အနီရောင်လ နီလာနတ်သမီး
Vol. 47 Ch. 716
ခုန်းရှန်းလုံသည် သိုလှောင်အိတ်ကို တိတ်တဆိတ် ယူပြီးနောက် ဓားအိမ်ယာဆီမှ ထွက်သွားသည်။
အပြင်ဘက်တွင် ကောင်းကင်သည် စတင်ထွန်းလင်းနေပြီ ဖြစ်သည်။ ခုန်းရှန်းလုံ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီးနောက် ရွှီချင်းသည် ထိုနေရာတွင် မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်ကို ကြည့်လိုက်သည်။ ယခင်က သူတို့၏ တာဝန်မှ ဆန္ဒသေတ္တာနှင့်ပတ်သက်သော မှတ်ဉာဏ်များသည် သူ၏ စိတ်ထဲတွင် ပြန်ပေါ်ထွက်လာသည်။
“ ကွေ့ဟွားပန်းနံ့ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
သူသည် အတိတ်တွင် ထိုဆန္ဒသေတ္တာကို စစ်ဆေးကြည့်ခဲ့ပြီး ထိုအထဲမှ ကွေ့ဟွားပန်းနံ့ ရေးတေးတေး ထွက်ပေါ်နေကြောင်း ပြန်မှတ်မိသွားသည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်တွင် ကျယ်လောင်သော မိုးထစ်ချုန်းသံ ထွက်ပေါ်လာသည်။ ဒေသငယ်မြို့တော်သည် မိုးဥတုထဲသို့ ကျရောက်နေခြင်းဖြစ်သည်။ မကြာမီ မိုးရေစက်များသည် မြေပြင်ပေါ်သို့ နောက်ထပ်တစ်ကြိမ် ရွာကျလာသည်။
မိုးရွာသွန်းမှုကြောင့် ကောင်းကင်ပေါ်မှ နံနက်ခင်းရောင်ခြည်တန်းများသည် အနည်းငယ် အရောင်မှေးမှိန်သွားကြသည်။ ယင်းသည် စောစောစီးစီး အိပ်ယာထလာကြသော လူများကို မိန်းမောတွေဝေသွားစေသည်။ ဤသည်မှာ နေ့လယ်မရောက်ခင် ညနေဆည်းဆာချိန်သို့ ကျော်လွန်ရောက်ရှိသွားသကဲ့သို့ပင်။
ရွှီချင်းသည် ဓားအိမ်ယာသို့ ပြန်ဝင်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် ဆက်ပြီးတရားမထိုင်ခင် စိတ်တည်ငြိမ်အောင် အရင်ထားလိုက်သည်။
သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည် ရွှေအမြူတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်သည်။ သူသည် ရွှေအမြူတေအဆင့်ကို ပြီးပြည့်စုံရန် နတ်နန်းတော်တစ်ခုသာ လိုအပ်တော့သည်။
စစ်ပွဲအတွင်း အကျိုးရလဒ်များကို ရိတ်သိမ်းပြီးနောက် ထိုနတ်နန်းတော်သည် စတင်ဒြပ်ထည်ဖွဲ့စည်းနေပြီ ဖြစ်သည်။ ယင်းသည် (၉၉)ရာခိုင်နှုန်းအထိရောက်ရန် အချိန်အကြာကြီး စောင့်ရလိမ့်မည် မဟုတ်ချေ။
“ အဲ့ဒီနတ်နန်းတော်ထဲ ထည့်ရမယ့်ပစ္စည်းက… ”
ရွှီချင်းသည် သူ၏ အင်ပါယာဓားကို အာရုံရသွားသည်။
“ တကယ်လို့ တခြားရွေးချယ်စရာမရှိဘူးဆိုရင် အဲ့ဒီထဲမှာ အင်ပါယာဓားကို ငါထားမယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စတင်ကျင့်ကြံသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ဆက်သွားနေလေရာ မကြာမီ လဝက်ခန့် ကုန်လွန်သွားသည်။
