ဘော့စ်လီ၏ ပူးပေါင်းမှု အစီအစဉ်
Vol. 25 Ch. 367
ကျန်းယွမ်၏ လုပ်ရပ်များကိုမြင်ပြီးနောက် ဖေးချမ့် စိတ်အားထက်သန်မှုပင် မရှိတော့ပါ။ အစကတော့ ဒီကို ဂိမ်းလာကစားချင်ခဲ့တာ ဖြစ်သည်။ သို့သောလည်း သူ့အစီအစဉ်တွေကို သူ့ဝန်ထမ်းတွေက ခိုးကြောင်ခိုးဝှက် ဖျက်ဆီးနေကြောင်း သိလိုက်ရသည်။
စိတ်ပျက်စရာကောင်းလိုက်တာ။
ဖေးချမ့် ကွန်ပျူတာပိတ်လိုက်ပြီး ကော်ဖီဧရိယာတွင် ထိုင်ကာ ကော်ဖီတစ်ခွက်မှာလိုက်သည်။ ကော်ဖီသောက်ရင်း သူ့ဘဝအကြောင်း စဉ်းစားနေမိသည်။
ဘဝကြီးက ခက်ခဲလိုက်တာ။
သေချာတွက်ချက်ကြည့်သောအခါ အရှုံးပေါ်ဖို့ ခက်ခက်ခဲခဲ တကယ်ကြိုးစားနေကြသည့် ပရောဂျက်တွေဆိုလို့ ယွီသရေစာလုပ်ငန်းနှင့် လေဆန်ပို့ဆောင်ရေးလုပ်ငန်းတို့သာရှိမှန်း ဖေးချမ့် သိလိုက်ရပါသည်။
ရုတ်တရက်ကြီး သူ့နောက်ကျောဓားထိုးခံခဲ့ရ၏။ ခက်ခဲလွန်းပါသည်။
ဖေးချမ့် လာမည့်ငွေစာရင်းရှင်းချိန်မတိုင်ခင်အထိ ပေါ့သေးသေးနေလို့ မရပါ။ ကြိုတင်အစီအစဉ် ချထားရမည်။ ယွီသရေစာလုပ်ငန်းနဲ့ လေဆန်ပို့ဆောာင်ရေးလုပ်ငန်းများ၏ နောက်ဆက်တွဲ တိုးချဲ့မှုများအတွက် စဉ်းစားချိန်ကျပါပြီ။
အထူးသဖြင့် ယွီသရေစာလုပ်ငန်း ဖြစ်သည်။ လောလောဆယ်သူတို့က ယွီအင်တာနက်ကဖေးကို မှီခိုနေရပြီး ယွီအင်တာနက်ဝန်းကျင်ရှိ နယ်မြေများကိုသာ ပို့ဆောင်ပေးနိုင်သည်။
သို့သော်လည်း ယွီအင်တာနက်ကဖေး ၁.၀ က ယခု ပုံမှန်အမြတ်ဝင်နေပါပြီ။ အရက်ရောင်းအားတွေကြောင့်လား၊ အွန်လိုင်းလုပ်ငန်းကြောင့်လား၊ အင်တာနက်ကဖေးကြောင့်လား အရေးမကြီးတော့ပါ။ ယခု အင်တာနက်ကဖေးက အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်သွားပါပြီ။
ယွီသရေစာလုပ်ငန်းကို ခွဲထုတ်ဖို့ အခွင့်အရေး ရှာနိုင်မလားဆိုတာ ဖေးချမ့် စဉ်းစားနေပါသည်။
Fast-Food လုပ်ငန်းအသွင်အဖြစ် ပြောင်းလဲပြီး ကတ်စတမ်မာတွေက ဆိုင်မှာလည်း လာစားနိုင်သလို အပြင်လည်း ယူသွားလို့ ရမည်။
