← Chapters

ထန်းတာ့ခံယူချက်ဆိုတာ

Vol. 25 Ch. 369

ထန်းတာ့ခံယူချက်ဆိုတာ

Vol. 25 Ch. 369

စာဖိုင်အစတွင် စာကြောင်းတချို့ ရှိသည်။

"ဤစာဖိုင်အား အထူးလျှို့ဝှက်ထားရမည်ဖြစ်ပြီး လျှို့ဝှက်နည်းလမ်းဖြင့်သာ ပို့ဆောင်ရမည်။ ကုမ္ပဏီတွင်း Forum ပေါ်သို့ ပို့စ်တင်ခြင်းအား တားမြစ်ထားပါသည်"

"ဘော့စ်ဖေးက တရားသေဝါဒကို မုန်းတီးတယ်။ ထန်းတာ့ခံယူချက်အစစ်အမှန်က ဘော့စ်ဖေးရဲ့ ရင်ထဲမှာ ရှိနေတာ။ နောက်ဆုံး ဘော့စ်ဖေးမှာပဲ ရှင်းပြပိုင်ခွင့် ရှိတယ်"

"ဒီစာဖိုင်က ထန်းတာ့ခံယူချက်ကို အကြမ်းဖျင်း အကဲဖြတ်ထားတာပါ။ ဘော့စ်ဖေးရဲ့ အမြင်အစစ်အမှန်တွေကို ကိုယ်စားမပြုဘူး။ အာလုံးပဲ ကျေးဇူးပြုပြီး စာဖိုင်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို အရမ်းကြီး အတည်မယူကြပါနဲ့။ ကိုယ်ပိုင် နားလည်နိုင်စွမ်းနဲ့ ချင့်ချိန်ကြပါ"

ဆိုလိုရင်းကတော့ ဒီလို ဖြစ်သည်။

ဒါက စံပြသင်ကြားပေးတာမျိုးမဟုတ်ဘဲ အပေါ်ယံ နားလည်မှုတစ်ခုသာ ဖြစ်သည်။ မှီငြမ်းဖို့ရာသာဖြစ်ပြီး တစ်ခုတည်းသော အဖြေမှန်လို သဘောမထားသင့်ပါ။ ဘော့စ်ဖေး၏ တွေးခေါ်ပုံအစစ်အမှန်ကိုလည်း ကိုယ်စားပြုခြင်း မရှိပါ။

ထန်းတာ့ခံယူချက်ကို ကိုယ့်ဖာသာကိုယ် စဉ်းစားသုံးသပ်တာ အကောင်းဆုံး ဖြစ်ပါသည်။

လီယာ့တာ စာမျက်နှာကို လှန်ကြည့်လိုက်ရာ အကြောင်းအရာ အတော်လေး များပြားသည်ကို မြင်လိုက်ရသည်။

စာဖိုင်၏ အဓိက စာပိုဒ်ကို ဆက်ဖတ်လိုက်ပါသည်။

ထန်းတာ့ခံယူချက် နံပါတ် ၁ : အလုပ်ကို ချောမွေ့အောင် လုပ်ပါ၊ ဆန်းသစ်မှုကို အာရုံစိုက်ပါ။

ပထမဆုံးမစ်ရှင်က အချိန်ပို မလုပ်မိအောင် အကောင်းဆုံး ကြိုးစားပြီး ဒီပထမဆုံးခံယူချက်ကို နားလည်လာဖို့ ဖြစ်သည်။ အချိန်ပို မလုပ်ဖို့က ဘော့စ်ဖေး၏ အရေးအကြီးဆုံး ခံယူချက်တွေထဲက တစ်ခုလည်း ဖြစ်ပါသည်။

သို့သော်လည်း လူအများစုက ဝန်ထမ်းများအတွက် စိုးရိမ်တာကြောင့်ဟုသာ မြင်ကြသည်။ သို့သော်လည်း အဓိပ္ပာယ် အစစ်အမှန်ကိုတော့ မသိကြပေ။

