တစ်ကိုယ်တည်းရပ်ခြင်း… ထာဝရသူရဲကောင်းများ(ဂ)
Vol. 47 Ch. 708
သူတို့၏ မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်ခြင်း၊ ကောင်းချီးပေးခြင်း၊ စိတ်သက်သာရာရခြင်းတို့ ရှိသည်။ သို့သော်လည်း နောင်တဟူ၍ သူတို့၏ မျက်နှာပေါ်တွင် လုံးဝမရှိပေ။
“ ငါ့မှာဓားရှိတယ် ”
ရုံးတော်သခင်သည် ခေါင်းမော့လိုက်သည်။ သိန်းပေါင်းများစွာသော ဓားအလင်းများသည် သူ၏ လက်ထဲတွင် စုဝေးသွားပြီး သူ၏ အင်ပါယာဓားဖြင့် ပေါင်းစည်းသွားသည်။ ဓားအလင်းသည် လွန်စွာမှ ထွန်းလင်းတောက်ပလေရာ ကောင်းကင်ပေါ်မှ အအေးဓာတ်သည်ပင် ၎င်းကို ရှောင်ရှားရမည့်ဟန် ရသည်။
ဓားသည် ကောင်းကင်ကို လှုပ်ခါစေသည်။ အသံသည် အချိန်ကာလကို ဖြတ်ကျော်သွားပြီး ပဲ့တင်ထပ်သွားသည်။
“ ငါ့မွေးရပ်မြေကို ငါ့လက်နဲ့ကာကွယ်မယ် ”
ရုံးတော်သခင်သည် စကားဆုံးသည်နှင့် ဓားကို ဆွဲထုတ်လိုက်ပြီး ဝိညာဉ်နီပြည့်ရှင်နှင့် လမြူခိုးပြည့်ရှင်ထံသို့ ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်နှင့်အတူ မြေကြီးသည် လှုပ်ခါလာပြီး ကောင်းကင်သည် တုန်ခါလာသည်။
ထိုဓားချက်နှင့်အတူ နတ်ဘုရားလက်နက်သည် ၎င်း၏ အလင်းကို ဆုံးရှုံးသွားပြီး အလွန်ပြင်းထန်သော အအေးဓာတ်သည် တားဆီးခံလိုက်ရသည်။
ပြည့်အရှင်နှစ်ပါးသည် မြင်သာစွာ လှုပ်ရှားလိုက်ကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြသည်။ သိန်းပေါင်းများစွာသော ဓားအလင်းသည် ဤကမ္ဘာ၏ တစ်ခုတည်းသော အလင်းရောင်ဖြစ်လာသည်။ သူတို့သည် ကောင်းကင်ဘုံတာအိုကို သယ်ဆောင်ပြီး နိယာမများသို့ ပြောင်းလဲသွားကာ နတ်ဆိုးအတွေးများနှင့် ကျူးကျော်ဝင်ရောက်မှုကို ခြေမှုန်းပစ်လိုက်သည်။
ဝိညာဉ်နီပြည့်ရှင်သည် ကပျာကယာ အနောက်ဆုတ်သွားပြီး ဓားချက်ကို တားဆီးရန် အနီရောင်ငှက်ရထားလုံးကို ထုတ်လိုက်သည်။
ရက်စက်ကြမ်းကြုတ်သော ဓားချီသည် ငှက်သားရဲ၏ နဖူးကို ပိုင်းဖြတ်သွားသည်။
ငှက်သားရဲသည် နှစ်ပိုင်းကွဲထွက်သွားသည်။
ဝိညာဉ်နီပြည့်ရှင်၏ မျက်နှာပေါ်တွင် ခြောက်ခြားမှုဖြင့် ပြည့်နှက်နေသည်။ မဟာလောကသည် ထွက်ပေါ်လာပြီး အင်ပါယာဓားကို တားဆီးလိုက်သည်။ နားကွဲစေမည့် ပေါက်ကွဲသံကြီး မြည်ထွက်လာသည့်အခါ မဟာလောကသည် ထပ်ခါထပ်ခါ ဝေဝါးလာပြီး နောက်ဆုံးမှာတော့ ပြိုလဲပျက်စီးသွားသည်။
ဝိညာဉ်နီပြည့်ရှင်သည် သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ ကျင့်ကြံခြင်းသည် ကျဆင်းသွားသည်။ ထိတ်လန့်မှုနှင့် ဒေါသကြားတွင် ဓားအလင်းသည် သူ၏ နဖူးကို ပိုင်းဖြတ်သွားသည်။