ဒီလိုသာဆို အမြတ်ရနေတဲ့ ယွီအင်တာနက်ကဖေး ၁.၀ ကို ရှင်းထုတ်ပြီး ကျင်းကျိုးတစ်မြို့လုံးကို ကာမိအောင် ယွီသရေစာလုပ်ငန်းအား တိုးချဲ့လိုက်မည်။ ထို့နောက် ငွေတွေ ဆက်ဆုံးရှုံးနိုင်ပါသည်။
သို့သော်လည်း သူ ထပ်စဉ်းစားရဦးမည်။ ဒီလိုလုပ်လိုက်ရင် ဂယက်ထမှုတွေ ဖြစ်လာနိုင်မလား။
တစ်ခုခု မှားယွင်းသွားပြီး အစက အရှုံးပေါ်နေသည့် ယွီသရေစာလုပ်ငန်းက အမြတ်တွေ ရလာရင် ဘယ်လို လုပ်မလဲ။ ဒါဆိုရင်တော့ တန်မှာ မဟုတ်ပါ။
အမှန်ပင်။ ရေရှည်သက်ရောက်မှုများအတွက် သူ စဉ်းစားဖို့ လိုအပ်သည်။
ဖေးချမ့် စဉ်းစားရင်း ကော်ဖီသောက်နေ၏။
"ဘော့စ်ဖေး အခုတလော တော်တော် အေးအေးဆေးဆေး ဖြစ်နေတယ်နော်။ ကြည့်ရတာ သရဲအိမ်ပရောဂျက်က အဆင်ပြေနေတယ်ထင်တယ်"
ဖေးချမ့် မော့ကြည့်လိုက်၏။ လီရှိက ကော်ဖီတစ်ခွက်ကိုင်ကာ သူ့ရှေ့မှာထိုင်လိုက်ပါသည်။
ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ "ဒီလိုပါပဲ။ ဘော့စ်လီကျေးဇူးကြောင့်ပေါ့"
အေးအေးဆေးဆေးဖြစ်နေတယ်ဟုတ်လား။ အပေါ်ယံမှာတော့ ဒီလိုထင်ရသည်။
သရဲအိမ်အခြေအနေကောင်းနေတယ်ဟုတ်လား။ သတင်းကောင်းဘာမှမကြားရသေးတာက သတင်းကောင်းမဟုတ်ပါ။
"ဘာဖြစ်လို့လဲ။ ဘော့စ်လီက ကျွန်တော့်ရဲ့ သရဲအိမ်မှာ ရင်းနှီးမြှုပ်နှံချင်လို့လား"
လီရှိက ခွကျကျ ရယ်မောလိုက်သည်။ "အင်း... ကျွန်တော် နည်းနည်းလောက် စဉ်းစားကြည့်ဦးမယ်"
ဒီလိုပြောလိုက်သော်လည်း ရင်ထဲမှာတော့ ဒီတိုင်း ခံစားရတာ မဟုတ်ပေ။
လီရှိက ဖေးချမ့်ကို ကြည့်လိုက်သည်။ သူ့မျက်နှာက အရင်လိုပဲ တည်ငြိမ်နေပါသည်။ ထို့အပြင် တည်ငြိမ်မှု တစ်ခုတည်း မဟုတ်ပါ။ ပျင်းရိမှုတွေပါ အများကြီး မြင်တွေ့နေရပါသည်။
သူ ငြီးတွားလိုက်မိ၏။ ဘော့စ်ဖေးက အမြဲတမ်း တည်တည်ငြိမ်ငြိမ်ဖြင့် ခန့်မှန်းလို့ မရသူ ဖြစ်သည်။
ဒီနေ့ လီရှိ ရောက်လာရသည့် ရည်ရွယ်ချက် ရှိသည်။ အစက ယဉ်ကျေးမှုအရ ပြုမူချင်သော်လည်း နည်းနည်းလောက် တွေးကြည့်ပြီးနောက် ထိုအတွေးကို ဆန့်ကျင်လိုက်ပါသည်။ ဘော့စ်ဖေးက ရှိုးထုတ်တာတွေကို သဘောကျတတ်သူ မဟုတ်ပါ။
ဒါဆိုရင် သူလည်း လိုရင်းကိုပဲ ပြောလိုက်ပါမည်။
