← Chapters

ဒေသငယ်မြို့တော်သို့ပြန်ခြင်း

Vol. 47 Ch. 713

ဒေသငယ်မြို့တော်သို့ပြန်ခြင်း

Vol. 47 Ch. 713

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသည်။

လျှပ်တစ်ပြက်အတွင်း သုံးရက်ကုန်ဆုံးသွားသည်။

သတ္တမမင်းသား၏ စစ်တပ်သည် လေးရက်မြောက်နေ့မနက်တွင် ဒေသငယ်မြို့တော်ဆီသို့ ဦးတည်ပြီး သူတို့၏ ခရီးစဉ်ကို စတင်ကြသည်။

….

ရွှီချင်း၊ ခေါင်းဆောင်နှင့် ခုန်းရှန်းလုံတို့သည် ထိုလူအုပ်ထဲတွင် ပါကြသည်။

စစ်တပ်သည် အရှေ့သို့ ရွေ့လျားသွားသည်နှင့် ခံစစ်ဧရိယာသည် တဖြည်းဖြည်း အနောက်တွင် ကျန်နေခဲ့သည်။ ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး အနောက်ဘက်နှင့် မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဤနှစ်လအတွင်းတွင် သူသည် ကိစ္စအများအပြားနှင့် တွေ့ကြုံခဲ့သည်။ သေခြင်းရှင်ခြင်းအခြေအနေကိုလည်း အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့သည်။

ထိုအခိုက်အတန့်မှာ သူ့နည်းတူ ကျင့်ကြံသူအများအပြားသည် အနောက်ဘက်နှင့် မြောက်ဘက်သို့ ငေးကြည့်နေကြသည်။ သူတို့ထဲမှ အများစုသည် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များဖြစ်ကြသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အဝေးမှ နဂါးနက်တစ်ရာကျော်၏ ဝိုင်းရံခြင်းခံရသော လက်သည်းလေးခုရွှေရောင်နဂါးကို ကြည့်လိုက်သည်။

တိမ်တိုက်များနှင့် မြူခိုးကြားတွင် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှ သေးငယ်သော တစ်စိတ်တစ်ပိုင်းသာလျှင် ထွက်ပေါ်နေသော်လည်း ရွှေရောင်နဂါးသည် နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုသို့ဆိုလျှင် ၎င်း၏ အပေါ်မှ ရထားလုံးထဲတွင် ထိုင်နေသော ပုံရိပ်သည်ကတော့ ပြောရန်မလိုတော့ပေ။

ရွှီချင်းအပါအဝင် မြေပြင်ပေါ်မှ လူများသည် ကောင်းကင်ပေါ်မှ ကြီးမြတ်သော ထိုပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးငယ်သော ပုရွက်ဆိတ်လေးများသာ ဖြစ်ကြသည်။

ရွှီချင်းသည် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ခဲ့စဉ်က သူ့ဆရာပြောခဲ့ဖူးသော စကားကို ပြန်အမှတ်ရသွားသည်။

“ ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘာလဲ… အဲ့ဒါက အရမ်းရိုးရှင်းတယ်… မင်းက လူအုပ်ထဲမှာရှိနေပြီး လှမ်းကြည့်လိုက်တဲ့အခါ သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ် အလွယ်တကူ မှတ်မိနိုင်မယ့် လူမျိုးကိုပြောတာ… ဘာကြောင့်လဲဆိုတော့ မင်းရဲ့မျက်လုံးထဲမှာ သူ့ကို သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ သူတစ်ယောက်တည်းရှိနေတာမို့လို့လေ ”

“ သူက လူအုပ်ကြီးဆီ လှမ်းကြည့်လိုက်တယ်… သူက မင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို လူအုပ်ကြားထဲမှာ မင်းကို သတိထားမိမှာလည်းမဟုတ်ဘူး… ဒါဆို အဲ့ဒီလူက ကြီးမြတ်တဲ့ပုဂ္ဂိုလ်ပဲ ”

“ ဒါဆို မင်းဘယ်တော့ အဲ့လိုဖြစ်အောင်လုပ်နိုင်မှာလဲ… မြို့တော်ဝန်က ငါတို့ကို ဖြတ်လျှောက်သွားတဲ့အချိန် သူက မင်းကို အထူးအာရုံစိုက်သွားတယ်… ဒီတော့ မင်းကို ကြီးမြတ်တဲ့ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်တယ် ”

