← Chapters

ရူးချင်စရာ ခရီးစဉ်

Vol. 25 Ch. 363

ရူးချင်စရာ ခရီးစဉ်

Vol. 25 Ch. 363

နှစ်ပတ်လည် အစည်းအဝေးပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ကံစမ်းမဲအစီအစဉ်လည်း ပြီးဆုံးသွားခဲ့ပြီ။ အရုပ်ကောက်စက်များ ဗလာဖြစ်ကာ အားလုံးလည်း ဗိုက်ပြည့်သွားကြလေပြီ။ တစ်ယောက်ပြီး တစ်ယောက် အခမ်းအနားထဲက ပြန်ထွက်သွားကြတော့သည်။

ဖေးချမ့် လက်ပတ်နာရီကို ကြည့်လိုက်သည်။ ညနေ ၄ နာရီစွန်းစွန်းရှိပြီဖြစ်ကာ အချိန်ကိုက်ပင်။

ဆုလက်ဆောင်များစွာကိုလည်း ပေးအပ်ပြီးပါပြီ။ သယ်ရလွယ်ကူသော ဆဲလ်ဖုန်းများ၊ စာအိတ်နီများအပြင် သယ်ဆောင်ရခက်သည့် တီဗီကြီးများ၊ လေသန့်စက်များနဲ့ ဂိမ်းစက်များလည်း ရှိသည်။

ထို့အပြင် တက်ရောက်ခဲ့ကြတဲ့ လူ ၁,၀၀၀ အားလုံးနီးပါး တစ်ခုခုတော့ ရသွားကြပါသည်။ ဆုတွေကို တစ်ယောက်ချင်း တန်းစီပြီး ပေးရမယ်ဆို အချိန်အတော်ကြာလိမ့်မည်။

ထို့ကြောင့် ဆုမဲပေါက်သူစာရင်းကို ကုမ္ပဏီတွင်း အင်တာနက်ပေါ်မှာ တင်ပေးလိုက်သည်။ ထို့အပြင် လူတိုင်းကိုလည်း သူတို့ ပေါက်ထားသည့် ဆုမဲများအကြောင်း ကုမ္ပဏီတွင်း ဆက်သွယ်ရေး ဆော့ဖ်ဝဲများမှ တဆင့် အသိပေးခြင်းခံရမည်။

ဘာပဲဖြစ်ဖြစ်အားလုံးက အရုပ်တွေနဲ့ Chibi အရုပ် အိတ်တွေ သယ်ထားရသည်။ ထို့ကြောင့် ကံစမ်းမဲ ဆုတွေကိုပါ မသယ်နိုင်ကြတော့ပေ။

နှစ်ပတ်လည်အစည်းအဝေးပွဲ၏ အခြေအနေကို ဖေးချမ့် အတော်လေး အားရကျေနပ်မှု ရှိပါသည်။

သူ့လိုအပ်ချက်တွေကို လုံးဝ ပြည့်မှီစေခဲ့ပါသည်။

ငွေလည်းဖြုန်းနိုင်ခဲ့ပြီး အချိန်လည်းသက်သာခဲ့သည်။ ပြီးပြည့်စုံလွန်းပါသည်။

ပေါင်ရှုက မှုန်ကုပ်ကုပ်ဖြင့် ပွဲအခမ်းအနားမှ ပြန်လာခဲ့သည်။

သူ ဘာလုပ်ရမလဲ။

နောက်ထပ်လာမယ့် ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲ မတိုင်ခင် သူ့ကိုယ်သူဘေးကင်းပြီဟု ထင်ထားခဲ့သည်။

နှစ်ပတ်လည်းအစည်းအဝေးပွဲ၏ အထူးဆုကြီးက လူ ၂ ယောက်သွား ခရီးစဉ်ကြီးတစ်ခုဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

တစ်ယောက်တည်း သွားရတာတောင် ဒုက္ခများလှပြီ။ သူနဲ့ အတူသွားဖို့ ပါတနာ ဘယ်လိုရှာရမှာလဲ။

သေချင်တယ်။ ငါသေချင်တယ်....

