← Chapters

ထန်းတာ့က ငါ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံဘူးပဲ

Vol. 25 Ch. 361

ထန်းတာ့က ငါ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံဘူးပဲ

Vol. 25 Ch. 361

နေ့လည်ခင်းတွင် ထန်းတာ့ရဲ့ ဝန်ထမ်းအားလုံး အလုပ်လုပ်တာကို ရပ်တန့်လိုက်ကြပြီး နှစ်ပတ်လည် အစည်းအဝေးပွဲ ကျင်းပမယ့်နေရာကို သွားဖို့ ပြင်ဆင်လိုက်ကြပါသည်။

အနီးနားက ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ ကျင်းပမှာဖြစ်တာကြောင့် အရမ်းဝေးဝေးသွားဖို့မလိုပါ။

ရှန်းဟွာဗျူးက ဝန်ထမ်းတွေကို အကြိုအပို့လုပ်ဖို့ ဘတ်စ်ကား ၂ စီး စီစဉ်ထားသည်။ ကျင်းကျိုးမြို့ရဲ့ တခြားနေရာတွေက ဝန်ထမ်းများ ဖြစ်ကြသော လေဆန်ပို့ဆောင်ရေးလုပ်ငန်းရဲ့ ဒလီဘာရီသမားများ၊ ယွီအင်တာနက်ကဖေးရဲ့ ဆိုင်ခွဲမန်နေဂျာများစသည်တို့ကတော့ ကိုယ်ပိုင် ပို့ဆောင်ရေးကို စီစဉ်ကြလိမ့်မည်။ ပြီးမှ ကုန်ကျစရိတ်ကို ကုမ္ပဏီမှာ ပြန်တောင်းခံလို့ ရပါသည်။

ဝူပင်းတစ်ယောက် ဟိုတယ်ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ရင်း အနည်းငယ် တွေဝေနေမိသည်။

မနက်က အဖြစ်အပျက်တွေ ခေါင်းထဲက ထုတ်မရသေးပေ။ ဘာကြောင့် ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲကို ကျသွားခဲ့ရတာလဲ စဉ်းစားလို့ မရသေးပါ။

"ဘာဖြစ်သွားလို့လဲဟ.... ငါ့အဖြေတွေက ဘာမှလည်း မမှားပါဘူး..."

ဟိုတယ်သို့သွားရာလမ်းတွင် ဖုန်းသုံးပြီး ဆင်တူမယ့် စာမေးပွဲတွေအကြောင်း ရှာကြည့်ပါသေးသည်။ သို့သော်လည်း ဘယ်နေရာမှာမှ ဒီလိုမေးခွန်းတွေကို ရှာမရပေ။ အဖြေဆို ပိုဝေးသည်။

စဉ်းစားကြည့်ရုံနဲ့ သူ လိပ်ပြာမလုံသလို ခံစားလာရပါသည်။ HR ဌာနတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ပါလျက်နဲ့ စာမေးပွဲမေးခွန်းတစ်ခုအတွက် အဖြေတွေကို Qiandu သုံးပြီး ရှာနေရသည်။ အလွန်ရှက်ဖို့ကောင်းပါသည်။

သို့သော် တခြားရွေးချယ်စရာလည်းမရှိပေ။ စာမေးပွဲအောင်ပြီး ရာထူးရဖို့အတွက် မာန်မာနတွေချကာ Qiandu မှာ အဖြေရှာရပါမည်။ အဖြေရှာတွေ့ဖို့ထက် ဘာမှ အရေးမကြီးပါ။

ဝူပင်းက တခြားသူတွေနဲ့ ပွဲတော်ကျင်းပမယ့်နေရာကို လိုက်လာခဲ့သည်။ သူ့စိတ်ကတော့ မေးခွန်းတွေနဲ့ ပြည့်နှက်နေဆဲ ဖြစ်၏။ မော့ကြည့်လိုက်တော့ ဒီနေရာကြီးက အလွန်ပြင်ဆင်ထားပြီး ယခင်တုန်းက သူ တက်ရောက်ဖူးတဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲတွေနဲ့ အလွန် ခြားနားနေမှန်း ရုတ်တရက် မြင်လိုက်ရသည်။

အလွန်အမင်း ရိုးရှင်းလွန်းပါသည်။

ဟိုတယ်ကြီးက အလွန်ကျယ်ဝန်းပါသည်။ စားပွဲတိုင်းက လူ ၁၀ ယောက် ထိုင်လို့ရသည်။ စုစုပေါင်း စားပွဲ ၁၀၀ ရှိ၏။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီတွေ့ဆုံပွဲကို လူအယောက် ၁,၀၀၀ နီးပါး တက်ရောက်လိမ့်မည်ဟု ဝူပင်း ခန့်မှန်းလို့ ရပါသည်။

စားပွဲတွေအားလုံးကို အကွာအဝေး တူညီစွာ ခြားထားသည်။ အရမ်းကြီး ပြည့်ကြပ်နေတဲ့ပုံမပေါ်သလို လွန်လွန်ကြူးကြူး ဝေးကွာနေတဲ့ပုံလည်း မတူပါ။

တခြားကုမ္ပဏီတွေရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲတွေနဲ့ ခြားနားပါသည်။ တခြားကုမ္ပဏီတွေမှာဆို တောက်တောက်ပပ အပြင်အဆင်တွေလည်း မရှိ၊ ဘုတ်ပြားတွေလည်း မရှိ၊ စာတမ်းတွေလည်း မရှိ၊ လိပ်လို့ ရတဲ့ အလံတိုင်တွေလည်း မရှိပေ။