ရွှီချင်းသည် ထိုအချိန်တုန်းက သူ့ဆရာပြောခဲ့သော စကားများကို ရှင်းလင်းစွာ မှတ်မိနေသည်။ နောက်တော့ နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လိုက်သည့်အခါ သူသည် ကျင့်ကြံခြင်းပညာရပ်များကို ရှာဖွေရန် မြို့တော်ဝန်၏ စံအိမ်ထဲသို့ ခိုးဝင်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် မကျေမချမ်းစွာ သေဆုံးသွားပြီး အလောင်းဖြစ်လာသော မြို့တော်ဝန်၏ အသက်မဲ့မျက်လုံးထဲတွင် သူ၏ ပုံရိပ်ကို ထင်ဟပ်အောင် ပြုလုပ်နိုင်ခဲ့သည်။

ဤအခိုက်အတန့်မှာ သူသည် တိမ်တိုက်ကြားထဲမှ သတ္တမမင်းသားကို ကြည့်လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက အမူအရာကင်းမဲ့သော မျက်နှာဖြင့် စစ်တပ်နောက်သို့ လိုက်ပါသွားသည်။

နာရီအတော်ကြာပြီးနောက် စစ်တပ်သည် အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ရောက်ရှိသွားသည်။ တည်နေရာပြောင်းရွှေ့အစီအရင် အသက်ဝင်လာသောအခါ ရွှီချင်း၏ ပုံရိပ်သည် သူ၏ ဘေးပတ်ဝန်းကျင်မှ ရဲဘော်ရဲဘက်များနှင့်အတူ အလင်းပင်လယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသောအခါ ဒေသငယ်မြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

စစ်တပ်အားလုံးသည် မြို့တော်ထဲသို့ မဝင်ရောက်နိုင်ပေ။

ရွှီချင်းနှင့် စစ်သည်တော်အများစုသည် မြေပြင်ပေါ်တွင်သာ မတ်တတ်ရပ်နေကြရသည်။

သတ္တမမင်းသားနှင့် အရည်အချင်းပြည့်မီသော သူ၏ နောက်လိုက်တချို့သာလျှင် မြို့တော်ထဲသို့ တည်နေရာပြောင်းရွှေ့သွားကြသည်။

ဒေသငယ်မြို့တော်၏ ကုန်းမြေပေါ်တွင် မတ်တတ်ရပ်နေလျက် ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူက မြို့တော်၏ အထက်ကောင်းကင်သို့ လှမ်းကြည့်လိုက်သည့်အခါ ရင်းနှီးသောမြို့တော်မှ ဆူဆူညံညံ ထွက်ပေါ်လာသော အော်ဟစ်ချီးမြှောက်သံများကို ကြားလိုက်ရသည်။

အသံသည် အလွန်အမင်း ကျယ်လောင်လှလေရာ မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားဟန် ရသည်။

ကောင်းကင်ပေါ်တွင် မင်္ဂလာရှိသော သက်တံ့အလင်းတန်းတစ်ခု ထွက်ပေါ်နေပြီး ရုံးတော်သုံးခုသည် သက်တံ့အလင်းနှင့်ဆန့်ကျင်သော ရောင်ခြည်ထွန်းလင်းမှုကို ထုတ်လွှတ်နေသည်။

မြို့တော်ထဲတွင် အိမ်တိုင်းနီးပါးသည် တံခွန်ငယ်များဖြင့် အလှဆင်ထားကြသည်။ ဒေသအကြီးအကဲ၏ စံအိမ်ဆီသို့ တည်နေရာပြောင်းရွှေ့အစီအရင်မှ တန်းမတ်စွာ သွားရောက်နိုင်သော အဓိကလမ်းမကြီးကို မင်းသားလမ်းဟု နာမည်အသစ်ခေါ်တွင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ရောင်စုံအလင်းများနှင့် လတ်ဆတ်သော ပန်းပွင့်များဖြင့် အလှဆင်ယင်ထားကြသည်။ မရေမတွက်နိုင်သော လူများသည် လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုချီးမြှောက်နေကြသည်။

“ အောင်ပြီ ”

“ အောင်ပြီ ”

“ အောင်ပြီ ”

