← Chapters

ဖုန်းဟိုင်ဒေသငယ်ရဲ့ တောင်ထိပ်ပေါ်မှာ ငါတို့ရဲ့ဆန္ဒတွေကို အော်ဆိုတယ်(က)

Vol. 47 Ch. 710

ဖုန်းဟိုင်ဒေသငယ်ရဲ့ တောင်ထိပ်ပေါ်မှာ ငါတို့ရဲ့ဆန္ဒတွေကို အော်ဆိုတယ်(က)

Vol. 47 Ch. 710

ရွှမ်ကျန်းပြက္ခဒိန်၏ (၂၉၃၁)နှစ် ဧပြီလတွင် ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲသည် သေဆုံးခဲ့သည်။ သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် ပြည်နယ်သုံးခုထံသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ကောင်းကင်နက်မျိုးနွယ်သည် မဟာနန်းမြို့တော်ဒေသကြီးဆီသို့ ကျုးကျော်ဝင်ရောက်လာခဲ့သည်။

ဖုန်းဟိုင်ဒေသငယ်သည် အရေးပေါ်အခြေအနေသို့ ချက်ချင်း ကျရောက်သွားခဲ့သည်။

(၂၉၃၁)နှစ် ဇွန်လတွင် ဖုန်းဟိုင်ဒေသငယ်သည် ဒေသအတွင်းရှိ အင်အားသက်သက်ဖြင့် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်မှုကို နှစ်လနီးပါးကြာ ခုခံတားဆီးခဲ့သည်။ ထို့နောက် မြောက်ဘက်ခံတပ်သည် ပြိုလဲပျက်စီးသွားခဲ့သည်။ တိုက်ပွဲတွင် ပြည်ထဲရေးရုံးတော်သခင် လီရုန်ယုနှင့် တရားရေးရုံးတော်သခင် ကျန်းဟမ့်ရှင်းသည် ကျဆုံးသွားခဲ့ကြသည်။

ယောင်ထျန်းယန်သည် ပျောက်ဆုံးသွားခဲ့ပြီး မဟာမိတ်စစ်တပ်သည် မရေမတွက်နိုင်သော သေကြေပျက်စီးခြင်းကို ခံစားခဲ့ကြသည်။ သူတို့သည် ကီလိုမီတာတစ်သိန်းအထိ နောက်ဆုတ်ခဲ့ကြသည်။

….

မြောက်ဘက်ခံတပ်ရှုံးနိမ့်သွားပြီး နောက်တစ်ရက်အကြာတွင် အနောက်ဘက်ခံတပ်သည် ပြိုလဲပျက်စီးသွားခဲ့သည်။ ဓားကိုင်ရုံးတော်၏ ရုံးတော်သခင် ခုန်းလျှန်ရှို့သည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။

ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်၏ အရေးကြီးအခိုက်အတန့်တွင် လူသားဧကရာဇ်၏ သတ္တမသားတော်သည် ကောင်းကင်နက်မျိုးနွယ်၏ အဟန့်အတားများကို နောက်ဆုံးမှာတော့ ဖြတ်ကျော်နိုင်သွားပြီး ဖုန်းဟိုင်ဒေသငယ်ဆီသို့ ရောက်ရှိလာခဲ့သည်။

သတ္တမမင်းသားသည် စစ်သည်တော်သန်းခြောက်ဆယ်ပါဝင်သော နန်းမြို့တော်မှ အစွမ်းထက်စစ်တပ်ကို ဦးဆောင်လာခဲ့သည်။ သူသည် အထက်ရွှမ်ဝန်ကြီးငါးယောက်၏ စွမ်းအားနှင့်အတူ တုန်းရှန့်၏ စစ်ဗိုလ်ချုပ်(၄၉)ယောက်ကို ဦးဆောင်ပြီး မြောက်ဘက်ခံတပ်ကို ဖြတ်ကျော်လာခဲ့သည်။

သူသည် မြောက်ဘက်ခံတပ်ကို ကျူးကျော်ဝင်ရောက်လာကြသော သန့်စင်ရေလှိုင်းမျိုးနွယ်မှ ကောင်းကင်လေပြည်ထောင်နှင့် မြေပြည်ထောင်၏ ကျင့်ကြံသူခုနစ်သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ သူသည် ရန်သူများ၏ အသွေးအသားဖြင့် မြောက်ဘက်ခံတပ်တွင် ချိုးဖောက်ရန်မဖြစ်နိုင်သော ခံစစ်ဧရိယာကို တည်ဆောက်ခဲ့သည်။