အချိန်ပိုမလုပ်ခြင်းစည်းကမ်းဖြင့် အားလုံးကို မြန်မြန်နဲ့မှန်မှန် အလုပ်လုပ်ကိုင်နည်းမျိုး အသားကျသွားအောင် ဘော့စ်ဖေးက မျှော်လင့်ခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို ချုပ်တည်းရင်း အလုပ်ကျွမ်းကျင်မှုကို တိုးမြှင့်ကာ အိုင်ဒီယာအသစ်များ ထုတ်ဖို့ ဖြစ်ပါသည်။

အချိန်ပို မလုပ်ခြင်းအားဖြင့် အလုပ်ကျွမ်းကျင်မှုကို တိုးမြှင့်ဖို့ နည်းလမ်းမှန်သမျှကို ရှာဖွေပြီး အမူအကျင့်ကောင်း ဖြစ်အောင် လုပ်ကြရပါမည်။

ထန်းတာ့ခံယူချက် နံပါတ် ၂ : ခေါင်းဆောင်စကား နားထောင်ပြီး လွတ်လပ်သည့် အတွေးအခေါ်လည်း ဆက်ထိန်းသိမ်းပါ။

လုပ်စရာ နောက်တစ်ခုက ဘော့စ်ဖေး၏ တောင်းဆိုချက်ကို အစွမ်းကုန် ဖြည့်ဆည်းပေးဖို့ ဖြစ်သည်။ ဘော့စ်ဖေးက အမြဲလိုလို ယုတ္တိမရှိသည့် တာဝန်များ ပေးတတ်သည်။ သို့သော်လည်း နောက်ကွယ်မှာ လေးနက်သည့် အဓိပ္ပာယ်များ ရှိနေကြောင်းကိုလည်း အမြဲတမ်း သက်သေပြနိုင်ခဲ့သည်။

နောက်ကွယ်က အဓိပ္ပာယ်အစစ်အမှန်ကို နားမလည်ရင်တောင် ဘော့စ်ဖေး၏ တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားသင့်ပါသည်။ ဒါက ဘော့စ်ဖေး၏ အဓိပ္ပာယ်ကို နားလည်ဖို့အတွက် လေးလေးနက်နက် အရေးပါသည့် ကဏ္ဍက ပါဝင်သည်။

ဆိုရိုးစကားတစ်ခု ရှိသည်။ စာအုပ်တစ်အုပ်ကို အကြိမ် ၁၀၀ ဖတ်ပြီး အကြိမ် ၁၀၀ တိုင်းကို အတွေးအခေါ်သစ်နဲ့ ဖတ်ပါ။ ဘော့စ်ဖေး၏ လမ်းညွှန်ချက်ကို တသွေမတိမ်း လိုက်နာပါက တစ်နေ့နေ့ တစ်ချိန်ချိန် နားလည်လာပါလိမ့်မည်။

သို့သော် သတိတော့ ထားပါ။ ဘော့စ်ဖေးက ဝန်ထမ်းအားလုံးကို သူပြောသည့်အတိုင်း အမြဲတမ်း လိုက်လုပ်တတ်သည့် အရူးမျက်ကန်းတွေလိုမျိုးလည်း မဖြစ်စေချင်ပါ။

ဘော့စ်ဖေးက အမြဲတမ်း ရှင်းပြချက် မပါဝင်ဘဲ တောင်းဆိုချက်များ ထုတ်ပြန်ရခြင်းမှာ ဝန်ထမ်းများ၏ ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးချင်တာကြောင့် ဖြစ်သည်။

ထို့ကြောင့် ဘော့စ်ဖေး၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရင်း ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းကိုလည်း ထိန်းသိမ်းထားရပါမည်။ ဘော့စ်ဖေးကိုပဲ ယုံကြည်ချက်တွေအားလုံး အပ်နှံထားလို့ မရပေ။ ကိုယ်ပိုင် နည်းလမ်းတွေလည်း သုံးရပါမည်။ ဒါမှ ဘော့စ်ဖေး၏ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးနိုင်မှာပဲ ဖြစ်ပါသည်။