ထိုလဝက်အတွင်း ရွှီချင်းကို မေ့လျော့သွားကြဟန် ရသည်။
သူသည် ဓားအိမ်ယာ၏ အပြင်သို့ မထွက်ခဲ့ပေ။ လူအများကြီးသည် သူ့ဆီသို့ ရောက်မလာကြပေ။ သတ္တမမင်းသား ဒေသငယ်မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်ပိုင်း အရာအားလုံးသည် ပြောင်းလဲသွားသည်။
လမ်းမများပေါ်တွင် နန်းမြို့တော်မှ ကျင့်ကြံသူများကို ပိုမိုများပြားစွာ တွေ့မြင်လာရသည်။ ထို့နောက်မှာတော့ ဒေသငယ်မြို့တော်သည် စစ်တပ်ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်း ကျရောက်သွားပြီး ဖုန်းဟိုင်ဒေသငယ်ထဲမှ မျိုးနွယ်အသီးသီးသည် မြို့တော်သို့ အလည်အပတ် ရောက်လာကြသည်။
ရုံးတော်သုံးခုကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ သတ္တမမင်းသားသည် ရုံးတော်သခင်နေရာများတွင် သူ၏ စစ်ဗိုလ်ချုပ်သုံးယောက်ကို တာဝန်ပေးအပ်ခဲ့သည်။ ထိုသို့ဖြင့် ရုံးတော်သုံးခုသည် သူ၏ စစ်တပ်သဖွယ် ဖြစ်လာသည်။
နန်းမြို့တော်၏ ဓားကိုင်ရုံးချုပ်များမှ အရေအတွက်များပြားသော ဓားကိုင်များသည်လည်း ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်ထဲသို့ ဝင်ရောက်လာကြပြီး အမျိုးမျိုးသောဌာနများတွင် နေရာယူလာကြသည်။ တခြားရုံးတော်နှစ်ခုသည်လည်း ထို့အတူပင် ဖြစ်သည်။
စစ်ဥပဒေသည် ယခင်ကထက် အများကြီး ပိုမိုတင်းကျပ်လာသည်။
လွန်ခဲ့သော လဝက်အတွင်းတွင် စစ်ဥပဒေကို ချိုးဖောက်သည့်အတွက် အသတ်ခံခဲ့ရသည့် လူအရေအတွက်သည် မနည်းမနောပေ။
ထိုအထဲတွင် နန်းမြို့တော်မှ စစ်သည်တော်များပင် ကွပ်မျက်ခံခဲ့ကြရသည်။
ခုန်းရှန်းလုံသည် သည်မတိုင်ခင် ထိုကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်းနှင့် ဆွေးနွေးခဲ့သည်။ သူ၏ လေသံသည် အနည်းငယ် ရှုပ်ထွေးနေသည်။
ထို့အပြင် သတ္တမမင်းသားသည် ဖုန်းဟိုင်ဒေသငယ်ထဲမှ ဂိုဏ်းအားလုံးကို ကြေညာမှုတစ်ခု ထုတ်ပြန်ခဲ့သည်။
သူ၏ စကားသည် ပြင်းထန်ပြီး မည်သူမှ မေးခွန်းပြန်ထုတ်ခွင့်မရှိပေ။ သူသည် ဂိုဏ်းအားလုံးကို စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် သူသည် ဂိုဏ်းအသီးသီးမှ တားမြစ်ဓမ္မရတနာများ၏ အမိန့်အာဏာထိန်းချုပ်ခွင့်ကို ပြန်မပေးအပ်ချေ။
ဤကိစ္စသည် လှိုင်းဂယက်တချို့ထစေသော်လည်း အဘက်ဘက်မှ တွေးကြည့်သည့်အခါ မည်သူမှ သူ့ကို မတားဆီးနိုင်ကြပေ။
မျိုးနွယ်ခြားများသည်လည်း တင်းကျပ်သော စည်းမျဉ်းဥပဒေများမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။ သူတို့သည် မျိုးနွယ်၏ အရင်းအမြစ်တစ်ဝက်ကို လက်လွှဲပေးရန်နှင့် လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရန် မဟာမိတ်စစ်တပ်ထဲတွင် ပါဝင်ရမည်ဟု အမိန့်ထုတ်ပြန်ခြင်းခံရသည်။
