ထန်းတာ့ခံယူချက်အကြောင်း နားလည်သွားခြင်း
Vol. 25 Ch. 368
ဒီဇင်ဘာလ ၂၇ ရက်နေ့၊ တနင်္လာနေ့...
ထန်းတာ့နက်ဝေါ့ခ်နည်းပညာ ကုမ္ပဏီလီမိတက်တွင်...
တူပင်း အသက်ဝဝရှူလိုက်ပြီး စိတ်လျှော့လိုက်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း တစ်ပတ်တောင် ကျော်လွန်သွားခဲ့ပြီ။ ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို ဒုတိယအကြိမ် ဖြေဆိုဖို့ အချိန်ကျပါပြီ။
နောက်ဆုံးအခွင့်အရေး မဟုတ်သော်လည်း သူ ထပ်ပြီး မနှောင့်နှေးနိုင်တော့ပေ။
အလုပ်သင်ဝန်ထမ်းတွေက မည်သည့် အလုပ်မှ လုပ်ခွင့် မရှိပါ။ စာမေးပွဲကို တစ်ပတ်လောက် နောက်ကျပြီးမှ အောင်မြင်ပါက အလုပ်လည်း တစ်ပတ်လောက် နောက်ကျပြီးမှ တရားဝင်ဆင်းနိုင်မည့်သဘောဖြစ်သည်။
ဒါက အလွန် ခက်ခဲလွန်းပါသည်။
အလုပ်မှာ ဘာမှမလုပ်ရတာကလည်း အလွန် နာကျင်ရမှန်း ဝူပင်း ပထမဆုံးအကြိမ် နားလည်သွားခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် ဒီတစ်ခေါက် ဟောက်ယွင်က သူမ၏ ခေါင်းဆောင်ရာထူးကို အသုံးချပြီး ဝူပင်းအတွက် ဂိမ်းဌာနခေါင်းဆောင် လီယာ့တာကို စာမေးပွဲအောင်ဖို့ လျှို့ဝှက်ချက်များ ကူမေးပေးခဲ့သည်။
လျှို့ဝှက်ချက်ကတော့ ရိုးရှင်းပါသည်။ အချက် ၂ ချက်သာ ရှိသည်။ အတွေးလွန်လွန် တွေးတတ်ရမည် ဖြစ်ကာ ဘော့စ်ဖေး ပေးအပ်ထားသည့် တာဝန်ကို ကျေပွန်အောင် လုပ်နိုင်တာမှန်သမျှလုပ်ဖို့ ဖြစ်ပါသည်။
အနည်းငယ် မသဲမကွဲ ဖြစ်နေနိုင်သော်လည်း အနည်းဆုံးတော့ ဦးတည်ချက်ကောင်းတစ်ခု ဖြစ်ပါသည်။
လွန်ခဲ့သည့် ၂ ရက်အတွင်း ဝူပင်းတစ်ယောက် သူ့အဖြေတွေကို လေးလေးနက်နက် ပြန်စဉ်းစားခဲ့သည်။ အချိန်ပိုနဲ့ ပတ်သက်သည့် ဘော့စ်ဖေး၏ မေးခွန်းများကို မှားယွင်းဖြေဆိုခဲ့တာဖြစ်မည်ဟု တွေးမိသွားသည်။
သူတို့ ပုံမှန်ဆို အချိန်ပိုလုပ်ဖို့ မလိုအပ်သော်လည်း ဘော့စ်ဖေးကိုယ်တိုင် ခိုင်းစေပါက လုပ်ဖို့ လိုမည်။
ကုမ္ပဏီတွင်း Forum မှာ ဘော့စ်ဖေး တင်ထားသည့် အိတ်ဖွင့်ပေးစာက ဒီအချက်ကို သက်သေပြနေခြင်း ဖြစ်သည်။
ဝူပင်းလည်း ယုံကြည်ချက် အပြည့်အဝဖြင့် စာမေးပွဲ ခန်းမထဲ ဝင်လာခဲ့သည်။ အစည်းအဝေးခန်းထဲမှာ မောက်စ်နှိပ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
လူ ၃၀ ကျော် ရှိပါသည်။ အရင်တစ်ခေါက်ကထက် ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို ဖြေဆိုသူ လူသစ်တွေ ပိုများပါသည်။