သူ ဘယ်သွားရမှန်းလည်း မသိတော့ပါ။ လမ်းလျှောက်ရင်း မျက်လုံးတွေ ရုတ်တရက် လင်းလက် တောက်ပသွားရသည်။ သူမြင်ဖူးနေကျ လူတစ်ယောက်ကို မြင်လိုက်ရ၏။ ချန်းခန့်ထုံ ဖြစ်သည်။

သူ မှတ်မိတာသာ မမှားရင် သူလည်း တူညီတဲ့ဆုမဲကို ပေါက်ခဲ့ပါသည်။

ချန်းခန့်ထုံ ဘာတွေ စီစဉ်ထားပြီး ဘယ်မြို့ကို သွားမလဲဟု ပေါင်ရှု မေးကြည့်ဖို့ စဉ်းစားမိသည်။ ဧကန္တ သူပါ လိုက်သွားလို့ ရလောက်သည်။

ချန်းခန့်ထုံက ကိုယ်ပိုင် ခရီးစဉ်ကို စီစဉ်မှာဆိုရင် ပေါင်ရှု စိတ်ပူစရာ ကိစ္စတစ်ခု လျော့သွားလိမိ့မည်။

ထိုအတွေးဖြင့် ချန်းခန့်ထုံကို သူ တိတ်တိတ်ဆိတ်ဆိတ် ချဉ်းကပ်လာခဲ့သည်။ သို့သော်လည်း ချန်းခန့်ထုံကို မေးခွန်းမေးမလို့ ကြံလိုက်စဉ်မှာပင် ချန်းခန့်ထုံက ယဲ့ကျစ်ကျိုး၊ ဟောက်ချုံး၊ လင်းဝမ်တို့နဲ့ ခိုးကြောင်ခိုးဝှက် တွေ့နေတာကို သတိထားမိသွားပါသည်။ သူတို့ ၄ ယောက်သား ဘေးနားက ကဖေးဆိုင်လေးတစ်ဆိုင်ထဲ ဝင်သွားကြသည်။

ပေါင်ရှု မျက်မှောင်ကြုတ်သွားရ၏။

ဟင်။ သူတို့ဘယ်သွားမလဲဆိုတာ ဆုံးဖြတ်ပြီးကြပြီလား။ ဒါမှမဟုတ် သူတို့လည်း အချိန်ပို ခိုးလုပ်ဖို့ ကြိုးစားနေကြတာလား။

ပေါင်ရှုတစ်ယောက် ချန်းခန့်ထုံတို့နောက်ကို အမြန်လိုက်သွားခဲ့သည်။

လင်းဝမ်၊ ယဲ့ကျစ်ကျိုး၊ ဟောက်ချုံး၊ ချန်းခန့်ထုံတို့ ကဖေးထဲဝင်လိုက်ပြီး စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်ပါသည်။ လင်းဝမ်က သတိကြီးစွာဖြင့် အပြင်ကိုကြည့်ကာ မေးလိုက်ပါသည်။ "ငါတို့နောက် ဘယ်သူမှ လိုက်မလာဘူးမလား"

ချန်းခန့်ထုံ ပြန်ဖြေလိုက်သည်။ "ညီကိုပေါင် လိုက်လာတယ်ထင်တယ်"

လင်းဝမ် ရပ်တန့်သွားသည်။ "ပေါင်ရှုလား။ ကောင်းတာပေါ့ မြန်မြန် သူ့ကိုပါ လာခိုင်းလိုက်ချေ"

ပေါင်ရှုက တံခါးအပြင်မှာပဲ ရှိနေသေးပြီး ဝင်ရကောင်း မဝင်ရကောင်း စဉ်းစားနေသည်။ ထိုအချိန်တွင် ချန်းခန့်ထုံ အပြင်ထွက်လာပြီး သူ့ကို ဆွဲခေါ်ကာ သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။

ပေါင်ရှု ကြောင်စီစီဖြစ်သွားရ၏။

ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက် လုပ်နေကြတာလဲ။

ငါအချိန်ပိုခိုးလုပ်ခဲ့တုန်းက ပုံစံကိုတောင် သတိရမိတယ်....

လင်းဝမ်က လည်ချောင်းရှင်းကာ မေးလိုက်ပါသည်။

"အစ်ကိုပေါင် ခရီး ဘယ်ကိုသွားမှာလဲ စဉ်းစားပြီးပြီလား။ ရှင်က အဲ့နယ်ပယ်မှာ အတွေ့အကြုံရှိမယ့်ပုံပဲ"

ပေါင်ရှု ဆွံ့အသွားသည်။

"..."

