← Chapters

တာဝန်ကြီးတွေပြီးမြောက်အောင် တစ်စုံတစ်ယောက်ရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင် ဘာဖြစ်နိုင်မလဲ(ခ)

Vol. 47 Ch. 718

တာဝန်ကြီးတွေပြီးမြောက်အောင် တစ်စုံတစ်ယောက်ရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင် ဘာဖြစ်နိုင်မလဲ(ခ)

Vol. 47 Ch. 718

ရွှီချင်းမည်မျှ အော်ခေါ်ပါစေ ၎င်းသည် မည်သည့်တုံ့ပြန်မှုမှ မပြချေ။

“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အနီရောင်လနိုးလာတာနဲ့ ငါတော့ သေချာပေါက် ဒုက္ခအကြီးကြီးရောက်ပြီ ”

ရွှီချင်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ သူ၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာသော အတွေးသည် ဒေသငယ်မြို့တော်မှ ထွက်ခွာပြီး အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ခြင်းကို တိမ်းရှောင်ရန် ဖြစ်သည်။

သို့သော်လည်း ထိုသို့အတွေးပေါ်လာစဉ် တခြားအတွေးတစ်ခုသည်လည်း သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။

“ ဒီမုန်တိုင်းထဲမှာ သေချာပေါက် အခွင့်အလမ်းတွေရှိတယ် ”

“ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေနဲ့ အဆုံးမဲ့တဲ့ အခွင့်အလမ်းတွေ ရှိတယ်… အန္တရာယ်က အထဲမှာ အိပ်စက်နေတဲ့ နတ်ဘုရားပဲ… ဒါပေမဲ့ တကယ်လို့ အနီရောင်လက သူ့ကို ဝါးမျိုးသွားမယ်ဆိုရင် အင်မော်တယ်တားမြစ်နယ်မြေက လုံးလုံးပေါ်ထွက်လာလိမ့်မယ် ”

“ အနီရောင်လက ကောင်းကင်နက်မျိုးနွယ်ရဲ့ နတ်ဘုရားဖြစ်တယ်… မင်းသားက သူ့ကို ဒီမှာ နှိုးရဲတယ်ဆိုတော့ သူ့လုံခြုံရေးကို သေချာစေမယ့် အစီအစဉ်တစ်ခုတော့ သူ့မှာ ရှိရမယ်… ပြီးတော့ အခု ဖုန်းဟိုင်ဒေသငယ်မှာ သူ့ရဲ့လက်အောက်ငယ်သားတွေက အများကြီးဖြစ်နေပြီ… တကယ်လို့ သူသာ လုံးလုံးရူးမသွားသေးဘူးဆိုရင်တော့ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို အနီရောင်လဆီ စတေးပစ်မှာမဟုတ်ဘူး… ”

“ ဒီလိုဆိုမှတော့ အနီရောင်လရဲ့ ရှာဖွေတာကိုသာ ငါရှောင်ရှားနိုင်မယ်ဆိုရင် အင်မော်တယ်တားမြစ်နယ်မြေထဲ ဝင်ရောက်တာက ငါ့အတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်လိမ့်မယ် ”

ထိုသို့တွေးပြီးနောက် ရွှီချင်းသည် သူ၏ အသံကို ခေါင်းဆောင်ဆီသို့ ချက်ချင်း ပို့လွှတ်လိုက်သည်။

မည်သို့ဖြစ်စေ နတ်ဘုရားများနှင့်သက်ဆိုင်သော ကိစ္စမျိုးတွင် ခေါင်းဆောင်သည် သူ့ထက် ပိုနားလည်သည်ဟု ရွှီချင်း ခံစားမိသည်။

သို့သော်လည်း ခေါင်းဆောင်သည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ပြီး ပြန်မတုံ့ပြန်ခဲ့ပေ။

ရွှီချင်းသည် သူ၏ စိတ်ထဲမှ အတွေးများကို ဖိနှိပ်လိုက်ပြီး တရားထိုင်ရန် ရွေးချယ်လိုက်သည်။ သူသည် ခေါင်းဆောင်တံခါးပိတ်ကျင့်ကြံနေခြင်းမှ ပြန်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက် သူသည် ခေါင်းဆောင်နှင့် ဤကိစ္စကို ဆက်ပြီး တိုင်ပင်ဆွေးနွေးလိမ့်မည်။

