ဖေဟောင်၏နောက်ခံ....
Vol. 47 Ch. 650
လော့လန်အိမ်တော်ဌာနချုပ်တွင်......
ပြိုကျနေသော ကျောက်စာတိုင်ကို လှမ်းမြင်နေရသဖြင့် တစ်နေရာလုံး တိတ်ဆိတ်နေသည်။ တစ်ဖက်တွင် အလွန်ငြိမ်သက်နေသော လီလော့သည် စိတ်လှုပ်ရှားနေသော ပုရိတ်သတ်နှင့် လားလားမှမသက်ဆိုင်သလိုပင်.....
တချက်တည်းနှင့် ပွဲသိမ်းသွားမည်ဟု မည်သူမျှထင်မထားခဲ့ပေ။
အထူးသဖြင့်ကောင်းကင်ပုလဲအဆင့် ဖေဟောင်သည် လီလော့၏ ရိုက်ချက်တစ်ချက်ကြောင့် လွင့်ပျံသွားခဲ့ချေပြီ။
ချိုင်ဝေ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူမ ပါးစပ်ကို လက်ဖြင့် အုပ်ထားကာ မျက်လုံးများသည်လည်း ပန်းကန်ပြားကဲ့သို့ပြူးကျယ်ကာ ယန်လင်းချီကို လှည့်ကြည့်နေသည်။
"သခင်လေး ဘယ်လိုများ ဒီလောက်တောင် ရက်စက်ရတာလဲ......."
ယန်လင်းချီက.... "လီလော့ရဲ့ ခွန်အားက အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ရောက်နေပြီထင်တယ်..."
"ဒီပဲ့တင်ထပ်သံစွမ်းအားရဲ့ပင်ကိုယ်သဘာဝက အရမ်းကြောက်စရာကောင်းတယ်... ဒါ သခင်လေးရဲ့ ကိုယ်ပိုင်တင်ထပ်သံ စွမ်းအားမဖြစ်နိုင်ဘူး..... ပြင်ပအကူအညီတစ်မျိုးမျိုး ဖြစ်နိုင်တယ်" ဟု ယွမ်ချင်းက မှတ်ချက်ပြုခဲ့သည်။
ချိုင်ဝေနှင့်ယန်လင်းချီတို့သည် လီလော့ ပြင်ပအကူအညီအချို့ကို အသုံးပြု၍ လှည့်စားသည်ဟု မခံစားခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ ဖေဟောင်သည် လီလော့ကို နှိမ်နင်းရန် သူ၏ သာလွန်ကောင်းမွန်သော ကျင့်ကြံမှုအဆင့်ကို အသုံးပြုလိုခဲ့သည်။ ထုံးစံအတိုင်း၊ အောင်မြင်မှုရရှိရန် အခြားနည်းလမ်းများကို အသုံးပြုခြင်းကို အပြစ်မဆိုသာပေ။ ပြင်ပအကူအညီများကို ထိထိရောက်ရောက် အသုံးချနိုင်တာကလည်း အရည်အချင်းတခုပင်မဟုတ်ပေလော......
ဤသည်မှာ ကောလိပ်ရှိ ကျောင်းသားများကြားက ခင်မင်ရင်းနှီးသော စကားရည်လုပွဲမျိုး မဟုတ်ပေ။
ဤသည်မှာ သေခြင်းတရား၏ တိုက်ပွဲဖြစ်သည်။ ဘယ်နည်းနဲ့မှအလျှော့ပေးနေစရာအကြောင်းမရှိပေ။
ကျန်းချင်းအာသည်လည်း လီလော့ကိုအများနည်းတူ အာရုံစိုက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက ရူးသွပ်တဲ့ စွမ်းအားတွေ တဟုန်ထိုး ထွက်လာတာကို သူမ ခံစားရပြီး ဒါဟာ သူမကိုယ်တွေ့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်......
ရှန့်ပိန်းတွေ့ဆုံပွဲတွင် အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို လီလော့ အနိုင်ယူနိုင်ခဲ့သည့် အကြောင်းရင်းမှာ ဤစွမ်းရည်ကြောင့် ဖြစ်နိုင်သည်။
စွမ်းအင်အသုံးပြုမှုသည် သိသာထင်ရှားသောအကျိုးသက်ရောက်မှုများရှိခဲ့သော်လည်း ယခင်က ၎င်းကိုအသုံးပြုခဲ့စဉ်က ဆိုးရွားစွာထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် လီလော့ ဤစွမ်းအားကို ပေါ့ပေါ့တန်တန် မထိခဲ့ပေ။ တစ်ဖက်တွင်မူ သူသည် ကောင်းကင်ပုလဲအဆင့် ဖေဟောင် ကို ကိုင်တွယ်ရန် ချက်ချင်းအသက်သွင်းလိုက်ပုံရသည်။
နှစ်ယောက်သားကြားက ကွာဟချက် ကြီးမားလွန်းတာကြောင့် မဖြစ်မနေထုတ်သုံးလိုက်ရခြင်းဖြစ်နိုင်သည်။ နတ်ဆိုးနန်းတော်အဆင့်သည် စစ်မှန်သော ကောင်းကင်ပုလဲအဆင့် ရှေ့တွင် ပုရွတ်ဆိတ်သာသာမျှပင်.....