ငါ့ကိစ္စကို ဝင်မပါစမ်းပါနဲ့။

ခါးသီးနေသောမျက်နှာဖြင့် ပေါင်ရှုပြောလိုက်သည်။

"အဲ့အကြောင်းမပြောစမ်းပါနဲ့။ ငါ့ဟာငါတောင် စိုးရိမ်နေတာ။ အဲ့ဒီအတွေ့အကြုံကို နည်းနည်းလေးတောင် မယူချင်ဘူး"

"ဒါပေမယ့်ဘော့စ်ဖေးက ဆုကို တခြားသူဆီ လွှဲပေးလို့ မရဘူးလို့ ပြောသွားတယ်လေ" ချန်းခန့်ထုံ ပြန်ပြောလိုက်ပါသည်။

ပေါင်ရှု စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်ကွာ။ ငါစဉ်းစားပြီးသွားပြီ။ ငါကြိုက်တဲ့မြို့ကို ရွေးလို့ရတယ်လို့ ဘော့စ်ဖေး ပြောသွားတာမလား။ အဲ့တာဆို ငါကျင်းကျိုးမြို့ကိုရွေးမယ်။ ပြီးရင် မြို့ထဲက ကြယ် ၅ ပွင့်ဟိုတယ်မှာ တည်းပြီး နေ့တိုင်း အလုပ်သွားရင်း ဂိမ်းတွေ ကစားမယ်..."

ချန်းခန့်ထုံက လည်ချောင်းရှင်းလိုက်သည်။ "အစ်ကိုပေါင် စကားကိုကြည့်ပြော မင်း အဲ့လိုလုပ်လိုက်ရင် ဘော့စ်ဖေး မင်းကို ဘယ်လို ထင်သွားမလဲ"

"ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့ မတူသွားဘူးလား"

ပေါင်ရှု နားလည်သဘောပေါက်သွားသည်။

ဟုတ်သားပဲ။

ဒီလိုဆို ပိုပြီးတောင် အန္တရာယ်များပါသေးသည်။ သူ ဒုက္ခရောက်တာ မလုံလောက်သေးသလိုမျိုး ဘာကြောင့် ပြောနေမိပါလိမ့်။

သူသာ တကယ်တမ်း ဒီလိုလုပ်လိုက်ပါက လာမယ့် ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲမှာ နောက်ထပ် တစ်လတာ လစာမပြတ်ခွင့်ရက် ရရှိသွားနိုင်သည်။

ဒီတစ်ခေါက် ဆုံးဖြတ်ချက်ကို စိတ်ခံစားချက် ဦးစားပေးကာ ချလိုက်မိသည်။ သူ ဒီလို လုပ်လို့ မရပါ။

ပေါင်ရှု စိတ်ရှုပ်စွာဖြင့် သက်ပြင်းချလိုက်သည်။ "အဲ့တာလည်း လက်တွေ့ကျတဲ့ပုံ မပေါ်ဘူး"

"ဒါဆို ငါဘာလုပ်ရမလဲ။ မင်းတို့ ဘယ်မြို့ကိုသွားဖို့ စီစဉ်ထားကြလဲ။ ငါလည်း လိုက်ခဲ့လို့ ရမလာား။ ခရီးစဉ်ကို မင်းတို့ စီစဉ်လိုက်လေ။ ငါ မင်းတို့နောက်ပဲ လိုက်လာပြီး ပျော်ပျော်နေလိုက်မယ်"

ချန်းခန့်ထုံ အနည်းငယ် ပြုံးပြီး လင်းဝမ်ကို လှမ်းကြည့်လိုက်သည်။

လင်းဝမ်က ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြောလိုက်သည်။ “ကျွန်မတို့ US က Texas ကို သွားဖို့ ဆုံးဖြတ်ထားတယ်"

ပေါင်ရှုခေါင်းကုတ်လိုက်မိ၏။ "Texas ဟုတ်လား။ အဲ့နေရာက တစ်ခုခု ထူးခြားလို့လား"

လင်းဝမ်က ပြန်ဖြေလိုက်သည်။ "ဒါပေါ့ အဲ့ဒီမှာ ကြောက်စရာအကောင်းဆုံး သရဲအိမ်ကြီး ရှိတယ်။ 'စမော့ဂ်' ပြည်နယ်စိတ်ကျန်းမာရေး ဆေးရုံကြီးလေ"

ပေါင်ရှု "???"

