တစ်ကိုယ်တည်းရပ်ခြင်း… ထာဝရသူရဲကောင်းများ(ဃ)
Vol. 47 Ch. 709
ရုံးတော်သခင်သည် တားမြစ်ပိုက်ကွန်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။
သူသည် အသက်ဓာတ်နှင့် ကျင့်ကြံခြင်းအခြေခံကို လောင်ကျွမ်းပစ်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စောစောတုန်းက ဓားချက်ကို ထုတ်လွှတ်ခဲ့သည်။ ယခု သူသည် ကြိုးအဆုံးသို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။ သို့တိုင် သူသည် သူ့ကိုယ်သူ လောင်ကျွမ်းပစ်ရန် ရွေးချယ်ခဲ့သည်။
ရုံးတော်သခင်သည် သူ့ကိုယ်သူ တားမြစ်ပိုက်ကွန်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲစေခဲ့ပြီး အချိန်ကြန့်ကြာစေရန် သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ခဲ့သည်။
….
“ အမိန့်တော်ချမှတ်မယ်… လင်းလန်ပြည်နယ်က လူသားစစ်တပ်အားလုံး ဒေသငယ်မြို့တော်ဆီ ပြန်ဆုတ်ခွာကြပါ ”
ရုံးတော်သခင်သည် လေးနက်သော အသံဖြင့် ပြောသည်။ ဘေးပတ်ဝန်းကျင်မှ အဆုံးမဲ့သော အစွန်းရောက်အအေးဓတ်သည် သူ၏ အရှေ့တွင် စုဝေးသွားပြီး သူ့အား ဟိန်းဟောက်လိုက်သည်။ အအေးဓာတ်အားလုံးသည် တစ်ဟုန်ထိုး တိုးဝင်လာလေရာ ရုံးတော်သခင်ကို ရေခဲရုပ်တုအဖြစ် ပြောင်းပစ်လိုက်သည်။
သို့သော်လည်း သူသည် မဟာလောကကို ထောက်ပံ့ထားနိုင်ဆဲပင်။
သူသည် ဖုန်းဟိုင်ဒေသငယ်အတွက် အစွန်းရောက် အအေးဓာတ်ကို တားဆီးနိုင်ဆဲပင်။
ယခုအချိန်ထိ သူ၏ လေသံနှင့် အမူအရာပေါ်တွင် နုနယ်သော မည်သည့်ခံစားချက်မှမရှိပေ။
ရွှေရောင်တစ်စွန်းတစ်စသည် တားမြစ်ပိုက်ကွန်ပေါ်တွင် နောက်တဖန် ပေါ်ထွက်လာသည်။
သူ၏ စတေးမှုသည် တားမြစ်ပိုက်ကွန်ကို အချိန်အနည်းငယ် ကြန့်ကြာစေရုံသာမက ဖုန်းဟိုင်ဒေသငယ်ထဲမှ နယ်မြေအားလုံးကိုလည်း ကာကွယ်ပေးနိုင်ခဲ့သည်။
အနောက်ဘက်တွင်သော်လည်းကောင်း မြောက်ဘက်တွင်သော်လည်းကောင်း ရွှေရောင်ပိုက်ကွန်သည် နောက်ဆုတ်သွားနေကြသော ဖုန်းဟိုင်ဒေသငယ်၏ စစ်တပ်အနောက်တွင် လိုက်ပါချီတတ်နေကြသော သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်ကြီးကိုတားဆီးရန် ပေါ်ထွက်လာသည်။
ရွှေရောင်ပိုက်ကွန်သည် ဖုန်းဟိုင်ဒေသငယ်ထဲမှ နယ်မြေများတွင် တဖန်ပေါ်ထွက်လာပြီး ဤစစ်ပွဲအတွင်းမှာ ဖြစ်ပျက်နေသော သေခြင်းရှင်ခြင်းကဒ်ဘေးများကို ရပ်တန့်ရန် ကြိုးစားနေသည်။
ထိုသို့ဖြစ်လာစေရန် အဓိကရင်းမြစ်သည် တစ်စစီလွင့်ပြယ်သွားနေသော ရုံးတော်သခင်၏ ခန္ဓာကိုယ်ဖြစ်သည်။
ဒေသစစ်လက်နက်၏ အအေးဓာတ်မှ အဖျက်အဆီးစွမ်းအားသည် ဖော်မပြနိုင်အောင် အလွန်နာကျင်သည်။
သို့သော်လည်း ထိုနာကျင်မှုသည် ရုံးတော်သခင်အပေါ်သို့ မသက်ရောက်ဟန် ရသည်။ ရုံးတော်သခင်၏ ခြေလက်များသည် ဖုန်မှုန့်သို့ လွင့်ပြယ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဆက်လက် လွင့်ပြယ်သွားနေသည်။ သူ၏ မျက်နှာသည် အောက်သို့ တဖြည်းဖြည်း ငိုက်စိုက်သွားပြီး မျက်လုံးမဖွင့်နိုင်တော့ပေ။
