← Chapters

မရဏမြစ်မဟူရာနဂါးအလံတော်၏စွမ်းအား....

Vol. 47 Ch. 653

မရဏမြစ်မဟူရာနဂါးအလံတော်၏စွမ်းအား....

Vol. 47 Ch. 653

လီလော့၏လက်ထဲတွင် ထင်ယောင်ထင်မှားဖြစ်စေသော အနက်ရောင်အလံတော် ပေါ်လာသောအခါ၊ ပရိသတ်အတွင်းရှိ ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိနေသော ကျွမ်းကျင်သူများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့သည် ထိုအလံတော်၏တည်ရှိမှုမှ နားမလည်နိုင်သော ကြောက်ရွံ့မှုတစ်ခု ခံစားရနိုင်သည်။

ရှုထျန်လင်းနှင့်မိုချန်းတို့လည်း မျက်မှောင်ကြုံ့နေကြသည်။

သို့သော် မည်သူမှ မတုံ့ပြန်မီ လီလော့က နဂါးအလံတော်ကိုဝှေ့ယမ်းပြီး စည်းတံဆိပ်ခတ်နှိပ်လိုက်လေသည်။

ထိုတစ်ခုတည်းသော လုပ်ဆောင်ချက်ကြောင့် လေဟာနယ်ကွဲအက်လာပြီး အက်ကွဲကြောင်းမှ ရေများ တဟုန်ထိုး စီးဆင်းထွက်ပေါ်လာကြသည်။ တခဏအတွင်းမှာပင် ကောင်းကင်ပေါ်တွင် အနက်ရောင်ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အနက်ရောင်ပင်လယ်ထဲတွင် မုန်တိုင်းထန်သောပင်လယ်နှင့်တူသော လှိုင်းလုံးများဖြင့် လှုပ်ခတ်နေသည်။ ထိုအချိန်တွင် ကျယ်လောင်ပြင်းထန်သော ဟိန်းဟောက်သံများ ကွင်းပြင်တစ်ဝိုက်တွင် ပဲ့တင်ထပ်နေသည်။

ဒါက ပရိသတ်ကို ချက်ချင်း အံ့အားသင့်စေခဲ့သည်။

အနက်ရောင်ပင်လယ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသော နဂါးတစ်ကောင်ကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ ခေါင်းမှအမြီးအထိ မဟူရာသတ္တုချပ်ဝတ် ဝတ်ဆင်ထားသလို တောက်ပသောအကြွေးခွံများဖုံးလွှမ်းနေသည့် မဟူရာနဂါးကြီးတစ်ကောင်ပင်........

တစ်ချိန်တည်းမှာပင် လူတိုင်းသည် ၎င်း၏တည်ရှိမှုမှ လျှို့ဝှက်ဆန်းကြယ်သော ဖိအားများကြောင့် အသက်ရှူရခက်ခဲနေကြသည်။

ရင်ပြင်ရှိလူတိုင်းသည် ထင်ရှားပေါ်လွင်နေသော နဂါးနက်ကြီးကို စိုက်ကြည့်နေကြသည်။ ထိုနဂါးကြီးက အားလုံးကို မထီမဲ့မြင်ဟန်ဖြင့် ငုံ့ကြည့်နေ၏။

လီလော့ တကယ့်နဂါးတစ်ကောင်ကို ဆင့်ခေါ်နိုင်သည်ဟုပင် ထင်မိပေမည်။ သို့သော် ဤအရာသည် သက်ရှိသတ္တဝါမဟုတ်ကြောင်း သူတို့သိသည်။ ထွက်ပေါ်နေသော အော်ရာများကြောင့်သာ ကျင့်စဉ်သုံး၍ဖန်တီးထားကြောင်း သိနိုင်ခဲ့သည်။

ဘယ်လို ပဲ့တင်ထပ်သံကျင့်စဉ်မျိုးက ဒီလောက်အတိုင်းအတာအထိ အစွမ်းထက်နေတာလဲ.........

လူတိုင်းရဲ့နှလုံးသားထဲတွင် ထိုအတွေးတစ်ခုသာ ရှိနေခဲ့သည်။

နတ်ဆိုးနန်းတော်အဆင့်လောက်နဲ့တော့ လီလော့ ဒီလိုကျင့်စဉ်ကို တီထွင်နိုင်ခဲ့မယ်မထင်ဘူး......