စားပွဲမှာထိုင်နေတဲ့ လူလေးယောက်ကို သူအကဲခတ်လိုက်ပြီး တစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ မျက်နှာထားတွေ ရှိနေမှန်း သတိထားမိသွားသည်။ ချန်းခန့်ထုံက သေမင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေရသည့် ပုံစံမျိုးပင်။

ဟောက်ချုံးက မှုန်လည်းမှုန်ကုပ်ကာ ဝမ်းလည်း နည်းနေသည့်ပုံပေါ်သည်။

ယဲ့ကျစ်ကျိုးက အနည်းငယ် ဖြူဖပ်နေပြီး အလွန် စိတ်မကောင်းဖြစ်နေသည့်ပုံပင်။

လင်းဝမ်က အားလုံးထဲမှာ အခြေအနေ အကောင်းဆုံး ဖြစ်ပါသည်။ သူမရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက်များဖြင့် ပြည့်ဝနေခဲ့ပါသည်။

ပေါင်ရှု ဇဝေဇဝါဖြစ်သွားရသည်။ "ဒီတိုင်း ခရီးစဉ်လေးတစ်ခုပဲကို ကိုယ့်အသက် ကိုယ် ရင်းစရာ လိုလို့လား...။ ပြီးတော့ နင်တို့အားလုံးမှာ အဲ့လောက် ထူးဆန်းတဲ့ ဝါသနာရှိမယ်လို့ တစ်ခါမှ မသိခဲ့ဘူး။ နေပါဦး... နင်တို့ အဲ့ဒီနေရာကြီးကို မှီငြမ်းဖို့ ကြိုးစားနေကြတာလား"

ပေါင်ရှုရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပါသည်။ လင်းဝမ်နဲ့ ယဲ့ကျစ်ကျိုးတို့က သရဲဂိမ်းတစ်ခုကို ဦးဆောင် ဖန်တီးနေကြရပြီး ဟောက်ချုံးနဲ့ ချန်းခန့်ထုံတို့က သရဲအိမ်တစ်လုံး တည်ဆောက်ဖို့ ဦးဆောင်ထားရသည်။

အားလုံံးက သရဲတစ္ဆေတွေနဲ့ သက်ဆိုင်နေပါသည်။

လင်းဝမ် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်"

"ကျွန်မတို့ တာဝန်ယူထားရတဲ့ သရဲဂိမ်းကော သရဲအိမ်ကော နှစ်ခုစလုံးက အရမ်းအရေးပါတယ်။ ဒါပေမယ့် တိုးတက်မှု သိပ်မရှိခဲ့ဘူး"

"ဂိမ်းထဲမှာ Bug တွေ ဆက်တိုက် ပေါ်လာနေပြီး ကြောက်ဖို့လည်း သိပ်မကောင်းဘူး။ သရဲအိမ်ကတော့ ခိုင်မာတဲ့ ပလန်တောင် မရှိသေးဘူး"

"ကျွန်မတို့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူးလေ။ ကျွန်မတို့ နောက်ဆုံးရ အတွေ့အကြုံတွေကနေ သင်ယူပြီး အဲ့လို ပတ်ဝန်းကျင်မျိုးတွေမှာ ကျွန်မတို့ကိုယ်ကျွန်မ မြှုပ်နှံထားရမယ်။ အဲ့တာမှ ဒီတာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာ"

"အစ်ကိုပေါင်က ကုသိုလ်ကံကောင်းလို့ ဒီဆုကို ရခဲ့တာ။ ဒါပေမယ့် တခြားသူတွေက..."

ပေါင်ရှု၏ မျက်နှာထား မှောင်မိုက်သွားရသည်။ ငါကံကောင်းလို့ဆိုတာ ဘာကိုပြောတာလဲ။

လင်းဝမ်က ဆက်ပြောလိုက်သည်။ "ယဲ့ကျစ်ကျိုးနဲ့ ချန်းခန့်ထုံတို့လည်း ခရီးစဉ်မဲပေါက်ကြတာပဲလေ။ သေချာပေါက် ကံအကြောင်း တိုက်ဆိုင်လာတာပဲ"

"ကောင်းကင်ဘုံက ကျွန်မတို့ကို အခွင့်အရေး အရယူပြီး ကုန်ကြမ်းရနိုင်သလောက် များများယူဖို့ အရိပ်အမြွက် ပေးနေတာပဲ"

