ဒါပေမဲ့ ငါက သူ့ဆရာ(က)
Vol. 47 Ch. 719
ခေါင်းဆောင်၏ စကားကိုကြားသောအခါ ရွှီချင်းသည် အလောင်းကောင်တားမြစ်နယ်မြေသို့ သူသွားရောက်ခဲ့စဉ်က မြင်ကွင်းကို ပြန်အမှတ်ရသွားသည်။ ထိုစဉ်က စည်းချအစီအရင်ထဲတွင် သူ့ဆရာ၏ တည်နေရာသည် ဘိုးဘေးထက်ပင် မဆိုသလောက် ရှေ့ရောက်နေဟန် ရသည်။
သူက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ရွှီချင်းက သူ၏ အကြံအား သဘောတူသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်သွားပြီး တိုးညင်းစွာ ပြောသည်။
“ ငါတို့ ဆရာ့ဆီ အသံမပို့လွှတ်နိုင်ဘူး… ဓားကိုင်ရုံးတော်ခွဲကနေ တဆင့်ပို့တာကလည်း အကြံကောင်းမဟုတ်ဘူး… ”
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ဆရာ ဒီအရင်ရောက်လာအောင် ငါတို့ကွင်ဆင်မှပဲ ရလိမ့်မယ်… ပြီးမှ ဆရာနဲ့ မျက်နှာချင်းဆိုင်ပြီး ငါတို့ပြောကြတာပေါ့ ”
“ ဒီတော့ ”
ရွှီချင်းသည် ဇဝေဇဝါဖြစ်သွားသည်။ ခေါင်းဆောင်၏ အကြည့်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေသည်ဟု သူခံစားမိသည်။
“ ဒါကြောင့်…. ဆရာ ချက်ချင်းလက်ငင်း ဒီကို အပြေးအလွှား ရောက်လာအောင် ငါတို့ဘယ်လိုလုပ်ကြမလဲ စဉ်းစားရမယ် ”
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။
“ ဂျူနီယာညီလေး လက်ရှိအခြေအနေကို မင်းလည်း မြင်တယ်မလား… ငါတို့ထဲကတစ်ယောက်က သေလုနီးပါးအခြေအနေရောက်အောင် ဟန်ဆောင်ရလိမ့်မယ်… တကယ်လို့ ငါသာ သေလုနီးပါးဖြစ်သွားမယ်ဆိုရင် ဆရာက ငါ့ကို ဂရုအစိုက်ဆုံးမို့လို့ သူက ရေးကြီးသုတ်ပျာ ရောက်ချလာလိမ့်မယ်… ဒါပေမဲ့ ငါက ခေါင်းတစ်ခုပဲ ကျန်တော့တယ်ဆိုရင်တောင် အဆင်ပြေတယ်ဆိုတာကို ဆရာက သိတယ်… ဒါကြောင့် ငါလှည့်စားတာကို သူက ချက်ချင်း သံသယဝင်လိမ့်မယ် ”
“ တခြားလျှို့ဝှက်သင်္ကေတ မရှိတော့ဘူးလား ”
ရွှီချင်းသည် အမူအရာကင်းမဲ့သော မျက်နှာဖြင့် တည်ငြိမ်စွာ ပြောသည်။
“ မရှိဘူး… တကယ့်ကို လျှို့ဝှက်သင်္ကေတမရှိဘူး ”
ခေါင်းဆောင်သည် မျက်နှာကို အခြားတစ်ဖက်သို့ ရွှေ့ပြောင်းလိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက ရွှီချင်းထံသို့ တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် ဆက်လက် ပြောသည်။
“ ဂျူနီယာညီလေး ငါမင်းကိုပဲ ဒုက္ခပေးရတော့မယ်… ပိုပြီးယုတ္တိဆန်ဖို့အတွက် ဘာမှမခုခံနဲ့… ငါမင်းကို ညင်ညင်သာသာ လုပ်ပေးပါမယ်… ခုနစ်ရက်အတွင်း မင်းရဲ့ဒဏ်ရာတွေ ပြန်သက်သာလာမှာပါ ”
