သိုင်းပညာရှင်များအတွက် မရှိမဖြစ်
Vol. 25 Ch. 365
ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ကြာသပတေးနေ့...
ချန်းယောင်တစ်ယောက် ခပ်လန့်လန့်ဖြင့် ဘော့စ်ဖေး၏ ရုံးခန်းပြင်ပကို နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်လေပြီ။ အရင်တစ်ခေါက် လာခဲ့တာက လွန်ခဲ့သည့် ၂ ပတ်ကျော်တုန်းက ဖြစ်ပါသည်။ ချန်းယောင် ယုံကြည်ချက် အလွန်ပြည့်ဝနေသည့် အော့တို OS ကို ယူလာပြခဲ့သည်။ နောက်ဆုံးမှာတော့ ဘယ်ကမှန်း မသိဘဲ Bug တွေ အများကြီး ပေါ်လာခဲ့ပါသည်။ ပရောဂျက်တစ်ခုလုံး ကျရှုံးသွားခဲ့သည်။
ဘော့စ်ဖေးက စနစ်၏ မတည်ငြိမ်မှုအတွက် ဝေဖန်ချက်တချို့ ထုတ်ခဲ့ပြီး ချန်းယောင်ကို မလိုအပ်တဲ့ အသေးစိတ်တွေထက် တည်မြဲမှုကိုသာ ဦးစားပေးဖို့ ပြောခဲဲ့သည်။
ဒီတစ်ခေါက် ဘော့စ်ဖေးကို ချန်းယောင်အဓိက ပြချင်တာ ၂ ချက် ရှိပါသည်။
ပထမတစ်ချက်က အော့တို OS ကို အဆင့်မြှင့်တင်ထားကြောင်း ဘော့စ်ဖေးကို ပြချင်ခြင်း ဖြစ်သည်။ အရင်တစ်ခေါက်နဲ့ ဘာမှ မပြောင်းလဲသွားပါ။ အရင်ကအရာတွေအားလုံး ပါဝင်နေဆဲ ဖြစ်သည်။ တကယ်တော့ တည်မြဲမှုကို အဆင့်မြှင့်တင်ဖို့အတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ချန်းယောင် ဖယ်ရှားခဲ့ရသည်။
သူ့ရည်ရွယ်ချက်က စနစ်ကို Bug တွေ သိပ်ပေါ်မလာဘဲ အတတ်နိုင်ဆုံး တည်မြဲအောင် လုပ်ဆောင်ဖို့ ဖြစ်သည်။ ထို့နောက် ဘော့စ်ဖေးကို အစီရင်ခံတင်ပြလိုက်ပါမည်။
ထို့အပြင် အော့တိုနည်းပညာရဲ့ ပထမဆုံး ဆဲလ်ဖုန်း Prototype ကိုလည်း ပြသချင်သေးသည်။
အော့တိုနည်းပညာကို တည်ထောင်ခဲ့တာ ၂ လ ကြာခဲ့ပါပြီ။ တကယ့် ပထမ အဆင့်မှီ ပြည်တွင်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ချန်းယောင် ဝန်ခံရမည်။ ပထမဆုံး Prototype ကို ဖန်တီးရာတွင် အတော်လေး ချောမွေ့ခဲ့ကြပါသည်။ သို့သော်လည်း လက်ထဲမှာ Prototype ကို ကိုင်ထားရတာ ချန်းယောင်ခပ်လန့်လန့် ဖြစ်နေပါသည်။
သူ ယုံကြည်ချက် လုံးဝ မရှိပေ။
ဘော့စ်ဖေးကို မပြသရဲသော်လည်း ထုတ်လုပ်ပြီးသား ဖြစ်နေသည်။ ဘော့စ်ဖေးကို ကြည့်ခွင့်ပေးရပါမည်။
သူ မကျေနပ်သေးပါက ချန်းယောင် ပြုပြင်ချက်တချို့ လုပ်ရဦးမည်။
အခန်းထဲ ဝင်မလာခင် ချန်းယောင် မျက်လုံးမှိတ်လိုက်ပြီး Bug တွေ သိပ်မပေါ်လာဖို့ ကောင်းကင်ဘုံကို ဆုတောင်းလိုက်ပါသည်။ ထို့နောက် တံခါးခေါက်လိုက်၏။
