လုပ်ဇာတ်
Vol. 25 Ch. 362
ထိုအချိန််တွင် တစ်ခုခု လွဲမှားနေသလိုမျိုးဖေးချမ့် ရုတ်တရက် ခံစားလိုက်ရပါသည်။
ဘာလို့ သူ့စားပွဲမှာထိုင်နေတဲ့လူတွေ ဆုပေါက်တာ နည်းနေတာလဲ။
ထန်းတာ့ကော်ပိုရေးရှင်းရဲ့ အချက်အချာကျတဲ့ ဝန်ထမ်းအားလုံး ထိုစားပွဲမှာ ထိုင်နေကြသည်။ ဟွမ်စစ်ပေါ်၊ လုမင်လျန်၊ လင်းဝမ်၊ ပေါင်ရှု၊ မာယန်၊ ကျန်းယွမ် စသည့် ထိုသူတို့ ဖြစ်ကြ၏။
စားပွဲမှာ ထိုင်ခုံအလွတ် တစ်ခုံ ရှိနေသဖြင့် ဖေးချမ့် ထန်ယီရှုကိုပါ ခေါ်ထိုင်ခိုင်းလိုက်သည်။
နှစ်ပတ်လည် အစည်းအဝေးပွဲကို စတင်ကတည်းက ဆုတွေ ဖောက်ပေးနေတာ ဖြစ်သည်။ ၂ စက္ကန့်လောက်ကို တစ်ခါ ကံထူးသူအသစ်တွေကို ကြေညာပေးထား၏။ တစ်ခါရွေးချယ်ရင်လည်း မိနစ်အတော်ကြာသည်။ ကြားထဲမှာ လစ်ဟာတဲ့အချိန်က များများစားစား မရှိပေ။
ဒီနှစ်ပတ်လည်အစည်းအဝေးပွဲ စတင်တာ တစ်နာရီနီးပါး ကြာသွားပြီဖြစ်သည်။ အခုလောက်ဆို ဆုလက်ဆောင် ၁,၀၀၀ ကျော်လောက် ဖောက်ပေးပြီးသွားပြီဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
အားပေးသံများနဲ့ လက်ခုပ်သြဘာသံများ ဆက်တိုက် ကျယ်လိုက် တိုးလိုက် ထွက်ပေါ်နေကြသည်။ ထို့အပြင် ခန်းမထဲက နေရာပေါင်းစုံမှ ထွက်လာကြခြင်း ဖြစ်သည်။
ဖေးချမ့်က ကံစမ်းမဲမှာ မပါဝင်သဖြင့် တခြားသူတွေ ဆုမဲပေါက်တာ သာမန်ပဲဟု တွေးထားခဲ့သည်။
သို့သော် ပြန်စဉ်းစားကြည့်မှ သူထိုင်နေတဲ့စားပွဲက တစ်ချိန်လုံး စိတ်ဓာတ်တွေ ကျဆင်းနေကြတဲ့ပုံစံပင်။
ငါနဲ့ စားပွဲတစ်လုံးတည်း အတူတူ ထိုင်နေလို့ တည်ငြိမ်ချင်ယောင် ဆောင်နေကြတာလား။ မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။
ဒီစားပွဲက ဘယ်သူမှ ဆုမဲပေါက်ထားတဲ့ပုံမပေါ်ပါ။
မသေချာစွာဖြင့် ဖေးချမ့်က ဟွမ်စစ်ပေါ်နား ကပ်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်း ဆု တစ်ခုခု ပေါက်ထားသေးလား"
ဟွမ်စစ်ပေါ်က ခေါင်းခါပြီး ပြောလိုက်သည်။ "မပေါက်ပါဘူး"
ထို့နောက် တခြားတစ်ဖက်မှာ ထိုင်နေတဲ့ လုမင်လျန်ကို ဖေးချမ့် လှည့်ကြည့်ပြီး မေးလိုက်ပါသည်။ "မင်း ဆု တစ်ခုခု ပေါက်ထားသေးလား"
လုမင်လျန်လည်း ခေါင်းခါကာ ပြောလိုက်ပါသည်။ "မပေါက်ပါဘူး"
ထို့နောက် ဖေးချမ့် သူ့မျက်နှာချင်းဆိုင်ကို ကြည့်လိုက်ရာ ခေါင်းငုံ့ပြီး သူ့အကြည့်ကိုလွှဲဖို့ ကြိုးစားရင်း စားနေသည့် ထန်ယီရှုကို မြင်လိုက်ရသည်။ ရုတ်တရက် ဖေးချမ့် နားလည်သွားရ၏။
သူ့ရဲ့ ကူးစက်အာနိသင်က ဒီလောက် စွမ်းအားကြီးလာပြီး အခုဆို မမှန်ကန်တဲ့ ဖြစ်နိုင်ခြေတွေကိုတောင် သက်ရောက်မှု ရှိနေပြီလား။