“ဒါက…”

နဂါးနက်ကို ကြောင်တက်တက် စိုက်ကြည့်ရင်း မိုချန်၏နှုတ်ခမ်းများပင်ခြောက်သွေ့သွားခဲ့သည်။

"ဒါ... ဒါ....မြို့စားအဆင့်ကျင့်စဉ်လား?!"

ရှုထျန်လင်း၏ မျက်လုံးထောင့်များ အထိန်းအကွပ်မဲ့ လှုပ်ယမ်းသွားသည်။ သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေတာကြောင့် မိုချန်ကို ပြောနေသည့်စကားများကိုပင်မကြားတော့ပေ။ မြို့စားအဆင့်ကျင့်စဉ်မှလွဲ၍ ထိုကဲ့သို့သော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို အဘယ်အရာကများ ပိုင်ဆိုင်နိုင်မည်နည်း။

.ဒါက လက်လှမ်းမီဖို့ ခက်ခဲတဲ့ မြို့စားအဆင့်ကျင့်စဉ်ပဲ.........လီလော့ ဘယ်လို သင်ယူခဲ့တာလဲ.............

ဘိုးဘေးနှစ်ပါးတောင် အတော်ထိတ်လန့်နေလျှင် ဖေဟောင့်ကို ပံ့ပိုးပေးသော အကြီးအကဲများကတော့ဆိုဖွယ်ရာမရှိတော့ပေ။ သူတို့၏ အသားအရေများ ပြာနှမ်းကာ ခန္ဓာကိုယ်များသည် ၎င်းတို့အပေါ်ကျရောက်နေသော ကြီးမားသော ဖိအားကြောင့် ထိန်းမနိုင်သိမ်းမရ တုန်ရီနေကြသည်။ ကံကောင်းစွာနဲ့ပဲ အားတင်းတောင့်ခံနေကြရသည်။ မဟုတ်ရင် မြေကြီးပေါ်မှာ လူးလိမ့်ပြီး ပါးစပ်ထဲကနေ သွေးပွက်ပွက်အန်နေလောက်ပြီ။

တစ်ဖက်လူတွေ လုံးဝ ထိတ်လန့်သွားသော်လည်း ယွမ်ချင်းနှင့်လီလော့ ဘက်တော်သားများကတော့ အံ့အားသင့်စွာ မှင်သက်နေကြသည်။

ယွမ်ချင်းက.... "ဒါ..မြို့စားအဆင့်ကျင့်စဉ်ပဲ.... သခင်လေး ဒါကို သင်ယူနိုင်တယ်ပေါ့.... သူက တကယ်ကို မျိုးဆက်သစ်လူငယ်တွေကြားထဲက ပါရမီရှင်တစ်ယောက်ပဲ.... လော့လန်အိမ်တော်ဒီ့ထက်မကတောက်ပလာတော့မှာသေချာတယ်....."

လဲ့ကျန်း နှင့် အခြားသောအကြီးအကဲများက ထိုစကားကို ခေါင်းညိတ် သဘောတူလိုက်ကြသည်။ မြို့စားအဆင့်ကျင့်စဉ်များသည် လေ့ကျင့်သင်ယူရန် အလွန်ခက်ခဲပြီး လိုအပ်ချက်လည်းများပြားလွန်းလှသည်။

ထို့ကြောင့်၊ လီလော့သည် နတ်ဆိုးနန်းတော် အဆင့်ဖြင့် ယ၎င်းကိုအောင်မြင်စွာသင်ယူနိုင်ခြင်းသည် အမှန်တကယ်ပင် အံ့ဖွယ်တစ်ပါးဖြစ်ကြောင်းယုံကြည်ခဲ့ကြသည်။

တစ်ဖက်တွင်မူ ချိုင်ဝေကတော့ မြို့စားအဆင့်ကျင့်စဉ်၏ သက်ရောက်မှုများကို နက်နဲစွာ နားလည်ခြင်းမရှိပေ။ သို့သော် ယွမ်ချင်းနှင့်အခြားသူများ၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ခြင်းဖြင့် ဤအောင်မြင်မှုသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သူမ နားလည်နိုင်ခဲ့သည်။ အခုမှာသာ တင်းကြပ်မှုများအနည်းငယ်ပြေပျောက်နိုင်ခဲ့ပြီ......

"မယုံနိုင်စရာပဲ.... !"