မောင်းသံများနှင့် ဗုံသံများသည် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။ လက်ထောက်ရုံးတော်သခင်သည် မြို့တော်ထဲမှ အုပ်စုတစ်စုကို ဦးဆောင်လာသည်။ ထိုအထဲတွင် ကျွင်းရွှင်းမျိုးနွယ်၊ သန့်စင်မိစ္ဆာမျိုးနွယ်နှင့် တခြားမျိုးနွယ်ခြားများမှ ဘိုးဘေးများ ပါရှိကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်တောက်ပလာပြီး သတ္တမမင်းသား၏ ပုံရိပ် ထွက်ပေါ်လာသည့်အခါ သူတို့သည် ရိုရိုသေသေ ဦးညွတ်လိုက်ကြသည်။

“ နှုတ်ဆက်ပါတယ် သတ္တမမင်းသား ”

ကောင်းကင်ပေါ်တွင် လက်သည်းလေးခုရွှေရောင်နဂါးသည် အသက်ရှူသွင်းရှူထုတ်လုပ်နေလေရာ ရောင်ခြည်အနီတန်းတစ်ခုသည် ထည်ထည်ဝါဝါ ထွက်ပေါ်လာသည်။ မြေပြင်ပေါ်တွင် သတ္တမမင်းသားသည် ပြုံးထားလျက် ထွက်ပေါ်လာပြီး အားလုံးနှင့် တွေ့ဆုံသည်။

ချက်ချင်းပင် ဆူညံသံများသည် အထွတ်အထိပ်ထိ ရောက်ရှိသွားသည်။

သို့သော်လည်း ထိုအရာအားလုံးသည် ရွှီချင်းအတွက် ဘာမှမဟုတ်ပေ။

ရွှီချင်းသည် မြို့တော်၏ အပြင်ဘက်တွင် စစ်တပ်နှင့်အတူ တိတ်ဆိတ်စွာ ရပ်နေပြီး ဆူညံသံများကို နားထောင်နေသည်။

အချိန်အတော်ကြာပြီးနောက် အမိန့်တော်တစ်ခုသည် စစ်တပ်ဆီသို့ ပို့လွှတ်လာပြီး နန်းမြို့တော်၏ စစ်တပ်ကို တပ်စခန်းချထားရန်နှင့် သူတို့စိတ်ကြိုက် လွတ်လပ်စွာ ရွေ့လျားသွားလာနိုင်ရန် ညွှန်ကြားသည်။ အနောက်ဘက်စစ်မြေပြင်မှ ဓားကိုင်များသည် နောက်ဆုံးမှာတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားသည်။

အကယ်၍ အထူးအခြေအနေမရှိလျှင် သူတို့သည် စစ်မြေပြင်ဆီသို့ နောက်ထပ်သွားရန် မလိုအပ်တော့ပေ။

ဤသည်မှာ လက်ထောက်ဒေသအကြီးအကဲနှင့် ဓားကိုင်ရုံးတော်မှ လက်ထောက်ရုံးတော်သခင်၏ အပူတပြင်း တောင်းဆိုမှုကြောင့် ဖြစ်သည်။ မင်းသားသည် ဓားကိုင်များ၏ ပင်ပန်းဆင်ရဲမှုဒဏ်ကို နားလည်သောကြောင့် သူတို့၏ တောင်းဆိုမှုကို ရက်ရက်ရောရော ခွင့်ပြုခဲ့သည်။

ရွှီချင်းသည် စစ်တပ်ထဲမှ ထွက်ခွာလာပြီး သူ၏ ဓားအိမ်ယာသို့ ပြန်သွားသည်။

သူသည် အခန်းထဲသို့ရောက်သည့်အခါ ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး စစ်ချပ်ဝတ်ကို မချွတ်ဘဲ ချက်ချင်း အိပ်စက်လိုက်သည်။

နောက်တစ်နေ့ ညနေခင်းသို့မရောက်ခင်အထိ နှစ်ချိုက်စွာ သူအိပ်စက်ခဲ့သည်။

သူနိုးလာသည့်အခါ သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားနှင့် အမိန့်တော်ဓားထဲတွင် များပြားသော အမှာစကားသံများ ရှိနေသည်။

