သီးသန့်စာရွက်စာတမ်း(၁၉)
Vol. 47 Ch. 715
မြေကွက်လပ်ပေါ်တွင် ရွှီချင်းသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ယောင်ယွင်ဟွေ့နှင့် ကျန်းစီယွမ်ကို ကြည့်လိုက်သည်။
ကျောက်ရှာတောင်ပေါ်တွင် မီးခိုးမျိုးနွယ်ဝင်ပြောခဲ့သော အမတ်ယောင်က သူတို့ကို လူများတားဆီးရန် စေခိုင်းခဲ့သည်ဟူသော စကားကို သူပြန်အမှတ်ရသွားသည်။
ထို့နောက် အမတ်ယောင်၏ အတိတ်က လုပ်ဆောင်မှုများနှင့် စစ်မြေပြင်ပေါ်တွင် ပျောက်ဆုံးသွားခြင်းကို သူတွေးမိသွားသည်။
….
အပေါ်ယံမှကြည့်လျှင် အမတ်ယောင်နှင့်ပတ်သက်ပြီး ကြီးမားသော ပြဿနာတစ်ခုရှိနေသည်မှာ သေချာသလောက် ရှိ၏။
ရုံးတော်သခင်သည်ပင် အမတ်ယောင်အပေါ် သံသယဝင်ခဲ့သည်။
သို့သော်လည်း အကယ်၍ အမတ်ယောင်သာ နောက်ကွယ်မှတရားခံဆိုလျှင် သူ၏ မျိုးနွယ်စုထဲမှ မိန်းမများနှင့် ကလေးများသာ ချန်ထားစေခဲ့ပြီး ကျန်အဖွဲ့ဝင်အားလုံးကို အဘယ့်ကြောင့် စစ်မြေပြင်ဆီသို့ ခေါ်ဆောင်သွားကာ သေဆုံးစေခဲ့ကြောင်း ရွှီချင်း နားမလည်ပေ။
ထိုမိန်းမများနှင့် ကလေးများသည်လည်း အဘယ့်ကြောင့် ဂေဟာထဲတွင် ဆက်နေထိုင်ပြီး ဖမ်းဆီးခံရမည်ကို စောင့်နေကြသနည်း။
ထို့အပြင် စစ်ပွဲစတင်သည့်အချိန်တွင် မျိုးနွယ်တစ်ရာကျော်ပါဝင်သော မဟာမိတ်စစ်တပ်သည် မြောက်ဘက်စစ်မြေပြင်ဆီသို့ ဦးတည်သွားခဲ့သည်။ ဤသည်မှာ အမတ်ယောင်က ထိုမျိုးနွယ်များထံ ကိုယ်တိုင်သွားရောက်ပြီး စည်းရုံးဆွေးနွေးခဲ့သောကြောင့် ဖြစ်သည်။
ထိုအကြောင်းပြချက်အားလုံးကို ပေါင်းစည်းလိုက်မည်ဆိုလျှင် အခြေအနေတစ်ခုလုံးသည် လိုက်လျောညီထွေမှုမရှိတော့ပေ။
ရွှီချင်းတစ်ယောက်တည်း ထိုသို့တွေးမိခြင်းမဟုတ်ပေ။
သို့သော် ယခုအခါတော့ မည်သူမှ ဘာမှမပြောကြချေ။
တစ်ဖက်မှာတော့ အမတ်ယောင်သည် လူလေးစားခံရသူမဟုတ်ပေ။ အခြားတစ်ဖက်မှာတော့ သူက လူသားမျိုးနွယ်ကို သစ္စာမဖောက်ခဲ့ဘူးဟူသော သက်သေအထောက်အထား မရှိပေ။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
သူသိသည်မှာ ဖုန်းဟိုင်ဒေသငယ်မှ စစ်ပွဲသည် မျိုးနွယ်နှစ်ခုကြားမှ သာမန်စစ်ပွဲတစ်ပွဲမဟုတ်ပေ။
အမှန်မှာတော့ ရုံးတော်သခင်သေဆုံးပြီး သိပ်မကြာမီ သတ္တမမင်းသားရောက်လာခြင်းသည် မရိုးရှင်းကြောင်း ရွှီချင်း ခံစားမိသည်။ ထိုအထဲတွင် နက်နဲသော တစ်စုံတစ်ခုရှိနေမည်ဟု သူခံစားမိသည်။
‘ ဒီသတ္တမမင်းသားက မရိုးရှင်းဘူး… သူက လူတွေရဲ့ စိတ်နှလုံးကို ခြယ်လှယ်နေတာ ’
ခေါင်းဆောင်သည် အသံပို့လွှတ်ပြီး ပြောသည်။
‘ သူက ဘုံပစ်မှတ်တစ်ခုကို ဖန်တီးပြီး ပြည်သူတွေရဲ့ ဦးတည်ချက်နဲ့ ရပ်တည်မှုကို ခြယ်လှယ်နေတာ ’
ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းသွားပြီး နူးညံ့စွာ ပြောသည်။
