← Chapters

ဖုန်းဟိုင်ဒေသငယ်ရဲ့ တောင်ထိပ်ပေါ်မှာ ငါတို့ရဲ့ဆန္ဒတွေကို အော်ဆိုတယ်(ခ)

Vol. 47 Ch. 711

ဖုန်းဟိုင်ဒေသငယ်ရဲ့ တောင်ထိပ်ပေါ်မှာ ငါတို့ရဲ့ဆန္ဒတွေကို အော်ဆိုတယ်(ခ)

Vol. 47 Ch. 711

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

“ ရွှီချင်း တိုက်ပွဲတင်ပြမှုကို မင်းမြင်ပြီးပြီလား… အဲ့ဒီထဲမှာ ပြောထားတာက ကြီးမြတ်တဲ့ အောင်မြင်မှုကို သူဘယ်လိုရရှိခဲ့တဲ့အကြောင်း… ပြည့်အရှင်နှစ်ပါးကို ဒဏ်ရာအပြင်းအထန် သူဘယ်လိုရစေခဲ့တဲ့ အကြောင်းတွေချည်းပဲ ”

“ ပြီးတော့ အဲ့ဒီမင်းသား… တကယ်လို့ သူသာ တစ်ရက်ပိုစောပြီး ရောက်လာခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဆယ့်ငါးမိနစ်လေးပဲ ပိုစောပြီး ရောက်လာခဲ့မယ်ဆိုရင်… ”

ခုန်းရှန်းလုံသည် ခါးသီးစွာ ရယ်မောလိုက်ပြီး နောက်ထပ်ဆက်မပြောတော့ပေ။ ယင်းအစား သူသည် ဝိုင်ကို နောက်တစ်ကြိမ် အကြီးကြီးတစ်ကျိုက်မော့ချလိုက်ပြီး ရွှီချင်းကို လက်ဝှေ့ယမ်းပြသည်။

….

ရွှီချင်းသည် တိတ်ဆိတ်စွာ ထွက်ခွာမသွားခင် ထိုနေရာမှာ အချိန်အကြာကြီး ရပ်နေခဲ့သည်။

ယခုဆိုလျှင် တိုက်ပွဲ၌ ရုံးတော်သခင်ကျဆုံးသွားခဲ့သည်မှာ တစ်လရှိသွားပြီ ဖြစ်သည်။

သတ္တမမင်းသား၏ ရောက်ရှိလာမှုကြောင့် အတွင်းရေးမှူးဌာနသည် မည်သည့်အဓိပ္ပာယ်မှမရှိတော့ဘဲ အမေ့လျော့ခံလိုက်ရသည်။ အတွင်းရေးမှူးဌာနထဲမှ ရွှီချင်းနှင့် ဓားကိုင်များသည်တော့ စစ်မြေပြင်ဆီသို့ စေလွှတ်ခြင်းခံလိုက်ရကြသည်။

တိုက်ပွဲမှ အလှည့်အပြောင်းများစွာကို တွေ့ကြုံပြီးနောက် ရွှီချင်းသည် သတ္တမမင်းသား၏ လုပ်ပုံကိုင်ပုံကို နားလည်သွားသည်။

သူသည် အောင်ပွဲရမည်ဆိုလျှင် မည်သည့်အရာကိုမဆို စတေးပစ်ရန် ဝန်မလေးပေ။

ခုန်းရှန်းလုံပြောသွားသည်မှာ တကယ်မှန်၏။ သူ၏ မျက်လုံးထဲတွင် လူသားများ၏ အသက်သည် အရေးမပါလှပေ။ ယုထျန်းနှင့် ချီလင်းပြည်နယ်ထဲမှ သေမျိုးများနှင့် မျိုးနွယ်အများစုသည် ဘေးလွတ်ရာသို့ လုံးလုံးလျားလျား မပြောင်းရွှေ့ရသေးချေ။

သို့သော်လည်း သူသည် အနိုင်ရရန် အခွင့်အရေးကိုမြင်သောကြောင့် ပြည်နယ်နှစ်ခုမှ မြေမီးတောက်များကို ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့သည်။

ဤတစ်လအတွင်းတွင် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ကျင့်ကြံသူအများအပြားသည် အမှန်တကယ် သေဆုံးသွားခဲ့ကြသည်။ ထို့အတူ လူသားအမြောက်အများသည်လည်း သေဆုံးသွားခဲ့ကြသည်။

