← Chapters

တာဝန်ကြီးတွေပြီးမြောက်အောင် တစ်စုံတစ်ယောက်ရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင် ဘာဖြစ်နိုင်မလဲ(က)

Vol. 47 Ch. 717

တာဝန်ကြီးတွေပြီးမြောက်အောင် တစ်စုံတစ်ယောက်ရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင် ဘာဖြစ်နိုင်မလဲ(က)

Vol. 47 Ch. 717

ရွှီချင်း၏ ခြေလှမ်းသည် တုံ့ခနဲ ရပ်သွားသည်။ တစ်ချိန်တည်းမှာ ကြီးမားသော လှိုင်းအတတ်အကျသည် သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။

နတ်ဘုရားလက်ချောင်း၏ အော်သံထဲတွင် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ မည်သို့ဖြစ်စေ ၎င်းသည် ဤအချိန်အတောအတွင်းမှာ နှစ်ခြိုက်စွာ အိပ်မောကျနေလေရာ အပြင်လောကမှ ကိစ္စများကို ဘာမှမသိပေ။ ထို့ကြောင့် ယခု ၎င်းနိုးလာသည့်အခါ အပေါ်ယံကိုသာလျှင် စူးစမ်းလေ့လာနိုင်သည်။

လွန်ခဲ့သော တစ်နှစ်ကျော်က ဒေသငယ်မြို့တော်သို့ ပထမဆုံး သူရောက်လာခဲ့စဉ် အင်မော်တယ်တားမြစ်နယ်မြေ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ကောလဟာလသတင်းများ ပျံ့နှံ့နေခဲ့သည်ကို ရွှီချင်း ကောင်းစွာနားလည်သည်။ သို့သော်လည်း အဆုံးမှာတော့ မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။

ထို့ကြောင့် စစ်ပွဲအတွင်းမှာ အင်မော်တယ်တားမြစ်နယ်မြေ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး သူ့မှာ သံသယများစွာ ရှိသည်။

ယခု နတ်ဘုရားလက်ချောင်း၏ စကားက ရွှီချင်းကို အလင်းပြပေးလိုက်ဟန် ရသည်။ ပြတ်နေသော ချည်မျှင်များသည် ချက်ချင်း ပြန်ဆက်သွားကြပြီး ရှင်းလင်းစွာ သူနားလည်လာသည်။

ထိုသို့နားလည်လာသည့်အခါ သူ၏ အသက်ရှူသံသည် စတင်မြန်ဆန်လာသည်။ သူသည် မြို့တော်ထဲမှ အလျှင်အမြန် ထွက်သွားပြီး သူ့ကိုယ်ပိုင် ဓားအိမ်ယာဆီသို့ ပြန်သွားသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး သူ၏ အတွေးများကို စတင်စုစည်းလိုက်သည်။

နတ်ဘုရားလက်ချောင်းသည် ဗလုံးဗထွေး ရေရွတ်နေဆဲပင်။ ၎င်းသည် လူသားမျိုးနွယ်၏ ရဲတင်းလွန်းသော လှုပ်ရှားမှုကြောင့် အတော်လေး ထိတ်လန့်သွားခဲ့သည်မှာ ရှင်းလင်းသည်။

အတွေးများကို ရွှီချင်း စတင်စုစည်းလိုက်သည်နှင့် အချိန်ခဏလေးအတွင်းမှာ ပြီးပြည့်စုံသော ပုံကြမ်းသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ပထမချည်မျှင်က ကျန်းစီယွမ်… အတိတ်တုန်းက လီယုံကျောက်တိုင်မှာ ခေါင်းဆောင်နဲ့ ငါက အမြင့်ပေသုံးသောင်းမှာ ရှိခဲ့ကြတယ်… နတ်ဘုံက သေလွန်ကျင့်ကြံသူရဲ့ အမှတ်အသားကနေ ငါတို့တွေ အနီရောင်လကို အတိုင်းအတာအမျိုးမျိုးနဲ့ အာရုံခံနိုင်ခဲ့ကြတယ် ”

“ ခေါင်းဆောင်က အရှိန်အဝါကို ရခဲ့တယ်… ငါက နတ်ဘုရားအရင်းအမြစ်ကို ရခဲ့တယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ဤသည်မှာ များစွာသော အဖြစ်အပျက်များမှတဆင့် သူအတည်ပြုနိုင်ခဲ့သော အရာဖြစ်သည်။