အရင်တစ်ခေါက်က ၃ ယောက် အောင်မြင်သွားသော်လည်း နောက်ထပ် လူသစ်တစ်အုပ်စုက မူလကုမ္ပဏီတွေမှာ အလုပ်ထွက်သည့် လုပ်ငန်းစဉ်များ အောင်မြင်ပြီး ထန်းတာ့ကို တရားဝင်ရောက်လာခဲ့ကြသည်။
ထို့ကြောင့် စာမေးပွဲတွင်ပါဝင်ဖြေဆိုသည့် ဝန်ထမ်းဦးရေက တိုးမြင့်လာခဲ့ပါသည်။
ထိုမျက်နှာသစ်တွေက မျက်နှာထားတွေ ခြားနားနေကြသည်။ တချို့က မေးခွန်းတွေကြောင့် ကြောင်တောင်တောင် ဖြစ်နေကြပြီး တချို့ကတော့ မေးခွန်းတွေကို အထင်သေးနေကြသည်။
ဒီလို လူ ၂ မျိုးစလုံးက ဘော့စ်ဖေးကိုယ်တိုင် စီစဉ်ထားသည့် ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို အောင်မြင်နိုင်ကြမှာ မဟုတ်မှန်း ဝူပင်းသိပါသည်။
ထန်းတာ့ကော်ပိုရေးရှင်း၏ ဌာအများစုက စာမေးပွဲအောင်ဖို့ လျှို့ဝှက်နည်းလမ်းများကို မေးထားပြီးသားဖြစ်တာ သိသာပါသည်။
သို့သော်လည်း အဓိကအချက်က ဘယ်သူက ပိုနားလည်နိုင်မလဲဆိုတာသာ ဖြစ်သည်။
ဘော့စ်ဖေး အာရုံစိုက်ထားတာက ဝန်ထမ်းတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းဖြစ်မည်ဟု ဝူပင်းခံစားမိပါသည်။
မေးခွန်းတွေကို အတည်ပေါက် စတင်ဖြေဆိုလိုက်သည်။
မေးခွန်း ၇၀ ရာခိုင်နှုန်းလောက် အရင်စာမေးပွဲနဲ့ ခြားနားနေတာကို ဝူပင်း မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားရပါသည်။
တချို့မေးခွန်းတွေက စကားလုံးများကိုသာ ရိုးရိုးရှင်းရှင်း ပြောင်းလဲလိုက်သော်လည်း အဓိပ္ပာယ် လုံးဝ ပြောင်းလဲသွားသည်။ တချို့မေးခွန်းတွေက အသစ်စက်စက် ဖြစ်သည်။ တစ်ခါမှ သူ မမြင်ဖူပါ။
ဆင်တူသည့် မေးခွန်းများအတွက် အဖြေတွေကလည်း အနည်းငယ် ပြောင်းလဲနေသည်။
အတိုချုံးပြောရလျှင် အလွန်စိတ်ရှုပ်ဖို့ကောင်းပါသည်။ အရင်စာမေးပွဲတုန်းက ဝူပင်း ခံစားချက်ကိုလိုက်ပြီး အမြန်ဖြေဆိုနိုင်ခဲ့သည်။ သို့သော်လည်း ဒီတစ်ခေါက်တော့ ဝူပင်း အလွန် နှေးကွေးစွာ ဖြေဆိုခဲ့ပါသည်။ မေးခွန်းတိုင်းကို ထပ်ခါထပ်ခါ ဖတ်ပြီး ရည်ရွယ်ချက်ကို ခန့်မှန်းပြီးမှ အဖြေ ၄ ခုနဲ့ တိုက်ကြည့်ကာ ထန်းတာ့ခံယူချက်နဲ့ အကိုက်ညီဆုံး အဖြေကိုသာ ရွေးချယ်လိုက်ပါသည်။
ရွေးချယ်ပြီးနောက် သူ့အဖြေကို ပြန်လည် စဉ်းစားပြီး ထပ်ခါ ထပ်ခါ စစ်ဆေးခဲ့သေးသည်။
တစ်ယောက်ယောက်က အချိန်တိုအတွင်း စာမေးပွဲ ဖြေလို့ ပြီးသွားပါသည်။ သို့သော်လည်း သူတို့ကျမှာ သံသယဖြစ်စရာမလိုပါ။ အစည်းအဝေးခန်းထဲမှ အသံပေါင်းစုံ ထွက်လာခဲ့သည်။
"ဟင်"
"ဒါ..."
