မထင်မှတ်ထားသော....
Vol. 47 Ch. 646
ကျင်းချွဲ့အိမ်တော်တွင်......
ခြံဝင်းအတွင်းမှ သီချင်းဆိုကခုန်သံကို ကြားနေရပြီး အိမ်တော်သခင်အဖြစ်သူ စီချင်းသည် လက်ရှိတွင် ထိုင်ခုံပေါ်တွင်ထိုင်ကာ ဖျော်ဖြေမှုကို အားတက်သရေ ကြည့်ရှုနေသည်။
ထို့နောက်တွင်တော့ ခပ်သုတ်သုတ် ခြေသံများ ဆက်တိုက်ကြားလိုက်ရသည်။
"အဖေ၊ လော့လန်အိမ်တော်ရဲ့ အိမ်တော်စုဝေးပွဲ စတင်နေပြီ.... တခြားအိမ်တော်တွေ ဝင်ရှုပ်မှာ စိုးရိမ်ရတယ်... အဖေ ဘာမှမလုပ်ဘူးလား......"
စကားပြောဆိုသူများမှာ စီထျန်းမင်နှင့်စီချိုးယင်း တို့ဖြစ်သည်။ မောင်နှမနှစ်ယောက်၏ မျက်နှာပေါ်တွင် စိုးရိမ်နေသောအရိပ်အယောင်များ ရှိနေသည်။
"ဟုတ်တယ်... ဂျိယန်အိမ်တော်နဲ့ ဒူဇီအိမ်တော်သာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန် အခွင့်ကောင်းယူပြီး လော့လန်အိမ်တော်ကို အနိုင်ယူခဲ့မယ်ဆိုရင် ကျင်းချွဲ့အိမ်တော်ပါ ရောပါသွားနိုင်တယ်..."ဟု စီချိုးယင်းက ကမန်းကတန်း ထပ်ပြောသည်။
စီချင်းသည် ပွဲကြည့်နေတုန်း အနှောက်ယှက်ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားခဲ့ပြီး....
"လော့လန်အိမ်တော်ရဲ့ အခြေအနေက ရှုပ်ထွေးတယ်.... အပေါ်ယံမှာ မြင်နေရသလို မရိုးရှင်းဘူး... ကျင်းချွဲ့အိမ်တော်က လော့လန်အိမ်တော်နဲ့ ဆက်ဆံရေးကောင်းပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပဋိပက္ခမှာ သူတို့ကို ဘယ်လောက်အတိုင်းအတာအထိ ကူညီပေးနိုင်မှာလဲ...."
သူက စီထျန်းမင်ကိုလှည့်ကြည့်ပြီး ....
"မင်း ကျန်းချင်းအာကို အချိန်အကြာကြီးပိုးပန်းခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတယ်မလား...အဲ့တာကြောင့် မင်းကို လူတိုင်းက အလေးမထားတာ မထူးဆန်းတော့ဘူး..... မင်းသာ သူ့ကို အမှန်တကယ် ဖမ်းဆုပ်နိုင်ရင် ကျန်းချင်းအာက ကျင်းချွဲ့အိမ်တော်အဖွဲ့ဝင်ဖြစ်နေလောက်ပြီ..ဒါဆို ကျင်းချွဲ့အိမ်တော်က ဒီကိစ္စကို ဘယ်လိုမှ မကူညီဘဲနေလို့မရတော့ဘူး....."
စီထျန်းမင် ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်။
"ချင်းအာမှာ နတ်ဘုရားမတစ်ပါးလိုဘုန်းတန်ခိုးရှိတယ်....ကျွန်တော်က သူနဲ့ မထိုက်တန်ဘူး......"
"ကျစ်... ကလေးဆန်လိုက်တာ ..."
စီချင်း စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး ရှမြို့တော်၏ အခြားဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။ အတိုချုံးတွေးတောနေရင်း သူ့ရင်ထဲတွင် နားမလည်နိုင်သော အတွေးများက ထင်ဟပ်နေသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ကာ....