ထန်းတာ့ခံယူချက် နံပါတ် ၃ : အလုပ်နဲ့ ဘဝ ဟန်ချက်ညီစေရန်၊ ရေရှည်ပန်းတိုင်တွေ ထားတတ်ရန်။

ဒါကို နားလည်ဖို့အတွက်က ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို အပြည့်အဝ ခံစားဖို့ လိုအပ်သည်။ ဝန်ထမ်းအများစုက ရုံးမှာ ဂိမ်းဆော့ဖို့၊ မုန့်စားဖို့၊ ကော်ဖီသောက်ဖို့ သို့မဟုတ် ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို သုံးစွဲဖို့ ရှက်တတ်ကြသည်။

ဒါက အလွန် မှားယွင်းသည့် တွေးခေါ်ပုံ တွေးခေါ်နည်း တစ်ခု ဖြစ်ပါသည်။

ကုမ္ပဏီက ဒီလို အကျိုးခံစားခွင့်တွေနဲ့ ဒီလောက်ကောင်းမွန်သည့် အလုပ်ပတ်ဝန်းကျင်ကို ပေးထားရခြင်းမှာ ဝန်ထမ်းတွေ အလုပ်နဲ့ ဘဝကြားထဲက ဟန်ချက်ကို နားလည်စေဖို့ ဖြစ်ပါသည်။

ကျန်းမာရေးကောင်းဖို့ဆိုတာ အလုပ်အတွက် လိုအပ်သည်။ လူအများစုက သက်လတ်ပိုင်းအရွယ်ရောက်တာနဲ့ လုပ်ငန်းခွင် ထိခိုက်မှုများ ဖြစ်လာကြသည်။ သူတို့ အာရုံစိုက်လို့ မရကြတော့ဘဲ လုပ်ကိုင်မှုစွမ်းရည် ကျဆင်းလာတာကြောင့် အလုပ်ကို ထိခိုက်စေသည်။

ထန်းတာ့က ၎င်းတို့ရဲ့ ဝန်ထမ်းများကို အခွင့်အလမ်းအဖြစ် ရှုမြင်သည်။ ထို့ကြောင့် ဝန်ထမ်းတွေ နာမကျန်းဖြစ်ပါက ကုမ္ပဏီအတွက် ကြီးကြီးမားမား အရှုံးတစ်ခု ဖြစ်ပေါ်စေနိုင်ပါသည်။

ထို့ကြောင့် ဘော့စ်ဖေးက အကျိုးခံစားခွင့်တွေ အများကြီး ပေးထားပြီး အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခုလည်း ဖန်တီးပေးထားသည်။ ဒါမှ ဝန်ထမ်းတွေက အလုပ်နဲ့ ဘဝအကြား ဟန်ချက်ညီမှု ထားရှိနိုင်မှာ ဖြစ်သည်။ ၎င်းတို့ ခန္ဓာကိုယ်ကို ဂရုစိုက်နိုင်ပြီး လူတိုင်း ထန်းတာ့မှာ ၁၀ နှစ်၊ အနှစ် ၂၀၊ အနှစ် ၃၀ အထိ အလုပ်လုပ်နိုင်ကြပါလိမ့်မည်။

အားလုံးက ထိုအကျိုးခံစားခွင့်များကို အေးအေးချမ်းချမ်း လက်ခံပြီး ပျော်ပျော်နေသင့်ပါသည်။

ထိုခံစားချက်တွေအားလုံးကို နှလုံးသားအောက်ခြေမှာ မြှုပ်နှံထားပြီး အလုပ်အပေါ် စိတ်အားထက်သန်မှု မြင့်မားစွာ၊ တက်ကြွစွာဖြင့် ကုမ္ပဏီအတွက် ကျေးဇူးပြန်ဆပ်ရပါမည်။