"ငါ့လခွမ်း"
ထိုလူတွေက စီမံခန့်ခွဲရေးဌာနရှိ စာမေးပွဲခန်းစောင့်များ၏ စောင့်ကြည့်မှုအောက်တွင် အခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်သွားကြပါသည်။
တချို့က ဇဝေဇဝါဖြစ်နေကြသည်။ တချို့က မယုံကြည်နိုင်စွာဖြင့် တုန်လှုပ်သွားကြသည်..။ တစ်ယောက်ဆို နေရာမှာတင် စိတ်ဓာတ်ပြိုလဲပြီး မျက်ရည်တွေ ကျနေပါသည်။
တချို့က ဒုတိယအကြိမ် ပြန်ဖြေဆိုခြင်း ဖြစ်တာတောင် မအောင်မြင်မှန်း သိသာပါသည်။
ဝူပင်းကတော့ ယခုတစ်ခေါက် ပိုပြီး လေးနက်စွာ ဖြေဆိုနေသ်။ နောက်ဆုံးမှာတော့ အစည်းအဝေးခန်းထဲတွင် လူအနည်းစုသာ ကျန်ခဲ့တော့သည်။
ဝူပင်း မေးခွန်းအားလုံးကို ဖြေဆိုပြီးချိန်တွင် အချိန်ကို စစ်ကြည့်လိုက်ပါသည်။ ၁၀ မိနစ်တောင် မလိုတော့ပေ။
"ဟူး.... အချိန်ကို သေချာမစီမံခဲ့မိဘူး။ အဖြေလွှာ တင်လိုက်ကြစို့"
အချိန် အနည်းငယ် ရှိသေးသော်လည်း စာမေးပွဲ ဆော့ဖ်ဝဲက သူတို့ကို အဖြေပြန်စစ်ခွင့်မပြုပေ။
သို့သော်လည်း ဘော့စ်ဖေးက မေးခွန်းအားလုံးကို ဖြေဆိုဖို့အတွက် သူတို့ကို အချိန် လုံလုံလောက်လောက် ပေးထားတာ ကံကောင်းပါသည်။ ဒါမှ ဝူပင်းလို ဖြည်းဖြည်းချင်း ဖြေဆိုသည့်လူတွေလည်း အချိန်ပိုရှိမှာ ဖြစ်သည်။
ဒါက မေးခွန်းတွေ နောက်ကွယ်ရှိ လေးနက်သည့် အဓိပ္ပာယ်ကို ချဲ့ထွင်စဉ်းစားဖို့ အချိန်ရှိသည်ဟု အားလုံးကို ဘော့စ်ဖေး အရိပ်အမြွက်ပေးထားတာ ဖြစ်မည်ဟု ဝူပင်း ခန့်မှန်းလိုက်မိပါသည်။
ဝူပင်းသည် တုန်တုန်ယင်ယင်လက်ဖြင့် မောက်စ်ကိုကိုင်ကာ တင်သွင်းမည်ခလုတ်ကို နှိပ်လိုက်ပါသည်။
ဖန်သားပြင်ပေါ် စာကြောင်းတစ်ကြောင်းပေါ်လာ၏။
'ဂုဏ်ယူပါတယ် သင်စာမေးပွဲကို အောင်မြင်သွားပါပြီ'
"ရေး"
ဝူပင်း ပျော်ရွှင်လွန်းသဖြင့် အော်မိလုနီးပါး ဖြစ်သွားခဲ့သည်။
သူ အောင်သွားပါပြီ။ နောက်ဆုံးတော့ ဘော့စ်ဖေးရဲ့ ထောက်ခံချက်ကိုရကာ ထန်းတာ့၏ တရားဝင်ဝန်ထမ်း ဖြစ်သွားခဲ့ပါပြီ။