ယုတ္တိရှိရှိပြောရလျှင် ဆုလက်ဆောင် ၁,၀၀၀ ကို မဲဖောက်ပေးမှာ ဖြစ်သည်။ သို့သော် သူတို့ထဲက ဘယ်သူမှ ဆုတစ်ဆုတောင် မပေါက်ကြသေးပါ။ အခုလောက်ဆို သူတို့ရဲ့ ဆုမဲပေါက်နိုင်ခြေ တော်တော် မြင့်မားနေသင့်ပါပြီ။
ဒါတောင် ဘာမှ မပေါက်ကြသေးပေ။ တော်တော် ထူးဆန်းနေသည်။
ရုတ်တရက်ကြီး အားလုံးအတွက် ဖေးချမ့် စိတ်မကောင်းဖြစ်သွားသည်။ ဒီစားပွဲမှာ ကံကောင်းမှုတွေ ပြန်ပြည့်လာအောင် ထန်ယီရှုကို တခြား တစ်နေရာရာ ရွှေ့လိုက်ဖို့ ဖေးချမ့် စဉ်းစားလိုက်ပါသည်။
ကံမကောင်းတဲ့ ကလေးငယ် ထန်ယီရှုအတွက်တော့... နောက်မှ သူမအတွက် တစ်ခုခု ပြန်စဉ်းစားပေးလိုက်ပါမည်။
သို့သော်လည်း ဖေးချမ့် သူမကို စားပွဲပြောင်းဖို့ ဆင်ခြေစဉ်းစားနေစဉ် ဟွမ်စစ်ပေါ် အံ့သြတကြီး ထအော်လိုက်သည်။ "ဟာ ငါပေါက်ပြီ။ Pineapple ဆဲလ်ဖုန်းတစ်လုံး ပေါက်တာဟ။"
အားလုံး သူ့ကို ဂုဏ်ပြုဖို့ကြံလိုက်စဉ် လုမင်လျန်ကပါ ထအော်သည်။ "ဟာ ငါလည်း ဆဲလ်ဖုန်းတစ်လုံး မဲပေါက်တယ်"
လီယာ့တာ "ငါက တီဗီတစ်လုံးပေါက်တာ"
သူတို့စားပွဲက လူတွေ ကံစမ်းမဲပေါက်နိုင်ခြေ တော်တော်မြင့်မားသွားသည်ဟု ထင်ရသည်။
အစကတော့ ဘယ်သူမှ ဆုအသေးစားလေးများ မပေါက်ခဲ့ကြပေ။ သို့သော်လည်း အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ဆုလက်ဆောင်တွေက ပိုကောင်းလာခဲ့သည်။
အခုလောက်ဆို မဲဖောက်ပေးမယ့် ဆုတိုင်းက အရင် ဆု ၂ ခု ၃ ခုပေါင်းလောက် တန်ဖိုးကြီးမားနေပါပြီ။
မျက်စိတစ်မှိတ်အချိန်အတွင်း စားပွဲရှည်ပေါ်က စုတွေအားလုံး ပြောင်သွားပါတော့သည်။
သူတို့ စားပွဲဝိုင်းက လူတိုင်းမှာ ဒီပစ္စည်းတွေကို ဝယ်နိုင်လောက်တဲ့အထိ ချမ်းသာကြပါသည်။ သို့သော်လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဝယ်တာနဲ့ မဲပေါက်တာနဲ့က ခံစားချက်ချင်း ဘယ်တူပါ့မလဲ။
ဖေးချမ့်လည်း နောက်ဆုံးတော့ စိတ်အေးသွားရသည်။
အဲ့တာကြောင့်ကိုး။
ကြည့်ရတာ ထန်ယီရှုရဲ့ ကူးစက်အာနိသင်က တန်ပြန်သက်ရောက်သွားသည့်ပုံစံပင်။
သူမရဲ့ ကူးစက်အာနိသင်က ဘေးကလူအားလုံးကို ကံဆိုးမိုးမှောင်ကျစေသည်။ သို့သော်လည်း ကံစမ်းမဲရဲ့ ဖြစ်နိုင်ခြေများက ကြိုတင်စီမံထားပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် အစပိုင်းမှာ ကံဆိုးလေလေ နောက်ပိုင်းမှာ ဆုမဲပေါက်နိုင်ခြေ ပိုများလာလေလေ ဖြစ်သည်။ အဆုံးမှာတော့ သူတို့စားပွဲဝိုင်းက လူတွေအားလုံး နောက်ဆုံးဆု ကြီးကြီးမားမားတွေကိုပဲ ပိုင်ဆိုင်သွားကြပါသည်။