'ဝင်ခဲ့'ဟူသည့်အသံကို ကြားတာနဲ့ ချန်းယောင် တံခါးကို တွန်းဖွင့်လိုက်ကာ ဘော့စ်ဖေးဆီ လာရခြင်း အကြောင်းအရင်းကို ရှင်းပြလိုက်ပါသည်။
ဖေးချမ့်က ပျော်ပျော်ပဲ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ ငါကြည့်ဦးမယ်"
ဖေးချမ့် ဒီဆဲလ်ဖုန်းကို အတော်လေး စိတ်ဝင်စားပါသည်။ ဘာပဲဖြစ်ဖြစ် ဒါက ထန်းတာ့ ထုတ်လုပ်ထားသည့် ပထမဆုံး ထုတ်ကုန်ပစ္စည်း ဖြစ်သည်။
ဒီ့မတိုင်ခင်က ထန်းတာ့ ဂိမ်းတွေ အများကြီးကိုသာ ထုတ်လုပ်ခဲ့ဖူးပါသည်။ ထိုဂိမ်းများကို ကွန်ပျူတာ သို့မဟုတ် ဂိမ်းစက်တွေနဲ့သာ ကစားနိုင်ကြသည်။ ဂိမ်းတွေကို လက်ထဲမှာ ဒီတိုင်း ကိုင်ပြီး ကစားလို့ ရတာမျိုး မဟုတ်ပါ။
ROF က ကွန်ပျူတာ တပ်ဆင်ရေးလုပ်ငန်းဖြစ်သော်လည်း ၎င်းရဲ့ ထုတ်ကုန်တွေကလည်း DIY ကွန်ပျူတာတွေနဲ့ သိပ်မခြားနားလှပေ။
ဒီဆဲလ်ဖုန်းကတော့ ခြားနားပါသည်။ ODM ကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်သော်လည်း ဆဲလ်ဖုန်းတွေက ပစ္စည်းပေါင်းစပ်မှု အဆင့်မြင့်မားသည့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ ဖန်တီးထားသည့် ဆဲလ်ဖုန်းက ပိုပြီး ထူးခြားပါသည်။
ဖေးချမ့် လက်ထဲကို ချန်းယောင် 'အုတ်ခဲကြီး'တစ်လုံး ထည့်ပေးလိုက်သလိုပင်။
... အလွန်လေးလံလွန်းပါသည်။
သူ့လက်ပေါ်က အလေးချိန်ကို ဖေးချမ့် ခံစားမိသည်။ "ဒီဆဲလ်ဖုန်းက ဘယ်လောက်လေးတာလဲ"
ရှက်ရွံ့စွာဖြင့် ချန်းယောင် ပြန်ဖြေလိုက်သည်။ "၂၄၇ ဂရမ်ပါဗျ"
ဖေးချမ့် တိတ်ဆိတ်သွားပါသည်။
ကောင်းလိုက်တာ ဆိုတာကလွဲပြီး တခြား ဘာပြောရမှန်းတောင် မသိတော့ပေ။
ဒီအလေးချိန်က ဘာကို ဆိုလိုတာလဲ။
ယခုအချိန်မှာ ရေပန်းစားနေသည့် ဆဲလ်ဖုန်းများက သေးငယ်ကြသည်။ ဥပမာ မျိုးဆက်များစွာ ထုတ်လုပ်ခဲဲ့သည့် Pineapple ၏ Flagship မော်ဒယ်များ ဖြစ်သည်။ ၎င်းတို့အားလုံးက ၁၄၀ ဂရမ်လောက် လေးကြသည်။ ပိုကြီးမားတဲ့ မော်ဒယ်တွေက ၁၉၀ ဂရမ်လောက်သာ လေးကြသည်။
တကယ်တော့ ၂၀၀ ဂရမ်ကျော်လေးတဲ့ ဖုန်းတစ်လုံးက အားပျော့သည့် မိန်းကလေးများအတွက် အတော် လေးလံနေပြီဟု သတ်မှတ်နိုင်ပါသည်။ ၂၅၀ ဂရမ်လောက် လေးသည့် ဆဲလ်ဖုန်းများဆို အားကစားသမားနဲ့ သိုင်းပညာရှင်တွေသာ သယ်နိုင်လိမ့်မည်ဟု ပြောနိုင်ပါသည်။