လီရှိ ခေတ္တ စဉ်းစားပြီး ပြောလိုက်၏။ "ဘော့စ်ဖေး ခင်ဗျားနဲ့ အတူတူ ပူးပေါင်းချင်တဲ့ ပရောဂျက်တစ်ခု ရှိလို့ပါ။ ခင်ဗျားစိတ်ဝင်စားမလား သိချင်လို့ပါ"
ဖေချမ့်က ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်သည်။
ငါနဲ့ ပူးပေါင်းချင်တဲ့ ပရောဂျက်ဆိုပါလား။
ဘော့စ်လီ သဘောကျတဲ့ ပရောဂျက်တွေက ကျိန်းသေပေါက် ကောင်းတာတွေ မဟုတ်နိုင်ပါ။
ဘော့စ်လီက ရင်းနှီးမြှုပ်နှံမှုလောကထဲမှာ ကျင်လည်နေတာ ကြာမြင့်နေပြီ ဖြစ်သည်။ အမြဲတမ်း အမြတ်ရနေတာ မဟုတ်နိုင်သော်လည်း တခြား သာမန် ရင်းနှီးမြှုပ်နှံသူတွေထက်တော့ အမြင်ပိုရှိနေပါသေးသညည်။ အမြတ်ရနိုင်ခြေက အတော်လေး မြင့်မားသည်။
ယခင်တုန်းက ပူးပေါင်းမှု အတွေ့အကြုံများကြောင့် ဖေးချမ့် ဒီလို လုပ်ငန်းပူးပေါင်းခြင်း ပုံစံမျိုးကို အလွန် ယုံကြည်မှု မရှိပါ။
ဖေးချမ့် စိတ်ခံစားချက်များဖြင့် ပြောလိုက်ပါသည်။ "ဘော့စ်လီ။ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို အရှုံးပေါ်အောင် လုပ်ပေးနိုင်မယ့် ပရောဂျက်ရှိရင် ကျွန်တော် ကျိန်းသေပေါက် ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုနောက်ကို လိုက်မှာပါ"
လီရှိက ဝါးလုံးကွဲရယ်မောလိုက်သည်။ "ဘော့စ်ဖေးက အမြဲတမ်း ရုပ်တည်ကြီးနဲ့ နောက်တာပဲ"
ဖေးချမ့် ဆွံ့အသွားသည်။
လီရှိ ဆက်ပြောလိုက်၏။ "ဘော့စ်ဖေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု တည်ထောင်ပြီး အလားအလာရှိတဲ့ နိုင်ငံခြား ဂိမ်းကုမ္ပဏီတစ်ခုမှာ ဘော့စ်ဖေး ရင်းနှီးမြှုပ်နှံထားတယ်လို့ကြားတယ်နော်။ အလားအလာတွေက အရမ်းကောင်းတယ်လို့ ကြားတယ်"
"ဒီပရောဂျက်က ဘော့စ်ဖေး ရင်းနှီးမြှုပ်နှံမှု ပရောဂျက်လို့ မေးလို့ ရမလား"
ဖေးချမ့် ဆွံ့အသွားပါသည်။
ဒီမေးခွန်းက ယုတ္တိရှိသဖြင့် သူပြန်မချေပနိုင်ပေ။
"အဲ့ပရောဂျက်က ကျွန်တော်တောင် မသိလိုက်ဘဲ ရင်းနှီးမြှုပ်နှံလိုက်တာလို့ပြောရင် ကျွန်တော့်ကို ယုံမှာလား" လီရှိကို ဖေးချမ့် စိတ်ရင်းဖြင့် မေးလိုက်ပါသည်။
