နှစ်ဖက်စလုံး လှုပ်ရှားကြပြီ.....
Vol. 47 Ch. 645
အိမ်တော်စုဝေးပွဲတွင် အခြေနေအတော်လေးတင်းမာနေပြီဖြစ်သည်။ မျက်နှာချင်းဆိုင် စားပွဲနှစ်ခုဖြင့် အဖွဲ့နှစ်ဖွဲ့ကို နှစ်ပိုင်းခွဲ၍ သပ်ရပ်စွာ ခွဲထားသည်။ ဟန်ဆောင်မှု အားလုံးကို အတင်းအကျပ် ဖြိုခွဲမည့် အရေးအကြီးဆုံး အခိုက်အတန့် ပေါ်ပေါက်တော့မည်ကို လူတိုင်း သိကြသည်။ နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ခဲ့သော ခင်မင်မှုများ အားလုံးပြောင်းလဲသွားမည့် အချက်အချာကျသော တိုက်ပွဲတစ်ခုမကြာခင်ဖြစ်ပွားတော့မည်ဖြစ်သောကြောင့် မည်သူမျှ ဖျော်ဖြေရေးအစီအစဉ်များကို ဂရုမစိုက်နိူင်ကြပေ။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက်.....
ပူလောင်တောက်ပနေသော နေမင်းကြီးသည်လည်း အနောက်ဂေါယာကျွန်းရှိရာဆီတဖြည်းဖြည်းငုပ်လျှိုးနေချေပြီ....
တစ်ချိန်တည်းမှာပင် လှုပ်ရှားမှုများသည် ၎င်းတို့၏ ဒုတိယအဆင့်သို့ ဝင်ရောက်လာခဲ့သည်။ဌာနမှုးတွေကြား ပြိုင်ဆိုင်မှုတွေ ရှိလာပြီး ယခင်နှစ်များတွင်၊ နောက်ဆုံးအနိုင်ရရှိသူအား အိမ်တော်သခင်မှ ကြီးမားသောဆုများချီးမြှင့်ခဲ့သည်။
သို့သော်လည်း ဤပြိုင်ဆိုင်မှုသည် စနက်တံကိုရှို့မည့် မီးတစဖြစ်လာချေတော့မည်။
ဒါပေမယ့် ဒီနှစ်မှာတော့ အရင်နှစ်တွေထက် နည်းနည်းတော့ ကွာခြားပါလိမ့်မည်။
တစ်ချိန်က ရင်းနှီးခဲ့ကြသော မိတ်ဆွေများသည် အသေအကြေတိုက်ခိုက်ရမည့် ရန်သူများအဖြစ် အချင်းချင်း ရင်ဆိုင်ငြရတော့မည်။ ဒီပြိုင်ပွဲဟာ ညှာတာမှုကင်းမဲ့သော သေခြင်းတရားအတွက် တိုက်ပွဲတစ်ခုဖြစ်သည်။
ထို့ကြောင့် ဌာနမှူးများ၏ပြိုင်ပွဲတွင် သွေးထွက်သံယိုဖြစ်စေမည့် ကိစ္စများ မလွဲမသွေရှိမည်ဖြစ်သည်။
ဒုန်းးးးဒုန်းးးးးးး
လော့လန်အိမ်တော် ရုံးချုပ်အတွင်းတွင် ဗုံသံများ အဆုံးမသတ်ဘဲ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
အပြာရောင်ကျောက်တုံးခင်းထားသော စတုရန်းပုံကွင်းအလယ်တွင်၊ လူနှစ်ယောက် အပြန်အလှန် တိုက်ခိုက်နေသောကြောင်ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ရောထွေးကာ ယခင် ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်ကို သွေးသံရဲရဲအသွင်ဖြင့် အစားထိုးခဲ့သည်။
လွန်ခဲ့သည့်နှစ်များကဆိုလျှင် ဤကဲ့သို့သောတိုက်ပွဲကို အားရပါးရ အားပေးကြမည်ဖြစ်သော်လည်း ယနေ့တွင် ကွင်းပြင်တခုလုံး လုံးဝ တိတ်ဆိတ်နေသည်။ လူတိုင်းသည် ၎င်းတို့၏လက်နက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်သာ စောင့်ကြည့်နေကြသည်။
ဌာနမှူးများသည် ၎င်းတို့၏တိုက်ပွဲများကို အဆုံးသတ်လိုက်သည်နှင့်၊ အိမ်တော်စုဝေးပွဲ သည် ၎င်း၏အထွတ်အထိပ်နှင့် အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။
အမွှေးတိုင်ထွန်းညှိပူဇော်ပွဲ....