“ ဘာမှမစိုးရိမ်နဲ့... အများဆုံး မင်းရဲ့ခြေထောက်ကို ငါချိုးပစ်ရုံပါပဲ… ကိုယ်တွင်းထဲမှာ ဟောင်းလောင်းပေါက်တချို့ ဖြစ်စေပြီး အရိုးတစ်ရာကျော်လောက် အက်ကွဲစေမယ်… ပြီးတော့ ဦးနှောက်တချို့ကို ပန်းထွက်စေမယ်… ဒီလိုကိစ္စမျိုးကို အရင်က ငါအကြိမ်အများကြီး လုပ်ခဲ့ဖူးတယ်… ဒါကြောင့် ငါ့မှာ အတွေ့အကြုံရှိတယ် ”
“ အရေးကြီးဆုံးကတော့ ဆရာရောက်လာပြီး မင်းရဲ့ ဒဏ်ရာတွေကို မြင်တဲ့အခါ သူ့ကို ငါတို့လိမ်ထားတယ်ဆိုတာ လုံးဝမရိပ်မိစေဖို့ပဲ… အဲ့ဒါပြီးရင် ငါတို့ သူ့ကို ဟိုကိစ္စအကြောင်း ပြောပြကြမယ်… အားလုံးက အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ… ဘာမှမစိုးရိမ်နဲ့ ငါက အတွေ့အကြုံရှိပြီးသားလူပါ ”
ခေါင်းဆောင်သည် တဟားဟား အော်ရယ်လိုက်သည်။ သူက စမ်းသပ်ကြည့်ရန် အလွန်စိတ်အားထက်သန်နေသည်။ သူသည် ချိပ်တံဆိပ်များကို ဖြေလျှာ့ပြီးသည့်အခါတိုင်း စီနီယာအကိုကြီးဟူသော ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ရွှီချင်း၏ အရှေ့မှာ တည်ဆောက်ချင်ပေသည်။
အထူးသဖြင့် ယခင်တုန်းက ရွှီချင်း၏ ကျင့်ကြံခြင်းအမြန်နှုန်းကို သူလိုက်မမှီခဲ့သည့်အခါမျိုးတွင် ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်မှာတော့ ကြီးမြတ်သော သူ၏ ပုံရိပ်ကို တည်ဆောက်ရန် သူ၏ နှလုံးသားထဲမှာ အလွန်စိတ်အားထက်သန်နေသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက အမိန့်တော်ဓားကို ထုတ်လိုက်ပြီ စစ်ရေးအကျိုးပြုအမှတ်ဖြင့် ယင်ဟွမ်ပြည်နယ်ဓားကိုင်ရုံးတော်ခွဲ၏ မဟာအကြီးအကဲထံသို့ အသံပို့လွှတ်ရန် အခွင့်အာဏာကို လဲလှယ်လိုက်သည်။
“ မဟာအကြီးအကဲ ကျေးဇူးပြုပြီး ကျုပ်ဆရာကို စကားတစ်ခွန်း အမှာပါးပေးပါ ”
ရွှီချင်းသည် ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်တော်ဓားမှတဆင့် ဆက်ပြီးအသံပို့လွှတ်လိုက်သည်။ အပြင်လူများသည် ဤအသံပို့လွှတ်ခြင်းကို မကြားနိုင်ပေ။
“ ကျုပ်ရဲ့စီနီယာအကိုကြီးက ဒေသငယ်ထဲက တိမ်မြူသားရဲတစ်ကောင်ကို လက်ထပ်ချင်နေတယ်လို့ ကျေးဇူးပြုပြီး ကျုပ်ဆရာကို ပြောပေးပါ... ကျုပ် သူ့ကို ဘယ်လိုမှ မဖျောင်းဖျနိုင်ဘူး… လက်ထပ်ပွဲက သုံးရက်အတွင်း ကျင်းပမှာပါ… သူက ဆရာ့ကို မပြောရဲဘူးတဲ့… ဒါကြောင့် ကျုပ်က စီနီယာအကိုကြီးကိုယ်စား ဆရာ့ကို လက်ထပ်ပွဲလာတတ်ဖို့ ဖိတ်ကြားလိုက်တာပါ ”
“ … ”
မဟာအကြီးအကဲသည် ဟက်ဟက်ပက်ပက် အော်မရယ်ခင် အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထိုစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်အမှန်ကို သူနားလည်သည်မှာ ရှင်းလင်းသည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြန်ပြောသည်။