လီရှိ ရယ်မောလိုက်၏။ "ဘော့စ်ဖေးက တခြားလူတွေကို လိမ်တာကလွဲပြီး ကျန်တာ အကုန်တော်ပါတယ်။ ကျွန်တော် နားလည်ပါတယ်။ စစ်သည်တော် အစစ်အမှန်ဆိုတာ တစ်ခါတလေ လှည့်စားရမှာပေါ့"
ဖေးချမ့် ဆွံ့အသွားသည်။ လီရှိကလည်း ဒီအကြောင်း ထပ်မပြောချင်တော့ပါ။
"ဘော့စ်ဖေး အလုပ်ကိစ္စအကြောင်းပဲ ပြောရအောင်။ ခင်ဗျားနဲ့ အတူ တွဲလုပ်ချင်တဲ့ ပရောဂျက်တစ်ခု ကျွန်တော့်မှာ ရှိတယ်"
"ခင်ဗျားနဲ့ တွဲလုပ်ချင်တဲ့ တခြားမိတ်ဆွေ ၂ ယောက်လည်း ရှိသေးပြီး အမည်မဲ့ စားသောက်ဆိုင် ကွန်ရက် တစ်ခုကို တည်ဆောက်ချင်တာပါ"
ဖေးချမ့် "?"
အမည်မဲ့စားသောက်ဆိုင်ကွန်ရက်တစ်ခု တည်ဆောက်ချင်တာ ဟုတ်လား။
အမည်မဲ့စားသောက်ဆိုင်တစ်ခုတည်းနဲ့တောင် ငါ့ကို အမြတ်တွေ အများကြီး ရှာပေးနေတာ။ အခု နောက်တစ်ဆိုင် ထပ်ဖွင့်ရဦးမှာလား။ မင်းက ကျိန်းသေပေါက် ပြိုင်ဘက်ကုမ္ပဏီက လွှတ်လိုက်တဲ့ သူလျှိုပဲ။
ဟင်.... မဟုတ်သေးပါဘူး။ ဘော့စ်လီက တကယ်လည်း ပြိုင်ဘက်ကုမ္ပဏီကပဲ ဥစ္စာ....
ဖေးချမ့် ကော်ဖီတစ်ငုံသောက်လိုက်သည်။ "ကျွန်တော် စိတ်မဝင်စားဘူး"
လီရှိ "... ဘော့စ်ဖေးက ငြင်းဆန်တဲ့နေရာမှာ တော်တော်ပြတ်သားတယ်နော်"
သူ ဘာမှတောင် မပြောရသေးဘဲ ဘော့စ်ဖေးက ငြင်းပယ်လိုက်ပါသည်။
နောက်ထပ် ဆိုင်တစ်ခု ဖွင့်လိုက်ပါက အားလုံး ပျော်ပျော်ကြီး ပိုက်ဆံရကြမှာ ဖြစ်သည်။ ဒါ မကောင်းဘူးလား။ ထို့အပြင် ပူးပေါင်းဖို့ အစီအစဉ် မရှိဘဲ လုပ်ငန်းကို လက်ဝါးကြီးအုပ်ထားချင်တာဆိုရင်တောင် နားမထောင်ဘဲနဲ့တော့ မငြင်းဆန်သင့်ဘူး မဟုတ်လား။
သို့သော်လည်း ဘော့စ်ဖေးနဲ့ ပတ်သက်တာ အတော်လေး ကြာနေပြီဖြစ်သဖြင့် သူ့စိတ်ကို သိပါသည်။
လီရှိ ဆက်ပြောလိုက်၏။ "ဘော့စ်ဖေး ကျွန်တော်တို့မှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ အမည်မဲ့စားသောက်ဆိုင်က ခင်ဗျားရဲ့ လုပ်ငန်းပါ။ ခင်ဗျား စားချင်တဲ့အချိန် စားလို့ ရတယ်။ တစ်ဖက်မှာတော့ ကျွန်တော်တို့က ၁ လလောက် စောင့်နေရမှာ..."