ဖေးချမ့် သက်ပြင်းချမိသည်။ ကောင်းလိုက်တာ။ ထန်ယီရှုကို မောင်းထုတ်ဖို့ ဆင်ခြေ စဉ်းစားစရာ မလိုတော့ဘူး။
မဟုတ်ပါက ခေါင်းဆောင်တွေ တစ်ယောက်မှ ဆုမဲ မပေါက်လျှင် ဖေးချမ့် နောက်ကွယ်ကနေ လှည့်ကွက်တွေ သုံးနေသည်ဟု အားလုံးတွေးမိနိုင်သည်။
အမ်... နေပါဦး။
ရုတ်တရက် ဖေးချမ့် ပြဿနာ တစ်ခုကို တွေးမိသွားသည်။
ထန်ယီရှုရဲ့ ကူးစက်အာနိသင်က တချို့ အခြေအနေတွေအောက်မှာ တန်ပြန်သက်ရောက်မှု ရှိနိုင်တာလား။
ဥပမာ ဒီတစ်ခေါက် အစောပိုင်းတုန်းက အားလုံး ကံဆိုးမိုးမှောင်ကျခဲ့ကြသည်။ သို့သော် သူတို့ ကံဆိုးပြီး ကံစမ်းမဲ မပေါက်သဖြင့် နောက်ပိုင်း ဆုကြီးပေါက်နိုင်ခြေက ပိုများလာသည်။ ထို့ကြောင့် နောက်ဆုံးမှာ ဆုကြီးတွေကို ပိုင်ဆိုင်သွားခြင်း ဖြစ်သည်။
အလုပ်မှာလည်း ဒီလိုဖြစ်လာရင် သူ...
ရုတ်တရက်ကြီး ဖေးချမ့် စိတ်ချောက်ချားသွားသည်။
သို့သော်လည်း ထပ်စဉ်းစားကြည့်မှ ဒီပြဿနာက ထင်သလောက် မကြီးမားမှန်း တွေးလိုက်မိပါသည်။
အဘယ့်ကြောင့်ဆိုသော် ဒီကံစမ်းမဲနောက်ကွယ်က ပေါက်နိုင်ခြေများကို သူ ချိန်ညှိထားတာကြောင့် ဖြစ်သည်။ အစောပိုင်းမှာ ဘာမှ မပေါက်တဲ့လူတွေက နောက်ပိုင်း ဆုကြီးပေါက်နိုင်ခြေ ပိုမြင့်ပါသည်။
သို့သော် ဒီလိုအရာမျိုးက အလုပ်မှာတော့ ဖြစ်နိုင်မှာ မဟုတ်ပေ။
ထို့ကြောင့်... ပြဿနာက ထင်သလောက်တော့ မကြီးမားလောက်ပါ။
ဖေးချမ့် စိတ်အေးလက်အေး သက်ပြင်းချလိုက်ပြီး စားစရာရှိတာ ဆက်စားနေလိုက်ပါသည်၊။ ဖန်သားပြင်ပေါ်က နာမည်စာရင်း နောက်တစ်ဖန် ထပ်ပြီး လည်ပတ်လာခဲ့သည်။
အခုလောက်ဆို လူအများစုလည်း အနည်းနဲ့အများ ဗိုက်တင်းသွားကြလောက်ပါပြီ။ စားပွဲပေါင်းစုံက ဝန်ထမ်းများစွာက တူတွေကိုချထားလိုက်ကြပြီး ဖန်သားပြင်ကြီးကိုသာ စောင့်ကြည့်နေကြသည်။ ဖိုင်နယ် ကံထူးရှင်အား ကြေညာမှာကို စောင့်မျှော်နေကြသည်။
ငွေသားဆုကြေး ၁၈,၈၈၈ ယွမ်ကိုလည်း ဖောက်ပေးပြီးသွားပြီ။ လီယာ့တာနဲ့ ကျန်းယွမ်တို့ တစ်ယောက်ကို တစ်ဆုစီ ပေါက်ကျပါသည်။ ထိုအခွင့်အရေးတွေက တခြားစားပွဲဝိုင်းတွေထက် အများကြီး ပိုကောင်းသည်။
ငွေသားဆုကြေး ၁၀ ဆုစလုံးကို မဲဖောက်ပေးပြီးနောက် ဖိုင်နယ်ဆုကြေး ဖန်သားပြင်ကြီးပေါ်မှာ ပေါ်လာသည်။
ကမ္ဘာပေါ်က မြို့တိုင်းကို သွားရောက်လည်ပတ်ပြီး ၅ ရက်တာ နေထိုင်ဖို့အတွက် လက်မှတ် ၃ စောင်။
ဖန်သားပြင်ပေါ်မှာ ထိုဆုလက်ဆောင် ပေါ်လာတာန့ အားလုံး စကားတွေပြောကုန်ကြပြီး စိတ်လှုပ်ရှားသွားကြသည်။
ကောင်းလိုက်တာ။