လမြူခိုးပြည့်ရှင်သည် ဝိညာဉ်နီပြည့်ရှင်ကို ကူညီရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်ပြိုလဲပျက်စီးခြင်းကို ကာကွယ်မပေးနိုင်ခဲ့ပေ။ သူ၏ ဝိညာဉ်ကိုသာလျှင် ကာကွယ်ပေးနိုင်ခဲ့သည်။ ဝိညာဉ်နီပြည့်ရှင်၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရသည်။
သူ၏ ဧကရာဇ်ဝတ်ရုံသည် အပိုင်းပိုင်းဆုတ်ပြဲသွားပြီး ဧကရာဇ်သရဖူသည် နှစ်ပိုင်းပြတ်တောက်သွားသည်။ ပုတီးစေ့ဇာမျက်နှာအကာသည် နေရာအနှံ့သို့ လွင့်စင်သွားပြီး သူသည် ကြောက်လန့်တကြား အနောက်ဆုတ်သွားသည်။
နောက်ဆုံးမှာတော့ ဓား၏ အံ့မခန်းအစွမ်းသည် လွင့်ပြယ်သွားသည်။
ကောင်းကင်သည် တဖန်ကြည်လင်လာပြီး မြေပြင်သည် ငြိမ်သက်သွားသည်။
ရုံးတော်သခင်သည် တစ်ကိုယ်တည်း ရပ်နေသည်။ သူ၏ လက်ထဲတွင် ဓားမရှိတော့ပေ။ သွေးမိုးရွာချလိုက်သည့်နှယ် သွေးသည် သူ၏ ပါးစပ်ထဲမှ ဝေါခနဲ အန်ထွက်လာသည်။
သို့သော်လည်း သွေးမိုးသည် မြေပြင်ပေါ်သို့ မကျသွားခဲ့ပေ။ ဓားအလင်းလွင့်ပြယ်သွားသည့်အခါ အစွန်းရောက် အအေးဓာတ်သည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ ထပ်မံပေါ်ထွက်လာပြန်သည်။ ဖျက်ဆီးခြင်းအငွေ့အသက်ပါသော အအေးလှိုင်းသည် ဝဲကတော့ထဲမှ တိုးထွက်လာပြီး အပြင်သို့ တိုက်ခတ်သွားသည်။
အအေးလှိုင်းဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို ကမ္ဘာသည် နတ္ထိအေးခဲသွားပြီး ဟောင်းလောင်းပေါက်များသည် ထိုနတ္ထိကမ္ဘာထဲတွင် ပေါ်ထွက်လာကြသည်။
ဖုန်းဟိုင်ဒေသငယ်တည်ဆောက်ခဲ့စဉ်က နန်းမြို့တော်၏ ဓားကိုင်ရုံးချုပ်က ပေးအပ်နှင်းခဲ့သော တာအိုခေါင်းလောင်းသည် နောက်ဆုံးအကြိမ်အဖြစ် ခေါင်းလောင်းသံကို မြည်ဟိန်းလိုက်သည်။
ထို့နောက် တာအိုခေါင်းလောင်းသည် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
ကောင်းကင်နက်မျိုးနွယ်၏ ဒေသစစ်လက်နက်ထက်ဝက်ကျော်သည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ အရာအားလုံးကို ခြေမွဖျက်ဆီးပစ်တော့မည့် အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာနေသည်။
မင်ရည်ပမာ အမှောင်ထုထဲမှ အဆုံးမဲ့သော မကောင်းဆိုးဝါးစိတ်ဆန္ဒကို ထုတ်လွှတ်နေလေရာ ကောင်းကင်သည် မည်းမှောင်သွားသည်။
ထက်ရှသော ပုဆိန်သွားလှံရှည်၏ ကိုယ်ထည်သည် အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်မှုဖြင့် ကမ္ဘာမြေပေါ်သို့ ထိုးစိုက်လာသည်။