စတိတ်စင်ပေါ်မှာတောင် အရုပ်ကောက်စက်တွေ၊ Capsule စက်တွေနဲ့ ပြည့်နေတာကြောင့် စတိတ်စင်ကို အသုံးပြုမှာ မဟုတ်ဘူးဟု ထင်ရပါသည်။

ဘေးပတ်လည်ကို ကြည့်လိုက်တော့လည်း ပွဲအခမ်းအနားတစ်ခုလုံးမှာ ထိုစက်တွေနဲ့ ပြည့်နေတာကို မြင်လိုက်ရသည်။

အရုပ်ကောက်စက်များ၊ Capsule စက်များ၊ အရုပ်သေနတ်များ၊ ကွင်းပစ်ကစားနည်းမျာဖြင့် ပြည့်နှက်နေသည်။

ဒီတိုင်း မသိဘဲဝင်လာမိတဲ့လူဆို ဂိမ်းခန်းမကြီးတစ်ခုဟု ထင်သွားနိုင်သည်။

ပရော်ဂျက်တာတစ်လုံးနဲ့ ဖန်သားပြင်အကြီးကြီး တစ်ခု ရှိသည်။ သို့သော် ရိုးရှင်းပြီး လှပသည့် နှစ်ပတ်လည် အစည်းအဝေးပွဲ၏ နောက်ခံကိုသာ ပြသထားပါသည်။ သန့်ရှင်း စတိုင်ကျသည်။ စုတ်ပြတ်ပြီး တောက်တောက်ပြောင်ပြောင် ဖြစ်မနေပါ။

ဝူပင်းက ပုံမှန်ဂိမ်းခန်းမတွေထဲမှာ ရှိတတ်တဲ့ Capsule စက်များ၊ အရုပ်ကောက်စက်များနဲ့ တခြားဂိမ်းစက်များကို စိတ်မဝင်စားပါ။ အဘယ့်ကြောင့်ဆိုသော် ပုံမှန်ဆို ၎င်းတို့က အလိမ်အညာနဲ့ တူတာကြောင့် ဖြစ်သည်...။

တစ်ခါက ဒီဂိမ်းတွေ အားလုံးမှာ ပါဝင်တဲ့ လှည့်ကွက်အကြောင်း ပြောပြထားသည့် ရေပန်းစား သိပ္ပံဗီဒီယိုတစ်ပုဒ်ကို ကြည့်ဖူးပါသည်။ ဂိမ်းခန်းမတွေက ဒီနည်းနဲ့ ပိုက်ဆံရှာတာ ဖြစ်သည်။ ဥပမာ အရုပ်ကောက်စက်တွေမှာ အရုပ်ကောက်မိနိုင်ခြေနည်းအောင် ချိန်ညှိထားလို့ ရသည်။

နှလုံးသားမဲ့တဲ့ ပိုင်ရှင်တွေဆို အခွင့်အရေးကို ၁ ရာခိုင်နှုန်းအထိ လျှော့ချတတ်ကြသည်။ ဆိုလိုတာက အရုပ်ကောက်စက်ထဲက အရုပ်တစ်ခုနဲ့ အပေါ်ကို တက်လာလေလေ လက်သည်းမှာ စီးဆင်းနေတဲ့ လျှပ်စီးကြောင်းက လျော့နည်းသွားလေလေ ဖြစ်သည်။ ဒါဆို လက်သည်းရဲ့ ဆုပ်အားကို လျော့နည်းသွားစေပြီး အရုပ်ကို လွတ်ကျသွားစေလိမ့်မည်။ ကစားမားတွေက သေချာမိမိရရ မဆုပ်ကိုင်မိလို့ဖြစ်တာဟုလည်း ထင်ယောင်ထင်မှား ဖြစ်စေသည်။ ဒါမျိုးက ၁၀၀ မှာ ၉၉ ကြိမ် ဖြစ်နေကျပင်။ အကြိမ် ၁၀၀ မြောက်တွင် လက်သည်းတွင် စီးဆင်းနေသည့် လျှပ်စီးအားကို လျှော့ချတော့မှာ မဟုတ်ပေ။ ကစားသမားတွေက သေသေချာချာ ချိန်နိုင်ပါက အရုပ်ကို လက်သည်းက အဆုံးထိ ယူဆောင်ပေးနိုင်လိမ့်မည်။

အမန်ပင်။ တခြားပိုင်ရှင်တွေကတော့ ပိုပြီး စေတနာကောင်းကြသည်။ ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းလောက်အထိ တိုးမြင့်ပေးလေ့ ရှိကြသည်။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် ကစားသမားတွေက ဘယ်တော့မှ အမြတ်ရှိမှာ မဟုတ်ပါ။ ပိုင်ရှင်တွေကလည်း ဘယ်တော့မှ အရှုံးရှိမှာ မဟုတ်ပေ။ ဒါက ထောင်ချောက်တစ်ခု ဖြစ်သည်။

ကစားသမားအများစုက ၎င်းတို့ ကံကောင်းလို့ သို့မဟုတ် ကောက်နည်း ကောင်းလို့ ဆုရတာဟု ထင်ကြသည်။ သို့သော်လည်း တကယ်တမ်းက ဒါတွေအားလုံးကို စက်ယန္တရားဖြင့် ကြိုတင်အကွက်ချထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ဝူပင်းက ဂိမ်းခန်းမတွေ ဘာတွေ စိတ်မဝင်စားတတ်ပေ။