သူ့လက်ထဲက ဆဲလ်ဖုန်းရဲ့ အလေးချိန်အကြောင်း ဖေးချမ့် စဉ်းစားချင့်ချိန်လိုက်သည်။
အင်း... ဒီဖုန်းနဲ့ တစ်ယောက်ယောက်ကို ထုလိုက်လို့ကတော့ တော်တော် ကောင်းမှာပဲ။
ချန်းယောင်လည်း သူ့ဖုန်း အတော်လေးမှန်း သိပါသည်။ ရှက်ရွံ့စွာဖြင့် သူ ပြောလိုက်၏။ "ဘော့စ်ဖေး။ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ မရှိလို့ပါ။ ဆဲလ်ဖုန်းထဲမှာ ပစ္စည်းတွေ အများကြီး ရှိနေတာကြောင့်ပါ"
"Refresh Rate မြင့်တဲ့ မော်နီတာ၊ ၅၈၀၀mAh ဘက်ထရီ၊ နောက်ဆုံးပေါ် microchip၊ သီးသန့်ထုတ်လုပ်ထားတဲ့ အအေးပေးစနစ်၊ အလျားလိုက် မော်တာတစ်လုံး..."
"အဲ့တာတွေ အကုန်လုံး ပေါင်းလိုက်တာကြောင့် တော်တော်လေး သွားတာပါ"
ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။
အမှန်ပင် ဖုန်းကို ယွမ် ၈,၀၀၀ တန်စေဖို့အတွက် ဒီလိုလုပ်ဖို့ကလွဲပြီး သူတို့မှာ တခြား ရွေးချယ်စရာ မရှိပေ။
ပစ္စည်းများများမထည့်နိုင်ဘဲ ဆဲလ်ဖုန်းရဲ့တန်ဖိုးက ယွမ် ၈,၀၀၀ မတန်ပါက ဖေးချမ့်ကို ဆဲလ်ဖုန်းအား စျေးနှုန်းမြင့်မြင့်နဲ့ ရောင်းချဖို့ စနစ်က ခွင့်ပေး ပေးမှာ မဟုတ်ပါ။
သို့သော်လည်း ဆိုလိုတာက ဆဲလ်ဖုန်း အတော်လေး လေးလံမည့် သဘော ရှိသည်။
ဘာပဲဖြစ်ဖြစ် တခြားဆဲလ်ဖုန်းတွေက အလွန်ဆုံး ၂,၀၀၀ - ၃,၀၀၀ mAh ဘက်ထရီများသာ ဖြစ်သည်။ ဒီတစ်လုံးက ၆,၀၀၀ နီးပါး ရှိ၏။ ထို့ကြောင့် မလေးမှ အံ့သြဖို့ကောင်းနေပါဦးမည်။
ဖေးချမ့်အတွက် လေးတာက ကောင်းတဲ့အရာဖြစ်သည်။ တကယ်တော့ ဆဲလ်ဖုန်းကို IQ ခွန်ကောက်တဲ့ ၂၅၀ ဂရမ် စက်ကြီးတစ်လုံးလို အားလုံး သဘောထားကြရင် အကောင်းဆုံး ဖြစ်ပါသည်။ ဒါမှ အော့တိုနည်းပညာလည်း ဆဲလ်ဖုန်းတွေ ရောင်းမထွက်ဘဲ ဂိုထောင် လက်ကျန်ပစ္စည်းတွေ စုပုံလာမှာ ဖြစ်သည်။
အမှန်ပင်။ ဒီလိုကြုံတွေ့ခဲ့တဲ့ ဆဲလ်ဖုန်း ထုတ်လုပ်သူများအကြောင်းကို ဖေးချမ့် သိပါသည်။ ဥပမာတစ်ခု ပေးရလျှင် ဂိမ်းဖုန်းများကို ထုတ်လုပ်သူတွေ ဖြစ်ကြပါသည်။
သို့သော်လည်း လက်ရှိစျေးကွက်က ဂိမ်းဖုန်းတွေကို စတင်မိတ်ဆက်ခဲ့သည့် စျေးကွက်နဲ့ အနည်းငယ် ခြားနားမှု ရှိနေသေး၏။
ပထမဆုံး ဂိမ်းဖုန်းတွေက စျေးကွက် အသေးစားလေး တစ်ခုအတွက်သာ နှစ်လိုဖွယ်ကောင်းပါသည်။