"ကျွန်တော်တို့က ဒီတိုင်း ကောင်းကောင်းမွန်မွန်လေး စားသောက်ချင်ရုံပါ"
"အဲ့ဒီဆန္ဒက အရမ်းများလွန်းသွားလို့လား"
ဖေးချမ့် ဆွံ့အသွားခဲ့ပါသည်။
ငါ စားချင်တိုင်း စားလို့ရတယ်ဟုတ်လား။ ဘော့စ်လီ မင်ယွင်စားဖိုဆောင်ရဲ့ လည်ပတ်မှုပုံစံကို အထင်လွဲနေပြီထင်တယ်...
ငါလည်း တစ်လကို ၅ ကြိမ်လောက်ပဲ စားလို့ရတာပါ။
သို့သော်လည်း စဉ်းစားကြည့်ပြီးနောက် တကယ်မှန်ပါသည်။ ဘော့စ်ဖေးတောင် စားသောက်ဆိုင်မှာ စားရဖို့ အတော် ခက်ခဲနေသည်။ တခြားသူတွေဆို ပိုဆိုးပါသည်။
မင်ယွမ်စားဖိုဆောင်ရှိ ဘိုကင်များက နောက် ၂ လအထိ ပြည့်နေပါသည်။ သာမန်စားသုံးသူများအတွက် သည်းမခံနိုင်စရာပင်။
ဖေးချမ့် သက်ပြင်း အနည်းငယ် ချလိုက်မိသည်။ "ဘော့စ်လီ ကျွန်တော့်ကို နားလည်မှု လွဲနေတာပဲ။ ကျွန်တော် စားသောက်ဆိုင်ကို လက်ဝါးကြီးအုပ်ဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး"
"ထားလိုက်ပါတော့။ ခင်ဗျားရဲ့ အစီအစဉ်ကို ပြောပါဦး။"
လီရှိ ခေါင်းငြိမ့်လိုက်သည်။ "ဒီအိုင်ဒီယာက ကျွန်တော် စားကောင်းသောက်ဖွယ်တွေ မစားရတဲ့ ဒေါသကြောင့် ထွက်လာခဲ့တာ။ ကျင်းကျိုးမြို့မှာ ဒေါသဖြစ်နေတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး"
"ရှုကျဲပင်နဲ့ ဝမ်ဖန်းတို့လည်း ထိုနည်းလည်းကောင်းပဲ"
"အဲ့ဒီနှစ်ယောက်ကို ဘော့စ်ဖေး သိမှာပါ ဟုတ်တယ်မလား။ တစ်ယောက်က ရှုယွမ်ချင်းရဲ့ တစ်ဦးတည်းသောသား။ ပရော်ဖက်ရှင်နယ် ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ပဲ။ နောက်တစ်ယောက်ကတော့ ချွမ်းမင် Review ရဲ့ တွဲဖက်တည်ထောင်သူလေ"
ဖေးချမ့် ဆွံ့အသွားသည်။
သူ သိတာပေါ့။ မင်ယွမ်စားဖိုဆောင်ကို နာမည်ကြီးသွားအောင် လုပ်ခဲ့တဲ့ ငတုံးနှစ်ကောင်ပဲ။
ထိုနေ့က ဖြစ်ပျက်ခဲ့တာတွေကို မနေ့တစ်နေ့ကလို ဖေးချမ့် မှတ်မိနေပါသေးသည်။
ရှုကျဲပင်ဆိုသည့် ဒုတိယမျိုးဆက်သူဌေးသားက ကျန်းကျုထျင်ရဲ့ Weibo ကြောင့် ရောက်လာခဲ့တာ ဖြစ််သည်။ ထို့နောက် ဝမ်ဖန်းကိုပါ ခေါ်လာခဲ့သည်။ ဝမ်ဖန်းက ချွမ်းမင် Review တွင် မင်ယွမ်စားဖိုဆောင်အတွက် ကိုယ်တိုင် Review တစ်ခုကို ရေးသားခဲ့သည်... ထို့နောက် တခြား ဘာမှ ပြောစရာ မလိုတော့ပါ။
နောက်တော့ မင်ယွမ်ဗီလာအိမ်ရာက မင်ယွမ်စားဖိုဆောင်ကို ကြော်ငြာအဖြစ် အသုံးချသွားသေးသည်။ ဘော့စ်လီက အခွင့်ကောင်းယူပြီး အနီးနားရှိ စျေးနိမ့်နိမ့် ဆိုင်ခန်းများကို ဝယ်ယူလိုက်သဖြင့် မင်ယွမ်ဗီလာရှိ ယွီအင်တာနက်ကဖေးပါ ရေပန်းစားလာခဲ့သည်...
