← Chapters

အတွေးလွန်ရမယ်

Vol. 25 Ch. 364

အတွေးလွန်ရမယ်

Vol. 25 Ch. 364

တံခါးကို ခပ်ဖွဖွခေါက်ပြီးနောက် လီယာ့တာ ဘော့စ်ဖေးရုံးခန်းထဲ ဝင်လာခဲ့ပါသည်။

ဘော့စ်ဖေးကတော့ အရင်တိုင်းပင်။ အားလုံး သူ့လက်ခုပ်ထဲမှာ ရှိနေသလိုမျိုး တည်ငြိမ်အေးဆေးနေပါသည်။ အခုမှ အိပ်ရာနိုးလိုသလို တက်ကြွနေသည်။

"ဘော့စ်ဖေး ကျွန်မ US ကို ရက်နည်းနည်းလောက် ခရီးသွားချင်လို့..."

လီယာ့တာက ဘော့စ်ဖေးအတွက် အဓိပ္ပာယ်ရှိအောင် ဒီအခြေအနေကို ဘယ်လို ရှင်းပြရမလဲ ဆိုတာကို စဉ်းစားနေခဲ့သည်။ သို့သော်လည်း သူမ စကားတောင် ပြီးအောင် မပြောရသေး၊ ဘော့စ်ဖေး မျက်လုံးတွေ အရောင်တောက်သွားပြီး အားကြိုးမာန်တက် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းတာပေါ့။ အလုပ်လုပ်တာနဲ့ အနားယူတာကို ဟန်ချက်ညီညီထားဖို့ လိုတယ်။ နင် အခုတလော အလုပ်တွေ အရမ်းလုပ်နေတာ။ အနားယူဖို့လိုတာပေါ့။ အချိန်ကို တန်ဖိုးထားပြီး အထုပ်အပိုး မြန်မြန်ပြင်လိုက်တော့ အချိန်မရွေး သွားလို့ ရတယ်"

"တစ်ယောက်တည်း သွားမှာလား။ တခြားသူတွေနဲ့ သွားမှာလား။"

လီယာ့တာ အမြန်ပြန်ဖြေလိုက်သည်။ "ဘော့စ်ဖေး ကျွန်မတို့ ၆ ယောက် သွားမှာပါ။ လင်းဝမ်၊ ပေါင်ရှု၊ ဟောက်ချုံး၊ ယဲ့ကျစ်ကျိုး၊ ချန်းခန့်ထုံနဲ့ ကျွန်မရယ်ပါ။ ချန်းခန့်ထုံနဲ့ တခြားသူတွေက နှစ်ပတ်လည်အစည်းအဝေးပွဲမှာ ၅ ရက်တာ အားလပ်ရက်ခရီး ဆုမဲပေါက်ခဲ့တယ်လေ အဲ့တကြောင့်...."

လီယာ့တာ ရှင်းပြတာကိုကြားသောအခါ ဖေးချမ့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။

ဘာများလဲလို့ သူ တွေးနေမိခဲ့၏။ ဖြစ်ချင်တော့ နှစ်ပတ်လည် အစည်းအဝေးပွဲက ဆုကြောင့် ဖြစ်နေပါသည်။

လီယာ့တာလည်း အခြေအနေတွေကို နားလည်သွာားပြီး ရေသာခိုဖို့ နည်းလမ်းရှာနေတာဟု ဖေးချမ့် ထင်ခဲ့မိသည်။

ဘာမမဟုတ်တာအတွက် သူ ဝမ်းသာခဲ့မိပါသည်။

သို့သော်လည်း သူတို့ ၆ ယောက် ခရီး အတူတူထွက်တာာ သိပ်မဆိုးလှပေ။ လင်းဝမ်၊ လီယာ့တာ၊ ယဲ့ကျစ်ကျိုးတို့က သက်ဆိုင်ရာ ပရောဂျက်များရဲ့ အချက်အချာ အဖွဲ့ဝင်တွေ ဖြစ်ကြသည်။ သူတို့ မရှိပါက သူတို့ ပရောဂျက်တွေရဲ့ တိုးတက်မှုလည်း အနည်းငယ် နှောင့်နှေးသွားလိမ့်မည်။ ဖေးချမ့် ခေါင်းထပ်ငြိမ့်လိုက်ပါသည်။ "ဒါပေါ့။ ပြဿနာ မရှိပါဘူး"