သို့သော်လည်း ဒီအခြေအနေက သူ ထင်ထားတာထက် သိသိသာသာ ခြားနားနေပါသည်။ ဂိမ်းခန်းမတွေက ကစားသူတွေ ကို့ယ်ပိုက်ဆံကိုယ်သုံးမှ လိမ်ညာတာဟု ခေါ်ဆိုနိုင်သည်။ သူတို့ ကစားဖို့အတွက် ငွေကို ကြိုထောက်ပံ့ပေးထားရင်ကော။ အမှန်ပင်။ ဒါဆို ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပါလိမ့်မည်။

ခန်းမရဲ့ ဝင်ပေါက်ဘေးမှာ စားပွဲတစ်လုံး ချထားသည်။ စီမံခန့်ခွဲရေးဌာနက ဝန်ထမ်းတစ်ယောက် ထိုစားပွဲတွင် ထိုင်ကာ တိုကင်ပြားများကို ဝေပေးနေပါသည်။

ဒါတွေက ဂိမ်းခန်းမထဲမှာ အသုံးပြုရမယ့် တိုကင်ပြားများ ဖြစ်သည်။ လူတစ်ယောက်ကို အနည်းဆုံး တိုကင်ပြား ၅၀ မှ ၆၀ အထိ ပါဝင်သည့် အိတ်တစ်အိတ် ရပေမည်။

ပုံမျန်ဆို Capsule စက်တစ်ခုမှာ ကစားဖို့အတွက် ကစားသမားတစ်ယောက်က ၁၀ ယွမ်မှ ၁၅ ယွမ်လောက် သုံးရမည်။ သို့သော်လည်း ဒီဂိမ်းခန်းမထဲမှာတော့ တိုကင် ၁ ခုတည်းနဲ့ လုံလောက်ပါပြီ။

တစ်နည်းအားဖြင့် တိုကင်တိုင်းက ၁၀ ယွမ်နဲ့ ညီမျှသည့်သဘောပင်။

ဝူပင်းရဲ့ ဂိမ်းတိုကင်စုစုပေါင်းတန်ဖိုးက ယွမ် ၅၀၀ - ၆၀၀ လောက်ရှိသည်။ ဒီတိုကင်ပြားတွေကို အလကားပေးတာ ဖြစ်သည်။ သူ ကစားချင်သလောက် ကစားလို့ရပါသည်။ ဒါက တခြားဂိမ်းခန်းမတွေလိုမျိုး အလိမ်အညာ မဟုတ်မှန်း သိသာပါသည်။

အမှန်ပင်။ ဖျော်ဖြေရေးပရိုဂရမ်တွေကို နေ့လည်စာစားပြီးမှ ဆောင်ရွက်နိုင်မှာဖြစ်မှန်း စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းက အားလုံးကို ရှင်းပြရသေးသည်။ အစားအသောက်တွေ စားပြီးသောက်ပြီးမှ ဂိမ်းတွေကို ကစားနိုင်ပါလိမ့်မည်။

ဝူပင်း ဂိမ်းတိုကင်တွေ ရရှိသွားပြီးနောက် ပျော်ရွှင်သွားပါသည်။ သို့သော်လည်း မပြီးသေးပါ။ စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းက သူ့လက်ထဲ အနီရောင်စာအိတ်ထူထူ တစ်အိတ်ကိုလည်း ထည့်ပေးလိုက်သေးသည်။

"ဒါက တက်ရောက်ပေးတဲ့အတွက် လက်ဆောင်ပါ" ပြုံးကာ သူရှင်းပြလိုက်သည်။

ဝူပင်း အံ့အားသင့်သွားသည်။ "ကျွန်တော် ကုမ္ပဏီကို ဝင်တာ မကြာသေးဘူး။ ပြီးတော့ ရာထူးတောင် မသတ်မှတ်ရသေးဘူး။ ကျွန်တော် တကယ် ယူလို့ ရလို့လား"

ဝန်ထမ်းက ပြုံးကာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့။ တက်ရောက်လက်ဆောင်တွေက ဒီတံခါးကနေ ဖြတ်လာတဲ့ လူတိုင်းကို ပေးရတာပါ"

ဝူပင်း ချက်ချင်းပဲ ရင်ထဲနွေးထွေးသွားပါသည်။

အတော် အပြောကောင်းသည်။

တက်ရောက်လက်ဆောင်တွေက တံခါးမှ ဖြတ်ဝင်လာသူတိုင်းကို ပေးရမည်။

ဟန်းထုဂိမ်းမှာ ဝူပင်း အလုပ်လုပ်ခဲ့စဉ်တုန်းက အလုပ်ဝင်ပြီး ၃ လကြာသက်တမ်းရှိတဲ့ ဝန်ထမ်းတွေသာ ကံစမ်းမဲ အစီအစဉ်များမှာ ပါဝင်နိုင်သည်။ အလုပ်သင်များအပါအဝင် တခြားသူတွေကတော့ ခြွင်းချက်ပြုခံရသည်။

အဘယ့်ကြောင့်ဆိုသော် အရင်တုန်းက အလွန် ခွကျတဲ့ ဖြစ်ရပ်မျိုး ဖြစ်ဖူးတာကြောင့်ပင်။ ကုမ္ပဏီကို ဝင်လာခါစ အလုပ်သင်လေးတစ်ယောက်က ပထမအဆင့်ဆုဖြစ်သည့် ယွမ် ၁၀,၀၀၀ တန် လက်ပ်တော့ကို ပေါက်သွားပြီး နောက်နေ့ အလုပ်ထွက်သွားသည်။