အထူးသဖြင့် အနောက်ဘက်ခံတပ်၏ ရုံးတော်သခင်လက်အောက်မှ ယခင်စစ်တပ် ဖြစ်သည်။

သူတို့သည် တိုက်ပွဲတိုင်းတွင် ရှေ့ပြေးအဖြစ် ထမ်းဆောင်ရကြသည်။

ယခု စစ်တပ်ထဲတွင် လူအများအပြား မကျန်ရှိကြတော့ချေ။ သူတို့သည် ဆက်လက်ပြန့်ကျဲသွားကြပြီး တခြားစစ်တပ်များထဲသို့ ရောနှောပါဝင်သွားကြသည်။ သူတို့တစ်ဦးချင်းစီသည် ဤစစ်ပွဲတွင် တိုက်ပွဲတစ်ရာကျော်ကို ဆင်နွှဲဖူးသော လက်ရွေးစင်စစ်သည်တော်များ ဖြစ်ကြသည်။

ရွှီချင်းနှင့် ခုန်းရှန်းလုံသည်လည်း တိုက်ပွဲတွင် ကြိမ်ဖန်များစွာ ပါဝင်ခဲ့ကြသည်။ သို့သော်လည်း လက်ထောက်ရုံးတော်သခင်နှင့် တခြားလူအိုကြီးများ၏ ကာကွယ်ပေးမှုအောက်မှာ သူတို့သည် အသက်အန္တရာယ်ရှိသော တာဝန်တချို့မှ ကင်းလွတ်ခွင့်ရခဲ့သည်။ လက်ရှိတွင် သူတို့သည် နန်းမြို့တော်စစ်တပ်မှ အမှတ်(၁၇)စစ်ဗိုလ်ချုပ်၏ လက်အောက်တွင်ရှိသော အမှတ်(၃)တပ်မှူး၏ အမှတ်(၄)တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။

သူတို့သည် ဤနေရာမှ ခံစစ်ဧရိယာကို တာဝန်ယူရသည်။

ယခုသည် နေဝင်ရီတရောအချိန် ဖြစ်သည်။ နောက်ဆုံးနေရောင်ခြည်သည် မီးခိုးငွေ့ကြောင့် အညိုရောင်သို့ ပြောင်းလဲသွားပြီး ရွှီချင်းရှိနေသော တောင်ပေါ်တွင် ပြန့်ကျဲသွားသည်။

ရွှီချင်းသည် အနီးနားမှ ချိုင့်ဝှမ်းထဲတွင် တည်ဆောက်ထားသော စစ်စခန်းဆီရောက်သည်အထိ လျှောက်သွားသည်။

စခန်းထဲတွင် ကျင့်ကြံသူရာပေါင်းများစွာ ရှိကြ၏။ သူတို့အားလုံးသည် အနောက်ဘက်ခံတပ်၏ ယခင်စစ်တပ်မှ အသက်ရှင်ကျန်ရစ်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့သည် ယခင်ကလောက် အရေအတွက်မများတော့သော်လည်း ယင်းကို နည်းပါးသည်ဟု မဆိုနိုင်သေးပေ။ သို့သော်လည်း ဤနေရာတွင် ဆူဆူညံညံအသံ လုံးဝမရှိပေ။

လူတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနာတရများဖြင့် ပြည့်နှက်နေကြသည်။ တချို့သည် ဆေးကုသနေကြပြီး တချို့သည် တရားထိုင်နေကြသည်။ တချို့သည်တော့ မိန်းမောတွေဝေနေကြသည်။

တောင်ပုံယာပုံ စုပုံနေသော အလောင်းများလည်းရှိသည်။ ယင်းတို့ကို အဝေးသို့ မပို့ဆောင်ရသေးပေ။

ရွှီချင်းလျှောက်လာသည်ကို မြင်သောအခါ တချို့သည် ခေါင်းမော့လိုက်ကြပြီး သူ့ကို ကြည့်လိုက်ကြသည်။

သူတို့ထဲတွင် ဓားကိုင်များ၊ ဂိုဏ်းအမျိုးမျိုးမှ တပည့်များနှင့် ယခင်အတွင်းရေးမှူးဌာနမှ အဖွဲ့ဝင်များ ရှိကြသည်။

ရွှီချင်းသည် သူတို့ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။

စစ်စခန်း၏ အစွန်းဖျားမှ ရွက်ဖျင်တဲတစ်ခုတွင် ရွှီချင်းသည် ခေါင်းဆောင်ကို မြင်သွားသည်။

ခေါင်းဆောင်၏ ပုံစံသည်လည်း ဆိုးဝါးသော အခြေအနေမှာ ရှိသည်။ သူ၏ ကိုယ်ပေါ်မှ စစ်ချပ်ဝတ်ပေါ်တွင် အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွနေပြီး ယခင်က ခန္ဓာကိုယ်အရွယ်အစားသို့ ပြန်ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်မှာ သူက ရွက်ဖျင်တဲထဲတွင် ထိုင်နေပြီး ဦးချိုနက်တစ်ချောင်းကို သူ၏ ပါးစပ်ထဲသို့ ထည့်နေသည်။ သူက ဦးချိုနက်၏ မာကျောမှုကို စမ်းသပ်ချင်သည့်အလား ယင်းကို ကိုက်ဝါးနေသည်။