အဘယ်ကြောင့်ဆိုသော်...စစ်မှန်သောအိမ်တော်သခင်သာလျှင် မီးထွန်းပိုင်ခွင့်ရှိသည်။
လော့လန်အိမ်တော်သည် လက်ရှိတွင် တရားဝင် အိမ်တော်သခင်မရှိသေးပေ။ ချန်ပီယံဆုကို ရယူလိုသူတိုင်းသည် လုပ်ထုံးလုပ်နည်းများကို ဆက်တိုက်လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းကို တစ်အိမ်လုံးရှိ စောင့်ကြည့်သူများမှ အတည်ပြုရမည်ဖြစ်ပါသည်။
လီလော့နှင့် ဖေဟောင်တို့သည် ဤအရေးကြီးသော အခိုက်အတန့်ကို စောင့်မျှော်နေကြသည်။
လီလော့သည် ငြိမ်သက်နေပြီး သူ့လှည့်ရောက်လာမည့်အချိန်ကိုစောင့်ဆိုင်းနေသည်။
ပြိုင်ပွဲပြီးဆုံးတော့ နေဝင်လုနီးပါးဖြစ်နေခဲ့ပြီ။ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းသောအမှောင်ထု ဖုံးလွှမ်းနေပြီး လူတိုင်း၏စိတ်ခံစားချက်များကို ရောင်ပြန်ဟပ်နေပါသည်။
ထိုအချိန်တွင် ပရိသတ်၏ စောင့်ကြည့်မှုအောက်တွင် လီလော့ ထိုင်ခုံမှ ထလာသည်။
"သခင်လေး... အလျင်လိုနေစရာ မလိုပါဘူး... အမွှေးတိုင်ထွန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရဉီးမယ်လေ...."
ဖေဟောင်က ပြုံးရင်း လီလော့ကို ခနဲ့လိုက်သည်။
"သခင်လေးက အိမ်တော်သခင်နှစ်ပါးရဲ့ အသွေးအသားမို့ အိမ်တော်သခင်ရာထူးကို အမွေဆက်ခံပိုင်ခွင့်ရှိပေမယ့် စည်းမျဉ်းတွေအတိုင်း ရာထူးကို ရယူနိုင်ဖို့ဆို အနည်းဆုံး ဘိုးဘေးနှစ်ယောက်ရဲ့ အသိအမှတ်ပြုမှုလိုအပ်တယ်....."
"ဖေဟောင်က လော့လန်အိမ်တော်ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့အပြင် လော့လန်အိမ်တော်ကို နှစ်အတော်ကြာ သစ္စာရှိရှိ အမှုထမ်းခဲ့တာကို လူတိုင်း သိပြီးသားဖြစ်မှာပါ.... အိမ်တော်သခင်ရဲ့တပည့်ဖြစ်တဲ့အတွက် သူ့မှာလည်း အိမ်တော်သခင်ရာထူးကို ရယူပိုင်ခွင့်ရှိတယ်လို့ ကျုပ်တို့ယုံကြည်ထားတယ်....... မိုချန်းနဲ့ကျုပ် အိမ်တော်ရဲ့ဘိုးဘေးတွေအနေနဲ့ဒီကိစ္စကို အချိန်အတော်ကြာ စဉ်းစားခဲ့ကြပြီးပြီ.... ဖေဟောင်ကို နာမည်စာရင်းထဲထည့်ဖို့ စီစဉ်ထားတာကြောင့် အမွှေးတိုင်ထွန်းပွဲအတွက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်.... "
ရှုထျန်လင်း၏လေသံက ရေခဲတမျှအေးစက်နေသည်။
မိုချန်းက ခေါင်းတညိတ်ညိတ်နဲ့ ရှုထျန်လင်းကိုထောက်ခံလိုက်ပြီး..... "သခင်လေးအနေနဲ့ အိမ်တော်သခင်နှစ်ပါး ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာပြီး ဖေဟောင်နဲ့ ယှဉ်ပြိုင်လိုက်ပါ... အနိုင်ရသူကသာ အိမ်တော်သခင်ဖြစ်လာလိမ့်မယ်....."