ဒီပျော်စရာကောင်းသည့် ခံစားချက်ကို ဝူပင်း စကားလုံးဖြင့် ဖော်မပြနိုင်တော့ပါ။ မေးခွန်းတစ်စုံလုံးကို ဖြေပြီးနောက် ဝိညာဉ်လွင့်သွားသလိုတောင် ခံစားခဲ့ရသည်။ ဒီအခိုက်အတန့်မှာ သူ တစ်ခုခုကို နားလည်သွားခဲ့ရသည်။
ဟန်းထုဂိမ်းတွင် သူ့အလုပ်အတွေ့အကြုံများက အားလုံး မှားယွင်းနေပါသည်။ အမှားအယွင်း အကြီးကြီး တစ်ခု ဖြစ်သည်။
အမှန်ပင်။ ထိုအမှားအယွင်းက သူ့ဆီက သန္ဓေတည်လာတာ မဟုတ်ပေ။
ဟန်းထုဂိမ်းက မှားယွင်းတဲ့ ပတ်ဝန်းကျင် ဖြစ်တာကြောင့် သူလည်း လမ်းလွဲသွားရခြင်း ဖြစ်သည်။ ထန်းတာ့ဂိမ်းက ဟန်းထုဂိမ်းထက် အများကြီး ပိုအောင်မြင်မှုရှိသဖြင့် ထန်းတာ့ဂိမ်း၏ နည်းလမ်းများက ပိုပြီး မှန်ကန်ပါလိမ့်မည်။
ယခု ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲက သူ့ရဲ့ နဂို မမှန်ကန်တဲ့ အလုပ်လုပ်ပုံလုပ်နည်းကို ပြန်လည် ပြုပြင်ပေးခဲ့သည်။
ဝူပင်းပျော်ပျော်ရွှင်ရွှင်နဲ့ သူ့အလုပ်ခုံကို ပြန်လာခဲ့ပါသည်။ သူ ပထမဆုံးလုပ်ခဲ့သည့်အရာက စာဖိုင်တစ်ခုကိုဖွင့်ကာ ဒီသဘောပေါက်နားလည်မှုအကြောင်း ချရေးလိုက်ခြင်းပင်။
ဘော့စ်ဖေးက ဘာကြောင့် ဝန်ထမ်းတွေကို အချိန်ပို မလုပ်ဖို့ အကြိမ်ကြိမ် မှာကြားနေရတာလဲ။ အချိန်ပို လုပ်ဖို့လိုရင်တောင် ဘကြောင့် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားပြီး အချိန်ပိုလစာပါ ပေးရတာလဲ။
အချိန်ပိုလုပ်ခြင်းကြောင့် ဝန်ထမ်းများ၏ ဖန်တီးနိုင်စွမ်း ကြီးကြီးမားမား ထိခိုက်လာမှုကို ဘော့စ်ဖေး ကြိုမြင်လို့ ဖြစ်ပါသည်။
တခြားကုမ္ပဏီတွေက အချိန်တို အကျိုးအမြတ်တွေကိုသာ မြင်ပြီး ဝန်ထမ်းတွေကို ညှစ်ထုတ်ခြင်းဖြင့် ကုန်ကျစရိတ်တွေကို ခြွေတာတတ်သည်။ သို့သော်လည်း ဒါတွေက ဝန်ထမ်းများ စိတ်အားထက်သန်မှု လျော့ကျသွားခြင်း၊ ဖန်တီးနိုင်စွမ်း လျော့ကျသွားခြင်းနဲ့ ရေရှည်မှာ အလုပ်အကိုင်ချောမွေ့မှု လျော့ကျသွားခြင်းတို့ဆီ ဦးတည်နေလိမ့်မည်။