ဝိညာဉ်နီပြည့်ရှင်နှင့် လမြူခိုးပြည့်ရှင်သည် စစ်တပ်ချီတတ်နေခြင်းကို ရပ်တန့်စေသည်။ သူတို့သည် ရွှေရောင်ပိုက်ကွန်၏ အရှေ့တွင် မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် ပြည့်အရှင်နှစ်ပါးသော်လည်းကောင်း သူတို့၏ အနောက်မှ အဆုံးမဲ့သော စစ်တပ်ကြီးသော်လည်းကောင်း သူတို့အားလုံးသည် တိတ်ဆိတ်သွားကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ပြည့်အရှင်နှစ်ပါးသည် ရုံးတော်သခင်၏ ညာဘက်မှ ဟင်းလင်းပြင်ကို ရုတ်တရက် မြင်သွားသောအခါ သူတို့နှစ်ယောက်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားကြသည်။
မထူးမခြားနားအသံသည် ဟင်းလင်းပြင်ထဲမှ ပျံ့လွင့်ထွက်လာသည်။
“ ခုန်းလျှန်ရှို့ ငါက မပေါ်ထွက်လာဘဲ မင်းသေတာကိုပဲ ကြည့်နေဖို့ ရွေးချယ်နိုင်တယ်… ဒါပေမဲ့ မင်းက ငါ့လေးစားမှုကို အနိုင်ရခဲ့တယ်… ဒီတော့ ငါမင်းကို တစ်ခုမေးဖို့ ထွက်လာခဲ့ပြီ… မင်း နောက်ဆုံးအသက်ရှူတာကို ထိန်းထားနိုင်သေးလား… ငါ့ကို စောင့်နေပါ ”
သူ၏ စကားသံ ပဲ့တင်ထပ်သွားသည့်အခါ မြူခိုးမှ ဖြစ်တည်လာသော ပုံရိပ်အနက်သည် ရုံးတော်သခင်၏ မျက်နှာအရှေ့တွင် ထွက်ပေါ်လာသည်။
ထိုပုံရိပ်၏ ထွက်ပေါ်လာမှုသည် စစ်မြေပြင်ပေါ်မှ လူတိုင်း၏ နှလုံးကို တုန်လှုပ်သွားစေသည်။
ဤသည်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်တစ်ခုတည်းမဟုတ်ဘဲ လူသားမျိုးနွယ်သည်လည်း တုန်လှုပ်သွားကြသည်။
ချွင်းချက်အနေဖြင့် ပြည့်အရှင်နှစ်ပါး၏ အကြည့်သည်သာ ပုံမှန်အတိုင်း ရှိနေသည်။ သူတို့သည် လုံးဝမအံ့ဩသည့်အလားပင်။
ရွှီချင်းသည် မျက်လုံးပြူးကျယ်သွားသည်။ သူက ထိုပုံရိပ်ကို အသေအချာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ရုံးတော်သခင် သူ့အား စုံစမ်းစစ်ဆေးခိုင်းခဲ့သည့်ကိစ္စကို ပြန်အမှတ်ရသွားသောအခါ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူသည် အကောင်းဆုံး ကြိုးစားပြီး တစ်ဖက်လူ၏ အသွင်အပြင်ကို စစ်ဆေးကြည့်ရှုသည်။
ကံမကောင်းစွာဖြင့် ထိုပုံရိပ်သည် မြူခိုးမှ ဖြစ်တည်လာသောကြောင့် လုံးလုံးလျားလျား ဝေဝါးနေသည်။
မူလက မှိတ်နေသော ရုံးတော်သခင်၏ မျက်လုံးသည် ရုတ်တရက် ပြန်ပွင့်သွားပြီး သူ၏ အရှေ့မှ မြူခိုးပုံရိပ်ကို ကြည့်လိုက်သည်။
“ ဒေသအကြီးအကဲကို သတ်လိုက်တာ မင်းမလား ”
ရုံးတော်သခင်၏ လေးနက်သော အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ အင်း ”
ပုံရိပ်အနက်သည် ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ မင်း တစ်ယောက်ယောက်ကို စေလွှတ်ပြီး စုံစမ်းခိုင်းခဲ့တယ်မဟုတ်လား… ကံမကောင်းစွာပဲ မင်းစုံစမ်းခိုင်းတဲ့ ဦးတည်ရာက လွဲသွားတယ် ”