လီလော့၊ယွမ်ချင်း၊လဲ့ကျန်းနှင့် ကျန်သူများသည် ဤကြေငြာချက်ကြောင့် ဒေါသထွက်ကုန်ကြသည်။ဤတိရစ္ဆာန်များသည် နောက်ဆုံးတွင် ၎င်းတို့၏ မလိုလားအပ်သော ရည်ရွယ်ချက်ကို ထင်ရှားထုတ်ပြနေချေပြီ။
ဖေဟောင်လည်း အလားတူ မတ်တပ်ထရပ်ပြီး လီလော့ ကို မော့ကြည့်လိုက်သည်။
"သခင်လေးနဲ့တိုက်ခိုက်မယ်ဆို အားနည်းသူကို အနိုင်ကျင့်နေသလိုဖြစ်နေမှာပေါ့....အဲ့တော့ တပည့်ကျန်းကို သခင်လေးကိုယ်စား တိုက်ခိုက်ခွင့်ပြုမယ်ဆိုရင် လက်ခံနိုင်ဖွယ်ရှိတယ်......"
ဤတောင်းဆိုချက်သည် လီလော့ကို အံ့အားသင့်သွားစေသည်။
ဒီကောင်က ကျန်းချင်းအာကို တိုက်ရိုက်စိန်ခေါ်ချင်တာလား.......
ပစ်မှတ်ထား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည်။
"နင့်ရဲ့ ညစ်ညမ်းတဲ့ ပါးစပ်ကနေထွက်လာတဲ့ 'တပည့်ကျန်း' ဆိုတဲ့ စကားလုံးကို ငါမကြားချင်ဘူး....နင်နဲ့ ငါက အဆင့်မတူဘူး.....နင်က ဆရာကြီးရှေ့မှာ သုံးရက်လောက် ဒူးထောက်ပြီး အသနားခံပြီးမှ တပည့်ဖြစ်ခွင့်ရတဲ့သူ....ဆရာကတော်သာ ဝင်မပြောပေးရင် တပည့်ဖြစ်ခွင့်တောင်ရမှာမဟုတ်ဘူး....ဆရာနဲ့ဆရာကတော်က လမ်းပေါ်မှာလေလွင့်နေတဲ့နင့်ကို သနားစာနာစိတ်နဲ့ခေါ်ယူကျွေးမွေးခဲ့လို့သာ အခုလိုလူတလုံးသူတလုံးဖြစ်လာနိုင်တာ....."
ကျန်းချင်းအာ၏စကားများက ဓားသွားသဖွယ် ထက်ရှလွန်းလှသည်။ထိုစကားတို့ကြောင့် ဖေဟောင် အထိနာသွားပြီး အပြုံးများမှိန်ဖျော့သွားလေသည်။
"နင် ငါ့ကို အထင်သေးနေတာလား... နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ!!!!!"