မည်သို့ဖြစ်စေ ဤသည်မှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။

အနီရောင်လနိုးထလာသည့်အခါ ဒုက္ခရောက်မည့်လူသည် သူတစ်ဦးတည်းမဟုတ်ပေ။ ခေါင်းဆောင်သည်လည်း ၎င်း၏ အရှိန်အဝါကို ခိုးယူခဲ့သည်မဟုတ်ပါလော။ အနီရောင်လသည် ၎င်းကို စတင်ပြီး လိုက်မရှာဖွေခဲ့သော်လည်း အကယ်၍ ခေါင်းဆောင်ကိုသာ အင်မော်တယ်တားမြစ်နယ်မြေထဲတွင် မြင်သွားမည်ဆိုလျှင် တစ်ဖက်လူသည် သူ့ကို သေသည်အထိ ရိုက်သတ်ပစ်လိမ့်မည်။

ထိုသို့ဖြင့် အချိန်သည် ကုန်လွန်သွားသည်။

အင်မော်တယ်တားမြစ်နယ်မြေ ဖွင့်လှစ်မည့်နေ့ရက်သည် တဖြည်းဖြည်း နီးကပ်လာသည်။ ယခု မူလအကျဉ်းထောင်ဌာနသည် လုံးလုံးမြေလှန်သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် ကြီးမားပြီး အောက်ခြေမဲ့သော တွင်းနက်တစ်ခု ထွက်ပေါ်လာသည်။ သိပ်သည်းသော ဒြပ်နှောများသည် ထိုတွင်းနက်ထဲမှ ပျံ့နှံ့ထွက်လာနေသည်။

ထိုဒြပ်နှောများသည် နန်းမြို့တော်မှ စစ်သည်တော်များနှင့်အတူ အထူးစည်းချအစီအရင်ကြောင့် လွင့်ပြယ်သွားသော်လည်း စည်းချအစီအရင်သည် တွင်းနက်ထဲမှ ထွက်ပေါ်လာနေသော ဟိန်းသံများနှင့် အူသံများကို မတားဆီးနိုင်ပေ။

ဤသည်မှာ ထိုတွင်းနက်၏ အောက်ခြေတွင် ငရဲပြည်တစ်ခု ရှိနေသည့်အလားပင်။

တွင်းနက်ထဲမှ အော်သံများသည် ဒေသငယ်မြို့တော်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ မြို့တော်ထဲမှ လူတိုင်းသည် ထိုအော်သံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ကြသည်။ သူတို့သည် ထိတ်လန့်သွားကြပြီး ကြောက်ရွံ့လာကြသည်။

ရွှီချင်းသည်လည်း တွင်းနက်ကို အာရုံထားလာသည်။ အင်မော်တယ်တားမြစ်နယ်မြေ ဖွင့်လှစ်ရန် ခြောက်ရက်သာ လိုတော့သည့်အချိန်တွင် ခေါင်းဆောင်၏ အသံပို့လွှတ်မှုကို နောက်ဆုံးမှာတော့ သူရရှိသွားသည်။

“ ချင်းလေး… ဟား ဟား ဟား… ငါက ရှေးဟောင်းတာအိုချိပ်တံဆိပ်အမိန့်တော်ကို အသုံးပြုပြီး အရမ်းအရေးကြီးတဲ့ ချိပ်တံဆိပ်တစ်ခုကို ဖြေလျှော့ခဲ့တယ်… ဒါမှပဲ ဒီဘဝမှာ ငါမင်းနဲ့အတူ ခရီးထွက်နိုင်လိမ့်မယ် ”

ခေါင်းဆောင်၏ အသံထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ ယင်းက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ ခေါင်းဆောင်၏ ဝမ်းသာပျော်ရွှင်မှုကို ရှင်းလင်းစွာ သူအာရုံခံမိသည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး သူ့ကို ဂုဏ်ပြုစကားဆိုလိုက်သည်။ ထို့နောက် သူက ယခင်က သူသိရှိထားသော သတင်းအချက်အလက်ကို အလျှင်အမြန် ပြောလိုက်သည်။