ဆဲလ်ဖုန်းတွေက ကွန်ပျူတာလို မဟုတ်ပေ။ ပေါင်းစပ်မှုအဆင့်မြင့်မားသည့် ဒစ်ဂျစ်တယ်ပစ္စည်းထုတ်ကုန်များ ဖြစ်ကြပါသည်။
ကွန်ပျူတာတွေကို လိုအပ်ချက်အတိုင်း ချိန်ညှိသွားလို့ ရသည်။ ဂိမ်းလက်ပ်တော့တစ်ခုနဲ့ ပေါ့ပါးသည့် Notebook တစ်လုံးတို့က ပုံသဏ္ဌာန်အားဖြင့်ကော အသုံးပြုပုံပြုနည်းအားဖြင့်ကော အလွန် ခြားနားလေ့ ရှိကြသည်။ ထို့ကြောင့် တစ်ခုကို တစ်ခု အစားမထိုးနိုင်ကြပေ။
သို့သော်လည်း ဂိမ်းဖုန်းတွေနဲ့ သာမန်ဖုန်းတွေကတော့ ထိုကဲ့သို့ မဟုတ်ပါ။
တစ်ချိန်တည်းမှာပဲ ဆဲလ်ဖုန်းတွေမှာ လုပ်ဆောင်ချက်တွေ အများကြီး ရှိသည်။ ဓာတ်ပုံရိုက်ဖို့၊ ဗီဒီယိုရိုက်ဖို့ စသည်ဖြင့် လူတွေက သုံးစွဲတတ်ကြသည်။ ဆဲလ်ဖုန်းအသုံးပြုသူအများစုက ဗီဒီယိုကြည့်ခြင်း၊ Chatting ဆော့ဖ်ဝဲများသုံးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း အစရှိသည့် နေ့စဉ်လုပ်ဆောင်ချက်များကိုသာ အသုံးပြုဖို့ အသားပေးကြသည်။ ဂိမ်းကစားခြင်းကတော့ ဆဲလ်ဖုန်းတစ်လုံးရဲ့ အပိုလုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါသည်။
ထို့ကြောင့် ဂိမ်းရသကောင်းကောင်းတစ်ခုရဖို့အတွက်နဲ့ မကောင်းတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေနဲ့ သယ်ရပြုရ ခက်ခဲသည့် ဆဲလ်ဖုန်းများအတွက် တူညီတဲ့ ငွေပမာဏကို သုံးရတာက ဖြုန်းတီးရာကျသည်ဟု လူအများစုက ထင်နိုင်ပါသည်။
အမှန်ပင်။ ဂိမ်းဖုန်းတစ်လုံးက အမာခံမိုဘိုင်းဂိမ်မာတွေအတွက်တော့ ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နိုင်ပါသည်။
သို့သော်လည်း ပြဿနာ ၂ ခု ရှိသေးသည်။
မိုဘိုင်းဂိမ်းစျေးကွက်က ဒီကမ္ဘာမှာ မတိုးတက်သေးပါ။
လောလောဆယ် စျေးကွက်ထဲမှာ ရေပန်းစားနေတဲ့ ဂိမ်းတွေက ကတ်ဂိမ်းတွေသာ ဖြစ်သည်။ Bloody Battle Song ကဲ့သို့ မိုဘိုင်းစစ်ပွဲဂိမ်းများက အလွန်ကြမ်းလွန်းသည်ဟု သတ်မှတ်ခံရသဖြင့် ရှားပါးလာသည်။
သိပ်မကြမ်းလွန်းတဲ့ ဂိမ်းတွေက Refresh Rate မြင့်တဲ့ ဖန်သားပြင်တွေ မလိုပါ။ ဘက်ထရီတွေလည်း အများကြီး မလိုအပ်ကြပါ။
ထို့ကြောင့် သုံးစွဲသူတွေရဲ့ ရှုထောင့်က ကြည့်ပါက အော့တိုနည်းပညာရဲ့ ဆဲလ်ဖုန်းမှာ... ဘာမှ အသုံးမဝင်ပေ။
ဘယ်သူမှ မကြားဖူးတဲ့ ကျပန်း ဘရန်းတစ်ခုက ထုတ်လုပ်ထားတာဖြစ်ပြီး အလွန်လည်း လေးလံသည်။ ထိုအချက် ၂ ချက်တည်းနဲ့တဲ့ သုံးစွဲသူတွေရဲ့ ပထမဆုံးအမြင်မှာ အတော်လေး ဆိုးရွားသွားနိုင်ပါသည်။