“ ကျန်းစီယွမ်လည်းပဲ ပေသုံးသောင်းကို ရောက်ခဲ့တယ်… ဒီတော့ သူ အဲ့ဒါကို အာရုံခံနိုင်တာက ပုံမှန်ကိစ္စပဲ… အတိတ်မှာ ကျန်းစီယွမ်က ဒဏ်ရာအပြင်းအထန်ရသွားပြီး အမြင့်ပေသုံးသောင်းကနေ ပြတ်ကျသွားခဲ့တယ်… သူက သေဘေးကနေ လက်တစ်လုံးခြား လွတ်မြောက်သွားခဲ့ပြီးနောက်ပိုင်း ညဘက်မှာ ငါ့နှလုံးက တဒုန်းဒုန်း ခုန်လာတယ် ”

“ အဲ့ဒီအချိန်ကစပြီး အနီရောင်လက ငါ့ကို လိုက်ရှာနေတယ်ဆိုတာ နားလည်ခဲ့တယ်… ဒါပေမဲ့ ကျန်းစီယွမ်က ဘယ်လိုအပြောင်းအလဲတွေကို တွေ့ကြုံခဲ့ရလဲဆိုတာ ငါသေချာမသိဘူး… အခုပုံစံအတိုင်းဆို အဲ့ဒီတုန်းက ကျန်းစီယွမ်က အနီရောင်လရဲ့ ကပ်တွယ်ခြင်းကို ခံလိုက်ရတာ ဖြစ်လိမ့်မယ် ”

အတိတ်က အကြောင်းများကို ပြန်အမှတ်ရသွားသောအခါ အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲတွင် ပေါ်ထွက်လာသည်။ ထို့နောက် သူသည် ဧကရာဇ်၏ နှလုံးသားအလင်း စစ်ဆေးခြင်းကို တွေးမိသွားသည်။

“ အဲ့ဒါကို ဧကရာဇ်ရဲ့ နှလုံးသားအလင်း စစ်ဆေးနေစဉ်အတွင်းမှာ ဖုံးကွယ်ထားဖို့က ဖြစ်နိုင်လို့လား… တကယ်လို့ အတိတ်မှာ ကျန်းစီယွမ်က အနီရောင်လရဲ့ ကပ်တွယ်တာကို တကယ်ခံခဲ့ရတယ်ဆိုရင် ဘာလို့ ဧကရာဇ်က အားလုံးပုံမှန်ပဲလို့ အတည်ပြုခဲ့ပြီး သူ့ကို ဒေသငယ်မြို့တော်ဆီ လာခွင့်ပြုလိုက်တာလဲ ”

ထိုအချက်ကို ရွှီချင်းတွေးမိသောအခါ ယင်းကို စောစောက နတ်ဘုရားလက်ချောင်းပြောခဲ့သော စကားနှင့် ပေါင်းစပ်ကြည့်သည်။ လူသားမျိုးနွယ်သည် ကျန်းစီယွမ်ရဲ့ ခန္ဓာကိုယ်ထဲမှ အနီရောင်လအား နိုးထခြင်းကို အရှိန်တိုးမြှင့်ရန် ကူညီပေးနေသည်။ ထို့ကြောင့် စတင်ပြီး သူနားလည်လာသည်။

“ အတိတ်တုန်းက ငါနားလည်သင့်တယ် ”

“ ဒီကိစ္စကို အလွယ်လေး အတည်ပြုနိုင်တာပဲ ”

ရွှီချင်းသည် ဟင်ဟွမ်ပြည်နယ်မှ ဓားကိုင်ရုံးတော်၏ မဟာအကြီးအကဲထံသို့ အသံပို့လွှတ်ချင်သောကြောင့် သူ၏ အမိန့်တော်ဓားကို ထုတ်လိုက်သည်။ သို့သော်လည်း အမိန့်တော်ဓားကို ထုတ်လိုက်ပြီးနောက် သူ၏ အမူအရာသည် အနည်းငယ် သုန်မှုန်သွားသည်။

“ ငါမေ့သွားတယ်… ရုံးတော်သခင်မရှိတော့တဲ့နောက် ငါ့မှာ ပြည်နယ်တွေကို ဖြတ်ကျော်ပြီး အသံပို့လွှတ်ဖို့ အခွင့်အာဏာ မရှိတော့ဘူး ”

ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ဤကိစ္စသည် ပြဿနာကြီးမဟုတ်ပေ။ သူ့မှာ အခွင့်အာဏာမရှိတော့သော်လည်း သူ၏ စစ်ရေးအကျိုးပြုအမှတ်များကို အသုံးပြု၍ ပြည်နယ်ဖြတ်ကျော်အသံပို့လွှတ်ခြင်းကို လဲလှယ်နိုင်ပေသည်။ ယခု ရွှီချင်းထံတွင် စစ်ရေးအကျိုးပြုအမှတ် အများအပြား ရှိသည်။ ထို့ကြောင့် သူက ပြည်နယ်ဖြတ်ကျော်အသံပို့လွှတ်ခြင်းကို အလျှင်အမြန် လဲလှယ်လိုက်ပြီး ကျန်းစီယွမ်အကြောင်းမေးမြန်းရန် မဟာအကြီးအကဲဆီသို့ ဆက်သွယ်လိုက်သည်။