စစ်မြေပြင်တွင် အသံပို့လွှတ်ခြင်းကို တားမြစ်ထားသောကြောင့် အသံပို့လွှတ်ကျောက်စိမ်းပြားအားလုံးသည် ချိပ်ပိတ်ခံထားရသည်။ ထို့ကြောင့် သူတို့သည် ဒေသငယ်မြို့တော်သို့ ပြန်ရောက်ပြီးမှသာ အသံပို့လွှတ်ခြင်းကို လက်ခံနိုင်သည်။

“ ရွှီချင်း အရင်က ငါမင်းဆီမလာနိုင်ခဲ့ဘူး… ဒီနေ့ မင်းရဲ့စီနီယာအကိုကြီးကို မြင်တော့မှ မင်းဘာမှမဖြစ်တာကိုသိရပြီး ငါစိတ်သက်သာရာရတော့တယ်… ငါ သစ်ဝိညာဉ်မျိုးနွယ်နောက်ကိုလိုက်ပြီး မင်းထက်အစောကြီး ပြန်ရောက်လာခဲ့တယ်… ဒေသငယ်မြို့တော်က အခြေအနေက ငါတို့စိတ်ကူးထားတာနဲ့ ခြားနားနေတယ်… ဒီစစ်ပွဲမှာ သစ်ဝိညာဉ်မျိုးနွယ်က ကြီးမားတဲ့ ဆုံးရှုံးမှုကို တွေ့ကြုံခဲ့ရတယ်… ငါလည်း သေခါနီးအခြေအနေနဲ့ တွေ့ကြုံခဲ့ရတယ်… တကယ်လို့ မင်း အခွင့်အရေးရမယ်ဆိုရင် သစ်ဝိညာဉ်မျိုးနွယ်ဆီ လာခဲ့ပါ… လင်းအာက မကြာခင် နိုးတော့မယ် ”

ထိုအမှာစကားသံသည် ဖန်းချွန်လမ်းအဖိုးအိုထံမှ ဖြစ်သည်။

“ ရွှီချင်း မင်းနိုးလာပြီဆိုရင် အတူတူသောက်ရအောင် ငါ့ဆီလာခဲ့ပါ ”

ယင်းသည် ခုန်းရှန်းလုံထံမှ ဖြစ်သည်။

“ ဂျူနီယာညီလေး မင်းနိုးလာတဲ့အခါ ငါ့ကိုပြောပါ… တာအိုသစ်သီးတွေကို ငါလာယူမယ် ”

ယင်းသည် ခေါင်းဆောင်ထံမှ ဖြစ်သည်။

“ သံတော်ဆင့်ရွှီ နင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်… အတိတ်တုန်းက နင် ခြိမ်းခြောက်ဖိအားပေးခဲ့တဲ့ မျိုးနွယ်ခြားတွေက အတူစုပေါင်းပြီး နင်က ဖုန်းဟိုင်ဒေသငယ်ရဲ့ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးပစ်ခဲ့တယ်လို့ တိုင်ကြားစာ တင်ကြတယ်… ဒီကိစ္စကို လက်ထောက်ဒေသအကြီးအကဲက သူစွမ်းသလောက် တားဆီးထားပေမဲ့ နင် အဲ့ဒီကိစ္စကို အာရုံစိုက်ရမယ် ”

ထိုအမှာစကားသံသည် ချင်းချိုးထံမှ ဖြစ်သည်။

အားလုံးကို အတိုချုပ်ပြန်ပြောပြီးနောက် ရွှီချင်းသည် ကျောက်စိမ်းပြားကို ဘေးချထားလိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ သူက စစ်ချပ်ဝတ်ကို ချွတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မြူခိုးသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စုဝေးသွားပြီး သူ့ကို အလျှင်အမြန် သန့်ရှင်းသွားစေသည်။

စစ်မြေပြင်တွင် သူသည် တစ်ကိုယ်ရေသန့်ရှင်းခြင်းကို မပြုလုပ်ပေ။ တစ်ဖက်တွင် ထိုသို့လုပ်ဆောင်ခြင်းသည် မည်သည့်အကျိုးမှမရှိပေ။ အခြားတစ်ဖက်တွင် စစ်မြေပြင်ဟူသည် ထူထဲသော မီးခိုးငွေ့နှင့် သေခြင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေသောနေရာဖြစ်သည်။ ထိုသို့နေရာမျိုးတွင် မည်သူမှ အကြိမ်ကြိမ်အခါအခါ သန့်ရှင်းရေးလုပ်ကြမည် မဟုတ်ချေ။