ဖုန်းဟိုင်ဒေသငယ်၏ တားမြစ်ပိုက်ကွန်သည် ပုံပျက်တွန့်လိမ်လာ၏။ ဖုန်းဟိုင်ဒေသငယ်အတွင်းရှိ တားမြစ်ဓမ္မရတနာအမျိုးမျိုးမှ ပြောင်းလဲထားသော လက်နက်ဝိညာဉ်များသည် နာကျင်ဖွယ် အော်ဟစ်ညည်းတွားလိုက်ကြသည်။ အရေအတွက်များပြားသော လက်နက်ဝိညာဉ်များသည် သေဆုံးသွားကြသည်။
ပိုက်ကွန်သည် ပြိုလဲပျက်စီးခါနီး အခြေအနေသို့ ကျရောက်နေ၏။
လမြူခိုးပြည့်ရှင်သည် ပေတစ်ထောင်အဝေးသို့ ဆုတ်သွားရသည်။ သူ၏ အမူအရာသည် ဘိုသီဘတ်သီဖြစ်နေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်တော့သည်။ အရေအတွက်များပြားသော အသားချည်မျှင်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အတူတကွ ရစ်ပတ်သွားကြကာ ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်တည်ဆောက်ပေးနေသည်။ သူက ရုံးတော်သခင်၏ ပုံရိပ်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်သည်။
“ ခုန်းလျှန်ရှို့ မင်းမှာ ဓားထပ်ရှိသေးလား ”
သူ၏ ဘေးတွင် ဝိညာဉ်တစ်ခု မျောလွင့်နေသည်။ ယင်းသည် ခန္ဓာကိုယ်လုံးဝပြိုလဲပျက်စီးသွား၍ ပြန်မဖွဲ့စည်းနိုင်သော ဝိညာဉ်နီပြည့်ရှင် ဖြစ်သည်။ သူ၏ နတ်ဝိညာဉ်သည်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ တခြားပုံမှန်ဝိညာဉ်အရိပ်နှင့် မတူဘဲ သူ၏ ဝိညာဉ်ကို မရေမတွက်နိုင်သော ချည်မျှင်အနီများက ဖုံးလွှမ်းထားကြပြီး သူ၏ ဝိညာဉ်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်နေကြသည်။ ချည်မျှင်အနီများက သူ၏ ဝိညာဉ်ကို အသိုက်တစ်ခုပုံစံ ရစ်ပတ်နေခြင်း ဖြစ်သည်။ ယင်းတို့က သူ၏ ဝိညာဉ်ကို အကာအကွယ်ပေးနေရင်း အထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး ဝိညာဉ်ကို ချည်နှောင်နေခြင်း ဖြစ်သည်။
ဤသည်မှာ ကောင်းကင်နက်မျိုးနွယ်၏ အတတ်ပညာဖြစ်ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကံတရားဖြစ်သည်။
ယင်းသည် သူ၏ ဝိညာဉ်ကို အားဖြည့်ပေးနိုင်ပြီး အပြင်လောကမှ မည်သည့်အရာမှ ကျူးကျော်ဝင်မလာနိုင်ရန် အလွန်အားကောင်းသော ကာကွယ်မှုကို ပေးသည်။
ဤအခိုက်အတန့်မှာ သူက ရုံးတော်သခင်ကို ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောသည်။
“ မင်းရဲ့ဓားအစွမ်းက ငါ့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တယ်… ငါ့ရဲ့မဟာလောကကို အက်ကွဲစေပြီး ငါ့ရဲ့တာအိုအုတ်မြစ်ကို ကျိုးပျက်စေတယ်… လမြူခိုးရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို ဖျက်ဆီးပစ်ပြီး သူ့ရဲ့ဝိညာဉ်ကို လှုပ်ခါစေတယ်… ခုန်းလျှန်ရှို့ မင်းက တကယ်ပဲ အစွမ်းအစရှိတယ် ”