ထို့နောက် သူသည် လက်သည်းလေးခုရွှေရောင်နဂါး ရထားလုံးပေါ်တွင် ထိုင်လျက် စစ်ဗိုလ်ချုပ်(၂၇)ယောက်နှင့် တပ်မှူး(၁၁၃)ယောက်ကို ကိုယ်တိုင်ဦးဆောင်ပြီး အနောက်ဘက်ခံတပ်ဆီသို့ ချီတတ်လာခဲ့သည်။

အနောက်ဘက်ခံတပ်က ပြိုလဲပျက်စီးတော့မည့်အချိန် ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်က သေခြင်းရှင်ခြင်းကဒ်ဘေးဖြင့် ရင်ဆိုင်ရတော့မည့်အချိန် သူသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဝိညာဉ်နီနှင့် လမြူခိုးပြည်ထောင်များမှ ကျင့်ကြံသူများကို ရပ်တန့်ခဲ့သည်။ သူသည် စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ခဲ့ပြီး ပြည့်အရှင်နှစ်ပါးကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

သတ္တမမင်းသား၏ ဦးဆောင်မှုဖြင့် လူသားမျိုးနွယ်သည် အောင်ပွဲကို ဖွင့်လှစ်နိုင်ခဲ့သည်။ သူသည် ပြည့်အရှင်နှစ်ပါးကို အပြင်းအထန် ဒဏ်ရာရစေခဲ့ရုံသာမက အနောက်ဘက်စစ်မြေပြင်မှ သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူ ခြောက်သန်းကျော်ကို သတ်ဖြတ်ခဲ့သေးသည်။

ပြည့်အရှင်နှစ်ပါး၏ သွေးသည် မြစ်ကြီးတစ်စင်းနှယ် စီးဆင်းလာပြီး ကောင်းကင်ကို အနီရောင်စွန်းထင်သွားစေသည်။ သတ္တမမင်းသားသည် သူ့ကိုယ်ပိုင်လုံခြုံရေးကို အမှုမထားဘဲ စစ်ဗိုလ်ချုပ်များနှင့်အတူ လူသားမျိုးနွယ်၏ တားမြစ်လျှို့ဝှက်အတတ်ကို အသုံးပြုပြီး ကောင်းကင်နက်မျိုးနွယ်မှ ဒေသစစ်လက်နက်၏ ကျူးကျော်ဝင်ရောက်မှုကို ကန့်သတ်ရန် ပြည်နယ်တစ်ဝက်ကို ချိပ်ပိတ်ခဲ့သည်။

ဤသို့လုပ်ဆောင်ခြင်းသည် အနောက်ဘက်ခံတပ်မှ ရှုံးနိမ့်သွားသော စစ်တပ်ကို ကာကွယ်ပေးနိုင်လိမ့်မည်။

ထို့နောက် သူသည် မြောက်ဘက်နှင့် အနောက်ဘက်စစ်တပ်မှ အသက်ရှင်ကျန်ရစ်ခဲ့သော စစ်သည်တော်များကို စုစည်းလိုက်ပြီး စုပေါင်းခံတပ်တစ်ခုကို တည်ဆောက်ခဲ့သည်။ နန်းမြို့တော်မှ သန်းချီသော အစွမ်းထက်စစ်တပ်သည် ဖုန်းဟိုင်ဒေသငယ်မှ လူသားကျင့်ကြံသူများနှင့် အတူလက်တွဲပြီး ဖုန်းဟိုင်ဒေသငယ်၏ နယ်စပ်များကို စောင့်ကြပ်ခဲ့ကြသည်။ သူသည် စစ်ဗိုလ်ချုပ်သုံးယောက်နှင့် တပ်မှူးဆယ်ယောက်ကို နန်းမြို့တော်မှ စစ်သည်တော်တချို့ဖြင့် စေလွှတ်ခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးမှ ဝတ်ရုံနက်အစောင့်အရှောက်များနှင့် ပုန်ကန်ခဲ့ကြသော မျိုးနွယ်ခြားများကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းစေခဲ့သည်။

ဖုန်းဟိုင်ဒေသငယ်မှ ပြည်သူပြည်သူများသည် စိတ်လှုပ်ရှားလာကြသည်။ အခြားတစ်ဖက်တွင် ဖုန်းဟိုင်ဒေသငယ်အပေါ် မကောင်းကြံစည်ခဲ့ကြသော လူများသည် ကြောက်ရွံ့တုန်လှုပ်လာကြသည်။