‘ အခု ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးက သူ့ပိုင်နက်ဖြစ်တော့မယ်… သူ့ရဲ့သရုပ်က အထွတ်အထိပ်ကို ရောက်သွားရုံတင်မကဘူး သူက ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်တဲ့နေရာမှာ ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ခဲ့တယ်… အခု လူတွေအများကြီးက သူ့ကို ထောက်ပံ့နေကြပြီ… တကယ်လို့ သူသာ အနောက်ဘက်စစ်မြေပြင်ကို နည်းနည်းပိုစောပြီး ရောက်လာမယ်ဆိုရင် ရုံးတော်သခင်က သေမှာမဟုတ်ဘူး ’
‘ ဒါပေမဲ့ တကယ်လို့ ရုံးတော်သခင်သာ မသေသွားဘူးဆိုရင် ဒီမင်းသားရဲ့ ဂုဏ်အရှိန်အဝါက ဒီလောက် ထွန်းတောက်နေမှာမဟုတ်ဘူး… တချို့ဂုဏ်အရှိန်အဝါတွေက ရုံးတော်သခင်ဆီကနေ သူလုယူထားတာ ’
‘ သူက နောက်ကျမှရောက်လာတော့ ဂုဏ်အရှိန်အဝါအားလုံးကို တစ်ယောက်တည်း ပိုင်ဆိုင်သွားတယ် ’
‘ သူက စစ်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်… အခု ဒီစစ်ပွဲကနေ သူ့နာမည်ကို တစ်လောကလုံး သိသွားကြပြီ ’
‘ ငါအခုပြောနေတာတွေက အစောကြီးကတည်းက မင်းသိနှင့်ပြီးသားဆိုတာ ငါသိတယ်… ဂျူနီယာညီလေး မင်းက ခုန်းရှန်းလုံနဲ့ ဆက်ဆံရေးကောင်းရှိပေမဲ့ တစ်ဇွတ်ထိုးမလုပ်ဖို့ မှတ်ထားပါ… ဒီလူက မဖြစ်စလောက်လေး မဟုတ်ဘူး ’
‘ ဟိုမှာကြည့်… လက်ထောက်ရုံးတော်သခင်တွေ၊ လက်ထောက်ဒေသအကြီးအကဲနဲ့ တခြားလူတွေက နှုတ်ဆိတ်နေဖို့ ရွေးချယ်ကြတယ်… ခုန်းရှန်းလုံတောင် တိတ်ဆိတ်နေတယ်… အခြေအနေကို နားလည်တဲ့လူက အများကြီးပဲ… ငါတို့တွေပဲ မဟုတ်ဘူး ’
‘ ငါတို့လို သာမန်ပုံရိပ်တွေအတွက်တော့ ကိုယ့်မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေကို ကာကွယ်နိုင်ရုံနဲ့ လုံလောက်တယ်… အခုချိန်မှာ ငါတို့ဝင်မပါသင့်တဲ့ အရာတွေ အများကြီးရှိတယ် ’
ခေါင်းဆောင်သည် ရွှီချင်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။
ရွှီချင်းသည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ဤအကြောင်းများကို အစောကြီးကတည်းက သူသိထားပြီးသည်မှာ မှန်၏။ သူသည် ထိုအကြောင်းများကို အချိန်အတော်ကြာအောင် စိတ်ထဲမှာ မြှုပ်နှံထားခဲ့သည်။
‘ စီနီယာအကိုကြီး ငါနားလည်ပါတယ် ’
‘ တကယ်လို့ ရုံးတော်သခင်သာ မသေသွားရင် တားမြစ်ပိုက်ကွန်သာ ပြိုလဲမပျက်စီးသွားရင် သူရောက်လာမှာ မဟုတ်ဘူး… ဒီအကြောင်းကြောင့် ရုံးတော်သခင်က သူအသက်ရှိနေစဉ်မှာ စစ်တပ်အတွက် စီစဉ်စရာရှိတာတွေ စီစဉ်ပေးသွားပြီး သူတစ်ယောက်တည်း စွန့်စားသွားတာဖြစ်မယ် ’
ရွှီချင်းသည် မျက်လုံးပိတ်လိုက်ပြီး ရုံးတော်သခင် အသက်ရှိနေစဉ်က ပြောကြားခဲ့သော စကားလုံးများနှင့် ညွှန်ကြားခဲ့သော အမိန့်တော်များကို ပြန်တွေးလိုက်သည်။
