကြောင့် ရွှီချင်း၏အမြင်အာရုံများ ဝေဝါးသွားသည်။ သို့သော်လည်း သူသည် အံတင်းတင်းကြိတ်လိုက်ပြီး မြို့ထဲသို့ ဆင်းသက်ကာ ရင်းနှီးသော လမ်းသွယ်လေးများထဲ အရူးအမူး ပြေးသွားသည်။
ရွှီချင်းသည် ဟိုကွေ့သည်ပတ် ပြေးလွှားနေပြီးနောက် မြို့ထဲတွင် ပျောက်သွားသည်။
မကြာခင် မြို့အပြင်ဘက်မှ တရွှီရွှီမြည်သံ ကျယ်လောင်လာပြီး အနီရောင်ဝတ်ရုံဝတ် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘေးသည် ရုတ်ခြည်း ရောက်လာသည်။
သူက အေးတိအေးစက်ကြည့်ရင်း ညာဘက်လက်ကောက်ဝတ်ကို လှည့်လိုက်သည်။
ယခုလေးတင် သူ ပစ်လွှတ်ခဲ့သည့် လက်သီးချက်က အဆောင်ကို ပြိုလဲသွားစေခဲ့ပြီး ရန်သူကို လုံးဝ ချေမှုန်းမပစ်နိုင်သည့်တိုင်အောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေလိမ့်မည်ဟု သူ ယုံကြည်နေသည်။
ထို့ကြောင့် သူက လှစ်ခနဲ လှုပ်ရှားကာ မြို့ထဲ ဝင်ရောက်သွားသည်။ သို့သော်လည်း မြို့ထဲကို သူ ဝင်လိုက်သည့်အခိုက် ငိုညည်းသံ ကြားလိုက်ရ၍ ကွက်ခနဲ မျက်နှာပျက်သွားသည်။
ရွှီချင်းပျောက်ကွယ်သွားသည့်လမ်းထဲမှ အေးစက်စက်အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။
ညအမှောင်ထုထဲ၌ မိစ္ဆာဆန်သော လရောင်အောက်တွင် အမျိုးသမီးတစ်ဦးသည် လမ်းသွယ်လေးထဲမှ တဖြည်းဖြည်း လျှောက်လာသည်။
ထိုပုံရိပ်သည် အဝေးမှကြည့်ပါက လွန်စွာ သေးငယ်သည်ဟု ထင်ရပါသော်လည်း ရှေ့တိုးလာသည်နှင့်အမျှ ကြီးသည်ထက် ကြီးလာကာ ဘေးပတ်ဝန်းကျင်ရှိ အိမ်များကိုပင် ကျော်လွန်သွားသည်။ နောက်ဆုံး၌ ပေတစ်ရာအမြင့်ကို ရောက်သွားသည်။
ထိုအမျိုးသမီးသည် အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ပိတုန်းရောင်နက်မှောင်သော ဆံပင်ရှည်များရှိသည်။ သို့သော်လည်း သူမ၏မျက်နှာ၌ နှာခေါင်း၊ မျက်လုံး၊ နားရွက်စသည့် အင်္ဂါရပ်များရှိမနေဘဲ ပြောင်ရှင်းနေသည်။
သူမ၏ရှည်လျားသော ဝတ်စုံအောက်ရှိ မရေမတွက်နိုင်သော လူသားမျက်နှာများက ငိုကြွေးနေကြသည်။
ထိုအသံများအားလုံး စုပေါင်းလိုက်သောအခါ နာကျင်စွာ အော်ဟစ်နေသော ငိုညည်းသံအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ တချိန်တည်းမှာပင် ဝတ်ရုံဖြူဝတ် မျက်နှာမဲ့အမျိုးသမီးသည် ကျင်းကန်းဂိုဏ်း၏ ဘိုးဘေးထံ တဖြည်းဖြည်း လျှောက်လာသည်။
ထိုအမျိုးသမီး ရောက်လာသောအခါ ငိုညည်းသံသည်လည်း ပို၍ ကျယ်လောင်လာသည်။
ထိုမြင်ကွင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြောက်လန့်သွားစေသည်။ သူကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်သည်ပင် ရင်ထဲမှ တုန်ရီသွားရ၏။ ယင်းက မည်သည့်အရာမှန်း သူ သိပါသော်လည်း ထိုသို့ သူ သိလေလေ ပို၍ ကြောက်လန့်တုန်ရီလာရလေပင်။
သို့ဖြစ်၍ သူသည် တွေဝေတွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် ဦးတည်ချက်ပြောင်းကာ ရှောင်တိမ်းလိုက်သည်။