ပေါင်ရှု သူတို့လေးယောက်ကို ကြည့်ရင်း သူ့ခေါင်းထဲမှာ အတွေးတစ်ခုသာ ရှိတော့သည်။

သောက်ရူးတွေ အကုန်သောက်ရူးတွေ အဲ့ဒီသရဲအိမ်ကြီးက လူတွေအတွက်တောင် ဟုတ်ရဲ့လား။

ပေါင်ရှုလည်း အရင်က 'စမော့ဂ်တောင်' ပြည်နယ် စိတ်ကျန်းမာရေး ဆေးရုံကြီးအကြောင်း ကြားဖူးသည်။ တစ်နှစ်ပတ်လုံး မြူများ ဆိုင်းနေတတ်သည့် တောထဲက စွန့်ပစ်ဆေးရုံကြီးတစ်ခုဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။

ထို့နောက် ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ထိုဆေးရုံ အပျက်အစီးများကို အခြေပြုရင်း သရဲအိမ် တစ်လုံး တည်ဆောင်လိုက်ကြသည်။ အပြင်ဘက်မှာ ဆေးရုံကြီးက စုတ်စုတ်ပြတ်ပြတ် ယိုယွင်းနေတဲ့ စိတ်ကျန်းမာရေးဆေးရုံကြီးနဲ့ တူသည်။ အထဲမှာလည်း လမ်းကြောင်း တိတိကျကျ ဟူ၍ မရှိပါ။ လာရောက်သူတွေက ကြိုက်သလို လွတ်လွတ်လပ်လပ် သွားလို့ ရပါသည်။

သရဲအိမ်ကြီးထဲက မီးအလင်းအမှောင်များ၊ ကြောက်စရာ မြင်ကွင်းများက အလွန်သဘောကျသည်ဟု ဆိုကြသည်။ ဝန်ထမ်းများစွာက သရဲများ အလောင်းကောင်များအဖြစ် ဝတ်ဆင်ကာ လည်ပတ်သူတွေနဲ့ ထိတွေ့လိမ့်မည်။

ဒီသရဲအိမ်ကြီးကို ဖန်တီးဖို့အတွက် ဒေါ်လာ ၂ သန်း သုံးခဲ့သည်ဟု ဆိုကြသည်။ စိတ်ကျန်းမာရေး ဆေးရုံကြီးအတွင်းက လမ်းကြောင်းကို သိကာ အစမှ အဆုံးအထိ ပြေးသွားမယ်ဆိုရင်တောင် အချိန် တစ်နာရီလောက် ကြာပါလိမ့်မည်။

လမ်းပျောက်သွားပါက သူတို့ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ ကံအပေါ်မှာပဲ မူတည်ပါလိမ့်မည်။

ဒီသရဲအိမ်ထဲဝင်ဖို့ အနည်းဆုံး အသက် ၂၁ နှစ်အထက် ရှိရမည်။ စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ခံနိုင်ရည်ရှိမရှိ သေချာစေဖို့ စမ်းသပ်ချက်လည်း ကြိုတင် ပြုလုပ်ရသည်။ လည်ပတ်သူတွေက သရဲအိမ်ထဲ ဝင်ရောက်ဖို့ ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်တွေဆီက ထောက်ခံစာ ယူရပါသေးသည်။ မဝင်ခင် အာမခံဖောင်မှာလည်း လက်မှတ်ထိုးရသည်။

အနှစ်ချုပ်အားဖြင့် ဒီနေရာက အနှိပ်စက်ခံရဖို့ အကောင်းဆုံးနေရာ ဖြစ်သည်။

ကုမ္ပဏီက သူတို့ကို အခမဲ့ အားလပ်ရက် ပေးထားတာတောင် ဘာလို့ ကိုယ့်သေတွင်းကိုယ် တူးနေကြတာလဲ။ ပေါင်ရှု သဘောတူဖို့ အစီအစဉ် မရှိပါ။

လစာမပြတ်ခွင့်ရက်တစ်ခု ထပ်ရလိုက်တာနဲ့တင် တော်တော် နာကျင်ဖို့ ကောင်းနေပြီ။ သိုသော် ထိုခွင့်ရက်တွေကို သရဲအိမ် သွားဖို့ သုံးရမယ်ဆို ပိုပြီး နာကျင်သွားနိုင်ပါသည်။

ထိုနေရာမျိုးမှာ အကြောက်လွန်ပြီး သေရမည့်အစာား ဆာဟာရကန္တာရထဲက လားတွေကိုပဲ သွားကြည့်နေလိုက်ပါမည်။