ခုန်းရှန်းလုံ၏ ဦးဆောင်မှုအောက်တွင် အကျဉ်းထောင်ဌာနကို ပြန်လည်တည်ဆောက်ခဲ့သည်။
သို့သော်လည်း ယင်း၏ တည်နေရာသည်တော့ ပြောင်းလဲသွားပြီး ဓားကိုင်ရုံးတော်ဆီသို့ ပြောင်းရွှေ့သွားသည်။
ပထမအသုတ် အကျဉ်းသားများသည် အမှန်တကယ်ပဲ ယောင်မိသားစုမှ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ကြသည်။ သို့သော် သူတို့ကို ကွပ်မျက်ရန် လိုအပ်ချက်သည် အလွန်အမင်း မြင့်မားသောကြောင့် ခုန်းရှန်းလုံသည် မလှုပ်ရှားခဲ့ပေ။ သူသည် ရွှီချင်း၏ အကြံပေးမှုကို လက်ခံရန် ရွေးချယ်ခဲ့သည်။
ကျန်းစီယွမ်သည် စီမံခန့်ခွဲရေးမှူးစစ်မာ၏ အာမခံခွင့်ရရှိထားသော်လည်း စုံစမ်းစစ်မေးခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အဆုံးမှာတော့ သူသည် သက်သေခံရန်နှင့် သူ့အမေ၏ မျိုးနွယ်ကို ထုတ်ဖော်ရန် ရွေးချယ်ခဲ့သည်။
ထိုလုပ်ဆောင်မှုသည် လူသားမျိုးနွယ်အပေါ် သစ္စာရှိသည်ဟု ထင်မြင်ခံရစေသည်။ ထို့ကြောင့် သူသည် ယောင်မိသားစု၏ အရေးကိစ္စနှင့် ပတ်သက်ပြီး တာဝန်ယူစရာမလိုတော့ဘဲ ဤကဒ်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
မည်သို့ဖြစ်စေ သူ၏ မျိုးရိုးနာမည်သည် ယောင်မဟုတ်ပေ။
ဓားကိုင်ဟူသော သူ၏ သရုပ်သည်လည်း ထိန်းသိမ်းခံခဲ့ရသည်။
ယခုအချိန်တွင် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး၌ သတ္တမမင်းသား၏ ဩဇာအာဏာသာ ရှိတော့သည်။
သူ၏ လက်အောက်ငယ်သားများသည် ဒေသငယ်မြို့တော်ထဲသို့သာ ဝင်ရောက်လာကြသည်မဟုတ်ဘဲ ဖုန်းဟိုင်ဒေသငယ်ထဲမှ ပြည်နယ်အသီးသီး၏ ဓားကိုင်ရုံးတော်ခွဲများဆီသို့လည်း ပျံ့နှံ့သွားကြသည်။ ထို့အပြင် သူက ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ပေးခဲ့သူဖြစ်သောကြောင့် လူတိုင်းက သူ့ကို ဝမ်းပန်းတသာ ကြိုဆိုကြသည်။
တစ်ချိန်တည်းမှာ ကောလဟာလတစ်ခုသည် ဒေသငယ်မြို့တော်မှ စတင်ပြီး ပြည်နယ်အသီးသီးသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
ယင်းသည် အင်မော်တယ်တားမြစ်နယ်မြေ ပွင့်တော့မည့်အကြောင်း ဖြစ်သည်။
ဖုန်းဟိုင်ဒေသငယ်သည် ရှေးဘုရင်ရွှမ်ယုံ ပင်လယ်ကိုဖြတ်ကျော်ပြီးနောက် ပထမဆုံးရောက်ရှိလာခဲ့သော စမှတ်ဖြစ်ပြီး ဤဒေသငယ်တွင် အင်မော်တယ်တားမြစ်နယ်မြေဟုခေါ်သော ထူးခြားသော ဧရိယာတစ်ခု ရှိသည်။
အတိတ်တွင် ထိုဧရိယာကို အင်မော်တယ်ကုန်းမြေဟု ခေါ်ဆိုခဲ့သည်။ အင်မော်တယ်တားမြစ်နယ်မြေမဟုတ်ပေ။
ယင်းသည် ရှေးဘုရင်ရွှမ်ယုံ၏ နန်းတော်(၃၆)ခုထဲမှ တစ်ခုဖြစ်သည်။