တချို့ကုမ္ပဏီတွေဆို ကိုယ့်ဝန်ထမ်းတွေကို တစ်ရက် ၁၂ နာရီလောက်အထိ အတင်းအကြပ် အလုပ် လုပ်ခိုင်းကြလေသည်။ သို့သော်လည်း ဝန်ထမ်းများ၏ အလုပ်အကိုင် ချောမွေ့မှု လျော့နည်းသွားပြီး အလုပ်အပေါ် စိတ်အားထက်သန်မှုလည်း ထိခိုက်လာခဲ့သည်။ ထို့ကြောင့် ပြီးမြောက်သည့် အလုပ်ပမာဏက ဘာမှ မပြောင်းလဲဘဲ အတူတူနီးပါး ဖြစ်နေခြင်း ဖြစ်သည်။
သို့သော်လည်း ထန်းတာ့ကတော့ ၎င်းတို့၏ ဝန်ထမ်းများကို တစ်ရက် ၈ နာရီအတွင်း ထိုတာဝန်များ ပြီးမြောက်အောင် လုပ်ဖို့ တွန်းအားပေးသည်။ ဒါက ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်ချောမွေ့မှုနဲ့ ဖန်တီးနိုင်စွမ်းတို့ကို အဆင့်မြှင့်တင်နေတာ ဖြစ်သည်။ ထို့ကြောင့် တခြား ကုမ္ပဏီတွေအချိန်ပိုလုပ်မှ ပြီးမြောက်မည့်အလုပ်ကို သူတို့က ပေးထားသည့် အချိန်အတွင်း ပြီးမြောက်နိုင်ခြင်း ဖြစ်သည်။
အချိန်ပိုလုပ်ကိုင်သည့် ပမာဏကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး အချိန်ပိုလစာတွေပေးခြင်းကလည်း ၎င်းတို့ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုကို တတ်နိုင်သမျှ ထိန်းသိမ်းနေခြင်းသာ ဖြစ်ပါသည်။
ထထို့ကြောင့် ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲ၏ အဓိပ္ပာယ်အစစ်အမှန်က ဝန်ထမ်းတွေကို ရေသာခိုတာ အားပေးဖို့ မဟုတ်ဘဲ တကယ်တမ်း အလုပ်ကြိုးစားသူတွေကို စစ်ထုတ်ဖို့သာ ဖြစ်သည်။ တစ်ရက်ကို ၁၂ နာရီလောက် အလုပ်လုပ်နေသူက တကယ် အလုပ်ကြိုးစားသူ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါ။
ထန်းတာ့မှာတော့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဒီလို ဝန်ထမ်းမျိုးက အလုပ်အကိုင် ချော့မွေ့မှု လျော့နည်းလာသူ ဖြစ်သည်။ အချိန်ပိုလုပ်တာက အလုပ်ကြိုးစားတာကြောင့် မဟုတ်ဘဲ ခေါင်းဆောင်တွေကို ရှိုးထုတ်ပြဖို့ ဖြစ်သည်။ ဒါတွေအားလုံးက အပေါ်ယံသာ ဖြစ်ပါသည်။