ကမ္ဘာပေါ်က ဘယ်မြို့ကိုမဆို သွားရောက်ခွင့် လက်မှတ် ၃ စောင်တဲ့။ ဆိုလိုတာက သူတို့ ဘယ်မြို့ကို သွားချင်သလဲဆိုတာ ရွေးချယ်လို့ ရပါသည်။
ထို့အပြင် အသွားအပြန် လေယာဉ်လက်မှတ်များ၊ ကြယ် ၅ ပွင့်ဟိုတယ်မှာ နေထိုင်ဖို့ ကုန်ကျစရိတ်များ၊ သူတို့ ကြိုက်သလို အသုံးပြုနိုင်တဲ့ အပို ထောက်ပံ့ကြေးများလည်း ပါသေးသည်။ ဆိုလိုတာက နိုင်ငံခြားပစ္စည်းတွေဖြစ်တဲ့ LV အိတ်တွေကို ဝယ်ဖို့တောင် သုံးနိုင်လိမ့်မည်။ အဲ့တာ မကောင်းလွန်းဘူးလား။
အားလုံး တူတွေကိုချကာ ဖန်သားပြင်ကြီးကို စောင့်ကြည့်လိုက်ကြသည်။ ဒီအထူးဆုကို ဘယ်လို ကံကောင်းတဲ့ လူ ၃ ယောက်က ရရှိသွားမလဲဆိုတာ သိချင်နေကြသည်။
ဖေးချမ့်လည်း သူနဲ့ တစ်စားပွဲတည်း အတူတူ ထိုင်နေသည့် ပေါင်ရှုကို သတိထားမိသည်။ ပေါင်ရှုက တူကို တုန်တုန်ယင်ယင်နဲ့ ကိုင်ထားပါသည်။ ထို့အပြင် ဖန်သားပြင်ကြီးကို ကြည့်ရဲတဲ့ပုံမပေါ်ပါ။
ဖေးချမ့် ရင်ထဲမှာ ရယ်မောလိုက်မိပါသည်။ ဟုတ်သားပဲ ပေါင်ရှုက တစ်ဆုမှ မပေါက်သေးဘူးပဲ။
မြင်လား။ ဒါ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒအတိုင်းပဲ။
မင်းကို အကွက်ချတယ်လို့ ငါ့ကိုမစွပ်စွဲနဲ့။ ဒီတစ်ခေါက် ငါ့ပယောဂမပါဘူး။ မင်းကံကိုပဲ မင်း အပြစ်တင်လို့ရမယ်။
ဖန်သားပြင်ပေါ်က ဓာတ်ပုံတွေ နောက်တစ်ခေါက် ရွေ့လျားလာပြန်သည်။ ထို့နောက် လူ ၃ယောက်ကို ရွေးချယ်လိုက်ပါသည်။
ပေါင်ရှု
ပေါင်ရှုနဲ့
ပေါင်ရှု
"ဖွီးးး"
ဖန်သားပြင်ကြီးကို မြင်လိုက်သောအခါ ပါးစပ်ထဲက ဝိုင်တွေအားလုံး ပေါင်ရှု ပြန်ထွေးထုတ်မိတော့မလို ဖြစ်သွားရသည်။
ဘာလဲဟ။
ဒီဆုတွေအားလုံးကို ပေါင်းလိုက်ပါက သူ နိုင်ငံခြားကို ၁၅ ရက်ကြာ ခရီးထွက်ရမှာလား။
ဖေးချမ့်လည်း ခေါင်းမူးသွားသည်။ ဘာတွေ ဖြစ်နေတာလဲ။
အားလုံးက ဆု ၂ ဆုပဲ ရဖို့ အခွင့်အရေးရှိတာ မဟုတ်ဘူးလား။ ပြီးတော့ လူတစ်ယောက်ကို တူညီတဲ့ ဆု ၁ ဆုစီပဲ ပိုင်ဆိုင်ခွင့်ရှိတာ မဟုတ်ဘူးလား။
အားလုံး ခေတ္တ တိတ်ဆိတ်သွားကြပြီး ဝါးလုံးကွဲ ရယ်မောလိုက်ကြပါတော့သည်။
"ဟားဟားဟား အစ်ကိုပေါင်က ပရော်ဖက်ရှင်နယ် ခရီးသွားတစ်ယောက်တောင် ဖြစ်နေပြီလား"
"သူ့နာမည်ကို ၃ ခေါက်တောင် အရွေးခံရတာလား"
"ခေါင်းတွေတောင် ကိုက်တယ်။ သူ နောက်ထပ် လဝက်လောက် ခရီးထွက်ရတော့မယ်ထင်တယ်"
ဖေးချမ့်လည်း လက်ထောက်ရှင်းကို လှည့်ကြည့်လိုက်သည်။ ထိုအခါ အသံတိုးတိုးဖြင့် လက်ထောက်ရှင်း ပြန်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကြည့်ရတာ ပရိုဂရမ်ထဲ bug ပေါ်လာတဲ့ ပုံပဲ..."