“ ဒီသတင်းကို မင်းဆရာကြားရင် သူအရမ်းဝမ်းသာသွားမှာ သေချာတယ် ”
“ ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ ”
ရွှီချင်းသည် လေးနက်စွာ ပြောသည်။ ထို့နောက် သူက အမိန့်တော်ကို အောက်ချလိုက်ပြီး သူ့အား စူးစမ်းလိုစွာ ကြည့်နေသော စီနီယာအကိုကြီးကို ပြန်ကြည့်လိုက်သည်။
“ ဂျူနီယာညီလေး တစ်ခုခုလွဲမှားနေတယ်လို့ ဘာလို့ ငါခံစားနေရတာပါလဲ… ငါတို့စောစောက တိုင်ပင်ထားတဲ့အတိုင်း မင်းလိုက်လုပ်ရဲ့လား ”
ခေါင်းဆောင်သည် ရွှီချင်းကို မသင်္ကာသောမျက်လုံးဖြင့် စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး မင်းငါ့ကို ယုံကြည်ရမယ် ”
ခေါင်းဆောင်၏ မျက်လုံးကိုကြည့်လိုက်စဉ် ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်သည်။
ခေါင်းဆောင်သည် တစ်စုံတစ်ခုလွဲမှားနေသည်ဟု ဆက်လက် ခံစားမိနေဆဲပင်။ သို့သော်လည်း သူက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်လုံးသည်လည်း ဝင်းလက်တောက်ပလာသည်။
“ ကောင်းပြီ ငါညင်သာပေးမယ်… ဂျူနီယာညီလေး ငါက အခုမှ အဆင့်ချိုးဖြတ်ထားတာဆိုတော့ အခု အရမ်းသန်မာနေပြီ… ဒီတော့ လေ့ကျင့်ဖို့အတွက် မင်းကို အသုံးပြုပါရစေ ”
ခေါင်းဆောင်သည် စကားပြောနေရင်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ရွှီချင်းသည် သူ၏ စီနီယာအကိုကြီးကိုကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ စီနီယာအကိုကြီး… ငါပို့လိုက်တဲ့ အမှားစကားသံထဲမှာ ငါက ဖြေရခက်တဲ့ အဆိပ်မိနေတာလို့ ပြောလိုက်တာ ”
ရွှီချင်းသည် စကားဆုံးသည်နှင့် အဆိပ်ဆေးပင်တချို့ကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်လိုက်ပြီး ဝါးစားလိုက်သည်။
ရွှီချင်းကို ကြည့်လိုက်စဉ် ခေါင်းဆောင်၏ မျက်လုံးသည် ပြူးကျယ်သွားသည်။
ရွှီချင်းသည် ခေါင်းဆောင်ကို အပြစ်ကင်းစင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
“ တကယ်လို့ ငါသာ တခြားဒဏ်ရာတွေကိုပြောရင် ဆရာက ယုံကြည်မှာမဟုတ်ဘူး… အဲ့ဒီဒဏ်ရာတွေက သာမန်မဟုတ်လား… ဒါကြောင့် အဆိပ်မိတယ်လို့ ပြောလိုက်တာ… ငါက အဆိပ်တာအိုကို ကျွမ်းကျင်တယ်ဆိုတာ မင်းသိပါတယ်… တကယ်လို့ ငါမဖြေနိုင်တဲ့ အဆိပ်ကို မိနေတယ်ဆိုရင် အဲ့ဒီအဆိပ်က အရမ်းပြင်းထန်တယ်လို့ ဖော်လိုက်တာပဲမဟုတ်လား ”
ရွှီချင်းသည် စကားပြောနေရင်း အဆိပ်မှုန့်တချို့ကို ထုတ်လိုက်ပြီး မျိုချလိုက်သည်။