ဒါတွေအားလုံးက နောက်ပိုင်း ဖြစ်ပျက်ခဲ့တာ ဖြစ်သည်။
အတိုချုံးအားဖြင့် ထိုနှစ်ယောက်နာမည်ကို ကြားလိုက်တာနဲ့ ဘော့စ်ဖေး ကြက်သီးထသွားသည်။
အခု ငါနဲ့ငွေတူတူရှာချင်သေးတယ်ဟုတ်လား။ သွားသေလိုက်ပါလား။
ဘော့စ်ဖေးမျက်နှာ မူမမှန်တာကို လီရှိကတော့ သတိမထားမိဘဲ ဆက်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ ၃ ယောက်က မင်ယွမ်စားဖိုဆောင်ရဲ့ သစ္စာရှိဖောက်သည်တွေပါ"
"ဒါပေမယ့် လူလွတ်မယ့်အချိန်ကို စောင့်နေရတာက နာကျင်ဖို့ကောင်းလွန်းတယ်ဗျာ။ လူနည်းနည်းပဲ ရှိသေးတုန်းက ကိစ္စမရှိဘူး။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ပိုပိုပြီး ရေပန်းစားလာတယ်လေ"
"တစ်ပတ်လောက် ကြိုဘိုကင်လုပ်ထားတာက လက်ခံပေးလို့ ရသေးတယ်။ ဒါပေမယ့် တစ်လလောက် ဘိုကင်ကြိုလုပ်ထားတာကတော့ လုံးဝ ခြားနားသွားပြီဗျ"
"အစကတော့ ကျွန်တော်တို့ အားလပ်ချိန်အလိုက် စားသောက်ဆိုင်တစ်ဆိုင်မှာ ဘိုကင်လုပ်နေကျလေ။ အခုကျမှ စားသောက်ဆိုင်ရဲ့ အခြေအနေကို ကြည့်ပြီး ကျွန်တော်တို့အားလပ်ချိန်တွေကိုပါ ပြန်ပြောင်းနေရပြီ"
"မင်ယွမ်စားဖိုဆောင်မှာ ညစာစားပွဲ အကြီးအကျယ် ကျင်းပဖို့ ဘိုကင်လုပ်ချင်တယ်ဆိုရင် ဘိုကင်ကြိုလုပ်ပြီး အဲ့ဒီနေ့ရောက်တဲ့အထိ စောင့်ပြီးမှ ကိုယ့်ပါတနာတွေကို ကျင်းကျိုးမြို့ဆီ ဖိတ်ကြားနိုင်မှာ"
"လုံးဝ အဆင်မပြေဘူး"
ဖေးချမ့် ရင်ထဲ သက်ပြင်းချလိုက်မိပါသည်။
သူတို့ ၃ ယောက်နဲ့ ထိုက်တန်သည်ဟုသာ ပြောနိုင်သည်။
သေချာပါသည်။ ပျော်ရွှင်မှုဆိုတာ နှိုင်းယှဉ်ကြည့်မှ သိသာသည်။
ဘော့စ်ဖေးလည်း စားသောက်ဆိုင်တစ်ဆိုင်လုံးကို လစဉ် ၂၀ ရက်နေ့တစ်ရက်တည်း ဘိုကင်လုပ်လို့ရပြီး အကြီးဆုံးသီးသန့်အခန်းကိုတော့ တစ်ပတ်မှာ တစ်ခေါက်သာ ဘိုကင်လုပ်လို့ရတာကို အဆင်မပြေဘူးဟု ခံစားမိပါသည်။
သို့သော်လည်း ဘော့စ်လီနဲ့ တခြား ၂ ယောက်က ပိုဆိုးပါသည်။