မိုးသည် တစ်နေ့လုံး ရွာသွန်းနေသည်။
သို့သော်လည်း ဈာပနအခမ်းအနားသည် သိပ်မကြာခဲ့ပေ။ ယင်းသည် အချိန်နှစ်နာရီမျှသာ ကြာမြင့်ခဲ့သည်။
သတ္တမမင်းသား၏ ထွက်ခွာမှုကြောင့် ဈာပနအခမ်းအနားသည် ပြီးဆုံးသွားသည်။
ဈာပနအခမ်းအနားပြီးနောက် အားလုံးသည် စိတ်မချမ်းမြေ့စွာ ကိုယ်စီကိုယ်စီ ပြန်သွားကြသည်။ ခေါင်းဆောင်သည် ရွှီချင်းကို စိုးရိမ်သောကြောင့် သူ့ကို အထပ်ထပ်အခါခါ သတိပေးခဲ့သည်။ ခေါင်းဆောင်သည် ရှေးဟောင်းတာအိုချိပ်တံဆိပ်အမိန့်တော်ကို လဲလှယ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ချိပ်တံဆိပ်များကို ဖြေလျှော့ရန် ကြိုတင်ပြင်ဆင်တော့သည်။
သို့သော်လည်း ထိုလုပ်ငန်းစဉ်သည် အချိန်လိုအပ်သည်။
“ ဂျူနီယာညီလေး ငါ လဝက်ခန့်လောက် တံခါးပိတ်ကျင့်ကြံတော့မယ်… ငါပြောကို မှတ်ထားပါ အလျင်စလို မလုပ်ရဘူး… တခါးပိတ်ကျင့်ကြံတာကနေ ငါပြန်ထွက်လာတော့မှ ဘယ်လိုခြေအနေရှိလဲ ကြည့်ကြမယ်… တကယ်လို့ အခြေအနေက မကောင်းဘူးဆိုရင် ဓားကိုင်ရာထူးကနေ နုတ်ထွက်ကြတာပေါ့ ”
ရွှီချင်းသည် ခေါင်းညိတ်သည်။
ရွှီချင်းဟန်ဆောင်နေခြင်းမဟုတ်ကြောင်း အတည်ပြုပြီးနောက် ခေါင်းဆောင်သည် အလျှင်အမြန် ထွက်ခွာသွားသည်။
အမှန်တကယ်ပင် ရွှီချင်းသည် ခေါင်းဆောင်ကို စိတ်အေးစေရန်သက်သက် ပြောလိုက်ခြင်းမဟုတ်ပေ။ သူ၏ စကားများသည် အလေးချိန်မပါကြောင်း သူသိသည်။ သူ၏ သရုပ်ဖြစ်စေ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်ဖြစ်စေ ဤရှုပ်ထွေးသော စစ်ပွဲကြီးတွင် အရေးပါသော နေရာတစ်နေရာမှ ပါဝင်ရန် မလုံလောက်သေးပေ။
သို့သော်လည်း ရုံးတော်သခင် အသက်ရှိနေစဉ်က မြင်ကွင်းများသည် သူ၏ စိတ်ထဲတွင် အစဉ်အမြဲ ထင်ပေါ်နေသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်ပိုင်ဓားအိမ်ယာဆီသို့ ပြန်သွားသည်။
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကိုကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။
“ ချီယွဲ့ထုံဂိုဏ်းကို လွမ်းတယ် ”
ရွှီချင်းသည် မျက်လုံးပိတ်လိုက်ပြီး တိတ်တဆိတ် တရားထိုင်လိုက်သည်။
အပြင်လောကတွင် နေဝင်ဆည်းဆာချိန် ကုန်လွန်သွားပြီး ဖိုးလမင်းက ကောင်းကင်ပေါ်သို့ မြင့်မြင့်မြှောက်တတ်သွားသည့်အခါ ညအချိန်သည် ကျရောက်လာသည်။ ညသန်းခေါင်ယံအချိန်တွင် နာကြည်းဖွယ် အသံတစ်သံသည် ဓားအိမ်ယာ၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ ရွှီချင်း အဲထဲမှာ မင်းရှိလား ”
ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ ဤသည်မှာ ခုန်းရှန်းလုံ၏ အသံဖြစ်သည်။ သူသည် မတ်တတ်ထရပ်လိုက်ပြီး ဓားအိမ်ယာ၏ တံခါးကို ဆွဲဖွင့်လိုက်သည်။ ထိုအခါ အရက်မူးနေသော ခုန်းရှန်းလုံကို သူမြင်သွားသည်။