ဘော့စ်ဖေးရဲ့ အမြင်မှာတော့ တာဝန်ကို အချိန်ပို လုပ်စရာမလိုဘဲအောင်မြင်ခြင်းက ဖန်တီးနိုင်စွမ်း မြင့်မားခြင်း ဖြစ်သည်။ ဆိုလိုတာက အလုပ်ချိန်နဲ့ အနားယူချိန်ကို ဟန်ချက်ညီအောင် ထိန်းတတ်ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ ဝန်ထမ်းမျိုးတွေကသာ ကျန်းမာတဲ့ခန္ဓာကိုယ်၊ တက်ကြွတဲ့ တွေးခေါ်မှု၊ ကန့်သတ်မှု မရှိတဲ့ စိတ်ကူးယဉ်နိုင်စွမ်းတွေကို ရရှိနိုင်မည်ဖြစ်သည်။ အချိန်ပိုအကြာကြီး လုပ်ကာ ၎င်းတို့၏ စိတ်အားထက်သန်မှုကို ဖိနှိပ်ပြီး စိတ်ကူးယဉ်နိုင်စွမ်းတွေ ပျက်စီးလာမှာမျိုး မဟုတ်ပါ။
ဒါက ရေရှည်အတွက် အမြော်အမြင်ပဲ ဖြစ်သည်။ ထို့ကြောင့် ထန်းတာ့ခံယူချက်က အချိန်ပိုလုပ်တာနဲ့ ဘော့စ်ဖေး လိုချင်တာကို နားထောင်ရုံပဲ မဟုတ်ပါ။
ထန်းတာ့ခံယူချက်က အလုပ်နဲ့ ကိုယ့်ဘဝကို မျှချေညီအောင် ထားတတ်ရန် သင်ယူဖို့ ဖြစ်သည်။ အချိန်ပိုမလုပ်ဘဲ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းခြင်း၊ ကောင်းမွန်သည့် အလုပ်အကိုင် အခြေအနေဖြင့် မိမိ၏ လုပ်ငန်းလမ်းကြောင်းကို ပိုမိုချောမွေ့စေလာခြင်း၊ ကုမ္ပဏီကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကူညီခြင်း၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် အခြေအနေများကို ရရှိလာအောင် ကြိုးစားခြင်းစသည်တို့ ဖြစ်ပါသည်။
ဒီစာမေးပွဲက အပေါ်ယံမှာတော့ ဘော့စ်ဖေး ပြောသမျှ နားထောင်ရန် အားလုံးကို သတိပေးခြင်းဟု ထင်ရနိုင်သည်။ သို့သော်လည်း ဘော့စ်ဖေးရဲ့ မဟာပန်းတိုင်က ဒါ တစ်ခုတည်း မဟုတ်မှန်း သိသာပါသည်။
မဟုတ်ပါက ဒီလို ဝေ့လည်ကြောင်ပတ် နည်းလမ်းဖြင့် အားလုံးခန့်မှန်းရအောင် မေးခွန်းတွေ ထုတ်နေမှာ မဟုတ်ပါ။
ဒီအဆင့်ထိ နားလည်မှသာ စာမေးပွဲကိုအောင်နိုင်မည်။ ဆိုလိုတာက ဘော့စ်ဖေး လိုချင်တာက သူ့စကား နားထောင်မည့် ရုပ်သေးရုပ်တွေကို မဟုတ်ပေ။ သူ့ရည်ရွယ်ချက်တွေကို တကယ်တမ်း နားလည်နိုင်ပြီး သဘောပေါက်နိုင်စွမ်း မြင့်မားကာ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းမြင့်မားသူတွေကိုသာ ဖြစ်ပါသည်။