ထိုအချိန်ကတည်းက အလုပ်သင်တွေကို ကံစမ်းမဲအစီအစဉ်တွေမှာ မပါဖို့ ကုမ္ပဏီက တားမြစ်လိုက်ပါသည်။

ပထမတော့ ဝူပင်းက တက်ရောက်လက်ဆောင်လည်းရမှာ မဟုတ်သလို ကံစမ်းမဲအစီအစဉ်မှာလည်း ပါဝင်ခွင့်ရမှာ မဟုတ်ဘူးဟု ထင်ထားခဲ့သည်။ သို့သော် သူ မှားသွားသည့်ပုံပင်။

ထန်းတာ့က သူ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံပါ။ သူ့ကို ဖယ်ထုတ်ဖို့လည်း နည်းလမ်းတွေ မရှာကြပါ။

ထိုအတွေးဖြင့် မနက်က ထန်းတာ့ခံယူချက်စာမေပွဲကိုကျခဲ့သည့်အတွက် ဝူပင်း ခံစားချက် ပိုဆိုးရွားသွားခဲ့ပါသည်။

ကုမ္ပဏီက သူ့ကိုကောင်းမွန်စွာဆက်ဆံသည်။ ဒါတောင် သူတို့ထဲကတစ်ယောက်ဖြစ်ဖို့ ဝူပင်းမှာ အစွမ်းအစ မရှိပါ။

အတော်ဆိုးရွားပါသည်။

ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲကို ငါအမြန်ဆုံး နားလည်အောင်လုပ်မှဖြစ်မယ်။ ဒါမှ ကုမ္ပဏီကို ကျေးဇူး ပြန်ဆပ်လို့ရမှာကွ။

ဝူပင်းက HR ဌာနမှ တခြားလုပ်ဖော်ကိုင်ဖက်တွေနောက်ကိုလိုက်ပြီး ပွဲအခမ်းအနားထဲဝင်လာကာ ထိုင်ခုံမှာ ထိုင်လိုက်ပါသည်။ ချက်ချင်းပဲ စာအိတ်နီထဲက ပိုက်ဆံကို ထုတ်ကာ ရေတွက်ကြည့်လိုက်သည်။

အနီရောင်ငွေစက္ကူ ၁၀ ရွက် ရှိနေပါသည်။

ဝူပင်းအတွက်တော့ ဒါက အများကြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဟန်းထုဂိမ်းမှာဆို တက်ရောက်မှုလက်ဆောင်အဖြစ် ခေါင်းလျှော်ရည်ဗူး တစ်ဗူးသာ ရဖူးသည်။

ထို့အပြင် ဆံပင်ကျွတ် သက်သာသည့် ခေါင်းလျှော်ရည်လည်း ဖြစ်သည်။ ဝန်ထမ်းအများစုအတွက် အသုံးဝင်သော်လည်း ယွမ်အနည်းငယ်သာ တန်ကြေး ရှိပါသည်။

နှိုင်းယှဉ်ကြည့်လိုက်လျှင် ထန်းတာ့က တက်ရောက်မှုလက်ဆောင်ပေးရာတွင် ပိုပြီး ရက်ရောသည်။ ကံစမ်းမဲရဲ့ ဆုကြေးတွေက ဘယ်လောက်တောင် အဖိုးတန်မလဲဆိုတာ ဝူပင်း စိတ်ကူးယဉ်ကြည့်လို့သာ ရတော့သည်။

ဂိမ်းတိုကင် အသစ်စက်စက်များကို ကစားရင်း ဘေးပတ်လည်ကို အကဲခတ်နေသည်။

စတိတ်စင်ပေါ်မှာ အနီရောင်ပိတ်စတစ်ခုနဲ့ ဖုံးအုပ်ထားသည့် စားပွဲရှည်ကြီးတစ်လုံးရှိနေပါသည်။ ထိုအနီရောင် ပိတ်စအောက်မှာ ပစ္စည်းတွေ အများကြီးဖုံးထားသည့်ပုံစံပင်။ နှစ်ပတ်လည် အစည်းအဝေးပွဲအတွက် ပစ္စည်းတွေ ဖြစ်မည်ဟု ဝူပင်း ခန့်မှန်းမိပါသည်။

ဘာတွေလဲဆိုတာကိုတော့ ဝူပင်းလည်း သေချာမသိနိုင်ပေ။ သို့သော်လည်း ပစ္စည်းပုံကြီးက တောင်လို ပုံနေသဖြင့် အများကြီးတော့ ရှိလိမ့်မည်။

မကြာခင် ထိုင်ခုံတွေ အားလုံး နီးပါး လူပြည့်သွားခဲ့သည်။

ထန်းတာ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲကို ဝန်ထမ်းတွေ မတက်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ အိပ်ယာထဲ လဲနေလောက်အောင် ဖျားနေတာမျိုး မဟုတ်သရွေ့ နှစ်ပတ်လည် အစည်းအဝေးပွဲကို အားလုံးတက်ရောက်ရမည်ဟု ဘော့စ်ဖေး မကြာခဏ ပြောတတ်ပါသည်။

အရင်က ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းတစ်ယောက်မှာ အချိန်ပိုလုပ်နေတာကြောင့် နှစ်ပတ်လည် အစည်းအဝေးပွဲကို တက်ရောက်ခွင့်မကြုံခဲ့ဘဲ ကံစမ်းမဲမှ သူ့ဆုကြေးကို ထုတ်ယူခွင့် ဆုံးရှုံးခဲ့ဖူးကြောင်း ဝူပင်းကြားဖူးပါသည်။