ကျန်းချင်းအာက ကွဲကြေနေသော ကျောက်စာတိုင်ဆီသို့ လှည့်ကြည့်လိုက်သည်။ လီလော့ ၏ တိုက်ခိုက်မှုမှာ မမျှော်လင့်ဘဲ ဖေဟောင်ကို ပြင်းထန်သော ထိခိုက်မှုများ ခံစားစေခဲ့သည်။ သို့တိုင် ဖေဟောင်ကို ချက်ခြင်းသတ်ဖြတ်ဖို့အတွက်တော့ အနည်းငယ် ဝေးသွားပေလိမ့်မည်။
တစ်ဖက်တွင်မူ လီလော့သည် အခြေအနေကို အေးဆေးစွာ ဆက်လက် စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သတိမပြတ်ခဲ့ပေ။
ဝုန်းးးးးးးး
ထိုအချိန်တွင် တိတ်ဆိတ်မှု ပျက်ပြားသွားစေသည့်အသံများထွက်ပေါ်လာသည်။ ဧရာမကျောက်တုံးကြီးတစ်ခုသည် အပျက်အစီးများကြားမှ ထွက်လာပြီး ဒုံးပျံကဲ့သို့ လီလော့ဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။
လီလော့က ထိုကျောက်တုံးကို လက်သီးတစ်ချက်နှင့် ပြိုပျက်စေခဲ့ပြီး ဖေဟောင် ပိတ်မိနေသော အမှိုက်ပုံဆီသို့ စူးစူးစိုက်စိုက် စိုက်ကြည့်နေခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ကြောက်မက်ဖွယ်ရာ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်လာသည်နှင့်အမျှ အပျက်အစီးများသည် တဖြည်းဖြည်း ကွဲကြေကာ ဖုန်မှုန့်များ ပြိုကျလာသည်။
ဝုန်းးးးးးးး
အပျက်အစီးများသည် ချက်ချင်းဆိုသလို ဖုန်မှုန့်များအဖြစ်သို့ ဖြည်းညှင်းစွာ လွင့်မျောသွားကာ ပဲ့တင်ထပ်သံစွမ်းအားထုတ်လွှတ်မှု၏ ပြတ်သားသော သိပ်သည်းဆကြောင့် ရပ်ဆိုင်းသွားသည်။
ဖုန်မှုန့်များကြားမှ လူတစ်ယောက်တစ်လှမ်းချင်းလှမ်းလျှောက်လာသည်။
"အလို!"
ဒီမြင်ကွင်းကြောင့် ဖေဟောင်ကို ထောက်ခံသူများ ချက်ခြင်း ဝမ်းသာသွားကြသည်။
တစ်ဖက်တွင်၊ လီလော့ကိုထောက်ခံသူများကတော့ မျက်မှောင်ကြုံ့နေကြသည်။
ဖေဟောင်သည် လူတိုင်းရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များအားလုံး လွင့်စင်သွားကာ သူ၏ စုတ်ပြတ်နေသော အသွင်အပြင်ကို ပေါ်လွင်စေသည်။
သူ၏ အပေါ်ပိုင်း ၀တ်ရုံများ စုတ်ပြဲနေကာ လီလော့၏ ရက်စက်ကြမ်းကြုတ်သော လက်သီးရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ရင်ဘတ်ပေါ်တွင် မရေမတွက်နိုင်သော အမည်းရောင်မှော်စာလုံးများ ပေါ်လာသည်ကို အားလုံးတွေ့မြင်နေရသည်။ ထိုမှော်စာလုံး တစ်ခုစီသည် ပုရွက်ဆိတ်အရွယ်အစားဖြစ်သော်လည်း ၎င်းတို့သည် အနက်ရောင်ကြိုးများကဲ့သို့ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည်။ အနည်းငယ်မျှသာကြာသောအခါတွင် ဖေဟောင်၏ ခန္ဓာကိုယ်အနှံ့တွင် အနက်ရောင်မှော်စာလုံးများ လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။
"သခင်လေး၊ မင်းက မင်းရဲ့စွမ်းအားကို ကောင်းကောင်းကြီး ဖုံးကွယ်ထားခဲ့တာပဲ......."