ထန်းတာ့ခံယူချက်က ကျယ်ပြန့်ပြီး ကြွယ်ဝသည်။ ဒါတောင် ကဏ္ဍတစ်ခုပဲ ရှိပါသေးသည်။

နားလည်ဖို့ကလွယ်သော်လည်း လက်တွေ့လုပ်ဖို့ကခက်သည်။ အားလုံး အရိုးရှင်းဆုံးပုံစံနဲ့ စတင်နိုင်ဖို့ မျှော်လင့်လိုက်ရပါသည်။

အချိန်ပို မလုပ်မိအောင် အစွမ်းကုန် ကြိုးစားပါ။

ဘော့စ်ဖေး၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ။

ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို အပြည့်အဝ ခံစားကြပါ။

အရိုးရှင်းဆုံးအရာများနဲ့ စတင်လိုက်ပါ။ ဘော့စ်ဖေး၏ မျှော်လင့်ချက်များကို မဖျက်ဆီးဘဲ ထန်းတာ့၏ အစိတ်အပိုင်း အစစ်တစ်ခု ဖြစ်လာပါ။

ဤအခြေခံစည်းမျဉ်းတွေအပေါ် မူတည်ပြီး ထန်းတာ့ခံယူချက်အကြောင်း အပြည့်အဝ နားလည်အောင် ကြိုးစားပါ။

အလုပ်ကျွမ်းကျင်ဖို့၊ ဆန်းသစ်မှုကို အာရုံစိုက်ထားဖို့...

ခေါင်းဆောင်စကား နားထောင်ဖို့နဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းကို ထိန်းသိမ်းဖို့...

အလုပ်နဲ့ နေ့စဉ်ဘဝ ဟန်ချက်ညီဖို့၊ ရေရှည်ပန်းတိုင်တွေထားတတ်ဖို့။

ထိုစာဖိုင်ကို ဖတ်ပြီးနောက် လီယာ့တာ တိတ်ဆိတ်သွားခဲ့သည်။ ရုတ်တရက်ကြီး သူမကိုယ်သူမ အပြစ်ရှိသလိုတောင် ခံစားလာရပါသည်။ ဒါဆို ဘော့စ်ဖေးက ဒီလို လေးနက်တဲ့ အဓိပ္ပာယ်နဲ့ ငါတို့ကို အချိန်ပို မလုပ်ဖို့ အမိန့်ပေးထားတာပေါ့။

လီယာ့တာ ရှက်ရွံ့မိသွားသည်။ သူမက ဂိမ်းဌာန၏ တာဝန်ရှိသူ ဖြစ်သော်လည်း ထန်းတာ့ခံယူချက်အကြောင်းကို နားမလည်ခဲ့ပါ။ သူမလည်း မကြာခဏ အချိန်ပို ခိုးလုပ်ခဲ့သည်။ သူမက ဘယ်လောက်တောင် ဆိုးရွားတဲ့ ခေါင်းဆောင်လဲ။

တစ်ဖက်မှာတော့ သူမ၏ အလုပ် မကျွမ်းကျင်မှုကို ပြသနေသည်။ နောက်တစ်ဖက်မှာလည်း သူမ၏ နားလည်နိုင်စွမ်း နည်းပါးမှုကို ပြသနေသည်။

သူမ ဒီ့ထက် ပိုကြိုးစားရမည်။

ဒီစာဖိုင်က တကယ့်ကို အသုံးဝင်ပါသည်။

သူမခပ်မြန်မြန်စာပြန်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒီစာဖိုင်က တကယ် အကူအညီဖြစ်ခဲ့ပါတယ်။ ဒါကို ရှင် ရေးထားတာလား"

ဟောက်ယွင်က ချက်ချင်းပဲ စာပြန်လာသည်။ "ကျွန်တော် မဟုတ်ပါဘူး။ ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို အောင်သွားတဲ့ ကျွန်တော်တို့ဌာနက ဝန်ထမ်းတစ်ယောက် ရေးထားတာပါ။"