အစက ရယ်မောနေသော ခေါင်းဆောင်သည် ရွှီချင်း၏ စကားကိုကြားသောအခါ ဆို့နင့်သွားသည်။

ရွှီချင်း၏ စကားဆုံးသွားပြီးနောက် ခေါင်းဆောင်သည် အသံပို့လွှတ်ခြင်းကို တိုက်ရိုက် ပိတ်ပစ်လိုက်သည်။

ရွှီချင်း၏ အမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ဓားအိမ်ယာမှ တံခါးသည် ပွင့်သွားသည်။ သူက တိတ်တဆိတ် စတင်ရေတွက်လိုက်သည်။

“ တစ် နှစ် သုံး… ခုနစ် ”

ထိုစဉ် ဘိုသီဘတ်သီဆံပင်နှင့် ခေါင်းဆောင်၏ ပိန်ပါးပါးပုံရိပ်သည် ရွှီချင်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူ၏ အလျင်သည် ဝိညာဉ်နတ်သူငယ်အဆင့်နီးပါး ရှိသည်။ သူသည် ဓားအိမ်ယာဆီသို့ ဝှီးခနဲ တန်းမတ်စွာ ပြေးလာနေလေရာ လေကြမ်းပင် အစပျိုးလာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ရွှီချင်း၏ ဓားအိမ်ယာဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်။

ခေါင်းဆောင်သည် မရပ်ဘဲ အထဲသို့ တိုက်ရိုက်လျှောက်ဝင်သွားသည်။ ထို့နောက် သူက တံခါးပိတ်လိုက်ပြီး ရွှီချင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဘဝင်ခိုက်သော အရိပ်အယောင် အတိုင်းသား ထွက်ပေါ်နေသည်။

“ ဂျူနီယာညီလေး ချိပ်တံဆိပ်ကို ငါဖွင့်ပြီးသွားရင် အရမ်းဗိုက်ဆာလာလိမ့်မယ်ဆိုတာကို မင်းသိတယ်... ဒါကြောင့် ငါ့အတွက် ဒီလိုလက်ဆောင်ကြီးကို အထူးတလယ် မင်းပြင်ထားတာမလား ”

ရွှီချင်း၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ခေါင်းဆောင်သည် အလွန်အမင်း ပိန်ပါးပြီး ဆာလောင်မွတ်သိပ်နေသော တစ္ဆေတစ်ကောင်နှင့် ဆင်တူသော်လည်း သူ၏ အရှိန်အဝါသည် အတိတ်တုန်းကထက် သိသာစွာ ကျော်လွန်သွားသည်။

အစကတော့ အနောက်ဘက်စစ်မြေပြင်၌ ခေါင်းဆောင်သည် နတ်နန်းတော်ခုနစ်ခုရှစ်ခု တိုက်ပွဲစွမ်းအားကိုသာ ထုတ်ဖော်ပြခဲ့သည်။ သို့သော်လည်း ယခု ရွှီချင်း၏ စိတ်အာရုံထဲတွင် တစ်ဖက်လူသည် ဝိညာဉ်နတ်သူငယ်အဆင့်နှင့် အလွန်နီးကပ်နေသည်။ သူက ဝိညာဉ်နတ်သူငယ်အဆင့်သို့ရောက်ရန် ခြေလှမ်းဝက်သာလိုတော့ဟန် တူသည်။

ထို့အပြင် သူ၏ ခွန်အားသည် ထိုစဉ်ကထက် အများကြီး ပိုသန်မာလာဟန် ရသည်။

ခေါင်းဆောင်လဲလှယ်ခဲ့သော ရှေးဟောင်းတာအိုချိပ်တံဆိပ်အမိန့်တော်သည် သူ့အတွက် အတော်လေး အသုံးဝင်ကြောင်း ထင်ရှားသည်။

သို့သော်လည်း ရွှီချင်းသည် အလွန်တရာ အံ့ဩခြင်းမရှိပေ။ ခေါင်းဆောင်သည် အမြဲတမ်း ထိုပုံစံဖြစ်သည်။

သူက ခေါင်းဆောင်၏ မျက်လုံးကိုကြည့်လိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်သည်။