"မင်းလည်း သိပ်မဆိုးပါဘူး"
လီလော့က ဖေဟောင်၏ သွေးကြောများတစ်လျှောက် ပျံ့နှံ့နေသော အမည်းရောင် မှော်စာလုံးများကို ဂရုတစိုက်စစ်ဆေးရင်းခြောက်ကပ်စွာ ပြန်ဖြေလိုက်သည်။ ဤထူးဆန်းသောအသွင်အပြင်နှင့်အတူ ဖေဟောင်၏ကိုယ်ခန္ဓာသည် အလွန်ကြောက်စရာကောင်းသည့်အရှိန်ဖြင့် မြင့်တက်နေသော ပဲ့တင်ထပ်သ့စွမ်းအားများကို ထုတ်လွှတ်နေသည်။
ဖေဟောင်၏စွမ်းအားများသည် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ထိရောက်နေသော်လည်း မတန့်သေးဘဲ ဆက်လက်မြင့်တက်နေဆဲပင်.....
ဖေဟောင် ၏ ပဲ့တင်ထပ်သံ စွမ်းအားများ တရိပ်ရိပ် တိုးလာသဖြင့် လီလော့ မျက်မှောင်ကြုတ်လိုက်သည်။ဒါ ချေးငှားထားတာပဲဖြစ်ရမယ်...... ဒါပေမယ့် ဘယ်ကလာတာလဲ...... အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေဆီက ခွန်အားကို ချေးယူခဲ့ပြီး ဒီစွမ်းအင်ကို ငါ့ခန္ဓာကိုယ်လက်ခံနိုင်တဲ့ပုံစံမျိုး ပြောင်းလဲဖို့အတွက် ကျောင်းအုပ်ကြီးရဲ့အကူအညီ လိုအပ်ခဲ့တယ်.... ဒါဆို ဖေဟောင်က ဒီလိုစွမ်းရည်မျိုးကို ဘယ်ကနေ ရနိုင်ခဲ့တာလဲ.......
ထိုအတွေးများကို စဉ်းစားနေစဉ် လီလော့ သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းစဲ့ယွီရှန်းဓားကိုဆင့်ခေါ်လိုက်သည်။
ထို့နောကိ မဆိုင်းမတွ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဖေဟောင်ဆီသို့ ပြေးသွားစဉ် သူ၏ရုပ်သွင် ပျောက်ကွယ်သွားပြီး အနီရောင် ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်လာခဲ့သည်။ သူသည် ဖေဟောင်ကို ရက်စက်ကြမ်းကြုတ်သော စွမ်းအားဖြင့် အဆုံးသတ်ရန်ကြံရွယ်ထားပုံရသည်။
ဝှစ်....
ဖေဟောင်သည် တစ်ချက်လှုပ်ရုံဖြင့် လက်တုံ့ပြန်ခဲ့ပြီး သူ့လက်ထဲတွင်ရှိသော ရွှေဓားကလည်း မရေမတွက်နိုင်သော ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများ တိုက်မိပြီး ရင်ပြင်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အချိန်တိုလေးအတွင်းမှာပဲ နှစ်ဘက်စလုံးက ပြတ်ပြတ်သားသား အောင်နိုင်သူမရှိဘဲ တိုက်ကွက်ဆယ်ကွက်ကျော်လောက် အပြန်အလှန် ထိုးနှက်ခဲ့ကြပေမယ့် ပြဿနာတစ်ခုတော့ ရှိခဲ့သည်။ ဖေဟောင်၏အင်အားက ဆက်လက် တိုးမြင့်နေဆဲပင်.... တိုက်ခိုက်မှုတခုစီတိုင်းတွင် စွမ်းအားနှင့် ရက်စက်မှု နှစ်မျိုးလုံး တိုးပွားလာခဲ့ပြီး ဓားအလင်းတန်းတစ်ခု ဖြတ်သွားတိုင်း ၎င်း၏ စွမ်းအားသည် ယခင်ကထက် တိုးမြင့်လာသည်။ သူ၏နောက်ဆုံးထိုးနှက်ချက်နှင့်အတူ၊ထုတ်လွှတ်လိုက်သော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများသည် အဆင့်နိမ့် ကောင်းကင်ပဲ့တင်သံအဆင့်၏ ကန့်သတ်ချက် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။
သူ့ရဲ့အသက်ရှုသံက ပတ်ဝန်းကျင်က သဘာဝစွမ်းအင်တွေကို လှုပ်လှုပ်ရှားရှား ဖြစ်စေပြီး တစ်ချိန်တည်းမှာပင်၊ မရေမတွက်နိုင်သော ဓားအလင်းများဖြင့် ကောင်းကင်တစ်ခုလုံးကို ရွှေရောင်ပြောင်းသွားစေသည်။
ဤမြင်ကွင်းကြောင့် ယွမ်ချင်း၏အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူကိုယ်တိုင် အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်သံ အဆင့်မှာ ရှိနေပေမယ့် ဖေဟောင်က သူ့ထက် ပိုသန်မာနေသာည်ဟု ခံစားရသည်။
"ဖေဟောင်က သူ့ရဲ့ ခွန်အားတွေ အများကြီး တိုးလာဖို့ ဘယ်လို နည်းလမ်းမျိုး သုံးခဲ့တာလဲ...."