အကယ်၍ တခြားလူသာ လာမေးလျှင် ထိုလူက ခုန်းရှန်းလုံဆိုလျှင်ပင် မဟာအကြီးအကဲသည် သူတို့ကို လျစ်လျူရှုလိမ့်မည်။

သို့သော်လည်း ရွှီချင်းသည် မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် ခြားနားသော အဆင့်အတန်း ရှိသည်။

ထို့ကြောင့် မကြာမီ ရွှီချင်းသည် အရာအားလုံးကို သိရှိခဲ့သည်။

“ အတိတ်တုန်းက ဧကရာဇ်ရဲ့ နှလုံးသားအလင်း စစ်ဆေးနေစဉ်အတွင်းမှာ နတ်ဘုရားတစ်ပါးက ကျန်းစီယွမ်ကို ကပ်တွယ်နေတာကို ငါသိခဲ့တယ်… ဒါပေမဲ့ ဘယ်နတ်ဘုရားလဲ ငါမသိဘူး ပြီးတော့ ဒီကိစ္စက အရေးကြီးကိစ္စဖြစ်တာကြောင့် ရုံးတော်သခင်ဆီ ငါချက်ချင်း သွားလျှောက်တင်ခဲ့တယ် ”

“ အဲ့ဒါပြီးတော့ ငါဒီကိစ္စကို ဆက်ပြီးအာရုံစိုက်ခဲ့တယ်… ရုံးတော်သခင်က ငါ့ကိုပြောတယ် ကျန်းစီယွမ်က ဓားကိုင်တစ်ယောက် ဖြစ်နေသေးသရွေ့တော့ ဘယ်သူ့ကိုမှ သူ့ကို ငါးစာအဖြစ် အသုံးပြုတာမျိုး ခွင့်မပြုနိုင်ဘူးလို့ပြောတယ် ”

“ ပြီးတော့ ဧကရာဇ်ရုပ်တုရဲ့ မူလခန္ဓာကိုယ်က နန်းမြို့တော်ထဲမှာ ရှိတယ်… ဒါကြောင့် နန်းမြို့တော်ကလည်း ကျန်းစီယွမ်အကြောင်းကို သိတယ် ”

မဟာအကြီးအကဲ၏ အိုမင်းသော အသံသည် ရွှီချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုသို့ပြောပြီးနောက် သူ၏ အသံသည် အနည်းငယ် တည်ကြည်သွားပြီး ထိုအထဲတွင် စိုးရိမ်မှုတစ်စွန်းတစ်စ ပါရှိသည်။

“ ရွှီချင်း ဖုန်းဟိုင်ဒေသငယ်က အရင်ကနဲ့မတူတော့ဘူး… အင်မော်တယ်တားမြစ်နယ်မြေပွင့်တော့မယ်လို့ ငါကြားတယ်… အတိတ်တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေအများကြီးက ငြင်းကြတယ်… ဒေသအကြီးအကဲနဲ့ လက်ထောက်ဒေသအကြီးအကဲတောင် ငြင်းတယ်… ဒါပေမဲ့ အဲ့ဒါက နန်းမြို့တော်ရဲ့ အမိန့်တော်ဖြစ်တာကြောင့် ငါတို့မငြင်းဆန်နိုင်ဘူး… ဒါကြောင့် အချိန်ဆွဲတာလောက်ပဲ တတ်နိုင်တယ်… ဒါပေမဲ့ အဲ့လိုအချိန်ဆွဲတာက အချိန်ကြာကြာ မသွားနိုင်ဘူး… နောက်တော့ စစ်ပွဲကျရောက်လာတယ်… အဲ့ဒီနောက် ဘယ်သူမှ အဲ့ဒီအကြောင်းကို မပြောကြတော့ဘူး… မင်းဘာလို့ ငါ့ကို ဒီအကြောင်းမေးလဲ ငါမသိဘူး… ဘာပဲဖြစ်ဖြစ် မင်း သတိထားရမယ် ”

မဟာအကြီးအကဲ၏ လေသံထဲတွင် စိုးရိမ်သော အရိပ်အမြွက်ပါကြောင်း ရွှီချင်း အာရုံခံနိုင်သည်။ ထို့နောက် သူသည် ဝိညာဉ်သခင်မယုံကျင်း လွတ်မြောက်သွားခြင်းနှင့်ပတ်သက်ပြီး ဟင်ဟွမ်ပြည်နယ်မှ ဓားကိုင်ရုံးတော်ခွဲအပေါ် သက်ရောက်မှုအကြောင်း မေးသည်။