ရုံးတော်သခင်သည် နှုတ်ဆိတ်သွားသည်။
“ ငါဘယ်သူလဲလို့ မင်းမမေးတော့ဘူးလား ”
ပုံရိပ်အနက်က မေးသည်။
“ မင်းကဖြေမှာလား ”
ပုံရိပ်အနက်သည် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
“ ဒါဆို နှုတ်ဆက်ပါတယ် ခုန်းလျှန်ရှို့ ”
ပုံရိပ်အနက်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပြန်မဝင်ရောက်မီ လက်သီးဆုပ်လိုက်ပြီး ရုံးတော်သခင်ကို ဦးညွတ်လိုက်သည်။
သို့သော်လည်း ထိုပုံရိပ် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မည့်အချိန် ရုံးတော်သခင်၏ မျက်လုံးထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ထုတ်လွှတ်လာသည်။ ဝိညာဉ်လှုပ်ခတ်စေမည့် အင်ပါယာဓားသည် သူ၏ မျက်လုံးထဲတွင် စုဝေးသွားပြီး အလျှင်အမြန် ပျံသန်းထွက်သွားကာ ပုံရိပ်အနက်ကို ခုတ်ပိုင်းလိုက်သည်။
၎င်း၏ အလျင်သည် အလွန်အမင်း မြန်ဆန်လွန်းလေရာ တစ်ဖက်လူကို ရှောင်တိမ်းရန် အခွင့်အရေးမပေးချေ။ ထို့အပြင် ဓားသည် တစ်ဖက်လူ ပျောက်ကွယ်မသွားခင် တစ်ခဏအတွင်းမှာ အချိန်ကိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာ အင်ပါယာဓားသည် တစ်ဖက်လူ၏ နဖူးကို ချက်ချင်း ထိုးဖောက်သွားသည်။
အင်ပါယာဓားသည် တစ်ဖက်လူ၏ ဇစ်မြစ်နေရာကိုပင် အာရုံခံမိသွားပြီး ပုံရိပ်ယောင်ခန္ဓာကိုယ်မှတဆင့် မူလခန္ဓာကိုယ်ကို ရှာဖွေရန် အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။ ၎င်းသည် ပုံရိပ်ယောင်ခန္ဓာကိုယ်နှင့် ဆက်စပ်နေသော ခန္ဓာကိုယ်အားလုံးကို သတ်ဖြတ်ချင်နေဟန်ရသည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်စေ သူတို့အားလုံးသည် ဤအင်ပါယာဓား၏ နယ်နိမိတ်အတွင်းမှ မလွတ်မြောက်နိုင်ပေ။
ပုံရိပ်အနက်၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားပြီး လုံးလုံးလျားလျား လွင့်ပြယ်သွားသည်။ သို့သော်လည်း မလွင့်ပြယ်သွားခင် ရေရွတ်မှုတစ်ခုသည် ဤလောကတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။
“ ထင်တဲ့အတိုင်းပဲ မင်းမှာ နောက်ထပ် အင်ပါယာဓားတစ်လက် ရှိနေသေးတယ် ”
“ ငါ့မှာ အတိတ်ရော အနာဂတ်ရောမရှိဘူး… ငါ့မှာ ဘယ်တုန်းကမှ ပစ္စုပ္ပန်ဆိုတာ မရှိခဲ့ဘူး… ခုန်းလျှန်ရှို့ ဒီလောကမှာ ငါလေးစားတဲ့လူ အများကြီးမရှိဘူး… မင်းကို သူတို့ထဲကတစ်ယောက်လို့ သတ်မှတ်နိုင်တယ်… ဒါကြောင့် ငါ့ရဲ့စိတ်ထဲမှာ အမှတ်အသားချန်ထားနိုင်ဖို့ မင်းကို ခုတ်ပိုင်းခွင့်ပေးလိုက်မယ်… ဒါမှ ငါမင်းကို ဘယ်တော့မှ မေ့မသွားမှာ ”
ရုံးတော်သခင်သည် ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်သည်။ ရေခဲက သူ၏ မျက်နှာကို ဖုံးလွှမ်းမသွားခင်အထိ သူ၏ အေးစက်စက်အကြည့်သည် ထာဝရတည်ရှိမှုသို့ ပြောင်းလဲသွားသည်။