လီလော့က လက်ကို ဝှေ့ယမ်းကာ အခြေအနေကို ရှင်းပစ်ရန် ကြိုးစားနေပုံရသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းမှားသွားပြီ မင်းကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးဘူး...မင်းကသာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ...တကယ်တော့ ချင်းအာက မင်းကိုဂရုကိုစိုက်ခဲ့တာ..... "
ပရိသတ်၏ အကြည့်များ အနည်းငယ် ထူးဆန်းသွားသည် ။ သူတို့နှစ်ယောက်က ဖေဟောင့်ကို အလှည့်ကျ စော်ကားဖို့ လုပ်နေတာပဲ.... ပေါက်ကွဲပြီး သေသွားနိုင်တဲ့အထိ သူ့ကို ဒေါသထွက်အောင်လုပ်ဖို့က သူတို့ရဲ့အကြံအစည်လား.....
"ဖေဟောင် ၊ စိတ်လျှော့လိုက်ပါ.... စကားတစ်ခုတည်းက အခြေအနေကို မပြောင်းလဲနိုင်ဘူး" ဟု ရှုထျန်လင်းက သူ့ကို သတိပေးလိုက်သည်။
ဖေဟောင်သည် အသက်ပြင်းပြင်းရှူရင်း အေးစက်သော အရိပ်အမြွက်ကို သူ့မျက်လုံးများတွင် မြင်နိုင်သည်။ သူသည် ဆက်၍မငြင်းခုံဘဲ ရင်ပြင်အလယ်သို့ တိုက်ရိုက်ခုန်ဆင်းကာ လီလော့ကို စိန်ခေါ်လိုက်သည်။
"အိမ်တော်သခင်ရာထူးကို အမွေဆက်ခံချင်ရင် လျော်ညီတဲ့ ခွန်အားကို ပြသရမယ်..... မဟုတ်ရင် မင်းမြတ်နိုးတဲ့အရာကို ယူသွားတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့......"
ဖေဟောင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါအခုလိုလုပ်နေရတာတွေက အိမ်တော်
ကောင်းစားဖို့အတွက်ပါ......"
……...................
တော်ဝင်နန်းတော်တွင်.....
မင်းသမီးသည် ကောင်းကင်မှာ သာနေသော လခြမ်းလေးကို မော်ကြည့်ရင်း အချိန်တန်ပြီဟု ခန့်မှန်းပြီးနောက် သူမလက်ကို ဝှေ့ယမ်းကာ နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်မိသွားသည်။
သူမ၏ နောက်ကွယ်တွင် အရိပ်တစ်ခု တုန်ခါနေပြီး အနီရောင် ၀တ်ထားသော လူတစ်ယောက်ပေါ်လာသည်။ထိုသူသည် ကြင်နာတတ်တဲ့ အမူအရာနဲ့ မိန်းမဆန်တဲ့ စိတ်ထားရှိတဲ့ လူကြီးတစ်ယောက်ဖြစ်သည်။ထိုသူက မင်းသမီးရှေ့မှာ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး.....
"ကျွန်တော်မျိုးရောက်ပါပြီ မင်းသမီး.... "
"စောင့်ရှောက်သူချင်.....ရှင့်ကို နည်းနည်းအပူကပ်ရတော့မယ်ထင်တယ်.... လော့လန်အိမ်တော်ထဲကို ဘယ်သူမှ မဝင်ရဘူးဆိုတာ သတိရပါ....ရှင်လုပ်ရမှာက အပြင်မှာနေပြီး မြို့စားအဆင့်တွေကို တားဆီးဖို့ပဲ" ဟု မင်းသမီးက အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် လော့လန်အိမ်တော်အတွင်းသို့ ဝင်ရောက်လိုသော မည်သည့်မြို့စားမဆို အိမ်တော်အတွင်းက လျှို့ဝှက်ချက်များကို တောင့်တနေသည့် ရန်သူဖြစ်သည်မှာ သေချာပါသည်။ ဒီည လော့လန်အိမ်တော် အပြင်ဘက်လမ်းတွေမှာ စိုရွှဲနေမည့် သွေးမြစ်တွေကို စိတ်ကူးကြည့်နိုင်သည်။
စောင့်ရှောက်သူချင်က ပြုံးပြီး ခေါင်းညိတ်ကာ မီးခိုးငွေ့များ လုံးလုံး ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွားခဲ့သည်။
သူမ၏နောက်ကွယ်ရှိ ဗလာလေထုကို အာရုံခံရင်း မင်းသမီးသည် လက်တစ်ဖက်ကို သူမ၏ပခုံးနောက်သို့ ဆန့်ထုတ်လိုက်ပြီး နောက်တစ်ဖက်က အေးခဲပြီး မာကျောသော ကျောက်တုံးတစ်တုံးကို အသာအယာပုတ်လိုက်သည်။
ဒီညမှာဖြစ်ပေါ်လာမည့်အပြောင်းအလဲများက ရှမြို့တော်တခုလုံးအပေါ်သက်ရောက်လာမည်ဖြစ်ပြီး ဘယ်သူမှ ရှောင်လို့ရမည်မဟုတ်ပေ။
…….....................