ယန်လင်းချီလည်း အခုမှသာ သက်ပြင်းချနိုင်တော့သည်။

အဖွဲ့ထဲတွင် ကျန်းချင်းအာတစ်ဉီးတည်းသာ ငြိမ်သက်နေခဲ့သည်။ လီလော့သည် ကောလိပ်တွင် မြို့စားအဆင့်ကျင့်စဉ်ကို သင်ယူလေ့ကျင့်ရန် အချိန်များစွာ ကုန်ဆုံးခဲ့ကြောင်း သူမ ကြိုသိထားပြီးဖြစ်သည်။ လီလော့က နောက်ဆုံးရလဒ်ကို တစ်ခါမှ မပြောခဲ့သလို၊ သူမကလည်း မေးမြန်းခဲ့ခြင်းမရှိပေ။အခုမြင်နေရသည့်အတိုင်းဆို အောင်မြင်ခဲ့သည်မှာ ထင်ရှားနေပြီ။

သူမ ပြုံးလိုက်ပြီး.....“ဒီကောင်စုတ်လေးပ တော်တော်ကို အထင်ကြီးစရာကောင်းသားပဲ.....”

နဂါးနက်ပေါ်လာပြီးသည်နှင့်၊ လီလော့သည် သူ၏ခန္ဓာကိုယ်ထိန်းချုပ်မှုအားလုံးကို ဆုံးရှုံးသွားပုံရပြီး ကောင်းကင်ဝံပုလွေထံမှ ချေးယူထားသော ခွန်အားအားလုံး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကာ မြို့စားအဆင့်ကျင့်စဉ်၏ အသက်ဝင်လာခြင်းကြောင့် လုံးဝစုပ်ယူခံလိုက်ရသည်။

မြို့စားအဆင့်ကျင့်စဉ်၏ စွမ်းပကားက အလွန်ကြောက်စရာကောင်းလှသည်။

စွမ်းအားအလွန်အကျွံသုံးစွဲရသော်လည်း ပေးရသည့်တန်ဖိုးနှင့်ထိုက်တန်သောရလဒ်ကိုပေးစွမ်းနိုင်သည်။

လီလော့ ခေါင်းမော့ကြည့်လိုက်တော့ ဧရာမရွှေဓားကြီးက သူ့အပေါ်ကို ကျဆင်းလာနေပြီ။ သို့သော် သူ့မျက်လုံးများတွင် ထိတ်လန့်မှု မရှိခဲ့ပေ။ အဲဒီအစား သူက လက်ညိုးကို အသာအယာ ဆန့်ထုတ်လိုက်သည်။

ဝေါင်းးးးးးးး

ကောင်းကင်နှင့်မြေကြီးကို ဖြတ်၍ မြည်ဟည်းနေသော ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်လာသည်။

မဟူရာနဂါးကြီးသည် လီလော့လက်ညိုးညွှန်သည့်အတိုင် ပင်လယ်ထဲကနေ ပျံတက်လာပြီး ဧရာမရွှေဓားကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ဘာသံမှမထွက်ပေါ်လာသော်လည်း မရဏမြစ်နှင့် မဟူရာနဂါးတို့က ဓားစွမ်းအင်များကိုအသာအယာဝါးမြိုချေဖျက်ချေပြီ။

လေထဲတွင်ရပ်နေသည့် ဖေဟောင်ဟာ ဒေါသနှင့် အံ့အားသင့်မှုတို့ကြောင့် လုံးလုံး တုန်လှုပ်သွားခဲ့သည်။

မဟူရာနဂါးကြီးက ဖေဟောင်၏ အပြင်းထန်ဆုံး ရွှေဓားကို ချေမှုန်းလိုက်ချေပြီ၏

မြို့စားအဆင့်ကျင့်စဉ်၏ စွမ်းပကားက အပြောသက်သက်မဟုတ်ခဲ့ပေ။

ရွှေဓား ပြိုကွဲသွားသောလည်း မဟူရာနဂါး ပျောက်ကွယ်မသွားပေ။ ယင်းအစား၊ ဖေဟောင်၏အသက်ကိုပိုင်ဆိုင်ထားသကဲ့သို့အေးစက်စွာငုံ့ကြည့်နေပြီး ၎င်း၏တည်ရှိမှုကိုဆက်လက်ထိန်းသိမ်းထားရန် သဘာဝစွမ်းအင်များကိုဆက်လက်စုပ်ယူနေသည်။

၎င်းသည် သမားရိုးကျပဲ့တင်ထပ်သံကျင့်စဉ်နှင့် နှိုင်းယှဉ်ပါက မြို့စားအဆင့်ကျင့်စဉ်၏ သာလွန်ကောင်းမွန်မှုဖြစ်သည်။