"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ အရင်တစ်ခေါက်က အကူအညီအတွက် အဲ့ဒီဝန်ထမ်းက ကျေးဇူးဆပ်တာပါ"

"ကျွန်တော်တို့ ဌာနက ဝန်ထမ်းတွေက တခြားဌာနက ဝန်ထမ်းသစ်တွေကို လမ်းညွှန်ပေးချင်တာပါ။ ဒါမှ ထန်းတာ့ခံယူချက်အကြောင်း ပိုနားလည်လာပြီး ထန်းတာ့မိသားစုကြီးထဲကို အမြန်ဆုံး ဝင်ရောက်နိုင်မှာလေ"

"ဒါပေမယ့် ဒီစာဖိုင်က အရမ်းကြီး ပြန့်သွားလို့တော့ မရဘူး။ ကုမ္ပဏီလျှို့ဝှက်ချက်အဖြစ် ဆက်ထားရမယ်။ ဒီစာဖိုင်ကို တာဝန်ရှိသူတွေရဲ့ ကွန်ပျူတာမှာပဲ ထည့်ထားပြီး အထပ်ထပ် အလွှာလွှာ လုံခြုံရေး သော့ခတ်ထားရမယ်"

"ထန်းတာ့ခံယူချက်ကို သိဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆတဲ့ အလုပ်ကြိုးစားနေကြတဲ့ဝန်ထမ်းတွေကိုပဲ ဒီအကြောင်းအရာကို ပြသသင့်တယ်"

လီယာ့တာ နားလည်သွားပါသည်။ "ဟုတ်ကဲ့ နားလည်ပါပြီ။ ကျေးဇူး အများကြီးတင်ပါတယ်"

ဂိမ်းဌာနထဲက လူ ၃ ယောက် ပထမ စာမေးပွဲကို အောင်မြင်ခဲ့သည်။ သို့သော်လည်း ထန်းတာ့ခံယူချက်စာမေးပွဲကို ဖြေဆိုရမည့် လူသစ်တွေ ထပ်ရှိလာပါဦးမည်။ ထိုအချိန်ရောက်လာလျှင် ဒီစာဖိုင်က အလွန်အသုံးဝင်လိမ့်မည်။

ဟောက်ယွင်က ဒီစာဖိုင်ကို ကုမ္ပဏီတွင်းနက်ဝေါ့ခ်မှ မပို့ဘဲ တခြားဌာနခေါင်းဆောင်များကို ကိုယ်တိုင်ပို့ခဲ့သည်။ ဒီစာဖိုင်က တစ်ဖက်သက် အမြင်တစ်ခုသာ ဖြစ်ပြီး ဘော့စ်ဖေး၏ အမြင်အစစ်ကို ကိုယ်စားပြုချင်မှ ပြုနိုင်မည်ဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။

ထန်းတာ့ခံယူချက်ကိုက်ညီမှုစာမေးပွဲကို တစ်ယောက်ယောက်က ဝင်နှောင့်ယှက်လိုက်ခြင်း သို့မဟုတ် နားလည်မှုလွဲတာာတွေ ကောလဟာလတွေထွက်လာပါက ဘော့စ်ဖေး ဒေါသထွက်နိုင်ပါသည်။

ထို့ကြောင့် အသိုင်းအဝိုင်းလေးတစ်ခုထဲမှာပဲ ဖြန့်သင့်ပြီး တခြားသူတွေဆီကို မပေါက်ကြားသင့်ပေ။

လီယာ့တာလည်း ဝန်ထမ်းတစ်ယောက် အလုပ်ဖြုတ်ခံရနီးပြီဖြစ်ကာ ထိုဝန်ထမ်းကို သူမသဘောကျပါက ဒီစာဖိုင်ကိုပြပြီး ထန်းတာ့ခံယူချက်အကြောင်း နားလည်အောင် လုပ်ပေးလိုက်ပါမည်။