နန်းတော်အပြင်ဘက်တွင်......
ကျယ်ပြောလှသော စင်္ကြံများမှတဆင့် မီးခိုးနှင့်တူသော အရိပ်တစ်ခု ဖြတ်သွားကာ မမြင်နိုင်လောက်အောင် မြန်ဆန်နေသည်။
ရုတ်တရက် ရေခဲပဲ့တင်ထပ်သံစွမ်းအားများကို ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အပူချိန်များ ကျဆင်းသွားကာ ရေခဲပုံဆောင်ခဲများ ဖြစ်ပေါ်လာသည်။
စင်္ကြံအလယ်တွင် နှင်းခဲများရုတ်တရက် စတင်ဖြစ်ပေါ်လာခြင်းကြောင့် အနီရောင်ဝတ်ဆင်ထားသူ၏အရှိန်နှုန်း နှေးကွေးသွားသည်။
စောင့်ရှောက်သူချင်သည် ဒီအချိန်မှာ ပြုံးမနေနိူင်တော့ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘယ်လောက်တောင်အာဏာရှင်ဆန်လိုက်တဲ့ ရေခဲစွမ်းအားတွေလဲ..... ဘုရင်ခံကျုံး မင်းဒီနှစ်တွေထဲ အောင်မြင်မှုအချို့ရခဲ့တယ်ထင်တယ်....."
အေးစက်သောလေတသုတ်က သူ့မျက်လုံးများရှေ့တွင် စိမ့်ဝင်သွားပြီး နောက်ဆုံးတွင် အနည်းငယ်ပိန်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အသွင်သဏ္ဌာန်ဖြစ်လာသည်။
သူသည် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်ရှည်များကို နောက်ကျောကို ကပ်နေသော ကြာပွတ်တွင် ချည်နှောင်ထားသည်။ သူသည် နှစ်ပေါင်းများစွာ အရေးပါအရာရောက်သည့် ရာထူးကို ချုပ်ကိုင်ထားသူဖြစ်သဖြင့် မျက်နှာထားကလည်း မောက်မာလှသည်။
ထိုသူသည် ကျုံးကျဲ့ဖြစ်ပြီး အကြွင်းမဲ့ သြဇာအာဏာကို ပိုင်ဆိုင်ထားသော ဘုရင်ခံဖြစ်သည်။သူသည် ရှပြည်ထောင်စုအတွင်းရှိ ခရိုင်သုံးခုကို ထိန်းချုပ်နိုင်သူဖြစ်သည်။ သူ့သား ကျုံးထျန်ချွဲ့က မကြာသေးခင်ကပင် ကျန်းချင်းအာ စ်ိန်ခေါ်ခဲ့သူဖြစ်သည်။
"ညက ရှည်လျားပြီး ဒုက္ခတွေ ကြုံလာရလိမ့်မယ်.... မင်းဘာလို့ နန်းတော်က ထွက်သွားမလို့လဲ....မင်း ဘယ်ကို သွားဖို့ စီစဉ်ထားလဲ....."