ထန်းတာ့မှာတော့ ဒါမျိုး လုံးဝ ဖြစ်လို့ မရပေ။

မဟုတ်ပါက... အကျိုးဆက်တွေမှာ အန္တရာယ်ရှိနိုင်သည်။

အချိန်ပိုလုပ်တဲ့ ဝန်ထမ်းတချို့အပြင် အထက်လူကြီးတွေနဲ့ ဌာနခေါင်းဆောင်တွေတောင် ပြဿနာထဲပါသွားနိုင်သည်။

ဝူပင်း လက်ပတ်နာရီကို ကြည့်လိုက်သည်။ ၁၂ နာရီခွဲနေပါပြီ။

နှစ်ပတ်လည်အစည်းအဝေးပွဲကို ဘယ်လို စတင်မလဲ သူ စဉ်းစားနေရုံရှိသေး၊ စားပွဲထိုးက ပထမဆုံး ဟင်းလျာတွေကို လာရောက်တည်ခင်းပေးပါသည်။

ဝူပင်း ဆွံ့အသွားရသည်။

ပရိုဂရမ်မှာ ပြဿနာ တစ်ခုခုများ ရှိနေတာလား။

သာမန် နှစ်ပတ်လည်အစည်းအဝေးပွဲတွေဆို အဖွင့်စကားများ၊ ခွကျတဲ့ တင်ဆက်ဖျော်ဖြေမှုများ၊ ကုမ္ပဏီခေါင်းဆောင်ရဲ့ ဟောပြောမှုများ စသည်တို့ဖြင့် စတင်လေ့ ရှိသည်။ ခေါင်းဆောင်က ယခင်နှစ်က ရလဒ်များကို အကျဉ်းချုပ် ပြောပြပြီး အနာဂတ်ပန်းတိုင်တချို့အကြောင်းကို ပြောလိမ့်မည်။ ထို့နောက် ပရိုဂရမ်နဲ့ တင်ဆက်မှုပေါင်းများစွာကို ထပ်လုပ်ပြီးမှ ဟင်းလျာတွေကို တည်ခင်းပေးပါလိမ့်မည်။

သို့သော် ခွကျတဲ့ တင်ဆက်မှုတွေတင် မဟုတ်ဘဲ ဘော့စ်ဖေးရဲ့ ဟောပြောချက်ပါ ရှိမနေပါ။

ဝူပင်းက သူ့ရှေ့ရှိ စားပွဲအနည်းငယ်ကို ကျော်ကြည့်လိုက်ပြီး ဘော့စ်ဖေးမှာ စတိတ်စင်ပေါ်တက်ကာ ဟောပြောဖို့ အစီအစဉ် မရှိကြောင်း တွေ့လိုက်ရသည်။ ဘော့စ်ဖေးရဲ့ ပုံစံက ဘယ်ဟင်းလျာ အရင်စားရမလဲ စဉ်းစားနေတဲ့ပုံသာ ပေါက်နေပါသည်။

ဝူပင်း ခေါင်းမူးသွားသည်။ ဒီနှစ်ပတ်လည် အစည်းအဝေးပွဲက.... လက်တွေ့ဆန်လိုက်တာကွာ။

လူစုံပြီဆိုတာနဲ့ ဟင်းလျာများကို လာရောက်တည်ခင်းပေးသည်။ ၁ မိနစ်တောင် နောက်မကျခဲ့ပါ။

ထိုအချိန်တွင် ကံစမ်းမဲအတွက် Countdown ရေတွက်မှုတစ်ခု ဖန်သားပြင်ကြီးပေါ်မှာ ပေါ်လာသည်။

"ငါ့လခွမ်း အဲ့လောက်တောင် တဲ့တိုးကြီးလား"

ဝူပင်း ခေါင်းနောက်သွားရ၏။

ဘော့စ်ဖေး မဟောပြောတာ ကိစ္စမရှိပါ။ သို့သော် အနည်းဆုံးတော့ ကံစမ်းမဲ အစီအစဉ် မကျင်းပခင် တင်ဆက်သူ တစ်ယောက်က ပရိတ်သတ်တွေကို သွေးနွေးသွားအောင် လုပ်ပေးပြီး စည်စည်ကားကားဖြစ်အောင် လုပ်ပေးသင့်တယ် မဟုတ်ဘူးလား။

သို့သော် ဘာတစ်ခုမှ မရှိပါ။

ကံစမ်းမဲအစီအစဉ် ချက်ချင်း စတင်တော့မည့်ပုံစံပင်။ ဆုလက်ဆောင်တွေကို အချိန်အပိုင်းအခြားဖြင့် ချီးမြှင့်သွားမှာ ဖြစ်သည်။

ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေက စနစ်ထဲကို ရောက်ရှိနေပါပြီ။ ဒေတာ့ဘေ့စ်ထဲမှ ကျပန်း လူတစ်ယောက်ကို ရွေးချယ်မှာ ဖြစ်သည်။

ချီးမြှင့်မည့် ပထမ ဆုလက်ဆောင်ကို ကြေညာလိုက်သည်။ ၇၉၉ ယွမ်တန် နားကြပ်စုစုပေါင်း အခု ၃၀၀ ကို ချီးမြှင့်ပါတော့မည်။