ဘော့စ်ဖေးက ဒီစံနှုန်းအတိုင်း ပါရမီရှင်တွေကို ရွေးချယ်ခဲ့တာ ဖြစ်မည်။ ဒါ့ကြောင့်လည်း ထန်းတာ့မှာ ပါရမီရှင်တွေ ပေါများနေတာ ဖြစ်ပါသည်။
သူတို့ ဒီအင်တာဗျူးလုပ်ငန်းစဉ်အတိုင်းဆက်သွားမည်ဆိုလျှင် ထန်းတာ့၏ အနာဂတ်က... အကန့်အသတ်မဲ့ ဖြစ်သွားနိုင်ပါသည်။
HR ပေါ် သူ့အမြင်တွေ လုံးဝ ပြောင်းလဲသွားသလိုမျိုး ဝူပင်း ခံစားလိုက်ရပါသည်။ အရင်တုန်းက HR ကို အလုပ်သမားခေါ်ဖို့၊ လစာညှိနှိုင်းဖို့၊ သူများတွေကို သိမ်းသွင်းဖို့နဲ့ ဝန်ထမ်းဟောင်းတွေကို ကန်ထုတ်ရန် အကြောင်းပြချက်ရှာဖို့ကလွဲပြီး တခြားဘာမှ မလုပ်တတ်သည့် ဌာနဟု ထင်ခဲ့သည်။
သို့သော်လည်း ဘော့စ်ဖေးက သူ့ကို သင်ခန်းစာတစ်ခု ပေးခဲ့ပါသည်။
ကုမ္ပဏီအများစုက ၎င်းတို့၏ ဝန်ထမ်းများကို ပြိုင်ဘက်တွေလိုမျိုး သဘောထားကြသည်။ သူတို့ ဝန်ထမ်းတွေထံမှ ရသမျှညှစ်ထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြ၏။ ထို့ကြောင့် ဝန်ထမ်းတွေက အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှု မရှိတော့ပေ။ ဒီလို အလေ့အထမျိုး ပေါ်လာတာနဲ့ ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပါသည်။
ထန်းတာ့တွင် ကုမ္ပဏီနဲ့ ဝန်ထမ်းများ၏ အကျိုးအမြတ်များက တန်းတူညီမျှ ဖြစ်သည်။ ဒါက စည်းလုံးပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် ဆက်ဆံရေးမျိုး ဖြစ်ပါသသည်။
ဝူပင်း ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ သူ နားလည်သဘောပေါက်တာတွေကို အကုန်လုံး ချရေးထားဖို့ ဆုံးဖြတ်လိုက်သည်။
အနာဂတ်တွင် ထန်းတာ့ခံယူချက်များကို HR သို့ ဆောင်ကျင်းပေးရမည်။ ဘော့စ်ဖေး၏ စေတနာကောင်းများကို စိတ်ပျက်စေလို့ မဖြစ်ပါ။
အင်္ဂါနေ့...