ဘော့စ်ဖေး လေးလေးနက်နက် တွေးနေတာကိုမြင်ပြီး Prototype ကို သဘောမကျဘူးဟု ချန်းယောင်ထင်သွားသည်။ ထို့ကြောင့် သူမြန်မြန်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒါက Prototype ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အမြောက်အများ မထုတ်လုပ်ရသေးပါဘူး"
"အရမ်းလေးတယ်လို့ထင်ရင် တခြားနည်းလမ်းတွေ စဉ်းစားလို့ ရတယ်။ ဥပမာ ဘက်ထရီအားကို ၄,၀၀၀ mAh အထိ လျှော့ချပစ်လိုက်လို့ ရတယ်။ အဲ့တာဆို ဆဲလ်ဖုန်းရဲ့ အလေးချိန်ကနေ ၂၀၀ ဂရမ်လောက်ထိ လျော့သွားမှာပါ..."
ဖေးချမ့် အမြန်လက်ပြလိုက်သည်။ "မလိုဘူး ဒီတိုင်းပဲကောင်းတယ် ဆဲလ်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လောက်ပဲ ကောင်းနေပါစေ။ ဘက်ထရီ ကုန်သွားရင် အလကားပဲ။ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး။ ဆဲလ်ဖုန်းတစ်လုံးမှာ ဘက်ထရီ လုံလုံလောက်လောက် ရှိဖို့ကို သေချာလုပ်ရမယ်။ ဒါမှ ဘက်ထရီနဲ့ ပတ်သက်ပြီး တခြားသူတွေ စိတ်ပူစရာ မလိုတော့မှာ"
"အခု ဘက်ထရီအားက ကောင်းပါတယ်။ ငါတို့ ဖုန်းကို အများနဲ့ မတူ ထင်ရှားနေအောင် လုပ်ပေးလိမ့်မယ်။ ဒီတိုင်းပဲ ဆက်ထိန်းသိမ်းထားရမယ်နော် နားလည်လား"
"အနှစ်ချုပ်အားဖြင့်ပြောရရင် ဒီ Prototype ကို ငါတော်တော်လေး သဘောကျပါတယ်။ ငါ့စိတ်ထဲမှာရှိနေတဲ့ ဆဲလ်ဖုန်းလိုပဲ"
"ဟာ့ဒ်ဝဲနဲ့ ပတ်သက်ပြီး ဒီလောက်ပဲ ပြောထားဦးမယ်။ အခု စနစ်ကို စမ်းကြည့်တော့မယ်" ဖေးချမ့် အော့တို OS ကို ဒုတိယအကြိမ် စမ်းသပ်လိုက်သည်။
ချန်းယောင် အစကတော့ စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ဘော့စ်ဖေး ကြည့်ရတာ ထင်မထားလောက်အောင် ကျေနပ် အားရနေသည့်ပုံစံပင်။ ထို့ကြောင့် သူ အမြန်ထပ်ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး အကြံပေးစရာ ရှိရင် အချိန်မရွေးပြောလို့ ရပါတယ်"
"တစ်ခုရှိသေးတယ်။ ကျွန်တော်တို့ ဆဲလ်ဖုန်းရဲ့ အပြင်ပိုင်းပုံစံကို သီးသန့်ထုတ်လုပ်နေပါတယ်။ အနောက်ကာဗာအတွက် အရောင်တွေ လိုက်ဖက်အောင် လုပ်နေတယ်၊ Logo တွေလည်း ဆွဲနေပါတယ်။ ကတ်စတမ်မာတွေကို ဆွဲဆောင်ဖို့အတွက် ဆဲလ်ဖုန်းကို အလှပဆုံးဖြစ်အောင် လုပ်ချင်လို့ပါ...."