ထို့နောက် အလုံးစုံဖျက်ဆီးခံလိုက်ရပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်မျောသွားသည်။
“ ရုံးတော်သခင် ”
လူသားမျိုးနွယ်၏ စစ်တပ်သည် သူတို့၏ နှလုံးထဲမှ သွေးစိမ်းစီးကျလာသည့်အလား နာကျင်ခံစားသွားကြသည်။ သူတို့သည် အဆုံးမဲ့ဝမ်းနည်းပူဆွေးမှုဖြင့် အော်ငိုလိုက်ကြသည်။
ဓားကိုင်ရုံးတော်၏ ရုံးတော်သခင်သည် ကျဆုံးသွားခဲ့သည်။
ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်သည် နောက်တစ်ကြိမ် ပြိုကျပျက်စီးသွားသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်သည် အဆုံးမဲ့ဝမ်းနည်းပူဆွေးမှုကို ခံစားသွားရသည့်နှယ် ဝုန်းခနဲမြည်သံကို ထစ်ချုန်းလိုက်သည်။ ယင်းသည် သွေးမိုးသို့ ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခုကို အစပျိုးစေသည်။ သွေးမိုးရေစက်သည် မြေပြင်ပေါ်သို့ ရွာသွန်းကျလာသည့်အခါ ရေခဲတုံးသို့ ပြောင်းလဲသွားသည်။
သွေးရေခဲတုံးများကြားတွင် ရွှီချင်း၏ ခန္ဓာကိုယ်သည် တသိမ့်သိမ့်တုန်သွားသည်။ သူ၏ မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ နှလုံးကို သဏ္ဍာန်မဲ့သော လက်တစ်ဖက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့်နှယ် မွန်းကြပ်မှုကို ခံစားရလာသည်။
ရုံးတော်သခင်နှင့် အတူရှိနေခဲ့သော မှတ်ဉာဏ်များသည် သူ၏ စိတ်ထဲတွင် ဆက်လက်ထင်ပေါ်လာသည်။
အော်ဟစ်ငိုကြွေးသံများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ အဆုံးမဲ့နာကျင်မှုသည် ဘေးပတ်ဝန်းကျင်မှ လေထုထဲသို့ ထိုးဖောက်စိမ့်ဝင်သွားနေသည်။
ခုန်းရှန်းလုံ၏ ခန္ဓာကိုယ်သည် ဆက်လက်တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ မျက်ရည်သည် သူ၏ ပါးပြင်ပေါ်သို့ အဆက်မပြတ် စီးကျလာသည်။ အကူအညီမဲ့မှုနှင့် ဝမ်းနည်းပူဆွေးမှုသည် သူ့ကို အနိုင်ယူသွားသည်။
သူသည် တိတ်တဆိတ် ငိုရှိုက်လိုက်သည်။
ထိုအခိုက်အတန့်မှာ ကျယ်လောင်သော မိုးထစ်ချုန်းသံသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်သွားသည်။ တားမြစ်ရတနာ၏ ကြီးမားသော ပိုက်ကွန်သည် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
မြောက်ဘက်ခံတပ် ပြိုလဲပျက်စီးသွားပြီးနောက် အနောက်ဘက်ခံတပ်သည်လည်း ပြိုလဲပျက်စီးသွားသည်။
ဤသည်မှာ ဖုန်းဟိုင်ဒေသငယ် စစ်ရှုံးသွားပြီဟု ကြေညာလိုက်ခြင်း ဖြစ်သည်။
အဆုံးမဲ့သော အစွန်းရောက် အအေးဓာတ်သည် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အရှေ့သို့ ဆက်လက်ချီတတ်သွားသည်။ မုန်တိုင်းသည် အရပ်ရှစ်မျက်နှာသို့ တိုက်ခတ်သွားသည်နှင့် မြေပြင်သည် အပြင်းအထန် တုန်ခါလာသည်။