သန့်ရှင်းရေးလုပ်ပြီးနောက် ရွှီချင်းသည် တာအိုဝတ်ရုံအသစ်တစ်ထည်ကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ မကြာမီ တစ်ကိုယ်လုံး သန့်ပြန့်နေပြီး လန်းဆန်းတက်ကြွနေသော ခေါင်းဆောင်သည် ရွှီချင်းဆီသို့ မျှော်လင့်တကြီး ရောက်ချလာသည်။

စစ်မြေပြင်တွင် ရွှီချင်းသည် တာအိုသစ်သီးတချို့ကိုသာ သူနှင့်အတူ ယူဆောင်လာပြီး အများစုကို ဒေသငယ်မြို့တော်တွင် ထားရစ်ခဲ့သည်ဟု ခေါင်းဆောင်ကို ပြောခဲ့သည်။

သူတို့နှစ်ယောက် တွေ့ဆုံသွားကြသည့်အခါ ရွှီချင်းသည် ဓားအိမ်ယာ၏ ထိန်းသိမ်းရေးအခန်းထဲမှ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ခေါင်းဆောင်ဘာမှမပြောနိုင်ခင် ပစ်ပေးလိုက်သည်။

“ ငါးဆယ် ငါးဆယ် ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

ခေါင်းဆောင်သည် ချက်ချင်း ဝမ်းသာပျော်ရွှင်သွားသည်။

“ အဲ့ဒါက လုံလောက်ပါတယ် ဟား ဟား… ငါနောက်ဆုံးတော့ ရှေးဟောင်းတာအိုချိပ်တံဆိပ်အမိန့်တော်ကို လဲလှယ်နိုင်တော့မယ်… ချင်းလေး ငါမင်းကို ပြောပြမယ်… ဒီဟာအတွက် စစ်ရေးအကျိုးပြုအမှတ်တွေရဖို့ ငါအရမ်းအလုပ်ကြိုးစားခဲ့တာ ”

ခေါင်းဆောင်သည် စိတ်ကျေနပ်သွားပြီး သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်သည်။ သူက ပြုံးလိုက်ပြီး ရွှီချင်းထံသို့ ကြည့်လိုက်သည်။

“ ချင်းလေး သက်စောင့်မီးအိမ်တစ်ခုနဲ့ မင်းလဲလှယ်ချင်လား… တာအိုသစ်သီးတွေကရမယ့် စစ်ရေးအကျိုးပြုအမှတ်က အဲ့အတွက် လုံလောက်တယ်… တိုက်ပွဲကုသိုလ်တွေကိုလည်း ခွဲဝေပေးထားပြီးပြီ… မင်း တိုက်ပွဲကုသိုလ်ဘယ်လောက်ရလဲ ကြည့်ရအောင်… ငါကတော့ အဆင့်ငါးတိုက်ပွဲကုသိုလ်လေးခုနဲ့ အဆင့်သုံးတိုက်ပွဲကုသိုလ်နှစ်ခု ရခဲ့တယ် ”

ဤသည်ကိုကြားသောအခါ ရွှီချင်းသည် သူ၏ အမိန့်တော်ဓားကို ထုတ်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

“ ဓားကိုင်ရွှီချင်း စစ်ဥပဒေဌာနရဲ့ အတည်ပြုစစ်ဆေးခြင်းခံရပြီးပြီ… ဖုန်းဟိုင်ဒေသငယ်ရဲ့ စစ်ပွဲအတွင်းမှာ သင်က အဆင့်နှစ်တိုက်ပွဲကုသိုလ်တစ်ခု၊ အဆင့်သုံးတိုက်ပွဲကုသိုလ်လေးခု၊ အဆင့်လေးတိုက်ပွဲကုသိုလ်ခုနစ်ခုနဲ့ အဆင့်ငါးတိုက်ပွဲကုသိုလ်ဆယ့်တစ်ခုကို ရရှိပါတယ် ”

ရွှီချင်းသည် ဆွံ့အသွားသည်။ သူ၏ တိုက်ပွဲကုသိုလ်က ထိုမျှများပြားလိမ့်မည်ဟု မျှော်လင့်မထားပေ။