ဖေးချမ့် ဆဲလ်ဖုန်းကို စစ်ကြည့်နေရင်း ခေါင်းခါကာ ပြောလိုက်ပါသည်။ "အနောက်ကာဗာအရောင် ဟုတ်လား"
"မလိုအပ်တဲ့ အလှဆင်မှုတွေ အများကြီးနဲ့ အာရုံလွဲမသွားစေနဲ့။ ဒီတိုင်း ရိုးရိုးရှင်းရှင်း အရောင်သန့်သန့်တစ်ခုပဲ လုပ်လိုက်"
"အကျည်းတန်လွန်းတယ်လို့ထင်ရင် Logo တစ်ခုတပ်လိုက်ပေါ့။ Pineapple လည်း အဲ့တာမျိုးပဲ လုပ်တာပဲ မဟုတ်ဘူးလား"
ချန်းယောင် ကြောင်သွားသည်။ "ဒါဆို... အဲ့တာတောာင် အကျည်းတန်နေသေးရင်ကော..."
ဖေးချမ့် သူ့ကို မော့ကြည့်လိုက်သည်။ "Logo ကို ပိုကြီးကြီးထုတ်ပြီး ဖုံးလိုက်လေ"
ချန်းယောင် ဆွံ့အသွားသည်။
'Logo ကို ပိုကြီးကြီးထုတ်'ဆိုတာ ဘာကိုပြောတာလဲဟ။ Logo ပိုကြီးရင် ကတ်စတမ်မာတွေကို အနောက်ကာဗာအရောင်ကနေ အာရုံလွှဲနိုင်မယ်လို့ ဆိုလိုတာလား။
ယခုအချိန်နမှာ Flagship ဆဲလ်ဖုန်းမော်ဒယ်များတွင် အရောင်ပေါင်းစုံနဲ့ အနောက်ကာဗာများ ရှိကြသည်။ ထို့အပြင် ထိုအရောင်တွေကိုလည်း ထူးခြားပြီး အဓိပ္ပာယ်ပြည့်ဝသည့် အမည်များ ပေးထားကြသည်။ ဒါက ပြည်တွင်း ဆဲလ်ဖုန်းလောကထဲမှာ ရေပန်းစားမှုတစ်ခု ဖြစ်ပါသည်။
သို့သော်လည်း ဘော့စ်ဖေးရဲ့ အမြင်က လုံးဝ ခြားနားနေပါသည်။ ဆဲလ်ဖုန်းကို အရောင်မျိုးစုံနဲ့ မထုတ်ဖို့ တားဆီးနေသည့်အပြင် ရိုးရိုးရှင်းရှင်း အရောင်တစ်ခုသာ အသုံးပြုဖို့ ပြောနေသည်။ ထို့အပြင် Logo ကိုလည်း ပိုကြီးခိုင်းနေသည်။
ယခုအချိန်တွင် အနောက်ဘက်ကာဗာ၌ Logo အကြီးကြီးတွေ တပ်တာဆိုလို့ Pineapple ဆဲလ်ဖုန်းတွေသာ ရှိပြီး ရောင်းကောင်းနေဆဲလည်း ဖြစ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် Logo အကြီးကြီး ဖန်တီးခြင်းဆိုတာ ဘရန်းအပေါ် ယုံကြည်ချက် ပြည့်ဝမှုကို ဖော်ပြနေသည်။ လူမသိ သူမသိ ဘရန်းတစ်ခုက ဆဲလ်ဖုန်းပေါ်မှာ သူတို့ရဲ့ Logo ကို အကြီးကြီး တပ်လိုက်ပါက ဆဲလ်ဖုန်းကို ကိုင်လိုက်တိုင်း ကတ်စတမ်မာတွေ ခွကျကျမေးခွန်းများ မေးလာနိုင်ပါသည်။ "ဟ... ဒါ ဘာဘရန်းကြီးလဲ"