"ပြန်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်လိုက်တော့။ ပျော်ပျော်နေခဲ့ကြ။ နင်တို့ လစာတွေကို ပုံမှန်အတိုင်းပဲ ပေးသွားမယ်။ အဲ့ကို ရောက်ရင်လည်း အလုပ်အကြောင်းကို စိတ်ပူမနေနဲ့။ အားလပ်ရက်ခရီးသွားတာဆိုတော့ ပျော်နိုင်သမျှ ပျော်ခဲ့ နားလည်လား"

ထိုစကားတွေကို ကြားပြီးနောက် လီယာ့တာ ရင်ထဲနွေးထွေးသွားခဲ့ပါသည်။

ဘော့စ်ဖေးက အလွန်သဘောကောင်းလွန်းသည်။

ဝန်ထမ်းတွေရဲ့ ခွင့်ရက် လျှောက်ထားမှုတိုင်း ရာနှုန်းပြည့် လက်ခံပေးသည်။ ထို့အပြင် အားလပ်ရက်မှာ ပျော်ပျော် နေကြဖို့လည်း ထပ်ခါထပ်ခါ ညွှန်ကြားသေးသည်။ ထို့အပြင် စိတ်မဖိစီးဖို့ အလုပ်အကြောင်း စိတ်မပူဖို့လည်း သတိပေးပါသည်။

ဘော့စ်ဖေးက လီယာ့တာကို သေချာရှင်းပြဖို့တောင် မပြောခဲ့ပါ။ သူမ တစ်ခွန်းမှတောင် ပြောဖို့ မလိုဘဲ နားလည်သွားသည်။

ဧကန္တ ဘော့စ်နဲ့ ဝန်ထမ်းတွေအကြားက စိတ်ချင်းဆက်သွယ်ပြီး အလိုလို နားလည်မှုဆိုတာ ဒါမျိုးလာား။။

"ကောင်းပါပြီ ဘော့စ်ဖေး နားလည်ပါပြီ"

လီယာ့တာ ကြည်နူးစွာဖြင့် ရုံးခန်းထဲက ပြန်ထွက်လာခဲ့သည်။

ဖေးချမ့် ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။ ဒီနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်၏။

ကျောင်းစာမေးပွဲ မတိုင်ခင် ၂ ပတ် လိုသေးသည်။

ဖေးချမ့် အရင်တစ်ခေါက်က ကျောင်းက လိုအပ်နေသည့် ကျောင်းသားများအတွက် ယွမ် ၅ သန်း လှူဒါန်းပေးခဲ့သည်။ သူ့မော်ဂျူးတွေအတွက် တာဝန်ရှိသူ ဆရာဆရာမများအား စကားနည်းနည်းပြောဖို့ သူ့တက္ကသိုလ်ဆရာကို အကူအညီတောင်းနိုင်သည်။ သူတို့ကလည်း ဖေးချမ့်အတွက် အဆင်ပြေအောင် လုပ်ပေးပါလိမ့်မည်။ သို့သော်... ဘော့စ်ဖေးက ဒီလိုအရာမျိုးလုပ်ပါ့မလား။

အမှန်ပင်။ သူ့ကိိုယ်ပိုင် စကေးနဲ့ စွမ်းရည်တို့ကိုသုံးပြီး မော်ဂျူးတွေကို အောင်မြင်အောင် လုပ်ရပါမည်။

မာယန်လို ငပျင်းမျိုးထက် ဘော့စ်ဖေး အခြေအနေ ပိုဆိုးသွားပါက ခေါင်းမော့ ရင်ကော့ နေနိုင်ပါဦးမလား။

ကိုယ့်ကိုယ်ကိုတောင် အထင်သေးသွားနိုင်ပါသည်။

ထို့ကြောင့် ဖေးချမ့် လုပ်စရာတွေ အများကြီးရှိသည်ဟု ခံစားလိုက်ရသည်။

ပလက်ဖောင်းထဲ ဝင်လိုက်ပြီး ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲအတွက် ရလဒ်များကို စစ်ဆေးကြည့်လိုက်သည်။ နှစ်ပတ်လည်အစည်းအဝေးပွဲမတိုင်ခင် မနေ့က ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို ဝန်ထမ်းသစ် ပထမအသုတ်က ဖြေဆိုခဲ့သည်။ နောက်ဆုံးမှာတော့ ဖေးချမ့် မျှော်လင့်ထားတာထက် အများကြီး အခြေအနေကောင်းနေပါသည်။