သူ၏ ဘေးတွင် မီးသလင်းကျောက်ဖြင့် တောက်လောင်နေသော အိုးတစ်လုံးလည်း ရှိသည်။ အိုးထဲတွင် ဟင်းသီးဟင်းရွက်ဖြင့် နှပ်ထားသော အသားတချို့ရှိသည်။ ရေပွက်ပွက်ဆူသံနှင့်အတူ အသားနှပ်အိုးထဲမှ ဟင်းအနံ့သည် မွှေးကြိုင်စွာ ထွက်ပေါ်လာသည်။

“ စီနီယာအကိုကြီး ငါပြန်လာပြီ ”

ရွှီချင်းသည် ရွက်ဖျင်တဲထဲသို့ ဝင်သွားသည်။

ဤရွက်ဖျင်တဲသည် သူတို့၏ ယာယီတည်းခိုရာဖြစ်သည်။

သတ္တမမင်းသားသည် စစ်မြေပြင်နှင့်ပတ်သက်ပြီး အလွန်တရာ တင်းကျပ်သော်လည်း တိုက်ပွဲတွင် ဓားကိုင်ရုံးတော်မှ ဓားကိုင်အများအပြား သေဆုံးသွားကြပြီးနောက် လက်ထောက်ရုံးတော်သခင်သည် ဓားကိုင်ရုံးတော်မှ အကြီးအကဲအားလုံးနှင့်အတူ မင်းသားထံသို့ အကြိမ်များစွာ အသနားခံစာတင်ခဲ့သည်။ နောက်ဆုံးမှာတော့ မင်းသားသည် ဒဏ်ရာအပြင်းအထန်ရရှိထားကြသော ဓားကိုင်အုပ်စုများပါရှိသည့် ဂိုဏ်းများကို စစ်မြေပြင်မှ ပြန်ဆုတ်ခွာခွင့်ပြုလိုက်ပြီး သူတို့၏ နယ်မြေများဆီသို့ ပြန်သွားစေသည်။

သို့သော်လည်း သဘောတူညီမှုတွင် ဂိုဏ်းတချို့သာ ခွင့်ပြုမိန့်ရရှိကြပြီး တစ်သုတ်ပြီးမှတစ်သုတ် ထွက်ခွာကြရမည်။

ထို့ကြောင့် ချီယွဲ့ထုံဂိုဏ်းသည် ဘိုးဘေးရွှယ်လျန်ကျစ် ဒဏ်ရာအပြင်းအထန်ရရှိထား၍ တပည့်အများစုသည် တိုက်ပွဲမှာ သေဆုံးသွားခဲ့သောကြောင့် လွန်ခဲ့သောဆယ်ရက်ခန့်က စတုတ္ထအသုတ်နှင့်အတူ စစ်မြေပြင်မှ ထွက်ခွာသွားခဲ့သည်။

ဓားကိုင်တစ်ယောက်အနေဖြင့် ခေါင်းဆောင်သည် ထွက်မသွားခဲ့ပေ။ သူသည် အစကတော့ ဤနေရာနှင့် သိပ်မဝေးသော တခြားတစ်နေရာတွင် တာဝန်ထမ်းဆောင်ရသည်။ သို့သော်လည်း သူ၏ လိမ္မာပါးနပ်မှုကြောင့် ရွှီချင်းနှင့်အတူနေရန် ရွှေ့ပြောင်းခံလိုက်ရသည်။

“ ဒီတစ်ကြိမ် မင်းပြန်သင့်တယ်လို့ ငါတွက်ထားတယ်… လာ မြန်မြန်လာ ဂျူနီယာညီလေး ငါတို့အတူစားကြရအောင် ”

ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ သူက ရယ်မောလိုက်ပြီး ဖိတ်ခေါ်သည်။

“ နေ့လယ်တုန်းက နန်းမြို့တော်က လူတွေရဲ့ စစ်စခန်းဆီ ငါသွားခဲ့တယ်… အဲ့ဒီမှာ သူတို့က ဒါတွေစားနေကြတယ်… ဒါကြောင့် ငါနည်းနည်း ယူလာခဲ့တယ်… ပြီးတော့ သူတို့တွေ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ တိုက်ပွဲဝင်သားရဲတချို့ကို ရရှိခဲ့တာကိုလည်း ငါမြင်ခဲ့တယ် ”

ခေါင်းဆောင်သည် အသားနှပ်အိုးကို ညွှန်ပြလိုက်သည်။

“ မင်းမြည်းစမ်းကြည့်ချင်လား ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်၏ မိတ်ဆွေဖွဲ့နိုင်သော အရည်အချင်းကို သူမချီးမွမ်းဘဲမနေနိုင်ပေ။