ရုံးတော်သခင်၏ မျက်လုံးထဲတွင် နောင်တရသောအကြည့် ထွက်ပေါ်လာပြီး နှာခေါင်းရှုံ့လိုက်သည်။
သူက ပြုံးလိုက်သည့်အခါ သူ၏ မျက်နှာပေါ်တွင် အက်ကွဲရာများထွက်ပေါ်လာသည်။ ထို့နောက် အက်ကွဲရာများသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ စစ်ချပ်ဝတ်ပေါ်မှ အက်ကွဲရာများသည် ထိုထက်ပင် ပို၍များပြားသည်။
ထိုအရာကို သူက ဂရုမစိုက်သလို လမြူခိုးပြည့်ရှင်၏ စကားကိုလည်း မတုံ့ပြန်ခဲ့ပေ။ သူက အနောက်လှည့်လိုက်ပြီး ပြိုကွဲနေသော ပိုက်ကွန်ကြီးဆီသို့ လျှောက်သွားသည်။ သူသည် တစ်လှမ်းချင်းလျှောက်နေရင်း သူ၏ ခန္ဓာကိုယ်သည် ရှည်လျားလာသည်။
သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးထွားလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည် သူ၏ အရွယ်အစားကို မတောင့်ခံနိုင်သောကြောင့် သူတို့ဘာသာ အလိုအလျောက် အက်ကွဲသွားကြသည်။ စစ်ချပ်ဝတ်အပိုင်းအစများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆက်လက် ပြုတ်ကျသွားကြသည်။
သူ၏ ခြေတစ်လှမ်းတိုင်း စစ်ချပ်ဝတ်အပိုင်းတစ်ခု ပြုတ်ကျသွားသည်။
သူသည် စစ်မြေပြင်ကို ဖြတ်လျှောက်သွားပြီး နောက်ဆုံးမှာတော့ ပြိုလဲပျက်စီးနေသော ပိုက်ကွန်ကြီးဆီသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ပေတစ်သိန်းကျော် ရှည်လျားနေပြီ ဖြစ်သည်။ သူ၏ အကြည့်သည် သူ့အရှေ့မှ ပိုက်ကွန်အပျက်ကို ဖြတ်ကျော်သွားပြီး ဤနေရာမှ (၅၀)ကီလိုမီတာဝေးကွာသော လူသားစစ်တပ်ထံသို့ ကျရောက်သွားသည်။
“ ရုံးတော်သခင်… ”
လူသားစစ်တပ်သည် စိတ်မကောင်းဖြစ်စွာ အော်ငိုလိုက်ကြသည်။
ခုန်းရှန်းလုံသည် တည်ငြိမ်စွာ ဆက်လက်မရပ်နိုင်တော့ပေ။ ရွှီချင်းသည် သူ့ကို တွဲကူပေးလိုက်သည်။ သူ၏ မျက်လုံးသည် နီရဲနေသည်။ သူသည် စောစောက အဖြစ်အပျက်ကို ရှင်းလင်းစွာ မမြင်တွေ့ခဲ့သော်လည်း အကြမ်းဖျင်းခန့်မှန်းမှုကို ပြုလုပ်နိုင်သေးသည်။
တခြားလူများသည်လည်း အတူတူပင် ဖြစ်သည်။
ရေခဲပိုက်ကွန်၏ အပြင်ဘက်တွင် ရုံးတော်သခင်သည် အားလုံးကို စိုက်ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ မသေတဲ့လူ ဘယ်သူရှိလို့လဲ… ဘာလို့ ကလေးလိုငိုနေကြတာလဲ… မင်းတို့အားလုံး သေချာမတ်မတ်ရပ်စမ်း ”