သို့သော်လည်း ပေါင်ရှုက လက်မလျှော့သေးပါ။ သူမေးလိုက်၏။ "ကျန်တဲ့ ခရီးစဉ်အတွက်ကော"

လင်းဝမ် ပြန်မေးလိုက်သည်။ "ကျန်တဲ့ခရီးစဉ်ဆိုတာ ဘာကို ပြောတာလဲ"

ပေါင်ရှု မှင်သက်သွားသည်။ "၅ ရက်ကြာ အားလပ်ရက်လေ သရဲအိမ်ကို တစ်ရက်ပဲ သွားမှာမလား။ တခြား ၄ ရက်က ဘာလုပ်မှာလဲ။ အနီးနားက ရှော့ပင်းမောလ်တစ်ခုခုကို သွားမှာလား"

သူတို့ ရှော့ပင်းလ်ထွက်ဖို့ စီစဉ်ထားပါက သူဟို တယ်မှာ နားနေနိုင်သည်ဟု ပေါင်ရှု တွေးထားသည်။ တစ်ရက်လောက် နာကျင်ခံစားပြီး ကျန် လေးရက်ကို ဟိုတယ်မှာ ဇိမ်ကျကျ နားနေနိုင်လိမ့်မည်။ အတော်လေး ကောင်းပါသည်။

လင်းဝမ်ခေါင်းခါလိုက်၏။ "ဒီလောက်ပျော်ဖို့ကောင်းတဲ့ သရဲအိမ်ကို ၁ ရက်တည်းနဲ့ အပြီးလည်လို့ရပါ့မလား။ အားလုံးကို အပေါ်ယံပဲကြည့်ရင် ပြန်လာတဲ့အခါ ကျွန်မတို့ အကုန် မေ့သွားလိမ့်မယ်။"

"ဘော့စ်ဖေးက အပိုအသုံးစရိတ်ပါ ထောက်ပံ့ပေးထားတာ မဟုတ်ဘူးလား။ အဲ့ဒီ ရက်ပိုင်းထဲ ကျွန်မ ဘာမှ လုပ်ဖို့ အစီအစဉ် မရှိဘူး။ သရဲအိမ် ဝင်ခွင့်လက်မှတ်တွေပဲ ဝယ်ပြီး ထပ်ခါထပ်ခါ ထပ်ဝင်မယ်။။ တစ်ရက်ကိုလည်း သုံးလေးခေါက်လောက် သွားမယ်။ အဲ့တာဆို ၅ ရက်ဆိုရင် ၁၃ ခါ ၁၄ ခါလောက် သွားပြီးသား ဖြစ်သွားလိမ့်မယ်။ အဲ့တာဆိုရင်တော့ စိတ်ထဲမှာ စွဲသွားလောက်ပါပြီ"

"အဲ့ကျရင် ကျွန်မတို့ တိုက်ပွဲ ၁၀၀ အတွက် ဝါရင့် စစ်သူကြီးတွေလိုဖြစ်သွားပြီ။ ဟော်ရာဂိမ်းနဲ့ သရဲအိမ်တို့ကို ဖန်တီးဖို့ ကျွန်မတို့ မှီငြမ်းစရာတွေနဲ့ ပြည့်သွားလိမ့်မယ်"

ပေါင်ရှု "???"

သူ လုံးဝ တုန်လှုပ်သွားရသည်။

သူတို့ လူတောင် ဟုတ်ကြရဲ့လား။ ဒီလိုခရီးစဉ်မျိုးကို ဘယ်လို စီစဉ်ထားကြတာလဲ။

ဒီလောက်ကြောက်ဖို့ကောင်းတဲ့ သရဲအိမ်ကို တစ်ရက် ၃ ခေါက် ၄ ခေါက်လောက် ဝင်မှာတဲ့... သူတို့ အသက် မရှင်ချင်ကြတော့တာလား။

လင်းဝမ်က အနည်းငယ် ပြုံးကာ မေးလိုက်သည်။ "ဘယ်လိုသဘောရလဲဟင်။ ဒီယောက်ျားလေး ၃ ယောက်နဲ့ လိုက်ခဲ့မယ်ဆိုရင် ရှင်တို့ ၂ ယောက် တစ်ခန်း နေလို့ရတယ်။ ကျွန်မက လီယာ့တာကို ခေါ်လာခဲ့လိုက်မယ်။ အဆင်ပြေမှာပါ"