လရောင်အောက်မှာ ခုန်းရှန်းလုံသည် ပြုံးထားသော်လည်း သူ၏ အပြုံးသည် ငိုနေသည်ထက် ပိုအရုပ်ဆိုးသည်။
“ ညဝိညာဉ်က သေသွားပြီ… ဝမ်ချန်းက သေသွားပြီ… ရှန်းဟယ်က ဒဏ်ရာအပြင်းအထန်ရထားလို့ အားပြန်ဖြည့်ဖို့ သူ့ဂိုဏ်းဆီ ပြန်သွားတယ်… အခု ငါနဲ့အတူသောက်ပေးမဲ့ အဖော်တစ်ယောက်မှ ရှာလို့မရတော့ဘူး ”
“ ရွှီချင်း ထပ်ပြီးတော့ ငါနဲ့အတူ သောက်ဖော်လုပ်ပေးပါလား ”
ရွှီချင်းသည် မည်သည့်စကားမှမပြောပေ။ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ခုန်းရှန်းလုံသည် ပြုံးဖြဲဖြဲလုပ်ပြီး အထဲသို့ ဒယိမ်းဒယိုင်လျှောက်လာသည်။ သူက ထိုင်ချလိုက်ပြီးနောက် ရွှီချင်းဆီသို့ ဝိုင်ပုလင်းတစ်လုံးကို ကမ်းပေးလိုက်ပြီး တခြားဝိုင်ပုလင်းကို အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။
“ နေ့လယ်တုန်းက ငါဘယ်သူ့ကိုမြင်ခဲ့လဲ မင်းမှန်းနိုင်လား ”
ခုန်းရှန်းလုံသည် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် ဝိုင်ပုလင်းကို လှမ်းယူလိုက်ပြီး မငုံခင် ခေါင်းခါလိုက်သည်။
“ သတ္တမမင်းသား ”
“ လက်ထောက်ရုံးတော်သခင်က ငါ့ကို အဲ့ဒီကို ခေါ်သွားတာ… ရုံးတော်သခင်က ငါ့အဖိုးဆိုတာ မင်းသားက သိတယ်… ဒါကြောင့် သူက ငါ့ကို အမိန့်ပေးတယ်… သူက ငါ့ကို တာဝန်တစ်ခုတောင် ပေးလိုက်သေးတယ် ”
“ အကျဉ်းထောင်ဌာနကို ပြန်ဖွဲ့စည်းဖို့ သူက ငါ့ကိုခိုင်းတယ်… ငါက မင်းအကြောင်းကို ပြောလိုက်တယ်… သူက ငါ့စိတ်ကြိုက်ဆောင်ရွက်ဖို့ သဘောတူလိုက်တယ်… ဟား ဟား ငါဝမ်းသာသင့်လား ”
ခုန်းရှန်းလုံသည် ကျယ်လောင်စွာ ပြောပြီး စတင်ရယ်လိုက်သည်။ သို့သော်လည်း သူ၏ အပြုံးသည် အရုပ်ဆိုးရုံသာမက သူ၏ ရယ်သံထဲတွင် နက်ရှိုင်းသော ခံစားချက်များ ပါရှိသည်။ အဆုံးမှာတော့ သူသည် သွေးပါသော သလိပ်အခဲကို ဘေးသို့ ထွီးခနဲ ထွေးထုတ်လိုက်သည်။
“ ယီးပဲ ”
“ ပထမအသုတ် အကျဉ်းသားတွေက ယောင်မိသားစုက လူတွေဟ ”
“ အဲ့ဒါက ငါ့ကို ယောင်မိသားစုဝင်တွေကို သတ်ပစ်ခိုင်းလိုက်တာ မဟုတ်ဘူးလား… သူက ငါ့ကို ငတုံးလို့ တကယ်ထင်နေတာလား… လူအိုကြီးမသေခင် နောက်ဆုံးအချိန်မှာ ထွက်ပေါ်လာတဲ့ ပုံရိပ်ကရော အမတ်ယောင်ဖြစ်နေမလား ”
ခုန်းရှန်းလုံသည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ပေါ်လျှိုးလာသည်။ သူက နောက်ထပ် အကြီးကြီးတစ်ကျိုက် သောက်လိုက်သည်။
“ ယောင်မိသားစုက လူတွေကို ငါသွားကြည့်ခဲ့တယ်… သူတို့က မိန်းမနဲ့ ကလေးတွေချည်းပဲ… ပြီးတော့ ကျန်းစီယွမ်က အဲ့ဒီထဲမှာ မရှိဘူး… စီမံခန့်ခွဲရေးမှူးစစ်မာက သူ့ကို အာမခံပေးလိုက်လို့ ပြန်လွတ်သွားတယ် ငါကြားတယ် ”