“ ဟား ဟား အရမ်းများတယ်မဟုတ်လား… အဲ့ဒါ ဓားကိုင်ရုံးတော်ရဲ့ ဒုတိယရုံးတော်သခင်ကိုယ်တိုင် တင်သွင်းခဲ့တာလို့ ငါကြားတယ်… လူတိုင်း တိုက်ပွဲကုသိုလ်ကို ရကြတယ် ”

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ပြောသည်။ ထို့နောက် သူသည် ဘေးဘီသို့ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။

“ မင်းမနေ့က ချက်ချင်း အိပ်ပျော်သွားခဲ့တယ်မဟုတ်လား… ဒီမှာ ငါပြောပြမယ် မနေ့က ကိစ္စအတော်များများဖြစ်ခဲ့တယ်… သတ္တမမင်းသားရောက်လာတဲ့အချိန်ကစပြီး ဒေသငယ်မြို့တော်ထဲမှာ အခြေအနေက ပြောင်းလဲသွားတယ် ”

“ သူ့ရဲ့စစ်ဗိုလ်ချုပ်သုံးယောက်က လက်ရှိမှာ ဓားကိုင်ရုံးတော်၊ တရားရေးရုံးတော်နဲ့ ပြည်ထဲရေးရုံးတော်ရဲ့ ရုံးတော်သခင်နေရာတွေမှာ ခန့်အပ်ခံလိုက်ရတယ်… အခု ရုံးတော်သုံးခုက သူ့လက်အောက်ကို ကျရောက်သွားပြီ ”

“ ပြည်နယ်လေးခုက ဓားကိုင်ရုံးတော်ခွဲတွေရဲ့ မဟာအကြီးအကဲတွေက တာဝန်ပေါ့ဆတယ်ဆိုပြီး မှတ်တမ်းတင်ခံရတယ်… အဲ့ဒီထဲမှာ ငါတို့ယင်ဟွမ်ပြည်နယ်ရဲ့ ဓားကိုင်ရုံးတော်ခွဲလည်း ပါတယ်… အကြောင်းအရင်းတွေကတော့ အများကြီးပဲ… အဲ့ဒီထဲက တစ်ခုကတော့ အကျဉ်းသားကို ဆုံးရှုံးသွားတာပဲ… ဟိုမိန်းမ ဝိညာဉ်သခင်မယုံကျင်းလေ… သူက စစ်မြေပြင်ပေါ်မှာ အတွင်းဘက်ထဲထိ သွားရောက်ခဲ့တယ်… သူက ဒဏ်ရာအပြင်းအထန်ရပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားမှာကိုတောင် ဂရုမစိုက်ဘဲ အခြေအနေတွေ ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားခဲ့တယ် ”

“ ကျွင်းရွှင်းမျိုးနွယ်နဲ့ သန့်စင်မိစ္ဆာမျိုးနွယ်လည်း ရှိသေးတယ်… မဟာမိတ်ထဲမှာ အဲ့ဒီမျိုးနွယ်စုနှစ်စုနဲ့ လူသားမျိုးနွယ်ရဲ့ အနေအထားတွေက ပြောင်းလဲသွားပြီ… သတ္တမမင်းသားက ဘာနည်းလမ်းကို သုံးလိုက်လဲတော့ငါမသိဘူး တစ်ရက်တည်းနဲ့ သူတို့က လူသားမျိုးနွယ်ကို အလေးထားလာကြတယ် ”

“ အဲ့ဒါအပြင် မျိုးနွယ်ခြားအစု(၄၀၀)ကျော်က နှစ်စဉ်ဆက်ကြေးကို တိုးမြှင့်ဖို့နဲ့ တစ်ချိန်တည်းမှာ သူတို့ရဲ့ စစ်ရေးအခွင့်အာဏာတွေကို လွှဲပြောင်းပေးဖို့ သဘောတူလာကြတယ် ”

“ တော်ပြီ အဲ့ဒီအကြောင်းကို ဆက်မပြောတော့ဘူး… ငါ စစ်ရေးအကျိုးပြုအမှတ်ကို သွားလဲလှယ်တော့မယ်… အို ဟုတ်သားပဲ ချင်းလေး… မနက်ဖြန်ကျရင် တိုက်ပွဲမှာကျဆုံးသွားတဲ့ ဒေသအကြီးအကဲနဲ့ ရုံးတော်သခင်သုံးယောက်အတွက် ဈာပနအခမ်းအနားကျင်းပမယ်လို့ လက်ထောက်ဒေသအကြီးအကဲက ငါတို့ကို အကြောင်းကြားတယ် ”