ဖေးချမ့် နောက်တစ်ဖန် ဆွံ့အသွားရပြန်သည်။
သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ပေါင်ရှုက ပိုပြီး ကြက်သေ သေနေခဲ့ပါသည်။ သူ့လက်ထဲမှ ထမင်းစားတူတောင် စားပွဲပေါ် လွတ်ကျမလိုဖြစ်သွားခဲ့ပြီး အမြန်ပြောလိုက်ပါသည်။
"ဘော့စ်ဖေး ကျွန်တော် နိုင်ငံခြားကို အကြိမ်ပေါင်းများစွာ သွားပြီးပြီလေ။ ဒီဆုကို တခြားတစ်ယောက်ဆီ လွှဲပေးပါရစေ"
ဖေးချမ့်က လက်ထောက်ရှင်းဘက်ကိုလှည့်ကာ ပြောလိုက်ပါသည်။ "နည်းပညာဝန်ထမ်းတွေကို စနစ်ပြန်ပြင်ခိုင်းလိုက်ပြီး ကံထူးရှင်အသစ် ရွေးလိုက်"
ဒီပရိုဂရမ်ကို ကျုံးထျန်တရုတ်နက်ဝေါ့ခ်က နည်းပညာဝန်ထမ်းတွေ ပြုလုပ်ထားတာ ဖြစ်သည်။ သူတို့ ခပ်မြန်မြန် လက်ပ်တော့တွေ ထုတ်ပြီး ပရိုဂရမ်ကို ပြန်ပြင်လိုက်ကြပါသည်။
လက်ထောက်ရှင်းလည်း မိုက်ခရိုဖုန်းကိုကိုင်ကာ စနစ်တွင် Bug တစ်ခု ပေါ်လာတဲ့အကြောင်း အသေးစိတ် ရှင်းပြလိုက်ပါသည်။ အားလုံးကို Capsule စက်နဲ့ တခြား ဂိမ်းတွေ အရင်သွားကစားဖို့ ဖိတ်ကြားလိုက်ပါသည်။ သူတို့ကစားလို့ပြီးမှ နောက်ဆုံးဆုမဲပေါက်သူတွေကို ပြန်လည် ရွေးချယ်သွားပါမည်။
ဒီဆုမတိုင်ခင် bug မရှိသေးသဖြင့် တခြားဆုတွေကိုတော့ ပုံမှန်အတိုင်း ပေးအပ်သွားမှာဖြစ်ကာ ပြန်ယူဆောင်မှာ မဟုတ်ပေ။
အားလုံး အောင်ပွဲခံလိုက်ကြပြီး ဂိမ်းတိုကင်တွေကို ယူကာ ကိုယ့်လမ်းကိုယ် ထွက်ခွာသွားကြပါသည်။
မူလအစီအစဉ်ကတော့ ကံစမ်းမဲ ဆုလက်ဆောင်တွေ ပေးအပ်ပြီးမှ အားလုံး Capsule စက်တွေ၊ အရုပ်ကောက်စက်တွေကို ကစားရမှာ ဖြစ်သည်။ အနည်းနဲ့အများ ကစားလို့ ပြီးသွားကာမှ အိမ်ပြန်လို့ ရပါမည်။
ယခု မူလအစီအစဉ်တွေ ပြဿနာအသေးစားလေးတစ်ခု ပေါ်လာခဲ့လေပြီ။ သို့သော်လည်း ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်သေးပါ။ နောက်ဆုံးဆု ကံထူးသူကို ပရိုဂရမ် အဆုံးမှာ ရွေးချယ်ပေးလိုက်လို့ ရပါသည်။
ခပ်မြန်မြန်ပဲ ဘေးနားက အရုပ်ကောက်စက်တွေ၊ Capsule စက်တွေကို လူတွေ ဝိုင်းရံလိုက်ကြသည်။
လက်ထဲမှာ ဂိမ်းတိုကင်တွေကို ကိုင်လျက် ဝူပင်းက လူအုပ်တွေရဲ့ နောက်မှာ ရှိနေပါသည်။ ဘယ်ဂိမ်းကို စကစားရမလဲ သူ မသိသေးပေ။
အရုပ်ကောက်စက်ထဲက အမွေးပွအရုပ်တွေနဲ့ Capsule စက်ထဲက အလှထားအရုပ်တွေ အကုန်လုံးက တန်းတူညီမျှ ကောင်းမွန်လွန်းပါသည်။