“ ဟုတ်တယ် စီနီယာအကိုကြီး… မင်း ဒီတစ်ခေါက် ချိပ်တံဆိပ်ချိုးဖြတ်တာက ကွဲပြားတဲ့ရလဒ်ရှိလိမ့်မယ်လို့ ငါခန့်မှန်းထားတယ်… ဒါကြောင့် ကြီးမားတဲ့တာဝန်တွေအကြောင်း မင်းစဉ်းစားလာအောင် ငါ့ဦးနှောက်ကို အတော်လေး အလုပ်ပေးခဲ့တာ ”

ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်လိုက်သည်။ ရွှီချင်း၏ သဘောထားနှင့်ပတ်သက်ပြီး အလွန်သူကျေနပ်သည်။ ယင်းက သူ့ကို စီနီယာအကိုကြီးတစ်ယောက်သဖွယ် ထပ်မံခံစားရစေသည်။ ထို့ကြောင့် သူက လက်နောက်ပစ်လျက် ရွှီချင်း၏ ဓားအိမ်ယာထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်သည်။

“ ဂျူနီယာညီလေး ဒါက ကောင်းကင်ဘုံက ချီးမြှောက်တဲ့ ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ… အနီရောင်လဆင်းသက်လာပြီး အင်မော်တယ်တားမြစ်နယ်မြေထဲက နတ်ဘုရားကို ဝါးမျိုပြီးသွားရင်… သူတို့ရဲ့ တိုက်ပွဲက ပြီးဆုံးသွားရင် ငါတို့… ”

“ ငါတို့ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ပိုပြီးတော့ လုယက်နိုင်လိမ့်မယ် ”

ရွှီချင်းသည် ခေါင်းညိတ်သည်။

ခေါင်းဆောင်သည် အားမလိုအားမရသော အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

“ ချင်းလေး မင်းက ယင်ကောင်လေးတွေနဲ့ အချိန်အကြာကြီး ရှိနေခဲ့တာပဲ… ဘာလို့ ရည်မှန်းချက်ကြီးကြီးတစ်ခုမှ မရှိရတာလဲ… အင်မော်တယ်တားမြစ်နယ်မြေထဲက အစုတ်အပဲ့ပစ္စည်းတွေက ငါတို့လို ကောင်းကင်ဘုံတာအိုရဲ့ ဖခင်အဆင့်အတန်းနဲ့ ဘယ်လိုက်ဖက်မှာလဲ ”

“ ဒီတစ်ခေါက် ငါတို့တွေ နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေတဲ့အချိန် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားရဲ့ အသားတစ်ပိုင်းကို လုယက်ဖို့ အစီအစဉ်ဆွဲရမယ်… မင်းပြောပုံအရဆို အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားက နည်းနည်း အားနည်းပေမဲ့ ဘာပဲဖြစ်ဖြစ် သူက နတ်ဘုရားတစ်ပါးမဟုတ်လား… ငါတို့တွေ အနီရောင်လရဲ့ ပါးစပ်ထဲကနေ အသားတစ်ပိုင်းလောက် တိတ်တိတ်လေး လုယက်ကြရအောင်… တကယ်လို့ ငါတို့အစီအစဉ်သာ အောင်မြင်သွားရင် ငါတို့တော့ ပွပြီ ”

ခေါင်းဆောင်၏ မျက်လုံးသည် နီမြန်းလာသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ အသက်ရှူသံသည် မြန်ဆန်လာပြီး မျက်လုံးသည်လည်း နီရဲလာသည်။ အမှန်မှာတော့ သူသည် ခေါင်းဆောင်ကဲ့သို့ အတွေးရှိခဲ့သည်။ သို့သော်လည်း ယင်းသည် အတွေးသာဖြစ်ပြီး ယုတ္တိမကျပေ။ ထို့ကြောင့် သူက သူ၏ စိတ်ထဲမှ လှိုင်းအတတ်အကျကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ စီနီယာအကိုကြီး ဒီကိစ္စက ငါတို့နှစ်ယောက်တည်းနဲ့ လုပ်ဆောင်ဖို့ မဖြစ်နိုင်လောက်ဘူး… တကယ်လို့ ငါတို့သာ ကောင်းကောင်းမပုန်းနိုင်ရင် အသက်ဆုံးရှုံးသွားလိမ့်မယ်… ပြီးတော့ နန်းမြို့တော်ရဲ့ အစီအစဉ်ကလည်းပဲ နှောင့်ယှက်ခံရလိမ့်မယ်… အဲ့ဒါက ဖုန်းဟိုင်ဒေသငယ်အပေါ် သက်ရောက်လာနိုင်တယ်… ဒီတော့ ငါတို့လောဘမကြီးသင့်ဘူး ”