ရွှီချင်းသည် ထွက်ခွာသွားသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူသည် ဓားအိမ်ယာ၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေပြီး ဘေးဘီသို့ ကြည့်လိုက်သည်။ ယခင်က သူနှင့်ရင်းနှီးသော ဒေသငယ်မြို့တော်သည် ယခုအခါ အနည်းငယ် သူစိမ်းဆန်လာသည်။

အရာအားလုံးသည် ပြောင်းလဲသွားသည်။

ရွှီချင်းသည် ချီယွဲ့ထုံဂိုဏ်းနှင့် သူ၏ ဆရာကို ရုတ်တရက် လွမ်းဆွတ်လာသည်။

အချိန်အတော်ကြာပြီးနောက် သူသည် မြို့ထဲမှ ဝိုင်ပုလင်းတချို့ကို ဝယ်ယူလိုက်ပြီး ခုန်းရှန်းလုံ၏ ဓားအိမ်ယာသို့ သွားလိုက်သည်။

ခုန်းရှန်းလုံသည် တစ်ယောက်တည်း သောက်နေသည်။ ရွှီချင်းရောက်လာသည်ကို မြင်သောအခါ သူက ပြုံးပြရန် ကြိုးစားသည်။ သို့သော် သူမပြုံးနိုင်ခဲ့ပေ။ အဆုံးမှာတော့ သူက ဝိုင်ပုလင်းကို ကောက်ယူလိုက်ပြီး တစ်စက်မှမကျန်အောင် မော့ချလိုက်သည်။

ရွှီချင်းသည် ခုန်းရှန်းလုံ၏ ဘေးတွင် တိတ်တဆိတ် ဝင်ထိုင်လိုက်ပြီး သူ့ကို အဖော်ပြုပေးကာ သောက်လိုက်သည်။ သူတို့နှစ်ယောက်သည် မည်သည့်စကားမှ မပြောကြချေ။

ညအချိန်ကုန်လွန်ပြီး အာရုဏ်တတ်ချိန်သို့ရောက်ခါနီးတွင် ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

“ အကိုခုန်း ဈာပနအခမ်းအနားက စတင်တော့မယ် ”

ခုန်းရှန်းလုံသည် တိတ်တဆိတ် ခေါင်းမော့လိုက်သည်။ အချိန်တစ်ခဏအကြာမှာ သူက တိုးညင်းစွာ ပြောသည်။

“ ရွှီချင်း ငါ့ကို အပြင်ဘက်မှာ စောင့်နေပါ ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဓားအိမ်ယာ၏ အပြင်ဘက်သို့ လျှောက်သွားသည်။

သိမ်မကြာမီ ဓားအိမ်ယာ၏ တံခါးသည် ပွင့်သွားပြီး ခုန်းရှန်းလုံသည် ထွက်လျှောက်လာသည်။ သူ၏ မျက်နှာသည် ယခင်ကဲ့သို့ ညစ်ပတ်ပေတေမနေတော့သလို အရက်နံ့သည်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ မရှိတော့ပေ။

ဓားကိုင်တာအိုဝတ်ရုံဖြူကို သပ်သပ်ရပ်ရပ် ဝတ်စားထားသောကြောင့် ခုန်းရှန်းလုံသည် စစ်မထွက်ခင်က အချိန်ကို ပြန်ရောက်သွားသလိုပင်။

“ အဲ့လူအိုကြီးက ဘယ်တော့မှ ငါ့ကို အဖိုးလို့ခေါ်ခွင့်မပြုခဲ့ဘူး… ဒါကြောင့် ငါသူ့ကို အဖက်မလုပ်ခဲ့ဘူး… ငယ်ငယ်လေးကတည်းက ငါက တစ်ယောက်တည်းပဲ နေခဲ့တယ် ”