ဖုန်းဟိုင်ဒေသငယ်မှ မကောင်းဆိုးဝါးအငွေ့အသက်သည် ဖယ်ရှင်းခံလိုက်ရပြီး ဒေသငယ်ထဲတွင် လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းရေးလက္ခဏာများ ပြန်လည်ဖော်ဆောင်လာသည်။

မဟာမိတ်ထဲတွင် ပါဝင်သော မျိုးနွယ်စုများသည် ဝမ်းသာဝမ်းမြောက်ကြသည်။ မျိုးနွယ်စုထောင်ပေါင်းများစွာသည် လေးစားကျိုးနွံလာကြသည်။

(၂၉၃၁)နှစ် ဇူလိုင်လတွင် ရှုံးနိမ့်မှုကို တွေ့ကြုံပြီးနောက် သန့်စင်ရေလှိုင်းမျိုးနွယ်သည် အလုံးစုံတိုက်စစ်ဆင်နွှဲရန် လုပ်ဆောင်လာသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အရှေ့သို့ ချီတတ်လာသည်။

သတ္တမမင်းသားသည် အစွမ်းသတ္တိဖြင့် ပြည့်စုံရုံသာမက ဉာဏ်ပညာသည်လည်း ကြီးမားသည်။ သူသည် စုပေါင်းမာဟာစစ်တပ်ကို ဦးဆောင်ပြီး ဗျူဟာမြောက် စစ်ပရိယာယ်တစ်ခုကို အသုံးပြုခဲ့သည်။ သူသည် အရှေ့သို့ခြေတစ်လှမ်းတိုးရန် အနောက်သို့ခြေတစ်လှမ်းဆုတ်သော စစ်ဗျူဟာဖြင့် ရန်သူကို သူ၏ ပိုက်နက်ထဲသို့ နက်ရှိုင်းစွာ မြှားခေါ်ခဲ့သည်။ ထို့နောက် သူသည် လက်ဦးမှုရယူကာ တန်ပြန်တိုက်ခိုက်ခဲ့သည်။ သူသည် ယုထျန်းပြည်နယ်နှင့် ချီလင်းပြည်နယ်အတွင်းမှ မြေမီးတောက်များကို လှုံ့ဆော်ခဲ့သည်။ ထိုအခါ အရေအတွက်များပြားသော မီးတောင်များသည် ပေါက်ကွဲသွားကြပြီး မြေကြီးနှင့် တောင်တန်းများကို လှုပ်ခါသွားစေခဲ့သည်။ မီးတောက်များသည် လင်းလန်ပြည်နယ်နှင့် ထိုက်ဟီပြည်နယ်ကိုပါ ဖြတ်ကျော်သွားပြီး ပြည်နယ်လေးခုစလုံးကို ဝါးမျိုပစ်ခဲ့သည်။

ပြည်နယ်လေးခုအတွင်းတွင် အမှောင်ထုသည် အကန့်အသတ်မရှိ ဖြစ်ပေါ်နေခဲ့သည်။ မသေမျိုးမြေမီးတောက်သည်သာ ကောင်းကင်ပေါ်ရောက်သည်အထိ ဆက်လက်လောင်မြိုက်နေသည်။ ယင်းသည် အချိန်တစ်လကျော် လောင်မြိုက်နေခဲ့သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်သည် အလွန်အမင်း ဆိုးဝါးသော အခြေအနေသို့ ကျရောက်သွားခဲ့ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သေဆုံးသွားခဲ့ကြသည်။ အဆုံးမှာတော့ သူတို့၏ နယ်မြေကျူးကျော်ဝင်ရောက်မှုသည် လုံးလုံးလျားလျား ရပ်တန့်သွားခဲ့သည်။

ကြီးမားသော ထိုအောင်ပွဲသတင်းသည် ဖုန်းဟိုင်ဒေသငယ်မှ တခြားပြည်နယ်များဆီသို့ တောမီးသဖွယ် အမြန်ပျံ့နှံ့သွားခဲ့သည်။ ဒေသငယ်တစ်ခုလုံးမှ မျိုးနွယ်အားလုံးသည် ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။