သို့သော် သူသည် ရွှီချင်းနောက်သို့ လိုက်နေခြင်းအား မရပ်တန့်လိုက်ဘဲ တခြားနေရာမှနေ၍ မြို့ထဲကို ဝင်လေသည်။
“ ဒီခွေးကောင်လေးက ချီစုစည်းခြင်းအဆင့်ပဲ ရှိတယ်။ ဒီနေရာက အန္တရာယ်တွေနဲ့ဆိုရင် သူ အသက်ရှင်နိုင်ချေ မရှိဘူး။ ဒါပေမဲ့ သူ သေသွားတာကို ငါ ကိုယ်တိုင် မျက်မြင်တွေ့ရမှပဲ စိတ်အေးနိုင်မယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်လုံးများထဲတွင် လူသတ်စိတ်များဖြင့် တောက်လောင်နေသည်။
သူ၏လက်ရှိအတွေ့အကြုံအရ ထိုကလေးနှင့်ပတ်သက်၍ သူ၏ မှန်းဆချက်က မှန်ကန်နေကြောင်း သူ့ကို ပြောနေသည်။ ထိုကဲ့သို့ ကလေးမျိုး … သူတို့နှစ်ယောက်ကြားရှိ ပြဿနာကို သူ မဖြေရှင်းနိုင်ခဲ့လျှင်သော်လည်းကောင်း၊ ထိုကလေးကို ယနေ့ သူ မသတ်နိုင်ခဲ့လျှင်သော်လည်းကောင်း တစ်နေ့တွင် ထိုကလေးက သူ့ကို လက်စတုံးရန် လာပေလိမ့်မည်။
သို့ဖြစ်၍ မြို့ထဲကို တခြားဝင်ပေါက်မှ ဝင်ရောက်ပြီးနောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ချက်ချင်းပင် ဂရုတစိုက် ရှာဖွေလေသည်။
ထိုကလေး၏အလောင်းကို သူ မြင်တွေ့ချင်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ရှာဖွေနေစဉ်အတောအတွင်း ရွှီချင်းသည် ယခင်က သူနေထိုင်ခဲ့ရာ ဂူထဲကို ပြန်ရောက်လာသည်။ သူသည် တင်ပျဉ်ခွေထိုင်ကာ ဝင်လေထွက်လေ ရှူမှတ်လိုက်သည်။ ထိုအခါ သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏မျက်နှာ သွေးရောင်လွှမ်းလာသည်။
သူသည် နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်လိုက်ပြီးနောက် ခေါင်းမော့၍ အက်ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် အံတင်းတင်းကြိတ်၍ တောင်တန်းပင်လယ်ပညာရပ်ကို လှည့်ပတ်လိုက်သည်။
ရွှီချင်းသည် သက်သာလာပြီးနောက် အဆင့်တက်တော့မည့်အခြေအနေသို့ ရောက်လာပြီဖြစ်သည်။
“ ငါ တောင်တန်းပင်လယ်ပညာရပ်ရဲ့အဆင့်ခုနစ်ကို ရောက်ရမယ် ”
ရွှီချင်းသည် တွန့်ဆုတ်မနေဘဲ ချက်ချင်း အဆင့်တက်ရန် ကြိုးစားလိုက်သည်။
တောင်တန်းပင်လယ်ပညာရပ်အဆင့်ခြောက်၌ သူသည် ကွေအရိပ်အသေးလေးကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်သည်။ ဥပမာအနေဖြင့် စခန်းခေါင်းဆောင်ကဲ့သို့ ချီစုစည်းခြင်းအဆင့်ရှစ် လူတစ်ယောက်ကို အားကုန်သုံး၍ သတ်ဖြတ်နိုင်ပါသော်လည်း အဆင့်ကိုးရှိသည့် လူတစ်ယောက်ကို ရင်ဆိုင်ရာတွင် အနည်းငယ် ခက်ခဲနေသေးသည်။
ထို့ကြောင့် သူက တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ခုနစ်ကို ရောက်အောင် ကြိုးစားနေခြင်းဖြစ်သည်။
“ တောင်တန်းပင်လယ်ပညာရပ်ကို ငါ ကျင့်တာ အစွမ်းထက်နေတာက ခရမ်းရောင်သလင်းကျောက်နဲ့ ဆက်စပ်နေတာပဲ ဖြစ်မယ်။ ဒါ ငါ ကံကောင်းတာပဲ ”
ထိုအချက်ကို ရွှီချင်း နားလည်ထားသည်မှာ ကြာလေပြီ။
ထိုစဉ် သူသည် အသက်ပြင်းပြင်းရှူ၍ ဝမ်းဗိုက်ရှိ နာကျင်မှုကို တောင့်ခံကာ ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။