“ ဒါပေမဲ့ တုံးချင်ယောင်ဆောင်တာကလည်း ကောင်းတဲ့အရာလို့ ငါထင်တယ်… သူတို့ကို ငါသတ်ပြီးသွားရင် မင်းသားနဲ့ တွေ့ဆုံဖို့ ငါ့မှာ အခွင့်အရေးအများကြီး ရှိလာနိုင်တယ်… ဒါဆို ဒီစစ်ပွဲရဲ့ အမှန်တရားကို ငါနားလည်လာနိုင်တယ် ”
သူက ခေါင်းငုံ့လိုက်သည်။ သူ၏ အသံသည် အေးစက်သွားသည်။
“ ရွှီချင်း မင်းရောဘယ်လိုထင်လဲ ”
ရွှီချင်းသည် ခုန်းရှန်းလုံကို ကြည့်လိုက်သည်။ စစ်ပွဲပြီးဆုံးပြီးနောက် တစ်ဖက်လူ၏ ဘေးမှလူတိုင်းသည် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ခုန်းရှန်းလုံ၏ အကျင့်စရိုက်သည် အနည်းငယ် ပြောင်းလဲသွားသည်။
ခုန်းရှန်းလုံအပေါ် ရွှီချင်း၏ နားလည်မှုနှင့် စောစောက သူ၏ အေးစက်စက်လေသံကြောင့် တစ်ဖက်လူသည် နောက်နေခြင်းမဟုတ်ကြောင်း သူပြောနိုင်သည်။ ခုန်းရှန်းလုံသည် သူတို့ကို သတ်ဖြတ်ရန် အမှန်တကယ် တွေးနေခြင်းဖြစ်သည်။
အမှန်တရားကို သိရှိရန်နှင့် သတ္တမမင်းသား၏ အနားသို့ ချဉ်းကပ်ရန် ခုန်းရှန်းလုံသည် အတိတ်တုန်းက သူ၏ မူဝါဒများနှင့် ဆန့်ကျင်သော အရာများကိုပင် လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။
ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ညင်သာစွာ ပြောသည်။
“ တကယ်လို့ ငါတို့မှာ ရွေးချယ်စရာရှိတယ်ဆိုရင် သူတို့ကို မသတ်ပစ်ဖို့ ငါအကြံပေးချင်တယ် ”
ခုန်းရှန်းလုံသည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ဘာလို့လဲ ”
ရွှီချင်းသည် ပြန်မဖြေပေ။ ယင်းအစား ခုန်းရှန်းလုံ၏ မျက်လုံးထဲသို့ ကြည့်လိုက်သည်။
သူ၏ အကြည့်အောက်မှာ ခုန်းရှန်းလုံ၏ မျက်လုံးထဲမှ အေးစက်မှုသည် ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။ နောက်ဆုံးမှာတော့ သူသည် စိတ်အားငယ်သွားပြီး ဝိုင်ကို နည်းနည်းချင်းစီ သောက်လိုက်သည်။
ရွှီချင်းသည် သူ့ကို အဖော်ပြုပေးခဲ့သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် မနေ့တုန်းကကဲ့သို့ တိတ်ဆိတ်စွာ သောက်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ခုန်းရှန်းလုံသည် ဝိုင်ပုလင်းကို အောက်ချလိုက်ပြီး လဲလျောင်းလိုက်သည်။ သူက ဓားအိမ်ယာ၏ မျက်နှာကြက်ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။
“ အတိတ်ကို ငါလွမ်းတယ်… ရွှီချင်း မနှစ်တုန်းက ဒီလိုအချိန်မှာ ငါတို့အတူတူ အပြင်သွားခဲ့တာကို မင်းမှတ်မိသေးလား… ”
ရွှီချင်းသည် ခေါင်းညိတ်သည်။ ထိုမှတ်ဉာဏ်များသည် သူ၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။ ထိုအချိန်တုန်းက သူတို့နှစ်ယောက်နှင့်အတူ ညဝိညာဉ်၊ ဝမ်ချန်းနှင့် ရှန်းဟယ်တို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်ထဲမှ ဓားကိုင်သူလျှိုကို ကယ်တင်ရန်တာဝန်ကြောင့် အပြင်သွားခဲ့ကြသည်။ သူတို့သည် ဗလာဆန္ဒသေတ္တာတစ်လုံးကို ရခဲ့သည်။