အင်မော်တယ်ကုန်းမြေတစ်ခုစီသည် စကားလုံးတစ်လုံး ဖြစ်သည်။ အတိတ်၌ ထိုကုန်းမြေများပေါ်တွင် ရှားပါးရတနာများကို တွေ့ရှိရုံသာမက ထိုနေရာများတွင် အလွန်သိပ်သည်းသော အင်မော်တယ်ချီလည်း ရှိသည်။ အင်မော်တယ်ချီသည် ဝိညာဉ်ချီထက် အဆင့်တစ်ဆင့်ပိုမြင့်သော စွမ်းအင်ဖြစ်သည်။
ထို့ကြောင့် ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်အတွင်းတွင် ထိုနန်းတော်(၃၆)ခုသည် တော်ဝင်ပိုင်နက်များဖြစ်ကြပြီး အမဲလိုက်ရန်ဟူသော ရည်ရွက်ချက်ဖြင့် ထူးခြားသားရဲအများအပြားကို ထိုအထဲတွင် ထိန်းသိမ်းထားကြသည်။
သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး ဆင်းသက်လာပြီးနောက် အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည်။
ရှေးဘုရင်ရွှမ်ယုံအပါအဝင် မျိုးနွယ်အသီးသီးမှ တခြားအရှင်သခင်များနှင့် အုပ်ချုပ်သူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီးနောက် နန်းတော်(၃၆)ခုသည် ယိုယွင်းပျက်စီးသွားကြသည်။ အများစုသည် စွန့်ပစ်ခံလိုက်ရကြသည်။ တချို့သည် လူသားမျိုးနွယ်က သူတို့၏ ပိုင်နက်များကို တဖြည်းဖြည်း ဆုံးရှုံးလာပြီးနောက် ယင်းတို့သည် မျိုးနွယ်ခြားများ၏ နေရာပင် ဖြစ်လာကြသည်။
နတ်ဘုရားတချို့က အထဲသို့ ဝင်ရောက်သွားကြပြီး အနားယူကြသော နန်းတော်တချို့လည်း ရှိသည်။ ထို့ကြောင့် ထိုနေရာများထဲရှိ ဒြပ်နှောသည် အလွန်အမင်း သိပ်သည်းသည်။
ဖုန်းဟိုင်ဒေသငယ်မှ အင်မော်တယ်ကုန်းမြေသည် ထို့အတိုင်းပင် ဖြစ်သည်။
ထိုအထဲတွင် အိပ်စက်နေသော နတ်ဘုရားတစ်ပါးရှိသည်။
နတ်ဘုရား၏ အသက်ရှူသံသည် အင်မော်တယ်ကုန်းမြေတစ်ခုလုံးတွင် ပြည့်လျှံနေသည်။ ယင်းကြောင့် အင်မော်တယ်ကုန်းမြေတွင် သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေပြီး သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခုသဖွယ် ဖြစ်လာသည်။ ထို့ကြောင့် ယင်းကို အင်မော်တယ်တားမြစ်နယ်မြေဟု ပြောင်းလဲခေါ်တွင်လာခြင်း ဖြစ်သည်။
ရှေးခေတ်ကာလကတည်းက လူသားမျိုးနွယ်သည် အင်မော်တယ်တားမြစ်နယ်မြေကို တစ်ကြိမ်သာလျှင် ဖွင့်လှစ်ခဲ့ဖူးသည်။
မဟာနန်းမြို့တော်ဒေသကြီးမှ အစွမ်းထက်ကျင့်ကြံသူများသည် အထဲမှ နတ်ဘုရားအရင်းအမြစ်ကိုရယူရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးသည် ကျရှုံးခဲ့ကြသည်။ သူတို့သည် နတ်ဘုရားကို မနိုးစေခဲ့သော်လည်း ၎င်းအိပ်စက်နေစဉ်အတွင်း ထုတ်လွှတ်နေသော စွမ်းအင်သည် ကိုယ်ပွားတစ်ခုကို ဖန်တီးဖြစ်ပေါ်စေသည်။