ဘယ်သူမှ အားနည်းချက်ရှိသလို မခံစားရစေဖို့ ဒီလက်ဆောင်တွေကို သေသေချာချာ ရွေးချယ်ပေးထားမှန်း သိသာပါသည်။
ကောင်မလေးတွေက တိုကင်များစွာဖြင့် စက်ပေါင်းများစွာထံသို့ ခပ်သုတ်သုတ် သွားနေကြသည်။ ကြည့်ရတာ အရုပ်ကောက်စက်တွေမှာ ကံစမ်းကြည့်မည့်ပုံပေါက်ပြီး အရုပ်တွေအားလုံး ကောက်လို့ ကုန်သွားပါသည်။
ကွင်းပစ်ကစားနည်းနဲ့၊ အရုပ်သေနတ်ကစားနည်းတွေမှာတော့ လူသိပ်မရှိပေ။ ကောင်မလေးတွေက ထိုကစားနည်းတွေကို သိပ်မကြိုက်ကြသောကြောင့် ဖြစ်ပါသည်။
ကံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဝူပင်းလည်း ကွင်းပစ်ကစားနည်းထံသို့ လျှောက်သွားလိုက်သည်။
ဟိုတယ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် စားပွဲထိုး တစ်ယောက်က ထိုနေရာတွင် စောင့်နေပါသည်။
ဝူပင်းကို သူနှုတ်ဆက်လိုက်ပြီး ဝူပင်းက ဂိမ်းတိုကင် တစ်ပြား ပေးလိုက်သည။ ထို့နောက် တူပင်းကို ကွင်းတစ်ကွင်း ပေးလိုက်ပါသည်။
"ဝိုး"
ဒီကွင်းမှာ ဝူပင်းမြင်ဖူးနေကျ ကွင်းတွေထက် အများကြီး ပိုကြီးမားပါသည်။
တခြားကွင်းတွေက အတော်လေး သေးငယ်ပြီး လက်ကောက်တစ်ကွင်းလောက်အရွယ်သာ ရှိသည်။ သို့သော်လည်း ဒီကွင်းကတော့ ပန်းကန်ပြား တစ်ချပ်စာလောက် ကြီးမားပါသည်။
ဒါကိုမှ ဝင်အောင်မပစ်နိုင်ရင် ဝူပင်း ကိုယ့်ကိုယ်ကို သတ်သေလိုက်သင့်သည်။
လှလှပပ အလှထား အရုပ်လေးများကို ရွေးလိုက်ပြီး ချိန်ရွယ်ကာ ကွင်းကို တတ်နိုင်သမျှ ကောင်းကောင်း ပစ်လိုက်ပါသည်။
ချိန်တာ မှားပြီး လွဲသွားသည်။
ဝူပင်း ခေါင်းနောက်သွားရ၏။ ကွင်းက ဒီလောက်ကြီးတာတောင် လွဲချော်နေတုန်းပင်။ သူ့အထက်လူကြီးတွေကို ဘယ်လိုမျက်နှာပြရတော့မလဲ။
မဖြစ်ဘူး။ ငါ ဒီလောက်နဲ့ လှည့်ထွက်မသွားနိုင်ဘူး။
ဝူပင်း ဂိမ်းတိုကင်များများထုတ်ပြီး ကွင်းတွေ ထပ်ဝယ်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် စားပွဲထိုးက လျှပ်စီးလို အမြန်နှုန်းနဲ့ အရုပ်ကို ကောက်ကာ ကွင်းထဲ ထည့်လိုက်သည်။
"ဂုဏ်ယူပါတယ် ဆရာ။ ဆရာ ဒီအရုပ်ကို ပိုင်ဆိုင်သွားပါပြီ"
"ဖွီး"
ဝူပင်း တံတွေးသီးလုနီးပါး ဖြစ်သွား၏။ သူ ဘယ်လို လုပ်လိုက်တာလဲ။
တကယ်ကြီး ပစ်မှတ်အရုပ်ကို ဝူပင်းရဲ့ ကွင်းကျတဲ့နေရာ ရွှေ့လိုက်တာလား။