လက်ထောက်ဒေသအကြီးအကဲသည် သတ္တမမင်းသားအား ဒေသငယ်မြို့တော်ကို တာဝန်ယူကြီးကြပ်ရန် ကြိမ်ဖန်များစွာ ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း မင်းသားသည် အကြိမ်တိုင်း ငြင်းဆန်ခဲ့သည်။ သို့သော်လည်း ကြီးမားသော အောင်ပွဲကို ရရှိပြီးနောက် မင်းသားသည် သူ၏ စစ်သည်တော်များအပေါ် စိုးရိမ်လာသည်။ ထို့ကြောင့် နောက်ဆုံးမှာတော့ သူသည် လက်ထောက်ဒေသအကြီးအကဲ၏ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ခုနစ်ရက်ကြာပြီးနောက် စစ်ပန်းထားသော စစ်သည်တော်ဆယ်သန်းကို မြို့တော်ဆီသို့ ဦးဆောင်လာမည်ဟု သတင်းပြန်ပို့ခဲ့သည်။

ယနေ့သည် မင်းသားထွက်မခွာမီ သုံးရက်မြောက်နေ့ ဖြစ်သည်။

ချီလင်းပြည်နယ်၏ နယ်စပ်တွင် ရွှီချင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်မှာ တိတ်ဆိတ်စွာ ထိုင်နေပြီး အဝေးမှ လောကကြီးကို ကြည့်နေသည်။

ယခင်နှင့်နှိုင်းယှဉ်လျှင် သူ၏ အသွင်အပြင်သည် လုံးဝခြားနားသွားသည်။

သူ၏ ဓားကိုင်တာအိုဝတ်ရုံဖြူနေရာမှာ စုတ်ပြဲနေသော စစ်ချပ်ဝတ်က အစားထိုးရှိနေသည်။ ယခင်က ရှည်လျားသော ဆံပင်သည် ယခု တိုသွားသည်။ သူ၏ တစ်ကိုယ်လုံးသည် ညစ်ပတ်နေပြီး ဆိုးဝါးသော အနံ့အသက်ကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာ သွေးအနံ့သည် သူ၏ ဘေးပတ်ဝန်းကျင်တွင် ရစ်ဝဲနေသည်။ သူ၏ နှုတ်ခမ်းပေါ်တွင် အက်ကွဲရာအများအပြား ရှိနေလေရာ အလွန်ခြောက်သွေ့သော လက္ခဏာကို ဖော်ပြနေသည်။

သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော ပင်ပန်းနွမ်းလျမှုက အတိုင်းသား ထွက်ပေါ်နေသည်။

သူ၏ အမြင်အာရုံတွင် ကောင်းကင်သည် မည်းမှောင်နေပြီး ထူထဲသော မီးခိုးငွေ့က တလူလူလွင့်တတ်နေသည်။ ယခင်က စိမ်းလဲ့လဲ့ တောင်တန်းများ၊ ကြည်လင်သော မြစ်ချောင်းများနှင့် နွေးထွေးသော ကုန်းမြေသည် ယခုအခါ အနက်ရောင်သို့ ပြောင်းလဲသွားချေ၏။ တချို့နေရာများတွင် မီးသည် ဆက်လက်လောင်ကျွမ်းနေစမြဲပင်။

အပျက်အစီးများကြားတွင် မရေမတွက်နိုင်အောင် များပြားသော မီးလောင်ကျွမ်းထားသည့် အရိုးစုများကို သူမြင်နေရသည်။

ရွှီချင်းသည် ထိုအရာအားလုံးကို ငေးကြည့်နေရင်း တိတ်ဆိတ်နေသည်။

တစ်ခဏအကြာမှာ သူ၏ အနောက်မှ ခြေသံများကို ရွှီချင်း ကြားလိုက်ရသည်။ ထိုလူသည် ခုန်းရှန်းလုံဖြစ်သည်။

သူ၏ ဝတ်စားပုံသည် ရွှီချင်းနှင့် အတူတူ ဖြစ်သည်။ သူသည်လည်း မောပန်းနွမ်းနယ်နေပြီး အထီးကျန်နေသည်။ သူသည် ရွှီချင်း၏ ဘေးသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ သူက အဝေးမှ လောကကြီးကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် တိုးညင်းစွာ ပြောသည်။

“ ရွှီချင်း သွားအနားယူလိုက်ဦး… ငါဆက်စောင့်ကြည့်ထားလိုက်မယ်… ငါဒီကိုလာတုန်း မင်းရဲ့စီနီယာအကိုကြီးနဲ့ တွေ့ခဲ့တယ်… သူက မင်းကို အမြန်ပြန်လာဖို့ ငါ့ကို ပြောခိုင်းလိုက်တယ် ”