၇၉၉ ယွမ်တန် နားကြပ်ဆိုတာ သာမန်နားကြပ်ထက် ပိုကောင်းသည်ဆိုရုံလောက်သာရှိမည်ဟု ထင်ရသည်။ သို့သော် ဒီစျေးနှုန်းဝန်းကျင်မှာရှိတဲ့ ဘလူးတု နားကြပ်တွေက သယ်ယူဖို့နဲ့ အသုံးပြုဖို့ အလွန်အမင်း လွယ်ကူပါသည်။

လူပေါင်းများစွာက အသံ အရည်အသွေး ကွာခြားချက်ကို ပြောနိုင်ကြမှာတော့ မဟုတ်ပေ။ သို့သော် သယ်ဆောင်ရ လွယ်ကူသည့် ဘလူးတု နားကြပ်တစ်စုံကို ပိုင်ဆိုင်ထားရတာတော့ မဆိုးလှပါ။ အနည်းဆုံးတော့ အလုပ်အသွားအပြန် အချိန်မှာ သုံးလို့ ရသည်။

ထို့နောက် အားလုံး ဖန်သားပြင်ကြီးကို မျှော်လင့်စောင့်စားစွာဖြင့် ကြည့်လိုက်သည်။ သူတို့ရဲ့ မျက်နှာထားတွေက ဘယ်လောက် လိုချင်နေကြသလဲဆိုတာကို ဖော်ပြနေပါသည်။

ဖန်သားပြင်ကြီးရဲ့ အလယ်ဗဟိုမှာ Effect လှလှလေးများဖြင့် ဓာတ်ပုံတွေ ဆက်တိုက် ပြောင်းလဲနေသည်။ နောက်ဆုံးတော့ ဝူပင်း မသိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဓာတ်ပုံမှာ ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် ခန်းမရဲ့ ထောင့်တစ်နေရာကနေ အော်သံ တစ်သံ ထွက်ပေါ်လာခဲ့ပါသည်။ ထို့နောက် လက်ခုပ် သြဘာသံများ ထွက်ပေါ်လာသည်။ ထိုဝန်ထမ်းရဲ့ဌာနက တခြားလုပ်ဖော်ကိုင်ဖက်တွေလည်း ကံကောင်းတဲ့လူကို အားပေးနေကြတာ ဖြစ်ပါသည်။

ထို့နောက် ထိုဓာတ်ပုံက သေးငယ်သွားပြီး ဖန်သားပြင်ရဲ့ ဘယ်ဘက်ထောင့်ကို ရောက်သွားပါသည်။ တခြားဓာတ်ပုံတွေလည်း နောက်တစ်ဖန် ဖန်သားပြင်ရဲ့ အလယ်မှာ ဆက်တိုက်ပြောင်းလဲနေကြပြီး နောက်ထပ် ကံထူးရှင်တစ်ယောက် ပေါ်လာခဲ့ပါသည်။

ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ ဖန်သားပြင်ပေါ်မှာ ထပ်သွားခဲ့သည်။ ခန်းမထဲမှာလည်း အသံပေါင်းစုံ ကြားနေရ၏။ အောင်ပွဲခံသံများ၊ စိတ်ပျက်မှုကြောင့် သက်ပြင်းချသံများ ကြားနေရပါသည်။

"ငါ ပေါက်ပြီကွ"

"ဝါး ဘလူးတု နားကြပ်ပဲ။ ပစ္စည်းကောင်းတယ်ကွ။"

"တာထွက်ကောင်းတာလား"

"ငါ မဟုတ်ဘူး... ရပါတယ် ရပါတယ်။ နောက်လာမယ့် ဆုတွေက ပိုကောင်းမှာပါ"

အစပိုင်းမှာတော့ လက်ခုပ်သံတွေက အလွန်ကျယ်လောင်ပါသည်။ သို့သော်လည်း ကံထူးရှင်တွေကို အလွန်လျှင်မြန်စွာ ရွေးချယ်ပြီး နားကြပ်နဲ့တင် ကံထူးသူ အယောက် ၃၀၀ လောက်ရှိတာကြောင့် အားလုံး လက်ခုပ်တီးရတာ ပင်ပန်းလာကြပါသည်။

သို့သော် လက်ခုပ်တီးသံ တိုးညှင်းလာသော်လည်း ပတ်ဝန်းကျင် အနေအထားကတော့ ပိုပြီး စည်ကားသက်ဝင်လာသည်။ မကြာမီ ခန်မးကြီးထဲကလူအားလုံး အာရုံစိုက်ထားတဲ့အရာ ၂ ခုသာ ရှိပါတော့သည်။ စားသောက်ဖို့နဲ့ ဧရာမ ဖန်သားပြင်ကြီးကိုကြည့်ဖို့သာဖြစ်သည်။

နှစ်ပတ်လည်အစည်းအဝေးပွဲအတွက် တင်ဆက်သူမရှိသော်လည်း ဘယ်သူမှ လမ်းပျောက်နေသလို၊ အနေခက်သလို မခံစားကြရပေ။ ထို့အစား အလွန်အားအင်တက်ကြွနေကြပါသည်။