ဖေးချမ့် ရုံးခန်းထဲတွင်ရှိနေပြီး ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲ ရလဒ်များကို စစ်ဆေးနေပါသည်။ ဖြေဆိုသူ ၃၅ ယောက်ထဲတွင် စုစုပေါင်း ၁၂ ယောက် အောင်မြင်သွားပါပြီ။
စာမေးပွဲအောင်မြင်သူနှုန်းကလည်း အလွန် တိုးမြင့်လာခဲ့သည်။
ဖေးချမ့်အနည်းငယ်ခေါင်းငြိမ့်လိုက်ပါသည်။ ကြည့်ရတာ ထန်းတာ့ခံယူချက်အပေါ် အားလုံး၏ နားလည်မှုက အလွန်လျင်မြန်စွာ တိုးတက်လာသည့် သဘော ရှိသည်။
သို့သော်လည်း ၂ ကြိမ် ဆက်တိုက် စာမေးပွဲကျသည့် ဝန်ထမ်းသစ်တွေ ရှိနေဆဲ ဖြစ်သည်။ တစ်လတာ အလုပ်သင်ကာလ ပြီးတာတောင် ထန်းတာ့ခံယူချက် ကိုက်ညီမှုစာမေးပွဲကို ဆက်ပြီးကျနေဦးမည်ဆိုရင် စိတ်မကောင်းစွာဖြင့် သူတို့ကို ပြန်လွှတ်လိုက်ရပါမည်။
ထိုလူတွေကို ဆုံးရှုံးရသည့်အတွက် ဖေးချမ့် ဘာမှ မနာကျင်ပါ။ သူတို့အားလုံးက အချိန်ပို အသေအလဲ လုပ်ချင်နေကြသူတွေ ဖြစ်သည်။ ဒီလိုလူတွေက ထန်းတာ့ဝန်ထမ်း လုံးဝ ဖြစ်မလာသင့်ပေ။
ဒီလိုအန္တရာယ်ကောင်တွေကို စောစောစီးစီး သုတ်သင်ရင်း အေးအေးဆေးဆေး ထိုင်နေဖို့သာ ရှိပါတော့သည်။
လီယာ့တာက သူမ၏ အလုပ်စားပွဲတွင် GOG ဗားရှင်း အငြိမ် ၂ ခုကို Update တင်လိုက်ပါသည်။ တစ်ခုက သာမန်ဗားရှင်း ဖြစ်၏။ နောက်တစ်ခုက အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှ အကြံပေးထားသည့် ဗားရှင်း ဖြစ်သည်။
ဗားရှင်း ၂ ခုကို အချိန်အကြာကြီး ပြုပြင်ပြောင်းလဲမှုများလုပ်ပြီးနောက် နောက်ဆုံးတော့ အဆင်ပြေမည့်ပုံစံပေါက်နေပါပြီ။
ဟန်ချက်ညီဖို့ကတော့ ပြဿနာရှိသေးသည်။ သို့သော် အနည်းဆုံးတော့ ဒီဂိမ်း၏ အစမ်းဗားရှင်းက မပြီးမပြတ်သေးသည့် အကြမ်းဖျင်းဂိမ်းတစ်ခုနဲ့တော့ မတူတော့ပါ။
Bug အများစုကို ပြုပြင်ပြီးပါပြီ။ ထိုဗားရှင်းတွေက တည်ငြိမ်သွားပါပြီ။
အမှန်ပင်။ Update ထပ်တင်လျှင် Bug တွေ ကျိန်းသေပေါက် ဆက်ရှိနေကြဦးမည်ဖြစ်သည်။ သို့သော်လည်း အချိန်တိုအတွင်းမှာတော့ စိတ်ပူဖို့ လိုအပ်မှာ မဟုတ်ပေ။
အနည်းဆုံး သူမ မရှိမည့် အချိန် ၅ ရက်တာအတွင်း စိတ်ချထားခဲ့လို့ရပြီဟု လီယာ့တာ တွေးမိပါသည်။
သူမ ခရီးသွားသည့် ၅ ရက်တာအတွင်း ကစားသမားများ၏ အထင်အမြင်ကို စုစည်းပြီးနောက် ဂိမ်းဖန်တီးမှု နောက်တစ်ဆင့်ကို တက်လှမ်းပါမည်။
လီယာ့တာ ကွန်ပျူတာကို ပိတ်ဖို့ ပြင်ရုံရှိသေး၊ HR ဌာနမှ ဟောက်ယွင်က သူမကို စာဖိုင်တစ်ခု ပို့ထားမှန်း မြင်လိုက်ရ၏။
စာဖိုင်၏ ခေါင်းစဉ်က 'ထန်းတာ့ခံယူချက်အား အဓိပ္ပာယ်ကောက်ခြင်း(ခန့်မှန်းချေ)'
"ဟမ် ဒါဘာလဲဟ"
လီယာ့တာ သံသယတချို့ဖြင့် ဖိုင်ကို ဖွင့်ကြည့်လိုက်ပါသည်။