ခေါင်းဆောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ဆိတ်သွားသည်။

“ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်… ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က အရမ်းအားနည်းတယ်မဟုတ်လား… ဟူး ငါတို့အရှေ့မှာ ဒီလောက်ဆူဖြိုးတဲ့ အသားတုံးကြီးရှိနေတာတောင် မစားနိုင်ဘူး… ”

ခေါင်းဆောင်သည် အနည်းငယ် စိတ်ပျက်သွားသည်။ နောက်ဆုံးမှာတော့ သူက ရွှီချင်း၏ အရှေ့မှာ ထိုင်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက စကားပြောရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်မှာ သူ၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားပြီး ပေါင်ကို ရိုက်ချလိုက်သည်။

“ ဟုတ်သားပဲ ”

“ ဂျူနီယာညီလေး ငါတို့ဆရာကို အကူအညီတောင်းကြမယ် ”

“ ငါမင်းကိုပြောပြမယ်… အဖိုးကြီးငယ်ရွယ်တုန်းက ဒီလိုကိစ္စမျိုးတွေကို ဦးဆောင်လမ်းပြလုပ်ခဲ့တာ… ငါဘာလို့ ဒီလိုဖြစ်လာတယ်မင်းထင်လဲ… ဘာလို့လဲဆိုတော့ သူက ငါ့ကို မကြာခဏ ခေါ်သွားဖူးလို့ပဲ… ငါက တစ်ဇွတ်ထိုးတဇောက်ကန်းလုပ်တယ်ဆိုပေမဲ့ အဲ့ဒီလိုဖြစ်ရတာက အဖိုးကြီးရဲ့ လွှမ်းမိုးမှုက ငါ့ရဲ့အကျင့်စာရိတ္တကို ပျက်စီးစေခဲ့တာကြောင့်လို့ ငါယုံကြည်တယ် ”

ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သိပ်သည်းသော အလင်းရောင် ထွက်ပေါ်လာသည်။

ထို့အတူ ခေါင်းဆောင်၏ မျက်လုံးထဲမှ အလင်းရောင်သည်လည်း တောက်ပနေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှ အလင်းရောင်သည် တဖြည်းဖြည်း ပိုပိုတောက်ပလာသည်။

“ ဆရာလား ”

“ ဟုတ်တယ် ”

“ အဖိုးကြီးကို ငါမတွေ့ရတာ အတော်ကြာသွားပြီ… နောက်ဆုံးအကြိမ် ဘိုးဘေးရွှယ်လျန်ကျစ်နှင့် ငါတွေ့တုန်းက သူ့အကြောင်းကို မေးကြည့်တယ်… အဖိုးကြီးရဲ့ ကျင့်ကြံခြင်းက နောက်တစ်ခါ အဆင့်ချိုးဖြတ်သွားတဲ့ပုံပဲ… အဲ့ဒါက အဓိပ္ပာယ်မရှိဘူး ”

“ အဖိုးကြီးရဲ့ ကျင့်ကြံခြင်းက တိုးတတ်တာ အရမ်းမြန်လွန်းတယ်… သူ ငါတို့မရှိတဲ့အချိန် လျှို့ဝှက်ပြီး တစ်ခုခုစားခဲ့တာ လုံးဝသေချာတယ် ”

ခေါင်းဆောင်သည် သူ၏ ပေါင်ကို ကြမ်းတမ်းစွာ ထပ်မံရိုက်ချလိုက်သည်။ ခေါင်းဆောင်၏ လက်ရှိပုံစံသည် သူ၏ မိဘများက သူ့နောက်ကွယ်မှာ အစားကောင်းဖွက်စားနေသည်ကို အတော်ကြာမှ နားလည်သွားသည့်ဟန် တူသည်။

All Chapters