နန်းမြို့တော်၏ စစ်တပ်ရောက်ရှိလာကတည်းက ခေါင်းဆောင်သည် နေ့တိုင်းနီးပါး တစ်ဖက်လူ၏ စစ်စခန်းဆီသို့ သွားရောက်ခဲ့သည်။ သူက ထိုနေရာတွင် မိတ်ဆွေများစွာဖွဲ့ခဲ့ပြီး သတင်းအချက်အလက်များစွာကိုလည်း ရယူခဲ့သည်။ ရံဖန်ရံခါ သူသည် အာဟာရဖြည့်သော ပစ္စည်းများကို သယ်ဆောင်လာတတ်သည်။ ရွှီချင်းသည် အသားတစ်တုံးကို လှမ်းယူလိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

အရသာသည် အမှန်တကယ် မဆိုးပေ။ ထို့အပြင် အသားကို စားပြီးနောက် နွေးထွေးသောစီးကြောင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး ဝိညာဉ်ချီတစ်စွန်းတစ်စသို့ ပြောင်းလဲသွားကာ သူ၏ ကျင့်ကြံခြင်းကို အားဖြည့်ပေးသည်။

“ မဆိုးဘူးမလား ”

ခေါင်းဆောင်သည် ဂုဏ်ယူစွာ ပြုံးသည်။ သူက ဘေးတွင် ထိုင်လိုက်ပြီး အသားတစ်တုံးကို လှမ်းယူလိုက်သည်။

“ သုံးရက်အတွင်း ငါတို့ပြန်ရလိမ့်မယ်လို့ လူအိုကြီးခုန်းဆီကနေ ငါကြားခဲ့တယ်… ဒေသငယ်မြို့တော်ကို ပြန်မရောက်ဖြစ်တာ အတော်ကြာလှပြီလို့ ငါခံစားမိတယ်… ငါတို့ ဒီတစ်ခေါက် ပြန်ရောက်ရင် အရင်ကရထားတဲ့ တာအိုသစ်သီးတွေကို ရောင်းရမယ် ”

“ ငါ့အသိတွေကို မေးကြည့်ဖူးတယ်… နန်းမြို့တော်မှာတောင် တာအိုသစ်သီးတွေက ဈေးကောင်းရတာတဲ့ ”

ခေါင်းဆောင်သည် စကားပြောနေရင်း ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်ပြီး တိုးတိုးကလေး ပြောသည်။

“ မဟာနန်းမြို့တော်ဒေသကြီးမှာတောင် စစ်ပွဲက ဆက်ဖြစ်နေတုန်းလို့ ငါကြားခဲ့တယ်… ဒီတစ်ကြိမ် ကောင်းကင်နက်မျိုးနွယ်က အင်အားအပြည့်နဲ့ ကျူးကျော်လာတာ… ပြီးတော့ တခြားမျိုးနွယ်တွေကလည်း အခွင့်အရေးကို ချောင်းနေကြတယ်… ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်အနိုင်ရခဲ့တဲ့ တစ်ခုတည်းသောနေရာပဲ ”

“ ဖုန်းဟိုင်ဒေသငယ်မှာ လူသားမျိုးနွယ်အနိုင်ရခဲ့တာကြောင့် မဟာနန်းမြို့တော်ဒေသကြီးရဲ့ ဘေးပတ်ပတ်လည်က မျိုးနွယ်စုကြီးတွေက ကိုယ့်ကိုယ်ကို ထိန်းသိမ်းသွားကြတယ်… သူတို့က စောင့်ကြည့်နေဖို့ ရွေးချယ်ခဲ့ကြတယ်… အခု လူတိုင်းက သတ္တမမင်းသားကို သိသွားကြပြီ ”

“ ပြီးတော့ လူသားဧကရာဇ်မှာ သားတော်ဆယ့်နှစ်ပါးနဲ့ သမီးတော်သုံးပါးရှိတယ်လို့ ငါကြားခဲ့တယ်… ဒါပေမဲ့ သူတို့ကြားမှာ ရာဇပလ္လင်အတွက် ပြိုင်ဆိုင်တာတွေမရှိဘူး… လူသားဧကရာဇ်က အကြင်နာမဲ့ရက်စက်ပြီး သူ့ဘဝရဲ့ အကောင်းဆုံးအရွယ်မှာ ရှိနေတယ်… သူက အေးစက်တဲ့ အကျင့်စရိုက်ရှိပြီး သူ့မိသားစုပေါ်မှာလည်း အဲ့ဒီလိုပဲ ဆက်ဆံတယ် ”

All Chapters