လုပ်ဇာတ်ကြီးမှန်း မသိသာလွန်းဘူးလား။
သို့သော်လည်း စားပွဲထိုးရဲ့ နားလည်မှုရှိတဲ့ အပြုံးကို ကြည့်ရင်း ဝူပင်း ရုတ်တရက်နားလည်သွားပါသည်။ ဘော့စ်ဖေးက တမင်သက်သက် ဒီလိုဖြစ်အောင် စီစဉ်ထားတာ ဖြစ်မည်။
ဝူပင်းလည်း ခပ်မြန်မြန်ပဲ ဂိမ်းတိုကင် လက်တစ်ဆုပ်စာ ထုတ်လိုက်ပြီး ကွင်း ၁၀ ကွင်းကို ချက်ချင်း ဝယ်လိုက်ပါသည်။ ထို့နောက် သူ လိုချင်တဲ့ အရုပ်တိုင်းကို သေချာချိန်ရွယ်ပြီး ပစ်လိုက်သည်။
ပစ်လိုက်တိုင်း အမြဲတမ်း တစ်ခုခုတော့ ရရှိသွားသည်။ မရရှိစရာလည်း အကြောင်းမရှိပေ။ သူ လွဲသွားရင်တောင် စားပွဲထိုးက တိုးတိုးတိတ်တိတ်ဖြင့် အလှထားအရုပ် သို့မဟုတ် Chibi ရုပ်လေးများကို ကွင်းထဲ ထည့်ပေးနေတာကြောင့် ဖြစ်သည်။
မကြာမီ ဝူပင်းတစ်ယောက် လက်ထဲမှာ အလှထားအရုပ်နဲ့ Chibi အရုပ် ၁၁ ခုနဲ့ ပြန်ထွက်လာပါတော့သည်။
စားပွဲထိုးက ဝူပင်းအတွက် အရုပ်တွေအားလုံးကို အိတ်တစ်အိတ်ထဲ ထည့်ပေးလိုက်သည်။ ဒါမှ အလွယ်တကူ သယ်သွားနိုင်မှာ မဟုတ်လား။
တခြားသူတွေလည်း အနိုင်ရနိုင်ခြေ အလွန်မြင့်မားမှန်း တွေ့သွားကြသည်။ သူတို့ကို ဆုလက်ဆောင်မိုးတွေ အလကား ရွာချပေးနေသလိုပင်။
အရုပ်ကောက်စက်မှာ အချိန်အရွယ်ကောင်းရင် အမြဲတမ်း တစ်ခုခု ကောက်မိလိမ့်မည်။
Capsule စက်ထဲက ထွက်လာတဲ့ အလှထား အရုပ်တိုင်းက အလွန်ကြည့်ကောင်းပါသည်။
တခြားဂိမ်းတွေက အခွင့်အရေးပေါ်မူတည်သည်။ သို့သော် ကစားသမားတွေ ဆုလက်ဆောင် ရနိုင်ခြေက အလွန်မြင့်မားပါသည်။
Chibi အရုပ်များ၊ Capsule များ၊ အမွေးပွ အရုပ်များ၊ ခေါင်းအုံးများကို လုံးဝ အခမဲ့ ရရှိနေကြသည်။
အားလုံးကစားကြရင်းနဲ့ ပိုပိုပြီး စိတ်လှုပ်ရှားလာကြပါသည်။ လူတိုင်းမှာ လက်ဆောင်အိတ်တွေ သယ်လာကြပြီး တချို့ဆို ထပ်တောင် မသယ်နိုင်လောက်တဲ့အထိ လက်ဆောင်အိတ်တွေ များနေကြပါပြီ။ ဝူပင်း ကြည်နူးသွားမိသည်။ အရမ်းကို လန်းဆန်းဖို့ ကောင်းတာပဲ။ ဒီ ကစားနည်းတွေက ဘာလို့ အရင်တုန်းကကျတော့ ပျော်ဖို့ မကောင်းတာလဲ။
မကြာမီ အားလုံးရဲ့'ကြိုးစားအားထုတ်မှု'ကြောင့် ဆုတွေအားလုံးနီးပါး ပြောင်သွာပါသည်။ ဂိမ်းတိုကင်တွေ အားလုံးနီးပါးလည်း သုံးလို့ ကုန်သွားကြပါပြီ။