ထိုကိုယ်ပွားသည် ဖုန်းဟိုင်ဒေသငယ်ကို ကဒ်ဘေးကြီးထဲ ကျရောက်လုနီးပါး ဖြစ်စေခဲ့သည်။ အဆုံးမှာတော့ လူသားမျိုးနွယ်သည် ကိုယ်ပွားကို ဖိနှိပ်နိုင်ခဲ့သည်။ သူတို့သည် ကိုယ်ပွားကို မဖျက်ဆီးနိုင်သော်လည်း လူသားမျိုးနွယ်၏ ပြည်တော်ဆရာသခင်က ၎င်းကို အပိုင်းပိုင်းအစိတ်စိတ် ဖြတ်တောက်ပစ်ခဲ့သည်။
အထူးအခြေအနေများကြောင့် သူတို့သည် ၎င်းကို အဝေးသို့ ခေါ်မသွားနိုင်ပေ။ ထို့ကြောင့် ၎င်းကို ဤနေရာတွင် တင်းတင်းကျပ်ကျပ် ချိပ်ပိတ်ထားခဲ့သည်။ ထို့အပြင် ဒေသငယ်မြို့တော်သည် ထိုနေရာဆီသို့ ရွှေ့ပြောင်းသွားခဲ့သည်။ သူတို့သည် အင်မော်တယ်တားမြစ်နယ်မြေ၏ ဝင်ပေါက်ကို အကျဉ်းထောင်ဌာနအဖြစ်လည်း အသုံးပြုခဲ့လေရာ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့သည် ကမ္မချိပ်ပိတ်စည်းကို အသုံးပြုပြီး ဝိညာဉ်ကို လှည့်စားကာ သူ့ကိုယ်သူ လက်နက်ဝိညာဉ်တစ်ခုဟု တွေးထင်စေသည်။ သူ့ကိုယ်သူ ချိပ်ပိတ်လာအောင် ပြုလုပ်ခြင်းသည် ထိုအချိန်တုန်းက ဗျူဟာတစ်ခုလည်း ဖြစ်သည်။
ယခု နှစ်ပေါင်းများစွာကြာပြီးနောက် အင်မော်တယ်တားမြစ်နယ်မြေ နောက်တစ်ကြိမ် ဖွင့်လှစ်တော့မည်ဟူသော သတင်းသည် မရေမတွက်နိုင်သော လူများကို နှလုံးတုန်သွားစေသည်။
ယခင်တုန်းကလည်း ထိုသို့ကောလဟာလသတင်းများ ပျံ့နှံ့ခဲ့ဖူးသည်။ သို့သော်လည်း ဒေသအကြီးအကဲနှင့် လက်ထောက်ဒေသအကြီးအကဲသည် ထိုအချိန်တုန်းက ဤကိစ္စကို သဘောမတူခဲ့ကြပေ။ ဓားကိုင်ရုံးတော်သခင်သည်လည်း တုံ့ဆိုင်းနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ယင်းသည် အလွန်အန္တရာယ်များသောကြောင့် ဖြစ်သည်။
သေးငယ်သော အမှားအယွင်းတစ်ခုသည် ဖုန်းဟိုင်ဒေသငယ်ကို ကဒ်ဘေးကျရောက်စေနိုင်ပြီး မရေမတွက်နိုင်သော သက်ရှိများသည် နတ်ဘုရားအတွက် အစာဖြစ်သွားကြလိမ့်မည်။
သို့သော်လည်း ဧကရာဇ်၏ အမိန့်တော်ကို ငြင်းဆန်ရန် အလွန်ခဲယဉ်းပေသည်။ ထို့ကြောင့် ဖုန်းဟိုင်ဒေသငယ်သည် ဖွင့်လှစ်မည့်အချိန်ကို နှောင့်နှေးထားရုံမျှသာ တတ်နိုင်သည်။
ယခု ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးတွင် သတ္တမမင်းသား၏ အသံသာ ရှိတော့ပေသည်။
ထို့ကြောင့် အင်မော်တယ်တားမြစ်နယ်မြေ ဖွင့်လှစ်တော့မည်ဟူသော ကောလဟာလသတင်းများ ထွက်ပေါ်လာပြီးနောက် သတ္တမမင်းသားသည် တရားဝင်အမိန့်တော်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
အင်မော်တယ်တားမြစ်နယ်မြေသည် လဝက်အတွင်း ဖွင့်လှစ်လိမ့်မည်။
ထိုအထဲသို့ ဝင်ရောက်ရမည့် ပထမအသုတ်လူများသည် ဓားကိုင်များဖြစ်ကြသည်။ သူတို့သည် အထဲတွင် သတ်မှတ်ထားသော တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒုတိယအသုတ်လူများ ဝင်ရောက်နိုင်ရန် အုတ်မြစ်ချပေးကြရမည် ဖြစ်သည်။
ထိုအမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဖုန်းဟိုင်ဒေသငယ်သည် ပို၍ဂယက်ထလာသည်။ အထူးသဖြင့် ဒေသငယ်မြို့တော်တွင် ဖြစ်သည်။
လူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားကြသည်။
သို့သော်လည်း သတ္တမမင်းသားနှင့် နန်းမြို့တော်၏ စစ်တပ်စွမ်းအားအပေါ် သူတို့၏ ယုံကြည်မှုကြောင့် ထိုတုန်လှုပ်ခြောက်ခြားမှုသည် အလျှင်အမြန် ဖြေဖျောက်သွားသည်။ အင်မော်တယ်တားမြစ်နယ်မြေကို အသက်သွင်းရန် ပြင်ဆင်မှုများသည်လည်း အစီအစဉ်တကျ ဆက်လက်သွားနေသည်။
နန်းမြို့တော်မှ မရေမတွက်နိုင်သော စစ်သည်တော်များသည် ယခင်အကျဉ်းထောင်ဌာနကို ရှင်းလင်းနေကြပြီး ထိုနေရာတွင် တူးဖော်မှုများကို ပြုလုပ်နေကြသည်။ သူတို့သည် ချိပ်တံဆိပ်များကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်နေခြင်းဖြစ်သည်။ ဒေသငယ်မြို့တော်မှ တားမြစ်ဓမ္မရတနာ၏ သက်ရောက်မှုအောက်မှာ သူတို့သည် အင်မော်တယ်တားမြစ်နယ်မြေဆီသို့ လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ခဲ့သည်။
ရွှီချင်းသည် အင်မော်တယ်တားမြစ်နယ်မြေအကြောင်း အများကြီး မသိပေ။ သို့သော် အကျဉ်းထောင်ဌာန၏ နယ်ရုပ်တစ်ယောက်အနေဖြင့် သူသည် တခြားလူများထက် အနည်းငယ် ပိုသိသည်။
အထူးသဖြင့် သူ၏ နတ်နန်းတော်က (ဃ၁၃၂)သို့ ပြောင်းလဲသွားပြီးနောက်ပိုင်း ဖြစ်သည်။ နတ်နန်းတော်ထဲမှ လက်ချောင်းသည် နတ်ဘုရားကိုယ်ပွား၏ လက်ချောင်းတစ်ချောင်းဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်သည်။ အတိတ်တွင် နတ်ဘုရားကိုယ်ပွားသည် အင်မော်တယ်တားမြစ်နယ်မြေထဲရှိ နတ်ဘုရား၏ ထုတ်လွှတ်နေသော အရှိန်အဝါမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပွားတစ်ခု၏ လက်တစ်ချောင်းသည်ပင် အတော်လေး ကြောက်စရာကောင်းပေသည်။ အတိတ်တွင် လူသားမျိုးနွယ်သည် မျိုးနွယ်စုတစ်စုလုံး၏ စွမ်းအားကို စုစည်းပြီး ကိုယ်ပွားကို နှိမ်နင်းခဲ့ရသည်။ သို့တိုင်အောင် သူတို့သည် ၎င်းကို အပိုင်းပိုင်းဖြတ်တောက်ပြီး ချိပ်ပိတ်ထားရုံမျှသာ တတ်နိုင်ကြသည်။ ၎င်းကို မသတ်နိုင်ကြပေ။
ဤအချက်ဖြင့်ပင် ထိုနတ်ဘုရားသည် မည်မျှအစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ရွှီချင်းသည် နတ်ဘုရားလက်ချောင်းကို ချိပ်ပိတ်ခဲ့ပြီး ခရမ်းလအရင်းအမြစ်ကို မြင်ပြီးနောက် တစ်ဖက်လူ၏ တုံ့ပြန်မှုမှတဆင့် ၎င်းသည် အနီရောင်လကို အလွန်အမင်း ကြောက်ရွံ့ကြောင်း သူပြောနိုင်သည်။