ခုန်းရှန်းလုံသည် နူးညံ့စွာ ပြောသည်။

“ ဒါပေမဲ့... သူက အရမ်းတင်းကျပ်တဲ့လူ… တကယ်လို့ ငါသာ အရင်လို အရက်သောက်ထားတာကို သူမြင်မယ်ဆိုရင် မျက်နှာထားတင်းတင်းနဲ့ ငါ့ကို ဆူပူလိမ့်မယ်… အခု သူငါ့ကို မမြင်နိုင်တော့ပေမဲ့ သူစိတ်ပျော်အောင်တော့ ငါကြိုးစားလုပ်သင့်တယ်လေ ”

“ မင်းသဘောတူတယ်မလား ရွှီချင်း ”

ခုန်းရှန်းလုံသည် ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

ခုန်းရှန်းလုံသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။

ရွှီချင်းသည် ခုန်းရှန်းလုံနှင့်အတူ ဓားအိမ်ယာမှ ထွက်ခွာသွားသည်။ ခေါင်းလောင်းသံမြည်သွားသောအခါ ဒေသငယ်မြို့တော်တစ်ခုလုံး ဝမ်းနည်းပူဆွေးခြင်းဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် မြို့တော်ထဲရှိ ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုအရှေ့သို့ ရောက်ရှိသွားကြသည်။

ထိုအခိုက်အတန့်မှာ ကျင့်ကြံသူသိန်းပေါင်းများစွာသည် ထိုနေရာတွင် မတ်တတ်ရပ်နေကြသည်။

ဓားကိုင်ရုံးတော်၊ တရားရေးရုံးတော်၊ ပြည်ထဲရေးရုံးတော်နှင့် ဒေသလွှတ်တော်မှ ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးရောက်ရှိနေကြသည်။

ပုံရိပ်အများအပြားသည် အရပ်မျက်နှာပေါင်းစုံမှ အလျှင်အမြန် ချဉ်းကပ်ရောက်ရှိလာကြသည်။ တချို့သည် ပတ်တီးစည်းထားကြသည်။ တချို့သည် ဒဏ်ရာများမှ ပြန်မသက်သာကြသေးပေ။ တချို့သည် မျက်လုံးနီရဲနေကြသည်။ တချို့၏ မျက်လုံးထဲတွင် ပူဆွေးသောကနှင့် ခံပြင်းဒေါသဖြင့် ပြည့်နှက်နေကြသည်။

သူတို့အားလုံးသည် အနောက်ဘက်စစ်မြေပြင်တွင် အသက်ရှင်ကျန်ရစ်ခဲ့ကြသူများ ဖြစ်ကြသည်။

မြေပြင်ပေါ်တွင် နန်းမြို့တော်မှ စစ်တပ်သည် လျှောက်လာကြပြီး ဝမ်းနည်းကြေကွဲစွာ တိတ်တဆိတ် ဦးညွတ်လိုက်ကြသည်။

မြို့တော်ထဲတွင် မိသားစုတိုင်းသည် အပြင်ဘက်သို့ အလိုအလျောက် ထွက်လျှောက်လာကြသည်။ အမျိုးသားများ၊ အမျိုးသမီးကြီးများ၊ လူကြီးနှင့် လူငယ်များသည် ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ မြောက်ဘက်နှင့် အနောက်ဘက်ခံတပ်မှ ကျင့်ကြံသူများနှင့် ကိုယ့်နေရပ်ဆီကို မပြန်ရသေးသော ပြည်နယ်အသီးသီးမှ ကျင့်ကြံသူများသည် အဆုံးမဲ့ပူဆွေးသောကဖြင့် ဒေသငယ်မြို့တော်ဆီသို့ မျက်နှာမူလိုက်ကြသည်။

အနောက်ဘက်စစ်တပ်တွင် ပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာပြည်နယ်ဆီသို့ အသီးသီးပြန်သွားခဲ့ကြသော လူသားဂိုဏ်းများသည်လည်း ဤအခိုက်အတန့်မှာ သူတို့၏ ဂိုဏ်းထဲမှ ခေါင်းလောင်းကို ထိုးလိုက်ကြသည်။ ထိုအခါ ခေါင်းလောင်းသံသည် ပြည်နယ်အားလုံးတွင် ပဲ့တင်ထပ်သွားသည်။

ဒေသငယ်တစ်ခုလုံးသည် ဝမ်းနည်းပူဆွေးခြင်းဖြင့် ပြည့်နှက်နေသည်။

All Chapters