“ လက်ထောက်ရုံးတော်သခင်က ဒီမနက်မှာ ငါ့ကိုပြောတယ်… နောက်သုံးရက်ကြာရင် သူနဲ့အတူ ဒေသငယ်မြို့တော်ဆီကို ငါပြန်သွားရမယ်… သူက မင်းကိုလည်း ပြောတယ် ”

“ အတွင်းရေးမှူးဌာနက ဒီမှာမရှိတော့ဘူး… မင်းဒီမှာ ဆက်ရှိနေလဲ ဘာမှအကျိုးမထူးဘူး… ဒါကြောင့် မင်းကိုယ်စား ငါသဘောတူလိုက်တယ် ”

ခုန်းရှန်းလုံသည် တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံသည် အသက်မဲ့နေသည့်အလား မည်သည့်စိတ်ခံစားချက်မှ မပါရှိပေ။

ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ကျယ်ပြောသော ခံစစ်ဧရိယာကို ကြည့်လိုက်သည်။ ဤနေရာရှိ လူအများစုသည် ဖုန်းဟိုင်ဒေသငယ်မှ လူသားကျင့်ကြံသူများဖြစ်ကြသည်။ နန်းမြို့တော်မှ စစ်တပ်သည်မူ ဤနေရာမှ အတန်ငယ်ဝေးကွာသော ဒုတိယခံစစ်ဧရိယာတွင် တပ်စခန်းချထားကြသည်။

အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခုန်းရှန်းလုံကို ပခုံးပုတ်လိုက်သည်။ ထို့နောက် သူသည် ဝိုင်တစ်ခရားကို ထုတ်လိုက်ပြီး ဘေးတွင် ချပေးလိုက်သည်။

ယင်းသည် ဤနေရာတွင် နေ့နှင့်ည သူစောင့်ကြပ်နေစဉ် သောက်သုံးရာမှ လက်ကျန်ရှိနေသော ဝိုင်ပုလင်းဖြစ်သည်။

ခုန်းရှန်းလုံသည် ဝိုင်ပုလင်းကို လှမ်းယူလိုက်ပြီး အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။ ရွှီချင်းထွက်ခွာသွားတော့မည့်အခိုက် သူက ရုတ်တရက် ပြောသည်။

“ ရွှီချင်း အဲ့ဒီပုံရိပ်ကို မင်းမြင်ခဲ့လား… ”

ရွှီချင်းသည် မျက်လုံးပိတ်လိုက်ပြီး မျက်ရည်စတွဲခိုနေသော သူ၏ မျက်လုံးကို ဖုံးကွယ်လိုက်သည်။ သူက ခေါင်းညိတ်သည်။

ခုန်းရှန်းလုံသည် နှုတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက တိုးညင်းစွာ ပြောသည်။

“ ဒီမင်းသားကို မင်းဘယ်လိုမြင်လဲ ”

“ သူက အကြင်နာမဲ့ရက်စက်တဲ့လူ ”

ရွှီချင်းသည် အက်ရှရှအသံဖြင့် ပြောသည်။

တားမြစ်ဓမ္မရတနာပိုက်ကွန်ကြီး ပြိုလဲပျက်စီးတော့မည့်အချိန် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော လက်သည်လေးခုရွှေရောင်နဂါးနှင့် ၎င်းအပေါ်မှ ပုံရိပ်ကို သူပြန်အမှတ်ရသွားသည်။

“ သူက ပြည်နယ်နှစ်ခုက မြေမီးတောက်တွေကို ဖောက်ခွဲပစ်တယ်… အဲ့လူအိုကြီး… ရုံးတော်သခင်က အစကတည်းက ဒီလိုအစီအစဉ်ရှိခဲ့တာကြောင့် ပြည်နယ်နှစ်ခုက လူသားတွေကို တခြားနေရာတွေမှာ အခြေချနိုင်အောင် ကူညီပေးဖို့ လုပ်ခဲ့တာ… ဒါပေမဲ့ ဒီမင်းသားက အကြင်နာမဲ့ရက်စက်တယ်… သူ့မျက်လုံးထဲမှာ အောင်ပွဲနဲ့ မီးတောက်တွေပဲ ရှိတယ်… လူသားတွေရဲ့ အသက်ကို သူက ဂရုမစိုက်ဘူး ”

All Chapters