"မင်းတို့တွေ အခုထွက်သွားလို့ရပြီ.... ငါ့မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ရှိပြီးသားမို့ ဘာလုပ်ရမလဲဆိုတာ ငါဆုံးဖြတ်မယ်။ ဒီကိစ္စတွေက မင်းတို့ ဝင်ပါလို့ရတဲ့ကိစ္စမဟုတ်ဘူး..... မင်းရဲ့အကျိုးအတွက် ဒီည အိမ်တော်ထဲကနေ ခြေတလှမ်းမှထွက်ဖို့မစဉ်းစားကြနဲ့.... "
သူတို့အဖေရဲ့ အမိန့်ကိုကြားတော့ မောင်နှမနှစ်ယောက်စလုံး စိုးရိမ်တကြီးနဲ့ ထွက်သွားခဲ့ကြရသည်။
နှစ်ယောက်သား ထွက်ခွာသွားတာကို ကြည့်လိုက်ရင်း စီချင်း တခုခုကို သတိရဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"လီတိုင်ရွှမ်..."
……...........
ဒူဇီအိမ်တော်တွင်......
ဒူဇီယန်သည် လက်ရှိတွင် ခြံဝင်းထဲရှိ မဏ္ဍပ်တစ်ခုပေါ်တွင် ထိုင်နေပြီး ရှမြို့တော်၏ညချမ်းအလှကို ရှုစားနေသည်။
"အဖေ၊ လော့လန်အိမ်တော် အတော်လေးအခြေနေဆိုးနေပြီထင်တယ်....ကျွန်တော်တို့ဘယ်တော့လောက်လှုပ်ရှားကြမလဲ .... လော့လန်အိမ်တော် ပျက်စီးသွားရင် ဟိုကောင်လီလော့ ကောလိပ်မှာ အရင်လိုမြောက်ကြွမြောက်ကြွလုပ်နိုင်ဉီးမလား ကြည့်ကြသေးတာပေါ့...."
ဒူဇီပိုင်ရွှမ်းက ဝမ်းသာအားရနဲ့ ပြောနေသော်လည်း တစ်ဖက်တွင်မူ... ဒူဇီဟုန်လျန်က နှုမ်ခမ်းတင်းတင်းစေ့ပြီး အနည်းငယ်စိတ်ရှုပ်နေပုံရသည်။
ဒူဇီယန်ကတော့ ပျော်နေသလား စိတ်ရှုပ်နေသလားခန့်မှန့်လို့မရနိုင်အောင်ပင်တည်ငြိမ်နေသည်။
တစ်ဖက်တွင် ဒူဇီပိုင်ရွှမ်းသည် ...
"အဖေ၊ လော့လန်အိမ်တော်နဲ့ဒူဇီအိမ်တော်ကကမ္ဘာမကြေတဲ့ရန်ဖက်တွေပါ....ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး..... လော့လန်အိမ်တော်ကို ဝါးမျိုချလိုက်တာနဲ့၊ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ သြဇာအာဏာတွေ နောက်ထပ်အဆင့်တစ်ခု ထပ်တိုးလာမှာ သေချာတယ်...အဖေလည်း ဒီလိုနေ့မျိုးရောက်လာဖ်ို့ စောင့်နေတာကြာပြီမဟုတ်လား......!"
ဒူဇီယန်က ဒူဇီဟုန်လျန်ကို လှည့်ကြည့်လိုက်သည်။
"မင်းဘယ်လိုထင်လဲ ဟုန်လျန်....."
သူမစိတ်ထဲက မရေမတွက်နိုင်တဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်ခဲ့သည့် အဆုံးတွင် သူမသည် “မသိဘူး” ဟု သာရိုးရိုးရှင်းရှင်းပြန်ဖြေခဲ့သည်။
ဒူဇီပိုင်ရွှမ်းက အစ်မဖြစ်သူကို အားမလိုအားမရ ဖြစ်နေဟန်နှင့်......
"မမ... ကျန်းချင်းအာက နင့်ကို နှစ်အတော်ကြာအောင် နင်းခဲ့တာနော်.. အခုချိန်က ကလဲ့စားချေဖို့ အကောင်းဆုံးအခွင့်အရေးပဲ"
"ငြိမ်ငြိမ်နေစမ်း" ဒူဇီယန် ဒေါသထွက်နေသောအသံဖြင့် အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ဒူဇီယန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး....
"မင်းတို့နှစ်ယောက်လုံး ဒီည အိမ်ပြင်လုံးဝမထွက်ကြနဲ့..... ဘာပဲဖြစ်လာ ဖြစ်လာ အကျိုးဆက်တွေကို ငါဖြေရှင်းမယ်..... တချို့ကိစ္စတွေက ဒီညမှာတင် ပြီးသွားမှာ....."