ထိုအချိန်တွင် ဖန်သားပြင်ပေါ်က နာမည်တွေ နောက်တစ်ဖန် ထပ်လည်လာပြန်သည်။ ကံထူးရှင် ၃ ယောက်ကို ထပ်မံ ရွေးချယ်လိုက်ပါသည်။
အားလုံးရဲ့ မျှော်လင့်ချက်ပြည့်ဝနေတဲ့အကြည့်တွေက ဖန်သားပြင်ကြီးအပေါ် ကျရောက်နေပါသည်။
ချန်းခန့်ထုံ၊ ယဲ့ကျစ်ကျိုး၊ ပေါင်ရှု။
ပေါင်ရှု မျက်နှာ မှောင်မိုက်သွားရသည်။
ဘာတွေဖြစ်နေတာလဲ ဒီကံစမ်းမဲ စနစ်က ဘာလို့ ငါ့ကိုပဲ ဆက်ရွေးနေတာလဲ။ နောက်တစ်ခေါက် ပြန်ရွေးတာတောင် ငါက ထပ်အရွေးခံရသေးတာလား။
ပေါင်ရှု ဘော့စ်ဖေးဘက်ကို အမြန်လှည့်လိုက်သည်။ "ဘော့စ်ဖေး။ ကျွန်တော် တကယ် နောက်ထပ် အားလပ်ရက်တွေ မလိုတော့ပါဘူးဗျာ။ ဒီအခွင့်အရေးကို တခြားတစ်ယောက်ယောက်ကို ပေးလိုက်ပါ"
"ငါနဲ့ ဘယ်သူ ဆုချင်းလဲမလဲ။ ဘယ်ဆုဖြစ်ဖြစ် ငါယူမယ်။"
ဖေးချမ့်က လှောင်ပြုံးပြုံးကာ ခေါင်းခါလိုက်သည်။
"ရွေးပြီးသားဆိုရင် အဲ့လိုအလွယ်တကူ ပယ်ချလို့ မရဘူးကွ"
"အချိန်ရှိပါသေးတယ်။ မင်း မသွားဖူးသေးတဲ့ မြို့တွေ သေချာပြန်စဉ်းစားလိုက်ဦး"
ပေါင်ရှု ဆွံ့အသွားသည်။
"..."
ကံထူးရှင် ၃ ယောက်စလုံးက ဖေးချမ့်ရဲ့ စားပွဲမှာ ထိုင်နေတာ မဟုတ်ပေ။ အားလုံးက Capsule စက်နဲ့ အရုပ်ကောက်စက်တွေမှာ သွားကစားခဲ့ကြတာကြောင့် ထန်ယီရှုရဲ့ ကူးစက် အာနိသင် ပျံ့နှံ့သွားတာဖြစ်မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။ သူ့စားပွဲ တစ်လုံးတည်းပေါ်မှာပဲ တည်တံ့မနေတော့ပါ။
ပေါင်ရှုက ဆုမဲ မပေါက်သေးပေ။ ထို့ကြောင့်ထန်ယီရှုရဲ့ ကူးစက်အာနိသင်ထဲက ထွက်သွားသောအခါ သူအရွေးခံရနိုင်ခြေ ပိုမြင့်သွားတာ ဖြစ်သည်။ ထို့ကြောင့် ထပ်အရွေးခံလိုက်ရတာ ဖြစ်နိုင်ပါသည်။
တခြားနှစ်ယောက်ကတော့ ကံကြောင့်ပဲ ရွေးချယ်ခံခဲ့ရတာ ဖြစ်မည်။
နောက်တစ်ဖန် ထန်ယီရှုရဲ့ ကူးစက်အာနိသင်က သန်မာပြီး အားကိုးရသည်ဟု ဖေးချမ့် အတည်ထပ်ပြုနိုင်ခဲ့ပါသည်။
သို့သော်လည်း... ထန်ယီရှုကိုယ်တိုင် ဘာဆုမှ မပေါက်ခဲ့သည့်ပုံပင်။
ဘေးနားကလူတွေရဲ့ ကံဘယ်လောက်ပဲ ပြောင်းလဲပါစေ သူမကိုယ်တိုင်က ကံဆိုးဖို့ ကံပါလာတာလား။
ထူးဆန်းပါသည်။ ဖေးချမ့် မျှော်လင့်ထားတာ ဒီလို မဟုတ်ပေ။
သို့သော်လည်း ဖေးချမ့် အများကြီးတော့ မစဉ်းစားခဲ့ပါ။
သနားစရာ ကလေးလေး... ကုမ္ပဏီပြန်ရောက်ရင် လစာ တိုးပေးလိုက်ဦးမှပါ...။