သိသာစွာပင် နတ်ဘုရားများတွင်လည်း ခြားနားသောအဆင့်များ ရှိသည်။
အနီရောင်လသည် အင်မော်တယ်တားမြစ်နယ်ထဲမှ နတ်ဘုရားထက် ပိုသန်မာသည်မှာ ရှင်းလင်းသည်။
သို့သော်လည်း ကျင့်ကြံသူများအတွက်တော့ နတ်ဘုရားတစ်ပါးသည် လှုပ်ခါရန်မဖြစ်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။
ရွှီချင်းသည် အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ရမည့် ပထမအသုတ်လူစာရင်းထဲတွင် ပါဝင်သည်။ ခုန်းရှန်းလုံ၊ ခေါင်းဆောင်နှင့် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်အများစုသည် ပထမအသုတ်ထဲတွင် ပါဝင်ကြသည်။
ဤအခိုက်အတန့်တွင် ရွှီချင်းသည် ဒေသငယ်မြို့တော်၏ လမ်းပေါ်တွင် လမ်းလျှောက်နေသည်။ သူက ဆေးလုံးများကို လှည့်ပတ်ကြည့်နေရင်း (ဃ၁၃၂)၏ လက်ချောင်းကိုလည်း ခေါ်ရန် ကြိုးစားနေသည်။
စစ်ပွဲအတွင်း အင်မော်တယ်တားမြစ်နယ်မြေကို ဖွင့်လှစ်ခြင်းသည် မရိုးရှင်းကြောင်း သူခံစားမိသည်။ ထို့ကြောင့် အင်မော်တယ်နယ်မြေနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပိုပြီးသူနားလည်ချင်သည်။
သို့သော်လည်း နတ်ဘုရားလက်ချောင်းသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ရွှီချင်း၏ သာမန်အော်ခေါ်ခြင်းသည် ၎င်းကို မနိုးစေနိုင်ပေ။ ထို့ကြောင့် ဆေးလုံးများကို သူဝယ်ပြီးနောက် ခရမ်းလကို လှုံ့ဆော်ပြီး ၎င်းကို နှိုးသင့်မနှိုးသင့် တုံ့ဆိုင်းနေသည်။ သို့သော်လည်း ထိုအချိန်မှာ နတ်ဘုရားလက်ချောင်းသည် အမှန်တကယ် တုန်ယင်လာပြီး သူ့ဘာသာ နိုးလာသည်။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက တစ်စုံတစ်ယောက်ကို မြင်လိုက်သောကြောင့် ဖြစ်သည်။
ကျန်းစီယွမ်…
ဓားကိုင်၏ တာအိုဝတ်ရုံဖြူသည် ကြော့ရှင်းတောက်ပြောင်သော်လည်း ထိုတာအိုဝတ်ရုံဖြူထဲမှ လူသည် ပင်ပန်းနုံးချည့်သော အမူအရာရှိသည်။ သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေပြီး သူသည် အလွန်ဆိုးဝါးသော အခြေအနေမှာ ရှိသည်။
ကျန်းစီယွမ်သည် လမ်းပေါ်တွင် တိတ်တဆိတ် လျှောက်နေသည်။ သူက ရွှီချင်းကို မြင်သွားသည်။ အတိတ်တုန်းကဆိုလျှင် သူသည် အမုန်းတရားဖြင့် သေချာပေါက် ပြည့်နှက်သွားလိမ့်မည်။ သို့သော်လည်း ယခုအခါမှာတော့ သူက တစ်ချက်လေးသာကြည့်ပြီး ခါးသီးစွာ ခေါင်းငုံလိုက်သည်။ သူက အဝေးသို့ အမြန်လျှောက်သွားသည်။
မျက်နှာမရင်းနှီးသော လူတချို့က သူ့အနောက်ကို လိုက်နေကြသည်။ သူတို့က ကျန်းစီယွမ်၏ လှုပ်ရှားမှုမှန်သမျှကို လိုက်စောင့်ကြည့်နေသည့်အလားပင်။