အောင်မြင်နှုန်းက အတော်လေး နိမ့်ကျနေတာကြောင့်ပင်။

စုစုပေါင်း လူ ၂၈ ယောက် စာမေးပွဲ ဖြေဆိုခဲ့သော်လည်း ၃ ယောက်သာ အောင်သည်။

ဖေးချမ့်က ထိုလူ ၃ ယောက်ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ထပ်သွားဖတ်လိုက်ပြီး သူတို့အကြောင်း ပိုနားလည်သွားအောင် လုပ်လိုက်သည်။ သူတို့က အနာဂတ်တွင် ထန်းတာ့ အားကိုးရမည့် ယုံကြည်စရာ စစ်သူကြီးများ ဖြစ်ကြပါသည်။

ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို တစ်ခေါက်တည်းနဲ့ အောင်သွားရလောက်အောင် ဒီလို အဖိုးတန်ဝန်ထမ်းတွေက ဘယ်လိုလူမျိုးမို့လို့လဲ။

အံ့အားသင့်ဖို့ကောင်းလောက်အောင် အောင်သွားတဲ့ လူ ၃ ယောက်စလုံးက ထန်းတာ့ဂိမ်းဌာနကပဲ ဖြစ်ကြသည်။

အမှတ်အမြင့်ဆုံးရတဲ့ ဝန်ထမ်းနာမည်က ဟူရှမ့်ပင် ဖြစ်သည်။ သူက ဟန်တုန်းတက္ကသိုလ်မှ သာမန်ဘွဲ့ရတစ်ယောက် ဖြစ်သည်။ တက္ကသိုလ်တက်စဉ်တုန်းကလည်း ဘာမှ အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့သူ ဖြစ်သည်။

နောက် ၂ ယောက်က မင်ကျင်းချောင်နဲ့ ကျန်းနန်(မိန်းကလေး) ဖြစ်သည်။ ဂိမ်းလောကထဲမှာ အတွေ့အကြုံ လုံးဝ မရှိသူတွေ ဖြစ်ကြသည်။ သူတို့ ထန်းတာ့ထဲ မဝင်ရောက်ခင်တုန်းက မင်ကျင်းချောင်မှာ စာရင်းကိုင်ဖြစ်ပြီး ကျန်းနန်က ဖက်ရှင် ဒီဇိုင်နာ ဖြစ်သည်။

သူတို့ ကိုယ်ရေးအကျဉ်းတွေက ဘော့စ်ဖေးအတွက် ပြီးပြည့်စုံလွန်းပါသည်။

ကြည့်ရတာ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲများက အတော်လေး အသုံးဝင်ခဲ့သည့်ပုံပင်။ ဒီလောထဲမှာ အတွေ့အကြုံရှိသူတွေက စစ်ထုတ်ခံလိုက်ရပြီး ရေသာခိုသူတစ်သိုက်သာ ရွေးချယ်ခံလိုက်ရသည်။

ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကလည်း အကျိုးရှိကြောင်း သက်သေပြခဲ့ပါပြီ။ အောင်မြင်သွားတဲ့ ဝန်ထမ်း ၃ ယောက်စလုံးက ထူးချွန်တဲ့ ရေသာခိုသမားတွေဖြစ်ကြမည့်ပုံပင်။

အမှန်ပင်။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး အကဲဖြတ်လို့တော့ မရပေ။ ဘော့စ်ဖေးက စိတ်မဖတ်တတ်ပါ။ ဒီ ၃ ယောက်က သူ လိုအပ်နေတဲ့ ပါရမီရှင်မျိုးတွေဆိုတာ အာမခံနိုင်မယ့် နည်းလမ်းတော့ လောလောဆယ် မရှိသေးပါ။

သို့သော်လည်း ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက စာမေးပွဲအတွက် မေးခွန်းများကို ဂရုတစိုက် ဖန်တီးခဲ့တာ ဖြစ်သည်။ ဒီ ၃ ယောက်က အများစုကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့သည်။ အနည်းဆုံးတော့ သူတို့အသုတ်က တခြားလူတွေထက် ထန်းတာ့ခံယူချက်ကို အများကြီး ပိုနားလည်ကြောင်း သက်သေပြပြီးသား ဖြစ်သွားပါပြီ။

ဆိုရိုးစကားတစ်ခု ရှိသည်။ ဘဲလို လမ်းလျှောက်၊ ဘဲလို စကားပြောပြီး ဘဲတစ်ကောင်လို အစားစားလျှင် ဘဲတစ်ကောင်ပဲ ဖြစ်သည်။

စာမေးပွဲကလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ ဒီဝန်ထမ်းတွေရဲ့ ရင်ထဲမှာ ဘာတွေရှိနေသလဲဆိုတာ အရေးမကြီးပေ။ သူတို့ စာမေးပွဲကို အောင်မြင်ပြီး သူတို့အလုပ်အတွက်လည်း ဒီလိုစိတ်မျိုး ထားနိုင်ပါက ဘော့စ်ဖေး လိုအပ်တဲ့ ရေသာခိုသူတွေပဲ ဖြစ်လိမ့်မည်။

ထို့အပြင် အချိန်တွေကုန်လွန်လာတာနဲ့အမျှ စာမေးပွဲအောင်မြင်နှုန်းက တိုးလာမှာကိုလည်း ဖေးချမ့် ကောင်းကောင်း သိပါသည်။

ဘာပဲဖြစ်ဖြစ် ဝန်ထမ်းတွေ စာမေးပွဲအကြောင်း ဆွေးနွေးကြမှာကို သူ တားလို့ မရပါ။

သို့သော်လည်း ဝန်ထမ်းသစ်တွေက အဖြေမှန်ကို ဖြည်းဖြည်းချင်း လေ့လာနိုင်ပြီး ဘော့စ်ဖေးရဲ့ အရိပ်အမြွက်ကို မှန်မှန်ကန်ကန် အဓိပ္ပာယ်ကောက်နိုင်ပါက အချိန်ပိုလုပ်တာကို မသိစိတ်က ဆန့်ကျင်လာကြပြီး အချိန်ပိုလစာလည်း ပိုတောင်းကာ သက်ဆိုင်ရာ ဌာနတွေမှာ အထောက်အကူ ပြုနိုင်လိမ့်မည်။

ဒီလိုဆို ဖေးချမ့် ရည်ရွယ်ချက်တွေ အကောင်အထည် ပေါ်လာပါပြီ။

ရှန်းဟွာဗျူး ၁၇ ထပ်မြောက်၊ ထန်းတာ့ဂိမ်းတွင်....

အစည်းအဝေးခန်းထဲ၌....

လီယာ့တာတစ်ယောက် ဒီဇိုင်းအဖွဲ့မန်ဘာတွေအတွက် အလုပ်တာဝန်များ ခွဲဝေပေးပြီးခါစ ဖြစ်သည်။

သူမ US ကိုသွားဖို့ ဗီဇာလည်း ရပြီးပါပြီ။ ဒီကုန်ကျစရိတ်အားလုံးကို ကုမ္ပဏီဆီက ပြန်ရနိုင်မှာဖြစ်တာကြောင့် အားလုံးက အချိန်တိုအတွင်း ရနိုင်မည့် အမြန်ချောပို့ဗီဇာများကို လျှောက်ထားခဲ့ကြသည်။

လီယာ့တာက အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှ ရရှိထားသည့် အကြံပြုချက်များကို စုစည်းလိုက်သည်။ ဂိမ်းဗားရှင်းအသစ်ကိုလည်း ဖန်တီးပြီးသွားပါပြီ။ လီယာ့တာက ဒီဇိုင်းအဖွဲ့က ဝန်ထမ်းများကို ထိုပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြဖို့သာ လိုသည်။ ထို့နောက် သူမ US ကိုသွားပြီး ကုန်ကြမ်းလေ့လာတာနဲ့ GOG ဖန်တီးမှု လုပ်ငန်းစဉ် နှောင့်နှေးသွားမှာ မဟုတ်မှန်း စိတ်ချနိုင်ပါပြီ။

သူတို့ ဆွေးနွေးပြီးတာနဲ့ အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။

သို့သော်လည်း လီယာ့တာက ဟူရှမ့်ပင်ကို တမင်သက်သက် နေခဲ့ခိုင်းပါသည်။

အားလုံး အခန်းထဲက ထွက်သွားတာနဲ့ လီယာ့တာ တံခါးပိတ်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဟူလေး ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲရဲ့ မေးခွန်းတွေက ဘာလဲ။ ငါ့ကိုတိုးတိုးလေးပြောပြ"

ဟူရှမ့်ပင် "...."