သူပြောပြီးသည်နှင့် ခြေတစ်လှမ်းဆုတ်ကာ ကွယ်ပျောက်သွားသည်။
ဒါကိုမြင်တော့ ဒူဇီပိုင်ရွှမ်းက စိတ်လှုပ်ရှားစွာနဲ့ .....
"အဖေ လှုပ်ရှားတော့မယ်....လော့လန်အိမ်တော်မှာ မြို့စားအဆင့် တစ်ယောက်မှ မရှိဘူး..... ဟိုကောင် လီလော့ ဘယ်လိုလွတ်အောင်ပြေးမလဲ ကြည့်ကြသေးတာပေါ့....!"
ဒူဇီဟုန်လျန် စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားသည်။
……........
လော့လန်အိမ်တော်နဲ့ သိပ်မဝေးသော လမ်းပေါ်တွင်......
လော့လန်အိမ်တော် ဌာနချုပ်အနီးရှိ ဧရိယာတစ်ခုလုံးကို ကြိုတင်ရှင်းလင်းထားသည်။ ဆိုင်များအားလုံး ပိတ်ထားရပြီး အနီးအနားတွင် ဘယ်သူမှ မရှိပေ။
ထိုလမ်းပေါ်တွင် စီချင်း ရုတ်တရက်ပေါ်လာခဲ့သည်။
သူသည် နှေးကွေးတည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့ကို လျှောက်လှမ်းလာရင်း ရုတ်တရက်ရပ်တန့်လိုက်သည်။ သူ့အကြည့်တွေက ဆိုင်ရဲ့ဘေးက ကျောက်တုံးကြီးတစ်ခုအပေါ်ကို ရွေ့သွားသည်။ထိုကျောက်တုံးပေါ်တွင် လူတစ်ဦးသည် ဝိုင်ဘူးခွံကို ကိုင်ဆောင်ကာ ထိုင်နေသည်။
စီချင်း အနည်းငယ် ထိတ်လန့်သွားသော်လည်း လမ်းလျှောက်လာရင်း ပြုံးလိုက်သည်။
"ဒူဇီအိမ်တော်သခင်ပဲ.. တိုက်ဆိုင်လိုက်တာဗျာ....!"
ဒူဇီယန်က ဝိုင်အပြည့်ဖြည့်ထားသည့် ခွက်တစ်ခွက်ကို ထုတ်လိုက်ပြီး စီချင်းကို ပေးလိုက်ကာ.... "အိမ်တော်သခင်စီချင်း ဒီအချိန်ကြီး ဒီနေရာမှာရှိနေတာ နည်းနည်းတော့ ထူးဆန်းမနေဘူးလား.... မင်းက လော့လန်အိမ်တော်နဲ့ အကောင်းဆုံး ဆက်ဆံရေးရှိတဲ့ သူတွေ မဟုတ်ဘူးလား...ဘာလဲ.သူတို့ရဲ့ ဌာနချုပ်ကို ဝင်ဖို့ စီစဉ်နေတာလား...."
စီချင်းက မထင်မရှားပြုံးလိုက်ပြီး....
"အိမ်တော်ကြီးနှစ်ခုကြားက ဆက်ဆံရေးကို ရိုးရိုးရှင်းရှင်းသုံးသပ်လို့ဘယ်ရမလဲ....."
ဒူဇီယန်သည် စီချင်းကို အကဲခတ်ရင်း ဝိုင်တငုံမော့သောက်လိုက်သည်။
" အိမ်တော်သခင်စီချင်းက လော့လန်အိမ်တော်ရဲ့လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားနေပုံပဲ.... လော့လန်အိမ်တော်ရဲ့ မျောက်နှစ်ကောင်ကလည်း ဒါကို မထင်မှတ်ဘဲ တွေ့သွားပြီထင်တယ်.... ကျင်းချွဲ့အိမ်တော်ကို သူတို့ရဲ့အရင်းနှီးဆုံးမိတ်ဆွေလို့ အမြဲထင်ခဲ့တာ..... မင်းတို့တွေ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထက် ပိုနီးကပ်လာပေမယ့် ဒါဟာ အဓိပ္ပါယ်မဲ့ ရှေ့ကိုဆက်သွားနေတယ်လို့ မင်းခံစားရနေရပြီမို့ လမ်းကြောင်းပြောင်းလိုက်တော့မယ်ပေါ့...."