လူသားစစ်တပ်သည် ချက်ချင်း မတ်မတ်ရပ်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ မျက်နှာပေါ်မှ ဝမ်းနည်းပူဆွေးသော အမူအရာသည် မပျောက်ကွယ်သွားခဲ့ပေ။
သူ၏ ကလေးအုပ်စုကို ကြည့်ပြီးနောက် ရုံးတော်သခင်သည် ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်သည် စစ်တပ်ထဲမှ လူအားလုံးထံသို့ ကျရောက်သွားပြီး ရွှီချင်း၏ အရှေ့တွင် မျှော်လင့်တောင့်တသော အရိပ်အယောင်ဖြင့် အသက်တစ်ခါရှူချိန်ကြာ ရပ်တန့်သွားသည်။
ထို့နောက် သူ၏ အကြည့်သည် ခုန်းရှန်းလုံအပေါ်မှာ အသက်နှစ်ခါရှူချိန်ကြာ ရစ်ဝဲသွားသည်။ သူ၏ အကြည့်ထဲတွင် မလိုလားခြင်းနှင့် စိတ်သက်သာရာရခြင်းတို့ ပါရှိသည်။
သူ၏ အကြည့်သည် လက်ထောက်ရုံးတော်သခင်အပေါ်မှာ အသက်သုံးခါရှူချိန်ကြာ ရပ်စဲသွားသည်။ တခြားလူများသည် ထိုအကြည့်၏ အဓိပ္ပာယ်ကို နားမလည်နိုင်သော်လည်း လက်ထောက်ရုံးတော်သခင်ကတော့ ယင်းကို နားလည်သည်။ သူက လေးပင်စွာ ခေါင်းညိတ်လိုက်သည်။ အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုသည် သူ၏ နှလုံးသားထဲတွင် ပေါ်ထွက်လာသည်။ ရုံးတော်သခင်က သူ့မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက်ပေးရန် သူ့အား မှာကြားသွားခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ခုန်းရှန်းလုံသည် ပိုပြီးပြင်းထန်စွာ တုန်ယင်သွားသည်နှင့် ရုံးတော်သခင်၏ အကြည့်သည် ဒေသငယ်မြို့တော်၏ ဦးတည်ရာသို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ နောက်ဆုံးသော စစ်ချပ်ဝတ်အပိုင်းသည် ပြုတ်ကျသွားသည်။
ဝဲကတော့ထဲမှ ဒေသစစ်လက်နက်သည် ပိုပြီးကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်လာသည်။ စစ်မြေပြင်ပေါ်မှ သန့်စင်ရေလှိုင်းမျိုးနွယ်စစ်တပ်သည် အရှေ့သို့ တဖန်ချီတတ်လာကြသည်။
ရုံးတော်သခင်သည် ဖုန်းဟိုင်ဒေသငယ်ကို ကျောပေးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်ထုတ်လိုက်လေရာ သူ၏ အနောက်မှ ပြိုလဲပျက်စီးနေသော ပိုက်ကွန်နက်ထဲသို့ ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ကမ္ဘာငယ်များသည် ကြီးမားသော ပိုက်ကွန်ပေါ်တွင် ပေါ်ထွက်လာကြပြီး ရုံးတော်သခင်လောင်ကျွမ်းနေသော နေရာတွင် မဟာလောကကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ တားမြစ်ပိုက်ကွန်ပေါ်မှ အအေးဓာတ်အားလုံးသည် ရုံးတော်သခင်၏ မဟာလောကထဲသို့ ဒလဟော စီးဝင်သွားပြီး သူ၏ ကိုယ်ပေါ်မှာ စုဝေးသွားသည်။