မြင်ကွင်းက အတော်လေး ထူးဆန်းနေပါသည်။

ထန်းတာ့ရဲ့ ဌာနခေါင်းဆောင်တစ်ယောက်က ရာထူးရထားတာ မကြာသေးသည့် အလုပ်သင်တစ်ယောက်က လမ်းညွှန်မှုနဲ့ အချက်အလက်တွေ လာမေးနေသည်။

သို့သော်လည်း လီယာ့တာက တကယ် မသိတာ ဖြစ်ပါသည်။

တကယ်တော့ မသိတာ သူမ တစ်ယောက်တည်း မဟုတ်ပေ။ ထန်းတာ့ရဲ့ ဌာနခေါင်းဆောင်တိုင်းလည်း မသိကြပေ။

ဘော့စ်ဖေးကိုယ်တိုင် ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲမေးခွန်းများကို ဖန်တီးထားတာ ဖြစ်သည်။ အဖြေလွှာများကိုလည်း စနစ်က အလိုအလျောက် အမှတ်ပေးသွားကာ မေးခွန်းဘဏ် သို့မဟုတ် အဖြေလွှာများကို ဘယ်သူမှ စစ်ဆေးခွင့် မရှိပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဟူရှမ့်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ လီယာ့တာက ဘာလို့ အဲ့တာကို စိတ်ဝင်စားတာလဲ။

မေးခွန်းတွေက ဘယ်လိုလဲဆိုတာ မသိလည်း ဘာဖြစ်လဲ။ သူက ဌာနခေါင်းဆောင်တောင်ဖြစ်နေပြီမဟုတ်ဘူးလား။ စာမေးပွဲ ဖြေစရာမှ မလိုတာ။

"ဒီတိုင်း ရိုးရိုးရှင်းရှင်း အဖြေမှန်ရွေး မေးခွန်းတွေပါ။ အစ်မလီ ဘာလို့ ဒါတွေ လာမေးနေတာလဲ။ ရုံးမှာ မေးခွန်းတွေအကြောင်း မပြောရဘူးလို့ စည်းကမ်းထဲမှာ ပါတယ် မဟုတ်ဘူးလား"

လီယာ့တာက တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ "ငါလည်း မပြောချင်ပါဘူး... ဒါပေမယ့် တခြားဌာနခေါင်းဆောင်တွေက ငါ့ကို လာမေးနေလို့"

မနေ့က နှစ်ပတ်လည်အစည်းအဝေးပွဲပြီးနောက် ဌာနခေါင်းဆောင်များစွာက လီယာ့တာကို ချဉ်းကပ်ပြီး ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲအကြောင်းကို မေးခဲ့ပါသည်။

အမှန်ပင်။ လီယာ့တာမှာ စာမေးပွဲနဲ့ ပတ်သက်ပြီး ဘာမှ မသိရပါ။ သို့သော် သူမလက်အောက်က ဝန်ထမ်းသစ်တွေကတော့ ကျိန်းသေပေါက် စာမေးပွဲအကြောင်းကို သိပါလိမ့်မည်။

စာမေးပွဲဖြေဆိုသည့် ဝန်ထမ်းသစ် ၂၀ ဝန်းကျင်တွင် ၃ယောက်သာ အောင်သွားမှန်း ဌာနခေါင်းဆောင်များစွာ သိကြပါသည်။ ထို့အပြင် အားလုံးက ဂိမ်းဌာနက ဖြစ်ကြသည်။

ထို့ကြောင့် သူတို့ လီယာ့တာကို ချဉ်းကပ်ကာ မေးမြန်းကြသည်။

ဌာနခေါင်းဆောင်တွေ ဘာကြောင့် စိတ်ဝင်စားနေတာလဲဆိုတာကတော့...

မသိသာလွန်းဘူးလား။

ဝန်ထမ်းသစ်တွေသာ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို ကျသွားပါက သူတို့ အလုပ်ဖြုတ်ခံရလိမ့်မည်။

ဌာနခေါင်းဆောင်တွေက ဒီဝန်ထမ်းတွေကို ခန့်အပ်ဖို့ အများကြီး အလုပ်ရှုပ်ခဲ့ရပြီးပြီ။ သူတို့ အကူအညီများစွာကို လိုအပ်ခဲ့သည်။ ဝန်ထမ်းတွေကို ဒီလို စတေးလိုက်လို့ ဖြစ်ပါ့မလား။