စီချင်းက ထိုမေးခွန်းများကိုကြားတော့ ပြုံးလိုက်ပြီး....
"ဒူဇီအိမ်တော်သခင်က ကျူပ်ရဲ့ရွေးချယ်မှုတွေကို လှောင်ပြောင်နေသလိုပဲ..... တရားမျှတအောင်ပြောရရင် ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က အတူတူပဲလေ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှထူးဆန်းမနေဘူး... အပြစ်တင်ရမယ်ဆိုရင် လီတိုင်ရွှမ်ကိုပဲအပြစ်တင်သင့်တယ်....လူတိုင်းတောင့်တနေနဲ့ ဘုရင်အဆင့်ကိုတက်လှမ်းနိုင်တဲ့ရတနာက မြို့စားအဆင့်တွေအားလုံးကို သွေးဆောင်နိုင်တယ်လေဗျာ....အဲ့တော့ ကျုပ်တို့ အတူတူ ပူးပေါင်းကြတာပေါ့...."
ဒူဇီယန်က ဝိုင်ကို ငုံ့သောက်ပြီး ခေါင်းညိတ်လိုက်သည်။
စီချင်းက ဒါကိုကြည့်ရင်း ရယ်မောလိုက်သည်။ သို့သော် ထိုအချိန်တွင် မိုးခြိမ်းသံကို ကြားလိုက်ရသည်။ ချက်ခြင်းပင်၊ အနီးတစ်ဝိုက်တွင် အပူချိန်များ လျင်မြန်စွာ မြင့်တက်လာပြီး မီးနှင့် မိုးကြိုးများ ဖုံးလွှမ်းနေသော သံမဏိလက်သီးချက်သည် ရက်စက်ကြမ်းကြုတ်သော အင်အားများဖြင့် စီချင်းကိုထိမှန်သွားခဲ့သည်။
ရွှေရောင်အလင်းတန်းများသည် စီချင်း ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီးသူ့နောက်တွင် ရွှေစာငှက်တစ်ကောင်၏ အရိပ်အယောင် ပေါ်လာသည်။ ငှက်၏အတောင်ပံများသည် မယုံကြည်နိုင်လောက်သော ချွန်ထက်မှုနှင့်အတူ လက်သီးနှင့် တိုက်ရိုက်ထိသွားသည်။
ဘန်းးးးးးး
တိုက်ခိုက်မှုနှစ်ခု ထိမိတဲ့အခါ ကြောက်မက်ဖွယ်ရာ ပဲ့တင်ထပ်သံစွမ်းအားတွေ ပေါက်ကွဲထွက်လာသော်လည်း လမ်းများနှင့် အိမ်များကို မထိမခိုက်စေခဲ့ပေ။
ထိုအချိန်တွင် စီချင်း၏ အပြုံးများပျောက်ကွယ်သွားပြီး......
"ဒူဇီအိမ်တော်သခင်၊ ခင်ဗျား ဘာလို့ ကျုပ်ကိုတိုက်ခိုက်တာလဲ....."
ဒူဇီယန်၏ အမူအရာက အေးစက်ပြီး တိတ်ဆိတ်နေခဲ့သည်။
"လော့လန်အိမ်တော်ရဲ့ ရတနာတွေအားလုံးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်လွန်းလို့ လောဘကြီးနေတာလား"
စီချင်း၏ အသံသည်လည်း တဖြည်းဖြည်း အေးစိမ့်လာသည်။
ဤသည်မှာ နောက်ဆုံးတွင် တုံ့ပြန်မှုတစ်ခု ဖြစ်လာခဲ့သည်။
"မင်းကို လော့လန်အိမ်တော်မပတ်သတ်ဖို့တားနေတာလို့ပြောရင် ယုံမှာလား....."
စီချင်း အံ့အားသင့်သွားပြီး ....