ဘယ်သူက စုတ်စုတ်ပြတ်ပြတ် ပရိုဂရမ်တွေကိုကြည့်ချင်ကြမှာလဲ။

အားလုံးက ဆုလက်ဆောင်ရဖို့သာ စိတ်ဝင်စားကြသည်။ လောလောဆယ်တော့ ပထမဆုံး ဆုလက်ဆောင်အတွက် လူ ၃၀၀ ရွေးပြီးသွားပါပြီ။ လက်ရှိဝန်ထမ်းဦးရေရဲ့ ၃ ပုံတစ်ပုံဖြစ်သည်။ အားပေးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ခပ်မြန်မြန်ပဲ ဖန်သားပြင်ပေါ်မှာ တခြားဆုလက်ဆောင်တွေ ပေါ်လာခဲ့ပါသည်။

၈၉၉ ယွမ်တန် မက်ဂနစ်ကယ်ကီးဘုတ်တွေကစလို့ ၁,၂၉၉ ယွမ်တန် လေသန့်စက်များ၊ ၂,၁၉၉ ယွမ်တန် တံမြက်စည်းလှည်းစက်များ၊ ဖုန်စုပ်စက်များ၊ ၃,၅၉၉ ယွမ်တန် ဂိမ်းစက်များအထိ ရှိသည်။

ဆုလက်ဆောင်တွေက တန်ဖိုး ပိုပိုတက်လာ၏။ ပရိတ်သတ်ကလည်း ပိုပိုပြီး စိတ်လှုပ်ရှားလာကြသည်။

ဝူပင်းက ဖန်သားပြင်ပေါ်မှာ လှုပ်ရှားနေတဲ့ မတူညီတဲ့ ဆုလက်ဆောင်တွေကို ကြည့်ရင်း ဆက်တိုက် တုန်လှုပ်နေပါသည်။

ဆုတွေ ဘယ်နှခုတောင် ပြင်ထားကြတာလဲဟ။

ထန်းတာ့ဂိမ်းရဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲမှာဆို ဆုအမျိုးအစား ၄ ဆု ၅ ဆုလောက်သာ ပြင်ဆင်ထားသည်။ တက်ရောက်မှု လက်ဆောင်များ၊ တတိယဆု၊ ဒုတိယဆု၊ ပထမဆုနဲ့ တခြား အထူးဆုတွေ ပါချင် ပါလိမ့်မည်။

ထို့အပြင် တစ်မျိုးစီမှာလည်း ဆုတွေက များများစားစား မရှိပါ။ ၁၀ ဆု ဝန်းကျင်လောက်ဆို လုံလောက်တာထက် ပိုပါသည်။

သို့သော် ထန်းတာ့ကတော့ အလှူလုပ်နေသလိုမျိုး ဆုတွေကို ပေးကမ်းနေသည်။

နားကြပ်နဲ့ မက်ဂနစ်ကယ်ကီးဘုတ် ၃၀၀ ကို အရင်ဆုံး မဲဖောက်ပေသည်။ ထို့နောက် ဆုလက်ဆောင်တွေရဲ့ တန်ဖိုး အတော်လေး တက်လာသည့်အခါ အရေအတွက်က ၁၀၀ - ၂၀၀ လောက် မဲဖောက်ပေးပါသည်။

ဒါက တခြားကုမ္ပဏီတွေ ကံစမ်းမဲ ဖောက်ပေးတာနဲ့ အကွာကြီး ကွာနေသည်။

ဝူကပင်းက တံမြက်စည်းလှည်းစက်များအထိ မဲဖောက်ပေးခဲ့သည့် ဆုလက်ဆောင်အားလုံးကို အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။ ဆုလက်ဆောင်ပေါင်း ၁,၀၀၀ ကျော်နေပြီဖြစ်မှန်း သိလိုက်ရပါသည်။

အခု ရှိနေတဲ့ လူပမာဏနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါက လူတိုင်း တစ်ခုခုတော့ ရပြီးလောက်ကြပြီဟု ဝူပင်း ခံစားမိသည်။

ဝူပင်းလည်း ကံနည်းနည်းကောင်းပါသည်။ ခုနကထိ ဘာဆုမဲမှ မပေါက်ခဲ့သော်လည်း ၂,၁၉၉ ယွမ်တန် ဖုန်စုပ်စက် တစ်လုံးကို ပေါက်ခဲ့သည်။

ဝူပင်းက ဖုန်စုပ်စက်ကို မျက်စိကျနေတာ ကြာပြီ။ သူ လိုချင်တာ မဟုတ်သော်လည်း သူ့မိန်းမ လိုချင်တာ ဖြစ်သည်။

နာမည်ကျော် နိုင်ငံခြားဘရန်းတစ်ခုဖြစ်ပြီး ကြည့်ကောင်းရုံတင်မကဘဲ အသုံးပြုဖို့လည်း လွယ်ကူသည်။ တစ်ခုတည်းသော ပြစ်ချက်က စျေးနှုန်းပင်။

ဝူပင်း အရင်က ဝယ်ဖို့ အကြိမ်ပေါင်းများစွာ စဉ်းစားဖူးသည်။ သို့သော်လည်း အကြိမ်တိုင်း စျေးကြီးလွန်းသည်ဟု ခံစားမိသဖြင့် ဆုံးဖြတ်ချက်ကို ပြန်ဖယ်ရှားလိုက်ရသည်။

သို့သော်လည်း အခုတော့ နှစ်ပတ်လည် အစည်းအဝေးပွဲတစ်ခုမှာ သူ ကံစမ်းမဲပေါက်သွားသည်။

ထို့အပြင် နှစ်ပတ်လည် အစည်းအဝေးပွဲက မပြီးသေးပါ။

ဆုတွေပိုပိုပြီး တန်ဖိုးကြီးလာတာကိုကြည့်ခြင်းအားဖြင့် နောက်ပိုင်းဆုတွေက ပိုကြီးမားကာ တန်ဖိုးပိုများလိမ့်မည်ဟု ဝူပင်း ခန့်မှန်းမိပါသည်။