မုန်တိုင်းထဲတွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်ကြီးသည် အရှေ့သို့ ချီတတ်လာနေကြသည်။
ကောင်းကင်ယံတွင် အအေးလှိုင်းများဖြင့် ပြည့်နှက်နေလေရာ နေ့အချိန်နှင့် ညအချိန်ကို ခွဲခြားရန်ပင် မလွယ်ကူတော့ပေ။ သို့သော်လည်း တကယ့်အချိန်သည် အာရုဏ်တတ်ချိန် ဖြစ်သည်။
ကောင်းကင်ကို မြူနှင်းထုက ဖုံးလွှမ်းထားသော်လည်း သက်တံ့သည် နောက်ဆုံးမှာတော့ ထွက်ပေါ်လာသည်။ ယင်းက မုန်တိုင်းပြီးဆုံးသွားပြီး နေထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။
ရုံးတော်သခင်၏ သွေးသည် မိုးအဖြစ် ပြောင်းလဲသွားသည်။
ဖုန်းဟိုင်ဒေသငယ်၏ ပူဆွေးသောကနှင့် ဝမ်းနည်းမှုသည် လေပြေနှင့်အတူ တိုက်ခတ်သွားသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်ကြီးက စတုတ္ထခံစစ်ဧရိယာကို ဖြတ်ကျော်သွားသည့်အခိုက် နေလုံးသည် အဝေးမှ ကောင်းကင်ယံဆီသို့ မြှောက်တတ်သွားသည်။
ရွှေရောင်အလင်းသည် ကောင်းကင်ယံမှ ဖြာကျလာပြီး ပင်လယ်တစ်ခု ဖြစ်ပေါ်လာသည်။
ယင်းသည် နေရောင်ခြည်မဟုတ်ပေ။
ရွှေရောင်ပင်လယ်ထဲတွင် မရေမတွက်နိုင်သော အလံတိုင်များသည် သက်တံ့များသဖွယ် တဖျပ်ဖျပ်လှုပ်ယမ်းနေကြသည်။
သက်တံ့များသဖွယ် အရောင်တောက်ပနေကြသော ရွှေရောင်သံချပ်ကာဝတ်ပုံရိပ်များသည် မရေမတွက်နိုင်အောင် ရှိကြသည်။
ထို့အပြင် အနက်ရောင်နဂါးများ၏ မာန်ဖီဟိန်းဟောက်သံများလည်း ရှိသည်။ ၎င်းတို့၏ ဟိန်းဟောက်သံ ပျံ့လွင့်သွားသည့်အခါတိုင်း မရေမတွက်နိုင်သော စည်းချအစီအရင်များသည် အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လိုက်ကြသည်။
ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းများသည် အစပျိုးလာကြသည်။
ကောင်းကင်၏ ထိပ်ဖျားပေါ်တွင် ပေတစ်သန်းရှည်လျားသော လက်သည်းလေးခု ရွှေရောင်နဂါးတစ်ကောင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ရွေ့လျားနေသည်။ ၎င်း၏ ခမ်းနားမြင့်မြတ်သော ဟိန်းသံသည် နေနှင့်လကို လှုပ်ခါသွားစေပြီး တိမ်တိုက်များကို တလိပ်လိပ် ရွေ့လျားသွားစေသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် တစ်ညီတစ်ညာတည်း ရပ်တန့်သွားကြသည်။ ဝိညာဉ်နီပြည့်ရှင်နှင့် လမြူခိုးပြည့်ရှင်သည် ရုတ်တရက် ခေါင်းမော့လိုက်ကြသည်။
အဘယ့်ကြောင့်ဆိုသော် ရွှေရောင်နဂါး၏ ကျောပေါ်တွင် ရွှေရောင်နန်းတော်ထိုင်ခုံတစ်လုံးရှိပြီး ထိုင်ခုံပေါ်တွင် ခမ်းနားမြင့်မြတ်သော ဂုဏ်ကျက်သရေကို ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခုက ထိုင်နေသောကြောင့် ဖြစ်သည်။
ထိုသူသည် ဝတ်ရုံအဝါကို ဆင်မြန်းထားသည်။ သူသည် ဘုရင်မဟုတ်သလို ဧကရာဇ်လည်း မဟုတ်ပေ။
သို့သော် လက်သည်းလေးခုရွှေရောင်နဂါးသည် သူ၏ သရုပ်မှန်ကို ဖော်ပြနေသည်။
“ လူသားဧကရာဇ်ရဲ့ သတ္တမမြောက်သားတော် ”