"မင်း ရူးသွားပြီလား... ဒူဇီအိမ်တော်နဲ့လော့လန်အိမ်တော်တို့က ကမ္ဘာမကြေတဲ့ ရန်ဖက်တွေဆိုတာ လူတိုင်းသိကြတဲ့ အဖြစ်မှန်ပဲ၊ အခု မင်း သူတို့ကို ကာကွယ်ချင်တယ်လို့ ပြောလိုက်တာလား..... အဲဒီနှစ်တွေတစ်လျှောက်လုံး ရန်ပွဲတွေဖြစ်ခဲ့ကြတာ သရုပ်ဆောင်နေတာလား...."
ဒူဇီယန်က.... "သရုပ်ဆောင်နေတာမဟုတ်ဘူး...တကယ်တိုက်ခိုက်ခဲ့ကြတာ......"
"ဒါဆို မင်း ရူးသွားတာလား"
စီချင်း ဘာကိုမှနားမလည်နိူင်တော့ပေ။ထိုအိမ်တော်နှစ်ခုသည် မကြာခဏဆိုသလို ခါးသီးစွာ ရန်ဆောင်ခဲ့ကြပြီး ယခုတော့ ကာကွယ်ပေးဖို့ကြိုးစားနေပြန်သည်။ဘာတွေဖြစ်ကုန်ပြီလဲ......
"ငါမရူးပါဘူး......" ဒူဇီယန်၏ အမူအရာက အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေသည်။
"လီတိုင်ရွှမ်ကို ကတိတခုပေးခဲ့ဖူးတယ်...."
စီချင်း ရူးသွပ်သွားတယ်လို့ ခံစားလိုက်ရပြီး သူ့မျက်လုံးထဲမှာ ဒေါသတွေ လျှံတက်လာသည်။
"မင်း ဒီလောက်သူ့ဆီမှာအရိုက်ခံရတာတောင် မင်းနဲ့ လီတိုင်ရွှမ်က လျှို့ဝှက်သဘောတူထားကြသေးတယ်ပေါ့.. ဒီကောင်က အချိန်ရတိုင်း မင်းကိုလာရိုက်နေကြလေ....ရှပြည်ထောင်စုရဲ့ မြို့စားသမိုင်းမှာ မင်းလောက်အရိုက်ခံရတဲ့မြို့စားမရှိသေးဘူး....အရိုးကွဲအောင်အရိုက်ခံရလို့ ခင်မင်ရင်းနှီးသွားတယ်လို့တော့ လာမပြောနဲ့...သောက်ကျိုးနဲချက်ပဲ......"
အလွန်ယဉ်ကျေးလှသော စီချင်း ပါးစပ်ကနေ အဆီအငေါ်မတည့်သောအသုံးနှုန်းများပြောထွက်လာသည်အထိကို အခြေနေကထူးဆန်းနေသည်။
" ငါတို့ရဲ့ သဘောတူညီချက်က ဘာလဲဆိုတာ မင်းသိလား....လီတိုင်ရွှမ်သာ တိုက်ပွဲမှာငါ့ကို အကြိမ်နှစ်ဆယ်လောက် အနိုင်ယူနိုင်ရင် သူ့ကို ကတိတစ်ခုပေးမယ်လို့သဘောတူထားခဲ့တယ်.. "
ဒူဇီယန်၏ ဖြေရှင်းချက်ကြောင့် စီချင်း လုံးဝ စကားမပြောနိုင်တော့ပေ။ သောက်ကျိုးနဲ ကတိကြီးပါတကား........
"ဒူဇီယန်၊ ငါ့ကိုတားထားရုံနဲ့ လော့လန်အိမ်တော်ကိုကာကွယ်နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား.... ဒါတွေအကုန်လုံးရဲ့နောက်ကွယ်မှာရှိနေတဲ့သူကို မင်း ငါ့ထက် ပိုသိသင့်တယ်"
ဒူဇီယန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့နောက်ကွယ်မှ လေဟာနယ် တုန်ခါသွားသည်။ သူ့နောက်ကျောမှာ မီးနဲ့ မိုးကြိုး ကမ္ဘာတစ်ခု ပေါ်လာသည်။
"တခြားဘာမှ ဂရုစိုက်နေစရာမလိုဘူး... ငါ့ရဲ့ သဘောတူညီချက်က တစ်ခုခုလုပ်ပေးဖို့ပဲ... လော့လန်အိမ်တော်ကို အကာအကွယ်ပေးနိုင်မလားဆိုတာ ငါ့ရဲ့ ပြဿနာမဟုတ်ဘူး....."