ခပ်မြန်မြန်ပဲ သူ့မိန်းမကို သတင်းကောင်း မျှဝေလိုက်သည်။ သူ ခြံခုန်လိုက်ခြင်းဖြင့် အကျိုးအမြတ် အကြီးကြီး ရခဲ့ပါပြီ။

နှစ်ပတ်လည် အစည်းအဝေးပွဲတစ်ခုတည်းနဲ့ ယွမ် ၅၀၀ တန် ဂိမ်းတိုကင်တွေလည်း ရသေးသည်။ ယွမ် ၁,၀၀၀ ပါသည့် စာအိတ်နီတစ်စောင်လည်း ရခဲ့သေးသည်။ ၂,၁၉၉ ယွမ်တန် ဖုန်စုပ်စက်တစ်လုံးကိုလည်း ရခဲ့ပါသေးသည်။ ဟန်းထုဂိမ်း နှစ်ပတ်လည် အစည်းအဝေးပွဲတွေမှာ သူ ရရှိဖူးတာတွေထက် အသာကြီး သာလွန်နေပါသည်။

ယွမ် ၂,၀၀၀ တန် ဆုတစ်ခုကို တခြားကုမ္ပဏီတွေရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲမှာဆို ဒုတိယဆုအဖြစ်သာ ဖြန့်ချိလိမ့်မည်။ ထို့အပြင် ဒုတိယဆုအတွက် ရွေးချယ်ခံရမည့် လူအရေအတွက်ကို ထည့်တွက်ကြည့်ပါက ဒါမျိုး ဆုကို ဟန်းထုဂိမ်းမှာ ဘယ်တော့မှ ပေါက်နိုင်မှာ မဟုတ်မှန်း ဝူပင်း နားလည်ပါသည်။

သူ တကယ် ပွပေါက်တိုးတာပင်။

ဝူပင်း ရင်ထဲမှာ ပျော်ရွှင်နေရင်း မနက်က ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲအကြောင်း ပြန်စဉ်းစားမိသည်။

အခုတော့ အရင်ကထက် စာမေးပွဲကို ပိုအောင်ချင်လာပြီး ထန်းတာ့ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ချင်လာပါပြီ။

ဖေးချမ့် စားရင်းသောက်ရင်းနဲ့ အားလုံးရဲ့ တုန့်ပြန်မှုတွေကို အကဲခတ်နေပါသည်။

ဟုတ်ပြီကွ။ အကုန်လုံး ပျော်ရွှင်နေကြတာပဲ ဒီလိုမှပေါ့။

အားလုံးက ပျော်ပျော်ရွှင်ရွှင် စားကြသောက်ကြ ဆုမဲပေါက်ကြနဲ့ ဘော့စ်ဖေးကလည်း ပျော်ပျော်ရွှင်ရွှင်ကြီး ငွေဖြန်းနိုင်သည်။ ပြီးပြည့်စုံလွန်းပါသည်။

ဒီလိုသာဆို အားလုံးရဲ့ ပန်းတိုင်က တစ်စုတစ်စည်းတည်း ဖြစ်သွားကြမည်။ နှစ်ပတ်လည် အစည်းအဝေးပွဲအတွက် ပရိုဂရမ်တွေအများကြီး ထည့်သွင်းဖို့မလိုပါ။ အားလုံး စားကြသောက်ကြ၊ ပိုက်ဆံယူကြနဲ့၊ အချိန်ဖြုန်းစရာမလိုဘဲ ပြန်နိုင်ကြပါသည်။

ဖေးချမ့်က ကိုယ့်ကိုယ်ကို ကံစမ်းမဲထဲ မထည့်သွင်းခဲ့ပါ။ မလိုအပ်တာကြောင့် ဖြစ်သည်။

ထိုဆုကြေးတွေကို ကိုယ့်ဖာသာကိုယ် ဝယ်ပြီး စနစ်ဆီက ငွေပြန်ထုတ်လို့ရသည်။ ထို့ကြောင့် ဆုတွေကို သူ သိပ်ပြီး ဂရုမစိုက်ပါ။ သူ့ဝန်ထမ်းတွေရဲ့ မဲပေါက်နိုင်ခြေကို မြှင့်ပေးလိုက်တာက ပိုပြီး အဓိပ္ပာယ်ရှိမည်ဟု ခံစားမိပါသည်။

အခုလောက်ဆို လူအများစုက အနည်းဆုံး ဆုတစ်ဆုလောက်တော့ ပေါက်သွားကြပြီဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီကံစမ်းမဲက ကံအပေါ် ရာနှုန်းပြည့် မူတည်တာ မဟုတ်တာကြောင့် ဖြစ်သည်။ ဆုမဲပေါက်ပြီးသားလူတွေကို ဖယ်ထုတ်ပြီး တခြားသူတွေ ပေါက်နိုင်ခြေကို ချိန်ညှိပေးထားတာကြောင့် ဖြစ်သည်။

အလွန်ဆုံး လူတစ်ယောက်ကို ဆုမဲ ၂ ခုသာ ပိုင်ဆိုင်ခွင့်ရှိ၏။၊ ထို့အပြင် အစောပိုင်းမှာ မပေါက်တဲ့ လူတွေက နောက်ပိုင်း ပေါက်နိုင်ခြေ ပိုမြင့်ပါသည်။

All Chapters