နောက်ပိုင်းတွင် သူတို့သည် ထိုလူငယ်အတွက် လက်စားချေရန် နယ်စပ်မှ ဝတ်ရုံနက်အစောင့်အရှောက်များကို သတ်ဖြတ်ခဲ့ကြပြီး အလောတကြီး ထွက်ပြေးခဲ့ကြသည်။ နောက်ဆုံးမှာတော့ သူတို့သည် မောပန်းနွမ်းနယ်သွားကြပြီး လွင်ပြင်တစ်ခုပေါ်မှာ ပစ်လဲသွားကြသည်။
ထိုမတော်တဆမှုဖြစ်ပြီးနောက် သူတို့ကြားမှ ဆက်ဆံရေးသည် နက်ရှိုင်းသွားခဲ့သည်။
“ နှမြောစရာကောင်းလိုက်တာ… ”
ခုန်းရှန်းလုံသည် ခေါင်းခါလိုက်ပြီး ဝိုင်ပုလင်းကို ပြန်ကောက်ယူလိုက်သည်။ သို့သော်လည်း ဝိုင်ပုလင်းသည် ထိုအချိန်တုန်းက ဆန္ဒသေတ္တာကဲ့သို့ ဗလာဖြစ်နေသည်။
ရွှီချင်းသည် သူ၏ ဝိုင်ပုလင်းကို ကမ်းပေးလိုက်သည်။ ခုန်းရှန်းလုံသည် ပြန်ထထိုင်လိုက်ပြီး ဝိုင်ကို လှမ်းယူလိုက်သည်။
“ ဒါနဲ့ သတ္တမမင်းသားရဲ့ လူတွေက အဲ့ဒီတာဝန်အတွင်းမှာ ငါတို့ရရှိခဲ့တဲ့ ဗလာဆန္ဒသေတ္တာကို ယူသွားကြတယ်… အဲ့ဒါက အမတ်ယောင်ရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုရဲ့ သက်သေလို့ သူတို့က ပြောတယ် ”
ဤသည်ကိုကြားသောအခါ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အတိတ်တုန်းက သူတို့ရရှိခဲ့သော ဗလာဆန္ဒသေတ္တာကို ပြန်အမှတ်ရသွားသည်။
“ အဲ့ဒီထဲမှာ အစက ဘာရှိတာလဲ… နောက်ပိုင်းမှ သူတို့က အဖြေရခဲ့တာလား ”
“ အင်း… ဒါပေမဲ့ အဲ့ဒါက ထိပ်တန်းလျှို့ဝှက်ချက်ပဲ… ငါက အဲ့ဒီတာဝန်ကို ထမ်းဆောင်ရတဲ့လူဖြစ်တာကြောင့် ငါတစ်ယောက်တည်းပဲ သိဖို့ အရည်အချင်းပြည့်မီတယ်… ပြီးတော့ အဲ့ဒီသတင်းအချက်အလက်က ပြင်ပကို ထုတ်ဖော်ဖို့ ခွင့်ပြုချက်မရှိသေးဘူး… ထားပါတော့ မင်းကို ဖုံးကွယ်ထားစရာ ဘာအကြောင်းမှမရှိပါဘူး ”
ခုန်းရှန်းလုံသည် နောက်ထပ်တစ်ငုံ သောက်လိုက်သည်။
“ သေတ္တာထားမှာ ကျန်နေခဲ့တဲ့ ကြွင်းကျန်အရှိန်အဝါအရတော့ အဲ့ဒီထဲမှာ အသက်ကဒ်ဘေးအလင်းဆေးလုံးလို့ခေါ်တဲ့ ရှေးဟောင်းဆေးလုံးတစ်လုံး ရှိနေခဲ့တယ်ဆိုတာကို သူတို့တွေ ရှာတွေ့ခဲ့တယ် ”
ခုန်းရှန်းလုံ၏ စကားဆုံးသည်နှင့် ရွှီချင်း၏ မျက်လုံးသည် ရုတ်တရက် မှေးကျဉ်းသွားသည်။ သူက ခုန်းရှန်းလုံ၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
ခုန်းရှန်းလုံသည် ဆွံ့အသွားသည်။
“ ဘာဖြစ်တာလဲ ”
“ အသက်ကဒ်ဘေးအလင်းဆေးလုံးလား ”
“ ဟုတ်တယ်… အဲဒီဆေးလုံးပဲ ”
ရွှီချင်း၏ အမူအရာကိုမြင်သောအခါ ခုန်းရှန်းလုံသည် စတင်လေးနက်လာပြီး တည်ကြည်လာသည်။
“ ရွှီချင်း ဘာဖြစ်တာလဲ ”