ပေါင်ရှု ကြောင်စီစီဖြစ်သွားသည်။ "မဟုတ်သေးပါဘူး။ လီယာ့တာနဲ့ ငါတို့က GOG ဂိမ်းအတွက် တာဝန်ရှိသူတွေလေ။ ဟော်ရာဂိမ်းက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ နင်တို့သေချင်ရင် ကို့ယ်ဟာကိုယ် သွားသေကြ။ ငါတို့ကို ဆွဲမထည့်နဲ့"

လင်းဝမ် အတည်ပေါက် ပြောလိုက်သည်။ "ဘာလို့ အဲ့လို ပြောရတာလဲ"

"ထန်းတာ့ဂိမ်းနဲ့ ရှန်းယန်ဂိမ်းနှစ်ခုစလုံးက ဘော့စ်ဖေးရဲ့ လက်အောက်ခံတွေ မဟုတ်ဘူးလား။ ဘာလို့ အဲ့လို စည်းခြားထားရတာလဲ ရှင်လည်း အချိန်တန်ရင် ဟော်ရာဂိမ်းနဲ့ ပတ်သတ်တဲ့ အကြံပြုချက် ကျွန်မတို့ကို ပေးရမှာပဲ မဟုတ်ဘူးလား"

"အပြန်အလှန်အနေနဲ့ ကျွန်မတို့ဟော်ရာဂိမ်းထဲက ဇာတ်ကောင်တစ်ကောင်ကို ရှင်တို့ GOG ဂိမ်းထဲမှာ ဟီးရိုးအဖြစ် ပြန်သုံးခွင့်ပေးမယ်"

ပေါင်ရှု ခေတ္တ စဉ်းစားလိုက်သည်။ "...မဟုတ်ဘူး တစ်ကောင်က နည်းလွန်းတယ်။ အနည်းဆုံး ၂ ကောင် ပေးရမယ်"

နောက်တစ်နေ့...

ထန်းတာ့နက်ဝေါ့ခ်နည်းပညာကုမ္ပဏီလီမိတက်၌...

"ဟင် US ကို သွားမှာ ဟုတ်လား။ သရဲအိမ်တစ်အိမ် သွားကြမှာ ဟုတ်လား"

"ကျွန်မက အခု GOG ရဲ့ အစီစဉ်ဆွဲသူချုပ်လေ။ ကျွန်မ အားလပ်ရက်အတွက် အဲ့လောက် အဝေးကြီး သွားတာ မသင့်တော်ဘူးထင်တယ်"

လင်းဝမ်ရဲ့ အကြုံပြုချက်ကို ကြားပြီးနောက် လီယာ့တာ တွေဝေသွားခဲ့ပါသည်။

"ဘာလို့ မသင့်တော်ရမှာလဲ။ ဒါ နှစ်ပတ်လည် အစည်းအဝေးပွဲက ဆုတစ်ခုပဲ မဟုတ်ဘူးလား။ ကျွန်မတို့ ခရီးသွားတာ ဘာမှ မဖြစ်ပါဘူး။ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းအတွင်းမှာပဲ ရှိတယ်။ ဘော့စ်ဖေးက သဘောကောင်းတဲ့ လူတစ်ယောက်ပဲ။ ရှင့်ကို ကျိန်းသေပေါက် မတားလောက်ပါဘူး"

လင်းဝမ်ရဲ့ စကားလုံးချိုချိုလေးများကို ကြားပြီးနောက် လီယာ့တာ ဆွံ့အသွားသည်။

ဒါဆိုလည်း စမ်းကြည့်တာပေါ့။

ဘော့စ်ဖေးကိုသွားမေးကြည့်ပြီး ဒီပရောဂျက်ရဲ့ အစီစဉ်ဆွဲသူချုပ်ဖြစ်တဲ့ငါ့ကို ဂိမ်းဖန်တီးမှု လုပ်ငန်းစဉ် တန်းလန်းကြီး ဖြစ်နေချိန် နိုင်ငံခြားသွားခွင့်ပေးမလား ကြည့်ကြသေးတာပေါ့။

ခွင့်မတင်ခင် လီယာ့တာက GOG ရဲ့အခြေအနေနဲ့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှ ထုတ်လုပ်ပေးထားသည့် ရိုးရိုးရှင်းရှင်း ဗားရှင်းကို ကြည့်လိုက်သည်။