ထိုစကားကိုကြားသောအခါ ဖေးချမ့် ကိုယ်ချင်းစားမိသွားပါသည်။
လီရှိဆက်ပြောလိုက်၏။ "အဲ့တာကြောင့် ကျွန်တော်တို့အားလုံး မင်ယွမ်စားဖိုဆောင် ဆိုင်ခွဲအသစ် ဘော့စ်ဖေးနဲ့ အတူတူဖွင့်ဖို့ ချက်ချင်း သဘောတူလိုက်ကြတာပါ"
"အရင်းအနှီး၊ လူအင်အား၊ စီမံရေးတွေအားလုံးကို ကျွန်တော်တို့ ၃ ယောက်က တာဝန်ယူသွားပါ့မယ်လို့ သဘောတူထားပြီးသားပါ။ ဘော့စ်ဖေးက 'အမည်မဲ့ စားသောက်ဆိုင်'ဆိုတဲ့ ဘရန်းနာမည်ပဲ ပေးဖို့ လိုအပ်ပါတယ်။ လစဉ်လတိုင်း အစုပေါ်အမြတ်လည်း ပေးသွားဦးမှာပါ"
"ဒါမှမဟုတ် အကျိုးအမြတ်အတွက် ဘော့စ်ဖေးက စိုးရိမ်နေသေးတယ်ဆိုရင် ဆိုင်ခွဲကြေး + အစုပေါ် အမြတ် ပုံစံကိုလည်း ကျင့်သုံးလို့ ရပါတယ်။ အရင်ဆုံး 'အမည်မဲ့ စားသောက်ဆိုင်'ဆိုတဲ့ ရွှေဘရန်းအတွက် ဆိုင်ခွဲကြေးကို ပေးသွားမှာပါ"
"ကျွန်တော်တို့ တည်နေရာတစ်ခုရွေးထားပြီးပြီ။ လူသွားလူလာများအောင် အနီးနားက ရှော့ပင်းမောကြီး တစ်ခုမှာဖွင့်ဖို့ စီစဉ်ထားတယ်"
"အတိုချုံးအားဖြင့် အလားအလာတွေ အရမ်းကောင်းပါတယ်"
ဖေးချမ့် ဆွံ့အသွားခဲ့သည်။
ဒီပရောဂျက်က တော်တော်လေး ယုံကြည်ရသည့် ပုံစံပင်။ ယုံကြည်ရလွန်းသဖြင့် အရူးမျက်ကန်းလို သူဝင်မပါရဲပါ။
ဖေးချမ့်က သေချာစဉ်းစားလိုက်ပြီး စိတ်ရင်းနဲ့ ပြန်ပြောလိုက်ပါသည်။
"ဘော့စ်လီ။ ကျွန်တော် ဒီပရောဂျက်မှာ တကယ် မပါနိုင်လို့ပါ။ ပြီးတော့ အမည်မဲ့စားသောက်ဆိုင် ဘရန်းဆိုတာလည်း ဘာမှကြီးကြီးမားမားမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ဟင်းလျာတွေကောင်းပြီး ဝန်ဆောင်မှုတွေကောင်းမယ်ဆိုရင် အဆင့်မြင့် စားသောက်ကုန်ဘရန်းတစ်ခု အသစ်စက်စက်ကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် စိတ်မပူနဲ့ ဘော့စ်လီ။ ခင်ဗျားကို စိတ်ပိုင်းဆိုင်ရာအရ ထောက်ပံ့ပေးသွားမှာပါ"
"စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ရင်းနဲ့ ပြဿနာတစ်ခုခု ကြုံလာခဲ့ရင် ကျွန်တော့်ကို အချိန်မရွေး လာမေးလို့ ရတယ်။ ကျွန်တော်သိသမျှ အားလုံးပြောပြမယ်"