ယာယီလမ်းပျောက်နေပြီး လမ်းကြောင်းရှာဖွေနေသူများအတွက် လမ်းပြကောင်းတစ်ခုလိုပင်။

အတိုချုံးအားဖြင့် အချက်အချာကျသည့် မန်ဘာတွေသာ ဒီစာဖိုင်ကို ကြည့်ပြီး သင်ယူနိုင်ပါလိမ့်မည်။ ထိုအချက်အချက်ကျသည့် မန်ဘာများက ၎င်းတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လျှင် သာမန်ဝန်ထမ်းတွေကို လိုအပ်ပါက ဦးဆောင်လမ်းပြလုပ်ပေးနိုင်မည်ဖြစ်ပြီး အားလုံး စည်းလုံးသွားကြပါလိမ့်မည်။

လီယာ့တာက လျှို့ဝှက်ဖိုင်တွဲတစ်ခုထဲတွင် ထိုစာဖိုင်ကို ထည့်လိုက်ပြီး ပေါက်ကြားမသွားအောင် လုံခြုံရေး သော့ခတ်ထား၏။

ထို့နောက် အားလုံးအသင့်ဖြစ်သောအခါ ဘော့စ်ဖေး၏ ရုံးခန်းကို လီယာ့တာ လာခဲ့ပါသည်။ တံခါးခေါက်လိုက်ပြီး သူမ၏ အချိန်ဇယားအာား ဘော့စ်ဖေးကို ပြသလိုက်သည်။ ထို့နောက် တနင်္လာနေ့မှ ပြန်လာနိုင်မည်ဖြစ်ကာ တစ်ခုခု လိုအပ်ပါက သူမကို အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းကိုလည်း ပြောလိုက်ပါသည်။

ဖေးချမ့် ပြုံးလိုက်၏။ "စိတ်မပူပါနဲ့။ ငါ မင်းတို့ကို မဆက်သွယ်ပါဘူး။ ပျော်ပျော်နေပြီး ကောင်းကောင်း အနားယူခဲ့ကြ။ အလုပ်အတွက် ဘာမှ စိတ်မပူနဲ့"

"နောက်ကျနေပြီ မြန်မြန်သွားတော့" ကုမ္ပဏီထဲမှ ကန်ထုတ်ခံလိုက်ရသည့် ခံစားချက်ကြီးဖြင့် လီယာ့တာ ရုံးခန်းမှ ထွက်လာခဲ့ပါသည်။

လီယာ့တာ ထွက်သွားတာကို မြင်သောအခါ ဖေးချမ့် အများကြီး စိတ်အေးသွားရသည်။

ကုမ္ပဏီ၏ အချက်အချာဝန်ထမ်းများစွာက နိုင်ငံခြားသို့ သွားရောက်လည်ပတ်တော့မှာဖြစ်တာကြောင့် အခုလောက်ဆို သူ ဘေးကင်းလောက်ပြီ မဟုတ်ပါလား။ ၁ ပတ်လောက်တော့ ကောင်းကောင်း အနားယူနိုင်တော့မှာ မဟုတ်ပါလား။

ခက်ခက်ခဲခဲ ကြိုးစားလိုက်ရတဲ့ အနားယူချိန်လေးပါလား။

ဖေးချမ့် အေးအေးဆေးဆေး အင်တာနက်ဖွင့်ကြည့်ပြီး နောက်ဆုံးရသတင်းများ ဖတ်လိုက်ပါသည်။

'IOI' နဲ့ 'လက်ချောင်းဂိမ်းကုမ္ပဏီ' တွေကို ကီးဝေါ့အဖြစ် ဝက်ဘ်ဆိုက်ထဲ ရိုက်ထည့်ရင်း တစ်ခုခုကို ရုတ်တရက် မှတ်မိသွားသည်။ အလွန် အရေးမကြီးသည့် အစီရင်ခံချက်တချို့သာ ရှိခဲ့သည်။ ရေပန်းစားမှုကလည်း နိမ့်ကျသည်။ Forum ပေါ်မှာလည်း ထိုအကြောင်း ပြောနေကြသည့် ကစားသမားများ မရှိသလောက် နည်းပါးသည်။