ရွှီချင်းသည် ထိုမြင်ကွင်းကို အမူအရာကင်းမဲ့စွာ ကြည့်နေသည်။ သို့သော်လည်း ထိတ်လန့်ဖွယ်ကောင်းသော အားလှိုင်းတစ်ခုသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။
ထိုအားလှိုင်း၏ ဇစ်မြစ်သည် သူ၏ စိတ်ထဲမှ နတ်ဘုရားလက်ချောင်း၏ အော်သံကြောင့် ဖြစ်သည်။
“ နီလာနတ်သမီးက သူ့ရဲ့ခန္ဓာကိုယ်ကို တွယ်ကပ်ထားတယ်… အဲ့ဒါ အနီရောင်လရဲ့ ကိုယ်ပွားပဲ”
“ ပြီးတော့ အဲ့ဒါက နိုးထနေတဲ့အခြေအနေမှာ… မြန်မြန် ပြေးတော့ ”
နတ်ဘုရားလက်ချောင်း၏ အော်သံထဲတွင် ကြီးမားသော စိုးရိမ်ကြောင့်ကြမှုပါရှိလေရာ ၎င်းက ရွှီချင်းထက်ပင် ပို၍အထိတ်တလန့် ဖြစ်သွားဟန်ရသည်။
ရွှီချင်း၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ သို့သော်လည်း သူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းကို ထိန်းထားနိုင်ဆဲပင်။ နတ်ဘုရားလက်ချောင်းသည် နိုးလာပြီးနောက် ယခင်ကဲ့သို့ အသိစိတ်ဝေဝါးခြင်းမရှိတော့သည်ကို သူသတိပြုမိသွားသည်။
ထို့ကြောင့် ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် အသံပို့လွှတ်ရန် အကောင်းဆုံး ကြိုးစားသည်။
“ ဒါပေမဲ့ အဲ့ဒါက မနိုးထသေးဘူးမဟုတ်လား ”
“ မကြာခင် မကြာခင် အဲ့ဒါက နိုးထတော့မယ်… ဟမ် တစ်ခုခုက လွဲနေတယ်… သူ့ရဲ့ကိုယ်ပေါ်မှာ လူသားမျိုးနွယ်ရဲ့ စည်းချအစီအရင်ရှိတယ်… ကောင်လေး မင်းတို့လူသားတွေက အနီရောင်လ နီလာနတ်သမီး ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်အောင်လို့ အရင်စတင်ပြီး ကူညီပေးနေတာ ”
“ အများဆုံး တစ်လအတွင်း နီလာနတ်သမီးက သေချာပေါက် နိုးထလာလိမ့်မယ် ”
“ မင်းတို့လူသားတွေ ဘာလုပ်နေတာလဲ… အဲ့ဒါက အဆင့်မြင့်နတ်ဘုရား နီလာနတ်သမီး ”
နတ်ဘုရားလက်ချောင်းသည် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ နတ်ဘုရားအသိစိတ်ကို ခန္ဓာကိုယ်ထဲမှ ဖြန့်ထုတ်လိုက်သည်။ ၎င်းသည် ရွှီချင်းကို အသုံးပြုပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ မူလအကျဉ်းထောင်ဌာနသည် နေရာပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သတိထားမိသောအခါ နတ်ဘုရားလက်ချောင်းသည် ရုတ်တရက် အပြင်းအထန် တုန်ယင်လာပြီး အလန့်တကြား အော်ပြောလိုက်သည်။
“ အဲ့ဒါက အင်မော်တယ်ကုန်းမြေ… အင်မော်တယ်ကုန်းမြေက ပွင့်တော့မယ် ”
“ နီလာနတ်သမီးရဲ့ကိုယ်ပွားနဲ့ အင်မော်တယ်ကုန်းမြေရဲ့ ဖွင့်လှစ်ခြင်းက တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာတယ်… မင်း မင်း မင်း မင်းတို့လူသားတွေ ငါ့မူလခန္ဓာကိုယ်ကို နီလာနတ်သမီးဆီ ကျွေးတော့မလို့လား ”
နတ်ဘုရားလက်ချောင်းသည် ကြောက်လန့်တကြား အော်လိုက်သည်။