ရွှီချင်းသည် ပြန်မပြောပေ။ သူ့အား စုံစမ်းစစ်ဆေးခိုင်းရန် ရုံးတော်သခင်ပေးခဲ့သော ကျောက်စိမ်းပြားကို ပြန်အမှတ်ရသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက မေးသည်။
“ အကိုခုန်း စောစောက မင်းပြောတဲ့ သတင်းအချက်အလက်က သီးသန့်စာရွက်စာတမ်း(၁၉)လား ”
ရွှီချင်းက စာရွက်စာတမ်း၏ ကုတ်နံပါတ်အား အတိအကျ ပြောနိုင်သည်ကို ကြားသောအခါ ခုန်းရှန်းလုံသည် လုံးလုံးတည်ကြည်သွားသည်။ သူက ရွှီချင်းကို ကြည့်လိုက်စဉ် သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။
“ တကယ် ဘာဖြစ်တာလဲ ”
ရွှီချင်းသည် ရုံးတော်သခင် သူ့အား ပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး ခုန်းရှန်းလုံကို ပေးလိုက်သည်။
လျှို့ဝှက်စာလိပ်သည်တော့ ကျောက်ရှာတောင်မှ ဒေသငယ်မြို့တော်ဆီသို့ သူပြန်ရောက်ပြီးနောက် လျစ်လျူရှုထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရှေ့တန်းအတွက် ရိက္ခာမလုံလောက်မှုနှင့် စစ်ကူစေလွှတ်ရမည့်ကိစ္စကို စီမံနေရ၍ အလုပ်ရှုပ်နေသောကြောင့် ဖြစ်သည်။
မည်သို့ဖြစ်စေ ရုံးတော်သခင်သည် ထိုလျှို့ဝှက်စာလိပ်ကို သိရှိထားပြီးပြီ ဖြစ်သည်။ သူ၏ တာဝန်သည် ကျောက်ရှာတောင်သို့ သွားရောက်ပြီး ထိုကိစ္စက ကျောက်ရှာအလင်းနှင့် ပတ်သတ်မှုရှိမရှိ အတည်ပြုပေးရုံသာ ဖြစ်သည်။ ယင်းကို မည်သို့မည်ပုံ စုံစမ်းစစ်ဆေးမည်ကိုတော့ ရုံးတော်သခင်က စီမံဆောင်ရွက်လိမ့်မည်။
သို့သော်လည်း ယခုတော့ ကွာခြားသွားချေ၏။
ခုန်းရှန်းလုံသည် ကျောက်စိမ်းပြာကို ဖမ်းဆုပ်လိုက်ပြီး အလျှင်အမြန် စစ်ဆေးလိုက်သည်။ မကြာမီ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ အသက်ရှူသံသည် တဖြည်းဖြည်း မြန်ဆန်လာသည်။ နောက်ဆုံးမှာတော့ သူက ကျောက်စိမ်းပြားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် ညင်သာစွာ ပြောသည်။
“ ကျောက်ရှာအလင်းကို ငါစစ်ဆေးခဲ့တယ်… အဲ့ဒီမှာ တကယ်ပဲ မှတ်တမ်းမတင်ရသေးတဲ့ ကျောက်ရှာအလင်းတစ်ခု ရှိနေတယ် ”
ခုန်းရှန်းလုံသည် ဆန္ဒစောစွာ ပြောလိုက်လေရာ သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းလာသည်။
“ လူအိုကြီးရဲ့ နောက်ဆုံးအချိန်မှာ သူ့အရှေ့မှာပေါ်လာတဲ့ အဲ့ဒီပုံရိပ် ”
“ သူက ဒီဆေးလုံးနဲ့ ဒေသအကြီးအကဲကို သတ်လိုက်တဲ့သူပဲ… ဒါကြောင့် အတိတ်မှာ ဒေသအကြီးအကဲက ဘာတိုက်ခိုက်မှုမှမရှိဘဲ ရုတ်တရက် သေသွားတာကို… အံ့ဩစရာမရှိဘူး ”
ရွှီချင်းသည် ခေါင်းညိတ်သည်။
“ ဒါပေမဲ့ ငါမရှင်းတာတစ်ခုရှိတယ်… တကယ်လို့ ဒီဆေးလုံးက အဲ့လောက်တောင်ပဲ အစွမ်းထက်တယ်ဆိုရင်တောင် သူတို့တွေ သူ့ကို ဘယ်လိုအဆိပ်ခတ်ခဲ့လဲ… ငါက အဆိပ်သုံးရာမှာ ကျွမ်းကျင်တယ်… အဆိပ်ခတ်တဲ့ နည်းလမ်းအများကြီးကိုလည်း ငါသိတယ်… ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ ဒေသအကြီးအကဲကို သူသတိမထားမိအောင် အဆိပ်ခတ်ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ကိစ္စပဲ ”