"ကျုပ် အခုပဲအမိန့်တစ်ခုရထားလို့ အမြန်ထမ်းဆောင်ဖို့သွားနေတာ....ဘာလို့ကျုပ်ကိုလာတားနေတာလဲ ဘုရင်ခံကျုံး....."
"ဟူး....ကျုပ်လည်းအထက်က အမိန့်တွေကြောင့်ပါ......"
"ကိုယ်စားအုပ်ချုပ်သူမှာ လော့လန်အိမ်တော်ရဲ့အိမ်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ်ရှိသလား" ဟု ဖြည်းညှင်းစွာပြောရင်း စောင့်ရှောက်သူချင်၏ မျက်လုံးများ မှိန်ဖျော့သွားလေသည်။
ဘုရင်ခံကျုံးသည် ပြင်းထန်သန်မာသောအင်အားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ တကယ်တော့ သူသည် ဧကရာဇ်၏ အမိန့်ကိုပင် နာခံစရာမလိုခဲ့ပေ။ အခုလို ကိုယ်စားအုပ်ချုပ်သူ အမိန့်ကိုနာခံခြင်းသည် ကိုယ်စားအုပ်ချုပ်သူ၏ဘက်တော်သားဖြစ်နေသည့် အဓိပ္ပါယ်ပင်....
"မင်းနဲ့ ငါ အပြန်အလှန်အထိနာအောင်တိုက်ခိုက်နေစရာမလိုဘူးထင်တယ်.. ဒါကြောင့် ဒီည အရာအားလုံး ပြေလည်သွားတဲ့အထိ မင်းကို ဒီမှာ ဆက်နေဖို့ ဖိတ်ခေါ်ချင်ပါတယ်...အဲဒါ မင်းလက်ခံနိုင်ပါ့မလား....."
"အားနာမိပါရဲ့... ဘုရင်ခံကျုံးရဲ့ ရေခဲစွမ်းအားတွေကိုမြည့်စမ်းကြရတော့မယ့်ပုံပဲ....."
ထိုသို့ပြောပြီးသည်နှင့် တပြိုင်နက် စောင့်ရှောက်သူချင်၏ ခန္ဓာကိုယ်မှ များပြားပြင်းထန်လှသော ပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာပြီး သူ့အောက်မြေပြင်ကိုပင် တုန်လှုပ်သွားစေသည်။ တစ်ချိန်တည်းမှာပင်၊ သဘာဝသစ်ပင်မြက်ပင်များသည် ဘုရင်ခံကျုံး၏နောက်ကွယ်တွင် အဆုံးမရှိ ကြီးထွားလာကာ မရေမတွက်နိုင်သော အနက်ရောင် စပါးအုံးမြွေများကဲ့သို့ ဘုရင်ခံကျုံးဆီရွေ့လျားလာကြသည်။
ဘုရင်ခံကျုံးက ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။
"ဒါဆို မင်းရဲ့ အသွားတစ်သောင်းဝိဉာဉ်မြက်ပင်ပဲ့တင်ထပ်သံက ကျုပ်ရဲ့ ရေခဲပဲ့တင်ထပ်သံကို အနိုင်ယူနိုင်မလားကြည့်ကြသေးတာပေါ့...."
တစ်ချိန်တည်းမှာပဲ ဘုရင်ခံကျုံး၏နောက်ကျောဘက်တွင် အေးခဲနေသောကမ္ဘာငယ်တစ်ခုဖြစ်ပေါ်လာပြီး ၎င်းထဲတွင် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြည်းညှင်းစွာ ကူးခတ်နေတာကို မြင်တွေ့ရသည်။ ထိုသတ္တဝါကြီးက ရေခဲအလွှာထဲကနေ ဟိန်းဟောက်သံများထုတ်လွှတ်နေသည်။
မြို့စားအဆင့်နှစ်ယောက် နန်းတော်အပြင်ဘက်တွင် တိုက်ခိုက်နေကြပြီ..........