ဝန်ထမ်းသစ်တွေအားလုံး ဒီလိုနဲ့ အလုပ်ဖြုတ်ခံလိုက်ရပါက အရင်က သူတို့ ကြိုးစားထားခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားရုံသာမကဘဲ ဝန်ထမ်းသစ်တွေတစ်ယောက်မှာ ဘော့စ်ဖေးရဲ့ စံနှုန်းကို မှီသဖြင့် ဝန်ထမ်းခေါ်ယူမှု စာမေးပွဲတုန်းက ဌာနခေါင်းဆောင်တွေ အလုပ် သေချာ မလုပ်ခဲ့သလို ဖြစ်သွားကြလိမ့်မည်။

ဒီလိုဖြစ်ခွင့်ပေးလို့ ရပါ့မလား။

ထို့ကြောင့် ဌာနခေါင်းဆောင်တွေက ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကျသွားသည့် ဝန်ထမ်းတွေအတွက် အလွန် စိတ်ပူနေကြသည်။ စာမေးပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ရှာဖွေဖို့ စိတ်အားထက်သန်နေကြသည်။ ဒါမှ သူတို့ရဲ့ တွေးပုံခေါ်ပုံတွေကို ပြောင်းလဲပြီး ဘော့စ်ဖေးရဲ့ စံနှုန်းနဲ့ ကိုက်ညီနိုင်မှာဖြစ်ပါသည်။

လီယာ့တာလည်း ရွေးချယ်စရာ မရှိတော့ဘဲ စာမေးပွဲအကြောင်းကို ခိုးမေးလိုက်ရတော့သည်။

ဟူရှမ့်ပင်က မျက်မှောင်ကြုတ်ပြီး စာမေးပွဲအကြောင်းကို ခက်ခက်ခဲခဲ ပြန်စဉ်းစားလိုက်ပါသည်။

"မေးခွန်းတွေကို တစ်လုံးချင်း မှတ်မိဖို့ကတော့ ခက်ခဲလိမ့်မယ်။ တကယ်တော့ မဖြစ်နိုင်ဘူးလို့တောင် ထင်တယ်"

"မေးခွန်းတွေက အများကြီးဗျ။ အများစုကလည်း တစ်ခုနဲ့ တစ်ခု ဆင်တူကြတယ်။ စကားလုံးလေး တစ်လုံးလောက်ပဲ ပြောင်းလဲသွားတာ ဆိုပေမယ့် အဖြေမှန်က လုံးဝ ပြောင်းလဲသွားလိမ့်မယ်"

"ပြီးတော့ ကျွန်တော် ဘယ်မေးခွန်းကို မှန်ခဲ့တာလဲ ဘယ်မေးခွန်းကို မှားခဲ့တာလဲဆိုတာတောင် တိတိကျကျ မသိဘူး။ မေးခွန်းတွေက အရမ်း များတာကိုး"

"ကျွန်တော် မှားခဲ့တဲ့ မေးခွန်းကိုပဲ ပြန်တွေးမိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့် အဖြေမှားကြီးကို ခန့်မှန်းပြီး အားလုံး လမ်းမှားရောက်ကုန်ကြလိမ့်မယ်။ အဲ့တာဆို သူတို့ စာမေးပွဲကို ဆိုးဆိုးရွားရွား ကျမသွားနိုင်ဘူးလား။ အကျိုးဆက်က တော်တော်ဆိုးရွားမှာ"

လီယာ့တာလည်း သူပြောတာ ခဏလောက် စဉ်းစားကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက် ခေါင်းငြိမ့်လိုက်ရပါသည်။

သူ ပြောတာ မှန်ပါသည်။

ဘော့စ်ဖေး စီစဉ်ထားတာ တော်တော်ကောင်းတယ်ဆိုတာကိုတော့ ဝန်ခံရမည်။ သူတို့ အခွင့်ကောင်းယူဖို့ ဟာကွက်တောင် မရှိပါ။

ဟူရှမ့်ပင်က မေးခွန်းတွေ အများကြီးကို မှတ်မိရင်တောင် ဘယ်တစ်ခုကို မှန်ပြီး ဘယ်တစ်ခုကို မှားခဲ့သလဲဆိုတာ သိရမှာ မဟုတ်ပေ။ သူ့မှတ်ဉာဏ်တစ်ခုတည်းကို အားကိုးပြီး စာမေးပွဲမေးခွန်းအတွက် အဖြေမှန်တွေကို ခန့်မှန်းဖို့က မဖြစ်နိုင်သလောက် ရှိပါသည်။ "ဒါဆို နင် မျှဝေပေးလို့ရမယ့် အတွေ့အကြုံတွေ ဘာတွေ ရှိလား"