အလွယ်ပြောရလျှင် သူတို့ အစပိုင်း အောင်မြင်မှုတွေတော့ ရထားကြပါပြီ။

Beta ဗားရှင်းနှစ်ခုကိုပေါင်းစပ်ပြီး အတူတူ ကစားလို့ရသည်။ ထို့နောက် သူတို့ bug တွေပြင်ပြီး ဂိမ်းကို ဆက်ဖန်တီးရမည်။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှ ပို့ပေးထားသည့် ရိုးရိုးရှင်းရှင်းဗားရှင်းကိုလည်း ယွီအင်တာနက်ကဖေးရဲ့ ကွန်ပျူတာတွေထဲမှာ အချိန်နဲ့ တပြေးညီ Update တင်နေပါသည်။ ထို့အပြင် လောလောဆယ် မူရင်းဗားရှင်းထက် တုန့်ပြန်မှုတွေ ပိုကောင်းနေသည်။

အမှန်ပင်။ အချိန်တိုအတွင်း ဂဏန်းတွေကိုကြည့်ပြီး ဆုံးဖြတ်လို့တော့ မရပါ။ သူတို့ အခြေအနေတွေကို နည်းနည်းလောက် ဆက်စောင့်ကြည့်ရပါမည်။

သို့သော်လည်း အနည်းဆုံးတော့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှ ပို့ပေးထားသည့် အကြံပြုချက်များက ထူးဆန်းပြီး အဓိပ္ပာယ်မရှိတာ မဟုတ်မှန်း သက်သေပြနိုင်ခဲ့သည်။ တကယ်တော့ ယုတ္တိပင် ရှိနေပါသည်။

လီယာ့တာလည်း အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေ ဒီလောက် ဂိမ်းအကြောင်း ကောင်းကောင်း နားလည်နေရသလဲ မသိပါ။ သူ အီးမေးလ် inbox ကို ဖွင့်ကြည့်လိုက်ရာ ဟဲသယ်ရှန်းက နောက်ဆက်တွဲ ပြုပြင်မှုများအတွက် အကြံပေးချက်တွေ ထပ်ပို့ထားတာကို မြင်လိုက်ရသည်။

သူတို့ ပြင်ဆင်ချက်တွေ ပို့ပေးဖို့ တော်တော် အလုပ်ကြိုးစားနေကြတာကိုတော့ သူမ ဝန်ခံရပါမည်။

တကယ်တော့ သူတို့အလွန်အလုပ်ကြိုးစားလွန်းသဖြင့် လီယာ့တာ သံသယတောင်ဝင်လာမိသည်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ရင်းနှီးမြှုပ်နှံစရာ ပရောဂျက် မတွေ့တော့လို့များလား။

မဟုတ်ပါက နေ့တိုင်းဘာအလုပ်မှမရှိဘဲ GOG ကို လေ့လာပြီး အကြံပေးချက်တွေ ဘာလို့ ထုတ်နေမှာလဲ။

သို့သော်လည်း မကောင်းတာတော့ မဟုတ်ပေ။ သူမ ရရှိထားတဲ့ အကြံပြုချက်တွေကို အဓိပ္ပာယ် မရှိတာ မဟုတ်သရွေ့ ငြင်းဆန်မှာ မဟုတ်ပါ။

ဟဲသယ်ရှန်းရဲ့ အကြံပြုချက်တွေကို စစ်ထုတ်ပြီးနောက် လီယာ့တာ ဒီပြုပြင်မှုတွေကို နောက်အပတ် အလုပ်အချိန်စာရင်းထဲ ပြောင်းရွှေ့လိုက်သည်။

ဒါမှလီယာ့တာ နိုင်ငံခြားသွားရရင်တောင် ဒီဇိုင်းအဖွဲ့က စီစဉ်ထားတဲ့အတိုင်း အလုပ်ကို ဆက်လုပ်နိုင်မှာ ဖြစ်ပြီး ပရောဂျက်ရဲ့ တိုးတက်မှုကိုလည်း ထိခိုက်စေမှာ မဟုတ်ပေ။

ယခု သူမအလုပ်တွေ အနည်းနဲ့အများပြီးသွားပြီ ဖြစ်တာကြောင့် သူမ မတ်တပ်ရပ်လိုက်ပြီး ဘော့စ်ဖေးရဲ့ ရုံးခန်းဆီလျှောက်သွားလိုက်ပြီး US သို့သွားမည့် ခရီးစဉ်အကြောင်း ဆွေးနွေးဖို့ ပြင်ဆင်လိုက်ပါသည်။

All Chapters