မဟူရာနဂါးကြီးက ဖေဟောင်ဆီသို့ တဟုန်ထိုး ရွေ့လျားလာနေပြီး ဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင်အရာရာကိုချေမှုန်းဖျက်စီးခဲ့သည်။

သူ့ရှေ့တွင် ပြေးလွှားနေသော နဂါးကြီးကို စိုက်ကြည့်ရင်း၊ ဖေဟောင် အရိုးထဲစိမ့်အောင်ကြောက်လန့်နေသည်။ မဟူရာနဂါး၏ စွမ်းအားသည် တုနှိုင်းမယှဉ်နိုင်ဘဲ ချဉ်းကပ်နိုင်လျှင်တောင် ရင်ဆိုင်ဖို့ခက်ခဲလိမ့်မည်။ ရလဒ်ကတော့ ပြင်းထန်စွာ ဆုတ်ခွာခြင်းတစ်ခုအပြင်ရွေးချယ်စရာမရှိတော့ပေ။

ထိုအခိုက်အတန့်တွင် အဆုံးသတ်ကိုမြင်နေရပြီဟု ထင်လိုက်သည်။ နဂါးမျက်လုံးများထဲမှ အလင်းတန်းများက သူ၏ သနားစရာကောင်းသော ထွက်ပြေးရန် ကြိုးစားမှုကို လှောင်ပြောင်နေပုံရသည်။

နဂါးကြီးက ကြီးမားသောပါးစပ်ကိုဖွင့်ကာ အနက်ရောင်အငွေ့များကို မှုတ်ထုတ်လိုက်လေသည်။

ထိုအငွေ့များက လေဟာနယ်အတွင်း တိုက်ရိုက်ပျော်ဝင်သွားပြီး အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာသော မရေမတွက်နိုင်သော အနက်ရောင် အလင်းတန်းများအဖြစ်အသွင်ပြောင်းသွားကာ ဖေဟောင်ကို ထိမှန်ခဲ့လေသည်။ မသိခင်မှာပဲ သူ့တစ်ကိုယ်လုံး စူးစူးရှရှ နာကျင်လာသည်။

ထိုအချိန်တွင် ပရိသတ်ထံမှ ကျယ်လောင်သော အော်ဟစ်သံများ ကြားလိုက်ရသည်။

ခက်ခက်ခဲခဲဖြင့် ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရန် ခေါင်းငုံ့လိုက်တော့ သူမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။အနက်ရောင်အလင်းတန်းများ သူ့ခန္ဓာကိုယ်ထဲသို့သို့ စိမ့်ဝင်သွားပြီး သူ၏ အရေးကြီးသောကိုယ်တွင်းအင်္ဂါများအားလုံးကို အနက်ရောင်အကြွင်းအကျန်များဖြစ်ကုန်သည်အထိ တိုက်စားသွားခဲ့သည်။

ဖေဟောင်သည် သူ၏ ကြေကွဲဖွယ်အခြေအနေကို ထိန်းထားရင်း ကြက်သေသေနေခဲ့သည်။

သူ၏စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

"ငါ...... ငါရှုံးသွားတာလား"

သူသည် ရင်ပြင် တစ်ဖက်ခြမ်းတွင်ရပ်နေသော လူငယ်လေးကို လှည့်ကြည့်လိုက်သည်။

"ဘယ်လို..ဘယ်လိုဖြစ်နိုင်မှာလဲ... . ငါ... ငါအကြာကြီး ပြင်ဆင်ထားခဲ့တာတောင် ရှုံးခဲ့ရပြီလား......"

"မတရာဘူး! မတရားဘူး!..လက်မခံနိုင်ဘူး...-"

ဖေဟောင် ၏မျက်လုံးများ အလင်းရောင်မှိန်ဖျော့သွားပြီး သူ့ခန္ဓာကိုယ်သည် ပရိသတ်ရှေ့မှောက်မှာပင် ကောင်းကင်မှ ပြုတ်ကျလာသည်။

လော့လန်အိမ်တော်၏ ဌာနချုပ်တစ်ခုလုံး တိတ်ဆိတ်နေပြီး အရှိန်ပြင်းစွာပြုတ်ကျလာသံတစ်ခုသာပဲ့တင်ထပ်နေခဲ့သည်။

ဒုန်းးးးးးး

All Chapters