လီရှိ နူးညံ့စွာသက်ပြင်းချလိုက်မိပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။ ကျွန်တော်သာဆိုရင်လည်း ဒီရွှေဘရန်းကို ကျိန်းသေပေါက် သူများလက်ထဲထည့်မိမှာ မဟုတ်ပါဘူး"
"ဒီအမည်မဲ့စားသောက်ဆိုင်ဘရန်းရဲ့ တန်ဖိုးကို ဘော့စ်ဖေး ကြိုးစားပမ်းစား ဖန်တီးခဲ့ရတာပဲကို"
ဖေးချမ့် ဆွံ့အသွားသည်။
နားလည်မှု လွဲနေပြီ။ လုံးဝ နားလည်မှုလွဲနေပြီ။
သို့သော်လည်း ဖေးချမ့် ရှင်းမပြနိုင်သဖြင့် ယဉ်ယဉ်ကျေးကျေးသာ ဆက်ပြုံးနေလိုက်ပါသည်။
လီရှိလည်း စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "ကောင်းပါပြီ။ ဒါဆို ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ပဲ အားကိုးရတော့မှာပေါ့ဗျာ။ ကျွန်တော်တို့ စားသောက်ဆိုင်ဖွင့်တဲ့အချိန်ကျရင် ဘော့စ်ဖေး လာခဲ့ဦးနော်"
ဖေးချမ့် အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "လာမှာပေါ့။ ကျိန်းသေပေါက် လာမှာပေါ့။ ကျွန်တော့် ဝန်ထမ်းတွေအားလုံးပါ ခေါ်လာခဲ့မှာ မကြာခဏလည်း လာပြီး အားပေးဦးမယ်။"
လီရှိ ပြုံးလိုက်သည်။ "ဒီလိုယဉ်ယဉ်ကျေးကျေး စကားတွေကို စိတ်ရင်းနဲ့ ပြောတာ ဘော့စ်ဖေးတစ်ယောက်ပဲ ရှိတယ်ဗျာ"
ဖေးချမ့် ဆွံ့အသွားသည်။
ယဉ်ယဉ်ကျေးကျေးပြောတာဟုတ်လား။ ဒါငါ့ရင်ထဲက တကယ့်ခံစားချက်အစစ်ကွ။
မင်းတို့ တကယ် ဒီစားသောက်ဆိုင်ကိုဖွင့်ပြီး မင်ယွမ်စားဖိုဆောင်က ကတ်စတမ်မာတွေကို လုယူသွားနိုင်ရင် ပိုလို့တောင် ကျေးဇူးတင်မိဦးမယ်။ ဒါမှ ငါလည်း တန်းစီစရာ မလိုတော့ဘဲ စားလို့ရမှာ။
လီရှိ ဖေးချမ့်ကို နှုတ်ဆက်လိုက်ပြီး ပြန်ဖို့ လှည့်ထွက်သွားခဲ့ပါသည်။
ဖေးချမ့် ရင်ထဲမှ အမှန်အကန် ဆုတောင်းပေးလိုက်သည်။
ကံကောင်းပါစေ ဘော့စ်လီ မင်ယွမ်စားဖိုဆောင်ကို တတ်နိုင်သမျှ အမြန်ဆုံး ချေမှုန်းပေးပါတော့။