ဖေးချမ့် ကီးဝေါ့ကို အင်္ဂလိပ်လိုပြောင်းကာ ထပ်ရှာလိုက်ပါသည်။ သူ့ရဲ့ အင်္ဂလိပ်စာစွမ်းရည် ကျွမ်းကျင်မှု Level 4 နဲ့ ရလဒ်ပေါင်းစုံထဲမှာ အချိန်အကြာကြီး ရှာလိုက်ပါသည်။

သူ တွေ့ချင်တာကိုတော့ ရှာမရသေးပါ။

IOI ကို တစ်ကြိမ် စမ်းသပ်ပြီးပြီဟုဆိုသည့် သတင်းအချက်အလက်တချို့သာ ရှိသည်။ သို့သော်လည်း ရလဒ်တွေအကြောင်း အချက်အလက် အများကြီး မမြင်ရပါ။ ယဉ်ယဉ်ကျေးကျေး စကားလုံးတချို့ကိုသာ သုံးပြီး ဖော်ပြထားပါသည်။

ဆိုလိုတာက အရမ်းကြီး ရေပန်းမစားသည့်ပုံပင်။

ဖေးချမ့် အနည်းငယ် စိတ်ရှုပ်သွား၏။

ထူးဆန်းလိုက်တာ။ ရေပန်းစားလာတဲ့ သတင်းတစ်ခုမှ ဘာလို့ မရှိသေးတာလဲ။

ဒိဂိမ်းက တရားဝင်စမ်းသပ်ချက် ပြီးနောက် US တွေ ရေပန်းစားလာရမှာ ဖြစ်သည်။ ထို့နောက် ဖေးချမ့် မှတ်မိသလောက်ဆို နိုင်ငံတော်တစ်ဝှမ်းလုံးနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကိုပါ အချိန်တိုအတွင်း ပြန့်နှံ့သွားလိမ့်မည်။

တကယ်တော့ LOL ပြည်တွင်းဝန်ဆောင်မှုများ မရသေးခင်မှာပင် သတင်းဝက်ဘ်ဆိုက်တချို့နဲ့ ကစားသမားများအကြားက အထင်အမြင်ခေါင်းဆောင်ကြီးများက ဂိမ်းကို အာရုံစိုက်ထားခဲ့ကြသည်။

အခုကျတော့ ဘာလို့ ဘာသတင်းမှ ထွက်မလာသေးတာလဲ။

စောသေးတာကြောင့် ပြည်တွင်းမှာ ဘယ်သူမှ ဂရုမစိုက်တာ ဖြစ်သင့်သည်။

သို့သော် နိုင်ငံခြားမှာကော။

လက်ချောင်းဂိမ်းက ငွေတွေ အများကြီး ရရှိပြီးတာတောင် အခုချိန်ထိ ဘာမှ မလုပ်ရသေးဘူးလား။ ကျွမ်းကျင်မှုက နိမ့်ကျလွန်းပါသည်။

သို့သော်လည်း ဖေးချမ့် ထပ်ပြီး စဉ်းစားလိုက်သသည်။ ကုမ္ပဏီ၏ ငွေရေးကြေးရေး ပြည့်စုံသည့်အချိန်က Riot ဂိမ်းထက် အများကြီး နောက်ကျပါသည်။ ထို့ကြောင့် တကယ် လိုက်မှီဖို့ အချိန် အနည်းငယ် ယူရလောက်မည်။

နည်းနည်းလောက် စောင့်ကြည့်လိုက်ရင် အဲ့လိုသတင်းမျိုး ကြားရလောက်မယ်မလား။

ဖေးချမ့်ခဏလောက် ဆက်ပြီး စောင့်ကြည့်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