လီယာ့တာက တခြားရှုထောင့်မှ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြည့်လိုက်သည်။ ဟူရှမ့်ပင်က ခေတ္တ တိတ်ဆိတ်သွားပြီး ပြန်ပြောလိုက်၏။ "အတွေးလွန်တာ ကောင်းလိမ့်မယ်"

လီယာ့တာ မေးလိုက်၏။ "ဟမ်"

ဟူရှမ့်ပင် ရှင်းပြသည်။ "မေးခွန်းတွေက ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ အများကြီး ပိုလေးနက်တယ်"

"အဲ့ဒီမေးခွန်းတွေက ဘော့စ်ဖေး စကားပြောတဲ့ပုံစံကိုတောင် ပြန်အမှတ်ရစေတယ်။ သူက ကျွန်တော်တို့ကို ရိုးရိုးရှင်းရှင်းစကားတွေပြောပြီး အရမ်းလေးနက်တဲ့ သီအိုရီတွေကို ရှင်းပြလေ့ရှိတာ မဟုတ်လား။ အဲ့ဒီမေးခွန်းတွေကို အပေါ်ယံပဲ ကြည့်မိဆိုရင် နောက်ကွယ်က လေးနက်တဲ့ အဓိပ္ပာယ်ကို နားလည်နိုင်မှာ မဟုတ်ဘူး"

"အဲ့တာကြောင့် ကျွန်တော့်အတွေ့အကြုံအရဆိုရင် အတွေးလွန်တာ ပိုကောင်းတယ်လို့ထင်တယ်။ အဲ့တာ ကျွန်တော်တို့ အားလုံး ဒီဌာနမှာ အလုပ်လုပ်နေတုန်း သင်ယူခဲ့ရတဲ့ အရာပဲ မဟုတ်ဘူးလား"

"ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်တွေကို အကြွင်းမဲ့ လိုက်နာရမယ်လို့လည်း ပြောချင်သေးတယ်"

"ကျန်တာကတော့... ကျွန်တော်လည်း အကျဉ်းမချုပ်တတ်တော့ဘူး"

လီယာ့တာ ခေါင်းငြိမ့်လိုက်သည်။ ဘောစ့်ဖေး ဖန်တီးမယ့် မေးခွန်းတွေလိုပင်။ အတွေးလွန်လွန်တွေးပြီး ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာဖို့က လီယာ့တာရဲ့ အလုပ်အတွေ့အကြုံနဲ့လည်း ကိုက်ညီမှုရှိသည်။ ဧကန္တ ထန်းတာ့ခံယူချက်ဆိုတာ ဒါလား။

မဖြစ်နိုင်လောက်ပါ။ ဘာပဲဖြစ်ဖြစ် ထန်းတာ့ခံယူချက်ကို ဘော့စ်ဖေးက ဖန်တီးထားတာ ဖြစ်သည်။ ဘော့စ်ဖေးရဲ့ စိတ်က နဂါးငွေ့တန်းကြီးတစ်ခုလိုပင်။

သို့သော်လည်း... ထန်းတာ့ခံယူချက်ရဲ့ တစ်စိတ်တစ်ပိုင်းတော့ ဖြစ်နိုင်တယ်မဟုတ်လား။ လီယာ့တာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ ကျေးဇူးပါ"

သူမ အလုပ်စားပွဲကိုပြန်ရောက်တော့ သူမ ရရှိလိုက်တဲ့အဖြေတွေကို စာမေးပွဲအကြောင်း လာမေးထားသည့် ဌာန ခေါင်းဆောင်များထံ ပို့ပေးလိုက်ပါသည်။

"ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲအတွက် စိတ်ထဲမှာ မှတ်ထားရမယ့် အဓိက သဘောတရား ၂ ခု ရှိတယ်"

"ပထမတစ်ခုက အတွေးလွန်လွန် တွေးတတ်ဖို့နဲ့"

"ဒုတိယတစ်ခုက ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်တွေကို အကြွင်းမဲ့ လိုက်နာတတ်ဖို့ပဲ"

"အဲ့တာ လမ်းမှန် ဟုတ်လား မဟုတ်လားတော့ မသေချာပေမယ့် ကြိုးစားကြည့်သင့်တယ်"

All Chapters