“ ပြီးတော့ ဒေသအကြီးအကဲက သူ့ဘဝတစ်လျှောက်မှာ များပြားလှတဲ့ လုပ်ကြံသတ်ဖြတ်ခြင်းတွေကို တွေ့ကြုံခဲ့တဲ့လူမဟုတ်လား… အဲ့ဒါကို ထည့်တွေးကြည့်မယ်ဆိုရင် သူက အမြဲတမ်း သတိကြီးကြီးထားမယ်ဆိုတာ သေချာတယ်… သူယုံကြည်ရတဲ့ လူတွေဆိုရင်တောင် သူက ဘယ်တော့မှ သတိပေါ့ဆပြီးနေမှာ မဟုတ်ဘူး… အဲ့ဒါရဲ့ ဆိုလိုတာက သူ့ကို အဆိပ်ခတ်တဲ့လူနဲ့ အဆိပ်ခတ်တဲ့နည်းလမ်းက အရမ်းလျှို့ဝှက်လို့ဖြစ်မယ် ”
ရွှီချင်းသည် စကားဆုံးအောင် ပြောပြီးနောက် နှုတ်ဆိတ်သွားသည်။
ခုန်းရှန်းလုံသည်လည်း တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ခုန်းရှန်းလုံသည် မတ်တတ်ထရပ်သည်။ သူက လက်သီးဆုပ်လိုက်ပြီး ရွှီချင်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ ရွှီချင်း ဒီကိစ္စကို မင်းဆက်ပြီး မစုံစမ်းရဘူး… အဲ့ဒါက အရမ်းအန္တရာယ်များတယ်… အဲ့ဒါကို ငါ့ကိုလုပ်ခွင့်ပေးပါ ”
ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။
ရွှီချင်း၏ အမူအရာကိုကြည့်နေရင်း ခုန်းရှန်းလုံသည် တစ်စုံတစ်ရာပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း သူသည် တုံ့ဆိုင်းနေသည်။ အဆုံးမှာတော့ သူသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ရွှီချင်း၏ အကျင့်စရိုက်ကို သူသိသည်။ တစ်ဖက်လူသည် တိတ်ဆိတ်ခြင်းကို အသုံးပြု၍ သူ၏ သဘောထားကို ငြင်းဆန်နေခြင်း ဖြစ်သည်။
“ ဒါဆိုလည်း အတူတူ လုပ်ကြတာပေါ့ ”
ခုန်းရှန်းလုံသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်သည်။
ထိုအခိုက်အတန့်မှာ အာရုဏ်တတ်ချိန်သို့ ရောက်ခါနီးနေပြီ ဖြစ်၏။ ဝိုင်သည် ကုန်သွားပြီဖြစ်သည်။ စကားပြောပြီးနောက် ခုန်းရှန်းလုံသည် ဆက်လက်သောက်ရန် ဆန္ဒမရှိတော့ပေ။ ထို့ကြောင့် သူက မတ်တတ်ထရပ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ထွက်မသွားခင် စောစောက သူတံတွေးထွေးခဲ့သောနေရာကို ကြည့်လိုက်သည်။ သူက ခေါင်းကုတ်လိုက်ပြီး သူ၏ အင်္ကျီလက်ဖြင့် ယင်းကို သုတ်ပစ်လိုက်သည်။
“ အကိုခုန်း ဒီမှာမင်းအတွက်… တချို့ကို ရှန်းဟယ်ကို ပေးလိုက်ပါ… ညဝိညာဉ်နဲ့ ဝမ်ချန်းအတွက် ဝေစုကတော့… မင်း သူတို့နဲ့ ဖြေရှင်းလိုက်ပါ ”
ရွှီချင်းသည် သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး ခုန်းရှန်းလုံကို ကမ်းပေးလိုက်သည်။
“ ဒါက ”
ခုန်းရှန်းလုံသည် အံ့ဩသွားသည်။
“ တာအိုသစ်သီးတွေ ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။