ထို့ကြောင့် ပြည်တွင်းဆဲလ်ဖုန်းဘရန်းအများစုက ၎င်းတို့ရဲ့ ဘရန်းများကို သိပ်အရေးမကြီးတဲ့ နေရာမှာသာ တပ်ကြပြီး အနောက်ကာဗာကိုသာ ပိုပြီး တောက်ပအောင် လုပ်ကြပါသည်။ ထို့ကြောင့် တခြားဘရန်းများ၏ ဆဲလ်ဖုန်းများက Pineapple နဲ့ ခြားနားချက် ရှိသည်။
မဟုတ်ပါက ထိုဘရန်းများ ဆိုးဆိုးရွားရွား အဆဲခံရနိုင်ပါသည်။
ချန်းယောင်ကို ဆုံးဖြတ်ခိုင်းမည်ဆိုလျှင် တခြားပြည်တွင်းဆဲလ်ဖုန်း ထုတ်လုပ်သူတွေရဲ့ လမ်းအတိုင်းပဲ လိုက်ကာ ဇာတ်နိမ့် Logo တစ်ခုနဲ့ တောက်တောက်ပပ အနောက်ကာဗာများကိုသာ ထုတ်လုပ်ချင်ပါသည်။
သို့သော်လည်း ယခု ဘော့စ်ဖေးက သူ့ကို ရှင်းရှင်းလင်းလင်း ညွှန်ကြားချက်များ ပေးလိုက်ပြီ ဖြစ်တာကြောင့် ချန်းယောင်လည်း ရွေးချယ်စရာ မရှိတော့ဘဲ သူ့တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့အတွက် ဦးနှောက်စားရတော့မည်။
ဖေးချမ့်က ၂၅၀ ဂရမ် စက်ကြီးနဲ့ ဆက်ပြီး ကစားနေသည်။ ရင်ထဲမှာတော့ အံ့အားသင့်နေမိသည်။
ဒီတစ်ခေါက် Bug တွေ မရှိတော့ပါ။
ချန်းယောင် ဒီကာလထဲ အတော်လေး ကြိုးစားပမ်းစားလုပ်ခဲ့သည့်ပုံစံပင်။ အရင်တစ်ခေါက်က ပေါ်လာခဲ့သည့် Bug များကို ပြန်ပြုပြင်ခဲ့သည်။ စနစ်က အလွန်တည်မြဲသွားပါပြီ။
၁၀ မိနစ်ကျော်ကျော်လောက် စမ်းသပ်ပြီးသွားတော့ Bug ၃ ခု ၄ ခုသာ ပေါ်လာသည်။ ထို့အပြင် ထို Bug များက ဆဲလ်ဖုန်းရဲ့ အသုံးပြုနိုင်စွမ်းကို ထိခိုက်စေတာ မရှိပါ။
ချန်းယောင်တစ်ယောက် ခါးမတ်မတ်ထိုင်လိုက်ပါသည်။
သူ့အတွက် မလွယ်ကူခဲ့ပါ။ အရင်တုန်းက Bug တွေ အများကြီး ပေါ်လာခဲ့ပြီး သူ ရှုံးနိမ့်ခဲ့ပါသည်။
ထို့နောက် ချန်းယောင်က သူ့ညီကိုများအဖွဲ့ကို ဦးဆောာင်ပြီး အရင်ကထက်ပင် ပိုကြိုးစားခဲ့ကြသည်။ နောက်ဆုံးတော့ Bug အများစုကို ပြန်ပြုပြင်နိုင်ခဲ့ပါသည်။
ထို့အပြင် ဒီလိုအစီရင်ခံဖို့ ပြင်ဆင်ရန်အတွက် အားလုံးက စနစ်ကို စမ်းသပ်ဖို့ နေ့ရက်ပေါင်းများစွာ အချိန်ယူခဲ့ကြသည်။ Bug တွေကို ရှာမတွေ့တော့ကြောင်း အတည်ပြုပြီးမှ သူတို့ ယုံကြည်ချက် ပြန်ပြည့်ဝလာခဲ့ပါသည်။