ရွှီချင်းက အဆိပ်များဝါးစားနေသည်ကို ခေါင်းဆောင်မြင်သောအခါ ဤနေရာတွင် ထောင်ချောက်တစ်ခုရှိနေသည်ဟု သူ၏ မသိစိတ်ထဲမှ ခံစားမိလာသည်။ သို့သော်လည်း ရွှီချင်းပြောသည်မှာ ယုတ္တိရှိ၏။ ထို့အပြင် ရွှီချင်းကိုယ်တိုင်ကလည်း အဆိပ်များစွာကို ဝါးစားနေဟန် ရသည်။
သို့သော်လည်း အတိတ်မှ သူ၏ အတွေ့အကြုံများကို ပြန်အမှတ်ရသွားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဟန်ဆောင်ပြုံးလိုက်သည်။
‘ ဂျူနီယာညီလေး မင်းရဲ့ ဒီအကွက်က အရမ်းအတွေ့အကြုံနုပါသေးတယ်ကွာ… ငါက မင်းပြောတာကို ယုံမယ်လို့ တကယ်ထင်နေလား… ဟီး ဟီး ’
ခေါင်းဆောင်သည် စိတ်ထဲမှ ကျိတ်ရယ်လိုက်ပြီးနောက် ကျောဆန့်လိုက်သည်။
“ တည်နေရာပြောင်းရွှေ့အစီအရင်ကနေ လာမယ်ဆိုရင်တောင် ယင်ဟွမ်ပြည်နယ်ကနေ ဒီရောက်ဖို့ အနည်းဆုံး အချိန်သုံးရက် ကြာလိမ့်မယ်… ကောင်းပြီ ငါမင်းကို မရိုက်တော့ဘူး… မင်းဘာသာပဲ အဆိပ်ဆက်စားနေ… အင်မော်တယ်တားမြစ်နယ်မြေအကြောင်း ငါသွားပြီး စုံစမ်းကြည့်လိုက်ဦးမယ် ”
ထို့နောက် ခေါင်းဆောင်သည် လက်နောက်ပစ်လိုက်ပြီး ဘဝင်ခိုက်သော အမူအရာဖြင့် ထွက်သွားသည်။
ရွှီချင်းသည် ထွက်ခွာသွားသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး အဆိပ်ကို ဆက်စားနေလိုက်သည်။
ဓားအိမ်ယာအပြင်ဘက်တွင် ခေါင်းဆောင်သည် တည်ငြိမ်သော အမူအရာဖြင့် အရှေ့သို့ ဟိတ်ကြီးဟန်ကြီး လျှောက်သွားသည်။ မြို့တော်သို့ သူရောက်သွားသည့်အခါ ချောင်တစ်နေရာကို ရှာဖွေလိုက်ပြီး အလျှင်အမြန် ခေါင်းငုံ့လိုက်ကာ သူ၏ ညာလက်ကို ကြည့်လိုက်သည်။
သူ၏ လက်ဖဝါးပေါ်တွင် မျက်လုံးတစ်လုံး ထွက်ပေါ်လာပြီ အဆိပ်စားနေသော ရွှီချင်း၏ ပုံရိပ်သည် ထင်ပေါ်လာသည်။
“ သူက အဆိပ်စားနေတုန်းလား… မဟုတ်မှ ငါမျက်လုံးစိုက်ခဲ့တာကို သူအာရုံခံမိသွားတာလား… မဖြစ်နိုင်တာ… ငါ့ချိပ်တံဆိပ်က အခုမှ ဖြေသွားတာလေ… ချင်းလေးက အဲ့ဒါကို အာရုံခံမိဖို့ဆိုတာ မဖြစ်နိုင်တာ ”
ခေါင်းဆောင်သည် အနည်းငယ် တုံ့ဆိုင်းသွားသည်။
“ ဆက်ပြီးစောင့်ကြည့်ရအောင် ”
ထိုသို့ဖြင့် အချိန်နှစ်ရက် ကျော်လွန်သွားသည်။ ယင်ဟွမ်ပြည်နယ်မှ အမြန်ဆုံးနည်းဖြင့် ဒေသငယ်မြို့တော်သို့လှမ်းလာမည်ဆိုလျှင် အချိန်တစ်ရာသာ ကျန်တော့သည်။ ခေါင်းဆောင်သည် ရွှီချင်း၏ ဓားအိမ်ယာသို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။ အထဲသို့ဝင်ရောက်ပြီးနောက် သူသည် ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ဝင်ထိုင်လိုက်သည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူသည် အပြင်းအထန် အဆိပ်မိနေသည့်အလား သူ၏ တစ်ကိုယ်လုံးသည် စိမ်းပုပ်ရောင်ပြောင်းလဲနေသည်။