ယွမ်ချင်းနှင့် ကျန်သည့်သူများမှာ လုံးဝ ထိတ်လန့်သွားပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြသည်။
ရင်ပြင်ပေါ်တွင် ဖေဟောင်သည် သူ့ဓားကို လီလော့ဆီသို့ ညွှန်လိုက်ရင်း....
"သခင်လေး... အိမ်တော်သခင်ရာထူးက ငါ့အတွက်ဖြစ်ရမယ်.... မင်းနဲ့ကျန်းချင်းအာတို့နှစ်ယောက်စလုံး ငါ့ပြိုင်ဘက်မဟုတ်ဘူး....."
"ဖေဟောင်... မင်းက ပြင်ပအကူအညီနဲ့စွမ်းအင်ချေးငှားလောက်ရအောင် အာဏာယစ်မူးနေပြီလား.....မောက်မာတဲ့စိတ်ကြောင့် ဘယ်လိုရူးမိုက်တဲ့အရာတွေလုပ်ခဲ့မှန်းသေချာမသိပေမယ့် အရာရာတိုင်းမှာ ထိုက်သင့်တဲ့တန်ကြေးရှိတယ်....."
လီလော့၏ စကားလုံးများကို နားထောင်ရင်း ဖေဟောင်၏ အကြည့်များ အုံ့မှိုင်းလာသည်။ အမှန်တော့ သူပေးဆပ်ထားရသောတန်ဖိုးကလည်း ပေါ့သေးသေးမဟုတ်ခဲ့ပေ။ နှလုံးသား တစ်ဝက်ကို ပေးဆပ်ခဲ့ရပေမယ့် သူပေးခဲ့ရတဲ့ ကြီးကျယ်ခမ်းနားတဲ့ အဖိုးအခကို အမြဲအမှတ်ရနေပါလိမ့်မည်။ ဒီနေ့ ဒီတိုက်ပွဲကို ဘယ်နည်းနှင့်မျှ ရှုံးလို့မဖြစ်ပေ။ အကယ်၍ နှလုံးသားတစ်ဝက်ကိုပေးဆပ်ပြီး မရင်းခဲ့လျှင်ဆုံးရှုံးရမည်က ပို၍တန်ကြေးများနေမည်ဖြစ်သည်။
"ကျန်းချင်းအာကို ရင်ဆိုင်ဖို့ ဒီဝှက်ဖဲကိုပြင်ထားပေမယ့် မင်းဒီလောက်ထိ ခံနိုင်ရည်ရှိမယ်လို့ ထင်မထားခဲ့မိဘူး....."
ဖေဟောင်သည် လီလော့ကို အဆိပ်ပြင်းစွာ စိုက်ကြည့်နေသည်။
"ဒါပေမယ့် စိတ်မပူပါနဲ့.... ငါပေးခဲ့ရတဲ့တန်ဖိုးကို မင်းရဲ့ခန္ဓာကိုယ်နဲ့ ဆယ်ဆပြန်ပေးဆပ်ရလိမ့်မယ်......"
"ရယ်စရာတွေသိပ်မပြောနဲ့."
ဖေဟောင်သည် ဓားအလင်းထုတ်လွှတ်နေသော သူ၏ဓားကို မြှောက်လိုက်ကာ လီလော့ ကို တစ်ဖန် ညွှန်ပြရင်း မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်သည်။
"ဒါဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ငါ ပြင်ဆင်နေတဲ့ လှုပ်ရှားမှုလို့ မင်းတကယ်ထင်လား"
သူပြောပြီးသည်နှင့် ကောင်းကင်တစ်ခုလုံး ရွှေရောင်တောက်ပလာသည်။ စူးစူးရှရှ ဓားသံကို အလင်းထဲတွင် ကြားနေရသည်။ မရေမတွက်နိုင်သော ဓားစွမ်းအင်စီးကြောင်းများ စတင်လောင်ကျွမ်းလာပြီး မကြာမီတွင် ၎င်းတို့သည် ဖေဟောင်၏နောက်တွင် လွင့်မျောနေသော ဧရာမရွှေငှက်ကြီးအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
ဒါကိုမြင်သူတိုင်း ပင့်သက်ရှိုက်မိလိုက်သည်။
"အတွေးတစ်ခုနဲ့သဘာဝစွမ်းအင်တွေကို ရွေ့လျားစေနိုင်တယ်ဆိုတော့... ဒါက အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ပဲ!"