“ အဲ့ဒါက ငါ့ပခုံးပေါ်ကျလာတယ်… ဝိညာဉ်သခင်မယုံကျင်းကို သေချာစောင့်ကြည့်ထားဖို့ ငါ့တာဝန်ကို ကျရှုံးခဲ့တယ်… ရလဒ်အနေနဲ့ သူက လွတ်မြောက်သွားပြီး တစ္ဆေအင်ပါယာနိုးထခြင်းကို တားဆီးဖို့ မင်းသားလက်ထဲ သူ့ကို မအပ်နှံနိုင်ခဲ့ဘူး… အခု ဝိညာဉ်တော်နှစ်ပါး၊ စိတ်ခုနစ်မျိုးတို့နဲ့အတူ ဝိညာဉ်သခင်မယုံကျင်းကို ဘယ်မှာမှရှာမတွေ့တော့ဘူး… ယင်ဟွမ်ပြည်နယ်က အခြေအနေက အန္တရာယ်ကျရောက်ဖို့ ထင်ရှားတာကြောင့် သတ္တမမင်းသားတောင် ဒီရောက်လာဖို့ တုံ့ဆိုင်းနေတယ်… ”

မဟာအကြီးအကဲသည် ချောင်းဟန့်လိုက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်သည်။

ဤသည်ကို ရွှီချင်းကြားသည့်အခါ အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။ ယင်းကို အသေအချာ တွေးတောပြီးနောက် မဟာအကြီးအကဲက လက်ဦးမှုယူကာ ဝိညာဉ်သခင်မယုံကျင်းကို လွှတ်ပေးလိုက်ခြင်းသည် ဖြစ်နိုင်ရန် ရာခိုင်နှုန်းများသည်ဟု သူခံစားမိသည်။ ဝိညာဉ်သခင်မယုံကျင်းက မပျောက်သွားခဲ့သည်မှာလည်း ဖြစ်နိုင်ခြေရှိသည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူတို့ကြားမှ ဆက်သွယ်မှုကို အဆုံးသတ်ပြီးနောက် သူ၏ မျက်လုံးသည် အရောင်တောက်ပလာသည်။

“ အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်တာက ကြီးမားတဲ့ ရည်ရွယ်ချက်ရှိတယ်… ဒါကြောင့် လွန်ခဲ့တဲ့တစ်နှစ်က ဒေသအကြီးအကဲ၊ လက်ထောက်ဒေသအကြီးအကဲနဲ့ ရုံးတော်သခင်က မထောက်ပံ့ခဲ့ကြတာ… ဒါပေမဲ့ အခုတော့ ဒေသအကြီးအကဲ၊ ရုံးတော်သခင်နဲ့ လူအတော်များများ ကျဆုံးသွားခဲ့ကြတယ်… လက်ထောက်ဒေသအကြီးအကဲတစ်ယောက်ပဲ ကျန်တော့တယ် ”

“ ကျန်းစီယွမ်ကတော့ ရုံးတော်သခင်ရဲ့ ကာကွယ်ပေးမှုအောက်မှာ ဆက်မရှိတော့တာကြောင့် တစ်ယောက်ယောက်က သူ့ကို အင်မော်တယ်တားမြစ်နယ်မြေထဲ စေလွှတ်ပြီး သူ့ခန္ဓာကိုယ်က အနီရောင်လကို နိုးထစေချင်တာပဲ… ပြီးတော့ သူ့ကို အနီရောင်လရဲ့ ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲသွားစေပြီး အင်မော်တယ်တားမြစ်နယ်မြေထဲက နတ်ဘုရားကို ဝါးမျိုစေမယ် ”

“ ဒါပေမဲ့ ဘာလို့အဲ့လိုလုပ်ရတာလဲ… အဲ့လိုလုပ်လို့ နန်းမြို့တော်က ဘာအကျိုးရှိမှာလဲ ”

ရွှီချင်းထံတွင် သတင်းအချက်အလက် မလုံလောက်သောကြောင့် အဖြေကို သူဆက်ပြီး မသုံးသပ်နိုင်ပေ။

နတ်ဘုရားလက်ချောင်းသည်တော့ တစ်ယောက်တည်း ဗလုံးဗထွေး ရေရွတ်ပြီးနောက် ၎င်း၏ အရှိန်အဝါကို ပြန်သိမ်းဆည်းလိုက်ပြီး ၎င်းဘာသာ လုံခြုံအောင် ပုန်းနေလိုက်သည်။ ၎င်း၏ အိပ်စက်နေသော အားလှိုင်းအတတ်အကျက ပျောက်ကွယ်သွားသည်။ ၎င်းက သေဆုံးသွားသော အခြေအနေသို့ ဝင်ရောက်သွားသည့်အလားပင်။

All Chapters