ကွန်ပျူတာကို ပိတ်လိုက်ပြီးနောက် ရက်စွဲကို ဖေးချမ့်လှမ်းကြည့်လိုက်သည်။ စာမေးပွဲအပတ်နဲ့ နီးလာပါပြီ။

မာကြီးဆီက မှတ်စုတောင်းဖို့ အချိန်ကျပြီဖြစ်သည်။

မာကြီး IOI မှာ ရင်းနှီးမြှုပ်နှံလိုက်ပြီးကတည်းက ဖေးချမ့် အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ကုမ္ပဏီကို မသွားခဲ့ပါ။

တစ်ဖက်မှာတော့ နာကျင်စရာ အမှတ်တရတွေကို ပြန်မမြင်ချင်တာကြောင့် ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများက ငွေတွေအကုန်ကုန်သွားပြီဖြစ်တာကြောင့် သူ့ကို နောက်ကျောဓားနဲ့ မထိုးနိုင်တော့တာကြောင့် ဖြစ်သည်။

သို့သော်လည်း ဒီကာလအတွင်း သူ့ညီအစ်ကိုကို တစ်ယောက်တည်း ပစ်ထားခဲ့မိသည်။

မှတ်စုတောင်းဖို့နဲ့ မာကြီး အခြေအနေ ဘယ်လိုရှိလဲကြည့်ဖို့ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကုမ္ပဏီကို သွားကြည့်ရပါမည်။

အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများ ကုမ္ပဏီကို ရောက်တာနဲ့ တစ်ယောက်ယောက်၏ အော်သံကို ကြားလိုက်ရပါသည်။

"ဘော့စ်မာ ulti သုံးတော့"

"ကိစ္စမရှိဘူး ဘော့စ်မာ ကျွန်တော် နောက်မှာ ရှိတယ်"

"ဘော့စ်မာ ကျွန်တော့်ကို ထားခဲ့လိုက်တော့ ကိုယ့်ဖာသာကိုယ် လွတ်အောင်ပြေး"

တိုက်ပွဲက အတော်လေး ပြင်းထန်နေသည့်ပုံစံပင်။

ဖေးချမ့် အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ ဟုတ်ပြီကွ။ ဒါမှ ငါ့ရဲ့ စံပြကုမ္ပဏီပဲ။

မာကြီးက တကယ့်ငါ့ညီကိုအစစ်ပဲ။ ငါ့ကို ဘယ်တော့မှာ စိတ်မပျက်စေဘူး။

အဲ... အရင်တစ်ခေါက်ကတုန်းကလွဲလို့ပေါ့။

အရင်တစ်ခေါက်ကလည်း မာကြီး၏ အမှားကြောင့်ပဲ မဟုတ်မှန်း ဖေးချမ့်သိပါသည်။ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။ မာကြီးက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပေ။ မတော်တဆမှုတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု အောင်မြင်နိုင်ခြေကလည်း မရေရာပေ။ ထို့ကြောင့် သူ့ညီကိုကို အပြစ်မပေးသင့်ပါ။

အနည်းဆုံးတော့ သူ့ကို အပြစ်မပေးခင် စာမေးပွဲပြီးသည့်အချိန်အထိ စောင့်သင့်ပါသည်။

ဖေးချမ့် တိုးတိုးတိတ်တိတ် ခိုးဝင်လာခဲ့ပြီး မာယန်နောက်မှာ ရပ်လိုက်သည်။ သူက Gods Rising ကစားနေတာ မဟုတ်ဘဲ GOG ကစားနေတာ ဖြစ်သည်။

ဟမ်???

ချက်ချင်းပဲ ဖေးချမ့်ခေါင်းပေါ်မှာ မေးခွန်းသင်္ကေတများ ပေါ်လာပါတော့သည်။

All Chapters