ဒီလိုဆိုရင်တောင် ဘော့စ်ဖေးက အသေးစား Bug ၃ ခု ၄ ခုလောက် ရှာနိုင်နေဆဲ ဖြစ်သည်။ ချန်းယောင် အံ့သြမိပါသည်။
ဘော့စ်ဖေးက ပရိုဂရမ်တွေနဲ့ ထုတ်ကုန်တွေကနေ Bug ရှာနိုင်တဲ့ မွေးရာပါစွမ်းရည်ပါလာတာလား။။
သို့သော်လည်း ဒီတစ်ခေါက် အောင်မြင်ခဲ့ပါသည်။
ချန်းယောင် ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဘော့စ်ဖေး အခု စနစ်က အရင်တစ်ခေါက်ထက် အများကြီး တည်မြဲသွားပြီ။ ကျွန်တော်တို့ လုပ်ဆောင်ချက်အသစ်တွေ ဆက်ထည့်လို့ ရပြီလား"
ဖေးချမ့် ဆွံ့အသွားသည်။
ဒီကောင် အခုထိ လက်မလျှော့ပါလား။
ဖေးချမ့်မျက်နှာ မှောင်မိုက်သွားပြီး တင်းတင်းကြပ်ကြပ် ပြန်ဖြေလိုက်သည်။ "ဖင်မနိုင်ဘဲ ပဲကြီးလှော်စားတာ မကောင်းဘူးနော်"
"မင်းအခု ဘယ်အဆင့်ကို ရောက်ပြီလဲ။ မူလ Android စနစ်မှာ အဆင့်မြှင့်တင်စရာတွေ အများကြီး ရှိသေးတယ်လေ။ Bug လေး နည်းနည်းကို ပြုပြင်နိုင်တာနဲ့ ကျေနပ်သွားပြီလား"
"ကုမ္ပဏီကို ပြန်ပြီး ထပ်အဆင့်မြှင့်တင်လိုက်။ အသေးစိတ်တွေက အကောင်းကြီး မဟုတ်သေးဘူး"
ချန်းယောင် ကြောင်စီစီဖြစ်စွာဖြင့် ဆဲလ်ဖုန်းကို ပြန်ယူလိုက်ပါသည်။
အသေးစိတ်တွေက အကောင်းကြီးမဟုတ်သေးဘူးတဲ့လား။ သူတို့လည်း တခြားပြည်တွင်းဆဲလ်ဖုန်း ထုတ်လုပ်သူတွေကို အနည်းနဲ့အများ အမှီလိုက်ထားတာ ဖြစ်သည်။ ဘာကြောင့် အကောင်းကြီး မဟုတ်သေးရမှာလဲ။
သို့သော်လည်း ချန်းယောင် ဘော့စ်ဖေးကို မေးခွန်း ဆက်မထုတ်ရဲတော့သဖြင့် ဆဲလ်ဖုန်းကိုသာ တိုးတိုးတိတ်တိတ် ပြန်ယူလိုက်ပါသည်။ ကုမ္ပဏီကို ပြန်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့သာ စီစဉ်ထားသည်။
ဒီတစ်ခေါက်လည်း စနစ်ရဲ့ ဖန်တီးမှုကို နောက်တစ်ဆင့်ရောက်အောင် မတွန်းပို့နိုင်ခဲ့ပေ။
ဆဲလ်ဖုန်း၏ နောက်ဆုံးဗားရှင်းက ထင်ရှားလာပြီ ဖြစ်သော်လည်း သူ မျှော်လင့်ထားတာနဲ့ ပိုပိုပြီး လမ်းလွဲလာသည်ဟု ချန်းယောင် ခံစားနေရပါသည်။